ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၂၂)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၂၂)
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၈

တိဗက်အရေးနှင့်ပတ်သက်လို့ မော်စီတုန်းပြောခဲ့ဘူးသည့်စကားတခွန်းက “ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုကို နည်းမှန်လမ်းမှန်နဲ့ စည်းကမ်းတကျ ထိမ်းသိမ်း စောင့်ရှောက်တဲ့အခါ ဘယ်သူ့ကိုမှ ကြောက်ရွံ့နေစရာမလိုပါဘူး”တဲ့ဗျာ။

၁၉၅၆-ခုနှစ်ရဲ့နွေရာသီဦးမှာ တိဗက်လူမျိုးတွေရဲ့ အိပ်မက်တွေ ဖရိုဖရဲလွင့်ကြွေခဲ့ ဘူးသည်။ တိဗက်ပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမည်ဟူသောမက်လုံးက မျှော်လင့် ချက်ကင်းမဲ့ပြီး အိပ်မောကျစပြုနေပြီဖြစ်သည့် တိဗက်များကို အသာအယာ ကလေး ပုတ်နှိုးလိုက်ပါသည်။ ဒီသတင်းက အထူးသဖြင့် တိဗက်ခေါင်းဆောင်များကို လှုပ်လှုပ် ရှားရှားဖြစ်သွားစေခဲ့သည်။ သို့သော် တရုတ်တပ်မတော်၏ အုပ်ချုပ်မှုအောက်တွင် ရှိရမည်ဆိုသောအခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟူသောစကားလုံးက တိဗက်ပြည်သူများကို ရင်မောရပါစေတော့သည်။ စစ်တပ်က အရာရာအားလုံးကိုထိန်းချုပ်ထားဦးမည်ဆိုလျှင် တိဗက်ကိုယ် ပိုင်အုပ်ချုပ်ခွင့်က ဘယ်မှာအဓိပ္ပါယ်ရှိတော့မည်နည်း။

တိဗက်ပြည်တွင် ဘုန်းတော်ကြီးဒလိုင်းလားမားနှင့် ဘုန်းတော်ကြီးပန်ချန်းလားမားတို့ သြဇာအာဏာကြီးမားပုံကို အထက်မှာ ဆိုခဲ့ပြီ။ ယခုအခါ ဒလိုင်းလားမား ဘုန်းတော်ကြီးကတော့ တိဗက်ပြည်ထဲမှာ မရှိတော့။ ပန်ချန်းလားမားကိုယ်တော်လေးသာ တိဗက် ပြည်ထဲမှာ ကျန်နေခဲ့သည်။ ပန်ချန်းလားမားကိုယ်တော်လေးကို တိဗက်ပြည် ပြုပြင် ပြောင်းလဲပြုပြင်ရေးလမ်းမပေါ်တွင် ကျောက်တုံးကြီးတတုံးအဖြစ် ပြည်မကြီးက မြင်လာ ပြီဖြစ်သည်။ ဘုန်းတော်ကြီးဒလိုင်းလားမား တိဗက်ပြည်တွင် မရှိတော့ သည့်နောက် တိဗက်အရေးနှင့်ပတ်သက်၍ တိဗက်ပြည်သူများက ပန်ချန်းလားမားကို အရာရာ ပုံအပ်ထားပြီးဖြစ်သည်။ မော်စီတုန်းလိုချင်သည့် ပြည်မကြီးဘက်က သွားချင်သည့် လမ်းကြောင်းပေါ်တွင် ပိတ်မိနေသည့် ပန်ချန်းလားမားတည်း ဟူသော ကျောက်တုံးကြီး ကို မော်စီတုန်းက မ,ရွှေ့ပစ်လိုက်ချင်သည်။

အရင်တုန်းကတော့ ပန်ချန်းလားမားလေးကို မော်စီတုန်းက မျက်နှာသာပေးခဲ့ဘူးပါ သည်။  လာဆာအကြမ်းဖက်မှုများဖြစ်ပွါးပြီးနောက် တိဗက်ဘုန်းကြီးကျောင်း အများ အပြားကို ဖျက်ဆီးပစ်ခဲ့သည့်တိုင် ပန်ချန်းလားမားကိုယ်တော်နှင့်ပတ်သက်နေသည့် ဘုန်းကြီး ကျောင်းများကို ဖျက်သိမ်းခြင်းမပြုဘဲ ချန်ထားပစ်ခဲ့သည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားအုပ်စုဘက်က တိဗက်ဘုန်းကြီးများကို ဖမ်းစီးချုပ်နှောင်မှုတွေ ရှိခဲ့သော်လည်း ပန်ချန်းလားမားဂိုဏ်းဝင် ဘုန်းကြီးများကို သာသာထိုးထိုး ကလေး မျက်နှာသာ ပေးခဲ့ဘူးသည်။ ထို့ကြောင့် ပန်ချန်းလားမားကိုယ်တော်လေးကို တရုတ်ပြည်မကြီးရဲ့ ရုပ်သေးရုပ်တခု အဖြစ် တိဗက်ပြည်သူတွေက အထင်လွဲမှားခဲ့ကြဘူးပါသည်။

