စိုးခိုင်ညိန်း - လေထဲက ဖုန်မှုန့်တွေ



လေထဲက ဖုန်မှုန့်တွေ
စိုးခိုင်ညိန်း
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၈

သိပ်မကြာသေးခင်က ငယ်ငယ်ကသိကျွမ်းခဲ့ရသောသူငယ်ချင်းတယောက်နှင့် မမျှော်လင့်ပဲ ပြန်ဆုံရသည်။ သူနှင့်မတွေ့ရသည်မှာ ၁၅ နှစ်လောက်ရှိပြီ ဖြစ်သည်။ သူ့ပုံစံသည်ပင် သူ့အသက်နှင့်စာလျှင် အနည်းငယ် အိုဇာနေသည်ဟု ထင်ရသည်။ သူနှင့်ကျွန်တော် ကွဲသွားကတည်းက ဘာအဆက်အသွယ်မှမရှိခဲ့။ အခုမှ ဖေစ်ဘုတ်ကနေ ပြန်တွေ့ပြီး အဆက်အသွယ်ပြန်ရခြင်း ဖြစ်သည်။ 

ကျွန်တော်တို့ ရှေးဟောင်းနှောင်းဖြစ်တွေ၊ အလုပ်အကိုင် အခြေအနေစသည်တွေ စကားတွေအများကြီး ပြောဖြစ်ကြသည်။ သူ့ကို ဘာလုပ်သလဲမေးကြည့်တော့ ဖားကန့်က ပြန်လာတာ မကြာသေးဘူးဟုဆို သည်။ သူသည် ရေမဆေးရှာသူတယောက်ပါလားဟု သူ့ကို အံ့သြစိတ်ဖြင့် ကျွန်တော်က ငေးကြည့်နေမိ သည်။ သူ့ရှေ့မှာပင် မြေစာပုံပိလို့ သေတဲ့ သူတွေအများကြီးပဲဟု သူက ပြောပြပါသည်။ သူ၏လုပ်ဖော်ကိုင်ဖက်အချို့လည်း သေသည့်အထဲပါသွားသည်တဲ့။ "မနေ့ကပဲ သူနဲ့အတူတူအိပ်၊အတူတူ စား အတူတူ စကားတွေပြောနေခဲ့တာ နောက်နေ့လည်းရောက်ရော သူက မြေကြီးထဲရောက်သွားတာ တွေ့ လိုက်ရတယ်။ ကိုယ်တော်တော်လန့်သွားတယ်၊ ဒါနဲ့ ကိုယ်လည်း ပြန်ပြေးလာတာပဲ" ဟု သူက အခြေ အနေကို ပြောပါသည်။
"အခုလောလောစယ်တော့ ကိုယ်လည်း လေနေတယ်။ ဘာလုပ်စားရမယ်မှန်းလည်းမသိဘူး" ဟု ငြီး တွားကာ ကျွန်တော့်ကို ရင်ဖွင့်နေသော သူ့ပုံစံ သည် အရာရာကိုစိတ်ပျက်နေသည့်ပုံစံမျိုး ဖြစ်ပါသည်။ စိတ်ဓာတ်မကျပါနဲ့ကွာဟု ကျွန်တော်က အားပေးနေရသော်လည်း ကိုယ်တိုင်လည်းရုန်းကန်နေရသည်မို့ သူ့ကိုအကူအညီ ကောင်းကောင်းမပေးနိုင်ခဲ့။ ဘာပဲဖြစ်ြဖစ်ကွာ အဲဒီကိုတော့ ပြန်မသွားပါနဲ့ဟု ပြောရုံပဲ တတ်နိုင်ခဲ့သည်။ 

ပြီးခဲ့တဲ့သုံးလကျော်လောက်က ကံသီလို့ သေဘေးတခုမှလွတ်မြောက်ခဲ့ရတာကြောင့် ကျွန်တော်သည် အခုရက်ပိုင်းတွေမှာ ဒီသေခြင်းတရားကိုပဲ မကြာခဏ တွေးတောဆင်ခြင်နေခဲ့မိတာ ဖြစ်ပါသည်။ ဒီအတော်အတွင်းမှာပဲ လူတွေသေဆုံးရတဲ့ အဖြစ်အပျက်တွေ၊ သတင်းတွေကို ကြားသိနေခဲ့ရတာပဲ ဖြစ်ပါသည်။ ရွာပြန်ရောက်တော့ မူလတန်းမှာ အတူတက်ခဲ့ရတဲ့ ငယ်သူငယ်ချင်းတွေက စုံစုံလင်လင်မရှိ ကြတော့၊ သေတဲ့သူက သေကုန်ပြီ။ တစ်ယောက်ယောက်ကိုများ မမြင်မိလို့ မေးကြည့်လိုက်ရင် ဟော ဗျာ မသိသေးဘူးလား၊ မနှစ်ကပဲ ဆုံးသွားပြီလေတဲ့၊ ကျွန်တော့်မှာ အံ့သြမှင်သက်နေရပါသည်။