၁၉၅၉-ခုနှစ်မတိုင်မီအချိန်တုန်းက ပန်ချန်းလားမားကလေးက အသက်နှစ်ဆယ်ကျော် အရွယ်သာရှိသေးသည်။ သူ့ဆရာ သမားအရိပ်အောက်ကနေ ထိုးထွက်ဖို့ ခက်ခဲနေ သည့်အချိန်။ ဆရာသမားအများစုက သဘောထားပျော့ပြောင်းသည့် ဘုန်းတော်ကြီးများသာဖြစ်သည်။ သို့သော် လာဆာအဓိကရုဏ်းက သူ့ကို အများကြီးရင့်ကျက်စေခဲ့ပါ သည်။ သူက တိဗက်ပြည်အတွက် ဘာသာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ စိတ်အားထက်သန်သည်။ ဖျက်ဆီးခံလိုက်ရသည့် ကျောင်း တွေ၊ စေတီပုထိုးတွေကို ပြန်ပြီး အစားထိုးဖို့ ကြိုးစားသည်။ သူက ဘုန်းတော်ကြီးဒလိုင်းလားမားသည် တိဗက်ပြည် အတွက် စစ်မှန်သောခေါင်းဆောင်ကောင်းအဖြစ် ချီးကျူးထောမနာပြုလေ့ရှိပြီး တိဗက်ပြည်ဟာ တိဗက်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက် အတိုင်းသာဖြစ်ရမည်ဟု အစဉ်တစိုက် ဟောပြော လေ့ရှိသူဖြစ်သည်။ သူက တိဗက်ပြည်သူတွေဟာ ကိုယ့်တိုင်းပြည်အတွက် ဦးဆောင်နိုင်တဲ့တနေ့ကျရင် တရုတ်ပြည်မကြီးဟာ တိဗက်ပြည်ကနေ အလိုလိုထွက်သွားမည်ဟူသော မော်စီတုန်း၏ စကားကို မကြခဏ ကိုးကားပြောဆိုလေ့ ရှိသူလည်း ဖြစ်သည်။

တိဗက်ခေါင်းဆောင်များသည် စားပွဲတလုံးပေါ်မှာ အလှတင်ထားသည့် ပန်းအိုးကြီး တခုနှင့်တူနေပြီး ဒါဟာ တိုင်းပြည် အနာဂတ်အတွက် အလွန်ရှက်စရာကောင်းကြောင်း ပန်ချန်းလားမားကိုယ်တော်က တိဗက်ခေါင်းဆောင်များကို သတိပေး ဆုံးမခဲ့ဘူးသည်။ ပန်ချန်းကိုယ်တော်လေးကို တရုတ်အစိုးရနှင့်ပနံသင့်သူအဖြစ် တိဗက်ပြည်သူတွေက ယုံကြည်ထားကြ သော်လည်း အမှန်တကယ်တော့ တိဗက်ပြည်သူတွေ ထင်ထားသလိုလည်း မဟုတ်။

၁၉၆၀-ပြည့်နှစ်တွင် ပန်ချန်းကိုယ်တော်လေး ဘေဂျင်းကိုရောက်လာသည်။ တိဗက်ပြည် တွင် ဘေဂျင်းအစိုးရ၏ လုပ်ဆောင်ချက်များကို ပန်ချန်းကိုယ်တော်လေးက ချီးမွမ်း ထောမနာပြုချိန်မှာပင် ဘေဂျင်းအစိုးရကတော့ လာဆာပုန်ကန်မှုတွင် ပါဝင်ပတ် သက်မှုရှိသည်ဟူသောစွပ်စွဲချက်ဖြင့် ပန်ချန်းကိုယ်တော်လေးရဲ့ ဂိုဏ်းဝင်ကျောင်းများ ကို ၀င်ရောက်ဖျက်ဆီးပြီး တိဗက်ဘုန်းကြီးလေးရာကျော်ကို ဖမ်းဆီးလိုက်လေသည်။ သည်အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသော တိဗက် လားမားများရှိသလို အဖမ်းဆီးခံ အများစုကိုတော့ တိဗက်ပြည်မြောက်ပိုင်းအစွန်ဖျားရှိ ကျောက်ထုတ်လုပ်ရေးစခမ်းများ၊ မိုင်းတွင်းများရှိရာဆီသို့ အလုပ်ကြမ်းသမားအဖြစ် အပို့ခံလိုက်ရသည့် လားမားများလည်းရှိပါသည်။ သည်သတင်းက တိဗက်ပြည် သူတွေနှင့် ပန်ချန်းလားမားကိုယ်တော်လေးကို နာကျင်ကြေကွဲစေပါတော့သည်။ သို့သော် အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည်ခုခံတိုက်ခိုက်သည့်နည်းကိုတော့ ပန်ချန်းကိုယ်တော့လေးက လက်မခံ။ သူ၏ပန်းတိုင်သည် ငြိမ်းချမ်းခြင်းဖြစ်သည်။ ငြိမ်းချမ်းမှုရှိရာသို့ မငြိမ်းမချမ်းမသွားလို။ အကြမ်းဖက်ခြင်းကို မလိုလား။ ငြိမ်းချမ်းခြင်း ကိုသာ သူလိုလားသည်။ သူ့ယုံကြည်ချက်က အကြမ်းမဖက်ပဲ ငြိမ်းချမ်းသောနည်းဖြင့် သူလိုချင်သောပန်းတိုင်ကို သွားလိုသည်။ သူက သူ၏ယုံကြည်ချက်ကို ယုံကြည်ချက် အတိုင်းသာ ထားသည်။ ဘာအကြောင်းကြောင့်မှ သူ့ယုံကြည်ချက်ကို အပွန်းအပဲ့ မခံနိုင်။ သူ၏ယုံကြည်မှုက ဘယ်သူ့ကို နာကျင်ထိခိုက်စေဖို့ မဟုတ်။

နောက်တကြိမ် မော်စီတုန်းနှင့်တွေ့သောအခါ တရုတ်စစ်သားများ၏ တိဗက်ပြည်သူ တွေအပေါ် ဖိနှိပ်နေမှုနှင့် တိဗက်ပြည်သူတွေဟာ အစေခံများသာဖြစ်နေကြောင်း၊ အစာငတ်မွတ်ခေါင်းပါးမှု၊ ဆေးဝါးမပြည့်စုံမှုနှင့် ဆင်းရဲမွဲတေမှုက တိဗက်ပြည်သူတွေကို သတ်ဖြတ်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် တိဗက်ပြည်သူတွေအပေါ် ညှင်းပမ်းနှိပ်စက် မှုတွေကို ရပ်တံ့ပေးဖို့၊ အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဂရုတစိုက် အလေးထားလုပ်ဆောင်ပေးဖို့၊ ဘာသာရေးလွတ်လပ်ခွင့်ပေးဖို့နှင့် ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်ဆီးနေမှုများကို အချိန်မီတားဆီးပေးဖို့ ခေါင်းဆောင်ကြီး မော်စီတုန်းကို တောင်းဆိုလိုက်ပါသည်။ ပန်ချန်းလားမားလေး၏ တောင်းဆိုချက်များကို မော်စီတုန်းက ကျေကျေနပ်နပ်လက်ခံသည်။ ပို၍တိုးတက်ကောင်းမွန်သော တိဗက် ပြည်အဖြစ် သူအစွမ်းကုန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ကတိပြုလိုက် လေသည်။ သို့သော် ပန်ချန်းကိုယ်တော်လေး တိဗက်ပြည် ပြန်ရောက်လာသောအခါ တိဗက်ပြည် ဟာ ဘာမျှတိုးတက်ပြောင်းလဲလာခြင်းမရှိသေးကြောင်းကို တွေ့မြင်ရ လေသည်။ တိုင်းပြည်မတိုးတက်ခြင်းနှင့်အတူ နာလန်မထူတော့သည့် ဖရိုဖရဲ ပြန့်ကျဲနေသော သူ့လူမျိုးများကို တွေ့မြင်ရသောအခါ ပန်ချန်းကိုယ်တော်လေးခမျာ ကြေကွဲရပြန်ပါ တော့သည်။