ကျွန်တော်သည် ထိုကဲ့သို့သောခံစားမှုတို့ဖြင့် တိတ်ဆိတ်အေးစက်ကာ အဖြစ်အပျက်တို့ကို အပြန်ပြန် အလှန်လှန် တွေးတောဆင်ခြင်နေမိပါသည်။ ထိုအခါတွင် ကျွန်တော်၏ပုံစံသည် အေးစက်ကာ ငူငူငိုင် ငိုင်လိုမျိုး ဖြစ်သွားပါသည်။ ကျွန်တော်သည် ဗလာသက်သက်လေဟာနယ်ထဲ သွားနေမိသလို ဘာကိုမှ မလုပ်မကိုင်မိပဲ ဖြစ်သွားပါသည်။ ထိုအခါတွင် ကိုယ့်ဟာကိုယ် သတိပြန်ကပ်ခါ စာတွေကိုပဲတအုပ်ပြီး အုပ် စိတ်နှစ်ကာ ဖတ်ဖို့ကြိုးစားရပါသည်။ စာကိုတော့ တလုံးမှချမရေးမိ၊ ရေးစရာလည်း မရှိ၊ ရေးဖို့ရာ လည်း မတွေးမိ၊ ဘယ်လိုပဲဖြစ်ဖြစ် နေ့တနေ့ကတော့ အချိန်တန်တော့လည်း ကုန်သွားမှာပဲလို့ ကိုယ့် အတွေးနဲ့ကိုယ် အားတင်းထားရပါသည်။

ဒီနေ့မှာတော့ မထိုင်တာ ကြာပြီဖြစ်သည့် စာရေးစားပွဲမှာပြန်ထိုင်တော့ စားပွဲပေါ်မှာဖုန်တွေက အထပ် လိုက်ဖြစ်နေတော့သည်။ ဒီဖုန်တွေဟာ တရက်တရက်မှာ နည်းနည်းချင်းကျတဲ့ဖုန်တွေ ဖြစ်မှာပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ နေ့တိုင်းကျနေတဲ့ ဖုန်တွေကိုလေထဲမှာမမြင်နိုင်ခဲ့။ လေထဲမှာ ကိုယ့်မျက်စိနှင့် မမြင်နိုင်တဲ့ ဖုန်တွေဟာ အချိန်ပြည့်လွင့်ဝဲနေမှာပဲလို့ တွေးတောနေမိသည်။ ကိုယ်အမြဲတမ်း အသုံးပြုနေတဲ့အသုံး အဆောင်တွေပေါ်မှာလည်း ဖုန်တွေဟာ နေ့တိုင်းကျနေမှာပဲ ဖြစ်သည်။ အမြဲတမ်းလှည်းကျင်း သန့်ရှင်း မှုပြုလုပ်နိုင်ကာမှ တော်ရာကျပေသည်။ ပစ်ထားလိုက်လို့ ရက်အနည်းငယ် ကြာသွားလျှင် ဖုန်တွေက သိသိသာသာ ဖွေးနေတော့သည်။ လေထဲကမမြင်ရတဲ့ဖုန်တွေဟာ များလာပြီး ထုနဲ့ထည်နဲ့ ဖြစ်ကာ အရာဝတ္ထုများကို ဖုန်းလွှမ်း သွားနိုင်တာပဲဟု စဉ်းစားနေမိသည်။ အော် သေခြင်းတရားဆိုသည်ကလည်း မမြင်နိုင်တဲ့လေထဲက ဖုန်မှုန့်တွေလို နေရာအနှံ့တည်ရှိနေနိုင်တာပါပဲ လားဟု ဆင်ခြင်လိုက်မိသည်။

သေဆုံးသွားကြတဲ့သူတွေသည် လေထဲက ဖုန်မှုန့်တွေလို လူမြင်ကွင်းကနေ ပျောက်ကွယ်သွားကြ သည်။ တနည်းအားဖြင့်ဆိုရလျှင် သေဆုံးသွားကြ သူတို့သည်ဖုန်မှုန့်တွေဖြင့် ဖုန်းလွှမ်းပျောက်ကွယ် သွားကြသည်။ ပစ္စည်းဝတ္ထုစသည့်အရာဝတ္ထုတို့သည် အသုံးမပြုပဲကြာရှည်စွာပစ်ထားလိုက်လျှင် ဖုန်မှုန့် တို့ဖြင့် ဖုန်းလွှမ်းကာ မြေကြီးအောက်သို့ရောက်ကာ ပျောက်ကွယ်သွားကြသည်မှာ သဘာဝပဲ ဖြစ်သည်။ မြေကြီးထဲမှ ရှေးလူတို့အသုံးပြုခဲ့ကြသောရှေးဟောင်းပစ္စည်းများကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိကြသည်။ ထိုအရာဝတ္ထုများသည် လူတို့အသုံးပြုစဉ်တုန်းကတော့ မြေပေါ်မှာ တည်ရှိနေခဲ့သောအရာများ ဖြစ်ပါ သည်။ သို့သော်လည်း မလှုပ်မယှက်သေသလို ဖြစ်သွားသောအရာတို့သည် လေထဲကဖုန်တို့ဖြင့် ဖုန်း လွှမ်းကာ မြေကြီးထဲသို့ ရောက်သွားကြခြင်း ဖြစ်သည်။