၁၉၆၂-ခုနှစ် ဇန်န၀ါရီလတွင် ပန်ချန်းလားမားကိုယ်တော်လေး ဘေဂျင်းက ပြန်ရောက် လာသောအခါ တရုတ်အရာရှိများက လားမားကလေးကို ခေါ်တွေ့ပါသည်။ ဒလိုင်း လားမားကိုယ်တော်က အိန္ဒိယမှာအခြေချနေထိုင်နေပြီဖြစ်၍ သူ့နေရာကို ဆက်ခံပြီး ဒလိုင်းလားမားသီတင်းသုံးခဲ့သည့် ပိုတလာနန်းတော်မှာ အမြဲတမ်းသီတင်းသုံးနေထိုင်ဖို့၊ ဒလိုင်းလားမားကိုယ်တော်ကိုလည်း ဖောက်ပြန်ရေးဝါဒီတဦးအဖြစ် တရားဝင်ကြေညာ ချက် ထုတ်ပြန်ပေးဖို့ ဖိအားပေးပါတော့သည်။

ပန်ချန်းလားမားက ဘေဂျင်းအရာရှိများ၏ တောင်းဆိုချက်ကို လက်မခံ။ ဒလိုင်း လားမားနေရာဆက်ခံဖို့ သူ့မှာအရည်အချင်းမရှိကြောင်း၊ ဒလိုင်းလားမားနေရာမှာ အစားထိုးနေရာဝင်ယူဖို့ စိတ်ဆန္ဒလည်းမရှိကြောင်းနှင့် ဒလိုင်းလားမားဟာလည်း ဖောက်ပြန်ရေးဝါဒီတဦးမဟုတ်ကြောင်း ငြင်းဆိုလိုက်ပါသည်။ ထို့အပြင် တိဗက်ပြည်သူ တွေအနေနဲ့ မိမိတို့ရဲ့ တိဗက်ယဉ်ကျေးမှု၊ တိဗက်ရိုးရာ၊ တိဗက်စာပေနှင့် ဘာသာ တရားကို အစွမ်းကုန်ထိန်းသိမ်းစောင့်ရှောက်ကြဖို့ရန် တိဗက်ပြည်သူအားလုံးမှာ တာဝန်ရှိကြောင်း၊ ပြည်ပတွင်ရောက်ရှိနေသည့် တိဗက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ယုံကြည်မြတ်နိုးပြီး သူ့ရဲ့လမ်းညွှန်မှုများကို တသွေမတိမ်းလိုက်နာ ကြဖို့ကိုလည်း တိဗက်ပြည်သူတွေကို ဆော်သြတိုက်တွန်းလိုက်ပါသည်။ ဒလိုင်းလားမား အသက်ထင်ရှားရှိနေသေးသရွေ့ တိဗက်ပြည်သူတွေအတွက် မျှော်လင့်ချက်တွေက ရှင်သန်နေသေးသည်ဟု သူဟောပြောခဲ့ဘူးသည်။

ပန်ချန်းလားမားလေးရဲ့ အတွေးအမြင် အယူအဆတွေ ပြောင်းလဲသွားပြီဖြစ်ကြောင်း ဘေဂျင်းအရာရှိများက နားလည်သဘောပေါက်သွားသည်။ ပန်ချန်းကိုယ်တော်လေးကို လူထုအစည်းအဝေးများတွင် ဟောပြောခွင့် မပေးတော့။ အများပြည်သူရှေ့တွင် သူ၏ဟောပြောခွင့်အားလုံးကို ပိတ်ပင်လိုက်ပြီးနောက် အလုပ်အကျွေးပြုသည့် အနီးနေ တပည့်အနည်းငယ်ကိုသာ သူနှင့်အတူနေခွင့်ပြုပါသည်။ ဧည့်သည်တွေ့ခွင့်လည်း မပေးတော့။ ထိုအချိန်မှစ၍ အများပြည်သူရှေ့တွင် ပန်ချန်းကိုယ်တော်လေးကို မတွေ့မြင်ရတော့ပါ။ ၁၉၆၄-ခုနှစ်နှောင်းပိုင်းတွင် မွန်လန်အမည်ရှိ တိဗက်ပြည်ရဲ့ အထင်ကရ ဘာသာရေးပွဲ တော်ကြီးရှိသည်။ သောင်းနှင့်ချီသောတိဗက်ပြည်သူတွေက သည်နေ့မှာ ပန်ချန်းကိုယ်တော်လေးကို တွေ့မြင်ရလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ လာဆာမြို့ရှိ သူသီတင်းသုံးရာ ကျောင်းသို့ တိဗက်ပြည်သူတွေစုဝေးရောက်ရှိလာကြပြီ။ တိဗက်ပြည်သူတွေ မျှော်လင့်ထားသည့်အတိုင်း လူမြင်ကွင်းတွင် ပန်ချန်းလားမား ကိုယ်တော်လေး ပေါ်လာပြီးနောက် “အခုလို ဆုံတွေ့ရခိုက်မှာ တိဗက်ပြည်သူတွေကို မှာချင်တယ်။ သူ့ယုံကြည်ချက်က တိဗက်ပြည်ဟာ နောက်ဆုံးတနေ့မှာတော့ လွတ်လပ် တဲ့ တိုင်းပြည်တခုဖြစ်ကိုဖြစ်လာရမယ်။ ဘုန်းတော်ကြီးဒလိုင်းလားမားကိုယ်တိုင် တိဗက်ပြည်ကို ပြန်လာပြီး တိဗက်ပြည်သူတွေကို ဦးဆောင်ပါလိမ့်မယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမား သက်တော်ရာကျော် ရှည်ပါစေ“ဟု တိဗက်ပြည်သူတွေ ကို အမှာစကား ပါးပါသည်။

သူ့ဟောပြောချက်က တိဗက်ပြည်သူတွေကို ယုံကြည်အားတက်စေသော်လည်း တရုတ် အရာရှိများကို စိတ်ပျက်စေပါတော့သည်။ ထိုဟောပြောချက်ကြောင့်ပင် ဘေ ဂျင်းအရာရှိများက ပန်ချန်းကိုယ်တော်လေးနှင့် သူ့လူယုံများကို ဖမ်းဆီးလိုက်ပြီးနောက် ပန်ချန်းလားမားဟာ ဆိုရှယ်လစ်လမ်းကြောင်းပေါ်မှာရောက်ရှိနေသည့် ကျောက်တုံးကြီး တတုံးစသာဖြစ်ကြောင်း၊ တိဗက်ပြည်ကို ပြန်လည်ရယူရေးအတွက် လျှို့ဝှက်ကြံစည် နေကြောင်း မော်စီတုန်းကို တင်ပြလိုက်လေသည်။

ဖျက်ဆီးခံလိုက်ရသည့် မန်သောင်းကျောင်းပျက်ကြီးထဲတွင် တိဗက်ခေါင်းဆောင်များ လျှို့ဝှက်စည်းဝေးပြီးနောက် လူထုချီတက်ပွဲပြုလုပ်ဖို့ သဘောတူကြလေသည်။ အနီ ရောင်အလံများကိုကိုင်ဆောင်ပြီး တိဗက်ရိုးရာတူရိယာများကို တီးမှုတ်ကာ လာဆာမြို့ တွင်း လှည့်လည်ဆန္ဒပြခြင်းဖြစ်သည်။ မှောင်ရီပျိုးပျ ညနေချမ်းကာလရောက်သော အခါ ဆန္ဒပြသူများကို ဖမ်းဆီးမှုတွေ ပြုလုပ်ပါတော့သည်။ တိဗက်ဘုန်းတော်ကြီးများ နှင့် တိဗက်ခေါင်းဆောင်အများအပြား ဖမ်းဆီးခံရလိုက်ရပြန်ပါသည်။ မြွေတကောင်ကို ခါးလယ်ကနေဆုပ်ကိုင်ပြီး အားကုန်ညှစ်လိုက်လျှင် အထဲကအူတွေ ထွက်ကျလာ လိမ့်မည်။ သို့သော် မြွေတကောင်ကို သတ်ဖို့ဆိုလျှင်တော့ ခေါင်းကိုရိုက်မိမိရရ ရိုက်ဖို့လို လိမ့်မည်။ ပန်ချန်လားမားကိုယ်တော်လေးက မြွေတကောင်နှင့် တူသည်။ သူ့ကို ဆုပ်ကိုင်ထားရုံဆိုလျှင် တိဗက်တပြည်လုံး အုံကြွလာမည်။ ပန်ချန်းကိုယ်တော် လေးကို သတ်လိုက်ပြန်လျှင်လည်း အောက်ခြေက ဖြိုချခံလိုက်ရသည့် အဆောက်အဦ တခုလို အားလုံးပြိုကျကုန်လိမ့်မည်။ ဘေဂျင်း၏ တိဗက်အပေါ် သဘောထားက ရှင်းပါသည်။