လူ့ဘဝဆိုသည်မှာလည်း လေထဲကဖုန်တွေမတက်အောင် တနည်းပြောရလျှင် အသက်ရှင်သန်ရလေ အောင် လှုပ်ရှာရုန်းကန်နေရခြင်းပဲ ဖြစ်ပါသည်။ လှုပ်ရှားနေသောအရာဝတ္ထုပေါ်တွင် ဖုန်မှုန့်တို့သည် လွယ်လင့်တကူမတင်နိုင်၊ သို့သော်လည်း ကျွန်တော်တို့သည် ဖုန်မတင်အောင် ထာဝရလှုပ်ရှား နေဖို့ဆို သည်မှာလည်း မဖြစ်နိုင်သောကိစ္စတခုပဲ ဖြစ်သည်။ တနေ့နေ့ တချိန်ချိန်မှာတော့ ငြိမ်သက်ရပ်တန့်ကာ ဖုန်မှုန့်တို့၏ဖုန်းလွှမ်းမှုကိုခံရမည်သာ ဖြစ်သည်။

တနေ့က youtube မှာ အဆိုတော် KanSas သီဆိုသည့် Dust in the Wind သီချင်းကို နားထောင်မိ သည်။ ဟို အရင်က နားထောင်ဖူးသော်လည်း အခုလို သေသေချာချာနားမထောင်မိခဲ့၊ အခုတော့ သေ သေချာချာပဲထပ်ခါထပ်ခါ နားထောင်နေမိသည်။ တနေ့တော့ ကျွန်တော်တို့ အားလုံးသည် သီချင်းထဲက လို လေထဲကဖုန်မှုန့်တွေလို လွင့်ပါးပျောက်ကွယ်သွားကြရမှာချည်းပဲ ဖြစ်ပါသည်။ မိုးပေါက် မိုးရေစက် တွေသည် ကျယ်ပြောလှသော သမုဒ္ဒရာရေပြင်ကြီးထဲ နစ်ဝင်ပျောက်ကွယ်သွားသလို ပျောက်ကွယ်သွား ကြရဦးမည်ပဲ ဖြစ်သည်။ ထိုကဲ့သို့သော အဖြစ်အပျက်တို့သည် မထူးဆန်းလှ သောကိစ္စများပဲ ဖြစ်ပါ သည်။ တနေ့ လေထဲက ဖုန်မှုန့်တွေလိုပျောက်ကွယ်သွားမည့်အကြောင်းကို တွေးပြီးထိပ်လှန့်တုန်လှုပ် ကာ စိတ်ပျက်အားငယ်နေစရာတော့မလိုပေ။ ထိုသဘောတရားကိုပဲ တတ်နိုင်သမျှတွန်းလှန်ကာ ရင် ဆိုင်ရှင်သန်နေရသည်ကပင် ဘဝတခု ဖြစ်သည်။

ဘဝဆိုသည် လောကဓံရိုက်ချက်တို့ဖြင့်ပြည့်နေသော တိုက်ပွဲတခုပဲ ဖြစ်သည်။ လောကဓံဆိုသည်မှာ အနိမ့်အမြင့်သဘော၊ အဆိုးအကောင်းတို့ ဖြင့် တလှည့်စီကြုံကြိုက်ရမည့်သဘာဝတရားတခုပဲ ဖြစ် သည်။ ထိုအရာသည် ရှောင်လွှဲ၍မရ။ အဆိုးတို့ဝင်ရောက်လာသည့်အခါ ရင်ဆိုင်ကျော်လွှား ဖြတ်သန်း နိုင်ပါမှ အကောင်းတို့ဖြင့် တွေ့ကြုံရမည် ဖြစ်သည်။