၁၉၆၂-ခု နိုဝင်ဘာလတွင် စစ်တပ်က အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ်သာရှိသေးသည့် ပန်ချန်းလားမားကိုယ်တော်လေးကို ဖမ်းဆီးပြီးနောက် လာဆာကနေ ဘေဂျင်းသို့ ခေါ်ဆောင်သွားလေသည်။ ပန်ချန်းကိုယ်တော် လေးနှင့်အတူ သူ၏မိဘနှစ်ပါးနှင့် လုပ်ဖော်ကိုင်ဖက်တွေကိုပါ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်သည်။ ထိုနေ့ကစလို့ ပန်ချန်လားမားကိုယ်လေးရဲ့သတင်းက လုံးဝအမှောင်ကျသွားပါတော့သည်။

သို့သော် နောင်တဆယ့်ငါးနှစ်အကြာ ၁၉၇၇-ခုနှစ်တွင် ပန်ချန်းကိုယ်တော်လေးသတင်း ပြန်ပေါ်လာသည်။ တိဗက်ပြည်သူတွေ မျှော်လင့်နေသည့် ပန်ချန်းကိုယ်တော်လေး ထောင်ကလွတ်ပြီ ဟူသော သတင်းတော့ မဟုတ်။ နောက်ထပ် ထောင်ဒဏ်ဆယ်နှစ် ထပ်တိုးလိုက်ပြီဟူသော သတင်းပင်ဖြစ်သည်။ တိဗက်ခေါင်းဆောင် ပန်ချန်းလားမားကို Qin Cheng ပြည်နယ်ရှိ အကျဉ်းထောင်တခုတွင် အကျဉ်းချထားသည်ဟူသော သတင်းသဲ့သဲ့ကလေးကိုသာ ကြားလိုက်ရသည်။ အဲဒီနောက်ပိုင်းသတင်းတွေကို ဘယ်သူမှ တိတိကျကျ မသိရတော့။ တချို့က ပန်ချန်းကိုယ်တော်လေး ပျံလွန်တော်မူ သွားပြီဟု ယုံကြည်နေကြသူတွေရှိသလို အကျဉ်းထောင်တစ်ခုခုမှာ အသက်ရှင်နေ လောက်သေးတယ်ဟု တ၀က်တပျက် ယုံကြည်နေကြသူတွေလည်း ရှိပါသည်။ ယနေ့အချိန်ထိ ပန်ချန်းလားမားကိုယ်တော်လေး သေသွားပြီလား ဒါမှမဟုတ် အသက် ရှင်နေတုန်းပဲလားဆိုတာကို ဘယ်သူမှ တပ်အပ်သေချာမသိကြတော့။

ပန်ချန်းကိုယ်တော်လေးရဲ့ သေရေးရှင်ရေးက တိဗက်ပြည်သူတွေအတွက် သေရေး ရှင်ရေးပမာ အရေးကြီးပါသည်။ ပန်ချန်းလားမားသေဆုံးခြင်းကို ဘယ်သူမှ အတိမပြု နိုင်သောကြောင့် ပန်ချန်းလားမား လူဝင်စားအဖြစ် ဘယ်သူ့ကိုမှ ရွေးချယ်လို့ မရတော့။   “ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုကို နည်းမှန်လမ်းမှန်နဲ့ စည်းကမ်း တကျ ထိမ်းသိမ်းစောင့်ရှောက်တဲ့အခါ ဘယ်သူ့ကိုမှ ကြောက်ရွံ့ နေစရာမလိုပါဘူး”ဟု မော်စီတုန်းကဆိုသည့်တိုင် တိဗက်ပြည်သူတွေရဲ့ဘ၀က ကျီးလန့်စာစားပမာ။ အခု တော့ တိဗက်ပြည်သူတွေက ရသေ့စိတ်ဖြေ။ အရာရာအားလုံး ဆုံရှုံးလက်လွှတ် လိုက်ရသည့်တိုင် ရောက်ရာအရပ်မှာ လက်ကျန်မျှော်လင့်ချက်ပါးပါးကလေးကို တင်း တင်းကျပ်ကျပ် ဆုပ်ကိုင်ထွေးပွေ့ ထားရင်း။ တနေ့ကျရင်ဆိုသော အတွေးများဖြင့်သာ မနက်ဖြန်များစွာကို မောင်းနှင်နေကြခြင်းဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါဦးမည်။

ကိုသစ် (သီတဂူ)
၉၊ ၂၃၊ ၂၀၁၈
0