ကြိုးစားနေသမျှ အောင်မြင်သွားကြတဲ့သူတွေကို ကြည့်ပြီး ငါလည်း တနေ့ပေါ့ဆိုသည့် စိတ်ကူးဖြင့် မျှော်လင့်နေနိုင်သည်။ ထိုအတူပင် ကျရှုံးပျောက်ကွယ်သွားကြသူတွေကိုကြည့်ပြီးလည်း ငါလည်း တနေ့ဆိုသည့်အတွေးဖြင့် ရောက်လာမည့်လောကဓံကို ကြိုတင်ပြင်ဆင်ထားရမည်သာ ဖြစ်သည်။ ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် ကဗျာဆရာလှသန်းသည်လည်း ငါလည်းတနေ့ဆိုပြီး ဆင်ခြင်သွားပုံကို တွေ့ရပါသည်။ 
ငါလည်းတစ်နေ့

ချောင်းရိုက်ခံရတာကို
ဘယ်လိုလက်တုံ့ပြန်မှာလဲ
လောကဓံဆိုတာ ဒီလိုပါပဲ
စိတ်အားငယ်စရာတွေကြားမှာ
ပြက်ရယ်ပြု စကားပြောတတ်သူ
ငြိတွယ်စိတ်ကြီးမား
အားသွန်ခွန်စိုက် လွမ်းရတာလဲ
အရသာတစ်မျိုးပါပဲ
တစ်ယောက်ပြီးတစ်ယောက်
နောက်တစ်ယောက်
နေ့ခင်းကြောင်တောင်
လင်းလင်းကျင်းကျင်းကြီးထဲ ပျောက်ကွယ်
ဘယ်ရောက်ကုန်ပြီလဲ
တစ်ယောက်နဲ့တစ်ယောက် နှုတ်မဆက်နိုင်ခဲ့
နေ့စဉ်နဲ့ အမျှ
ဆက်ဆံနေရတာက
လူရွှင်တော်တွေ
လူပြက်တွေ
ခက်ခက်ခဲခဲ ရယ်မောခဲ့ရ
ခြေကုန်လက်ပန်းကျ။

နောက်ဆုံးခရီး
ခေါင်းတိုင်က မီးခိုးတွေ
"လေပြင်းထဲက ဖယောင်းတိုင်" ပြော ပြော
"လေပြင်းထဲက ဖုန်မှုန့်" ပြော ပြော
ပြာကျခဲ့တာ
သေချာပါတယ်။ ။
လှသန်း


နေရောင်ချည်သည် တံခါးတချပ်ဖွင့်ထားသောပြတင်းပေါက်မှ စာရေးစားပွဲပေါ်သို့ ထိုးကျနေသည်။ ဆလိုက်တခုလို ထိုးကျနေသော နေရောင်ချည် ထဲတွင် သေချာကြည့်လိုက်တော့ လွင့်ဝဲနေသော ဖုန်မှုန့်တို့ကို တွေ့လိုက်ရသည်။ လွင့်ဝဲနေသောလေထဲက ထိုအမှုန်အမွှားတို့သည် စာရေးစားပွဲပေါ် သာမက စာရေးနေသောကျွန်တော်၏ကိုယ်ပေါ်သို့လည်း ကျနေပေလိမ့်မည်။

ရေးလက်စစာကို လက်စသတ်ပြီး ဖေစ်ဘုတ်ကို ဖွင့်ကြည့်လိုက်တော့ နိုင်ငံရေးမှာ အထင်ကရသူတဦး၏ ရုတ်တရက်ကွယ်လွန်တဲ့ နားရေးသတင်းကို ဖတ်လိုက်ရသည်။ ဒီလက သြဂုတ်လ၊ သမိုင်းမှာလည်း အသေအပျောက်များခဲ့တဲ့ လတစ်လပဲ ဖြစ်သည်။ ကျွန်တော်မှတ်မိသလောက် ဒီသြဂုတ်လ မှာပဲ ကြွေလွင့်သွားကြသည့် ကြယ်ပွင့်တွေ၏အမည်များမှာ မဟာဆွေ၊ ရွှေဥဒေါင်း၊ လူထုဦးလှ၊ လင်းယုန် သစ်လွင်၊ ဘီးအီးဒီအောင်သိုက်၊ ထူးအိမ် သင်၊ မင်းသုဝဏ်၊ တာရာမင်းဝေ၊ နန္ဒသိန်းဇံ၊၊ မောင်ဝံသ၊ မင်းလူ၊ မျိုးမြင့်လေး၊ ဒဂုန်တာရာ၊ ခိုင်ထူး စသည်တို့ ဖြစ်သည်ဟု မှတ်သားရသည်။ သူတို့သည် ဖုန်မှုန့် တွေလို ပျောက်ကွယ်သွားကြပေမဲ့ သူတို့၏နာမည်များကတော့ လေထဲမှာထင်ကျန်ကာ ရှင်သန်နေဆဲပဲ ဖြစ်ပါသည်။ ။

စိုးခိုင်ညိန်း
13, 8, 2018

0