စိုးခိုင်ညိန်း - ရေသူမနှင့် ညစာ စားသူ

ရေသူမနှင့် ညစာ စားသူ
စိုးခိုင်ညိန်း
(မိုးမခ)  စက်တင်ဘာ ၁၇၊ ၂၀၁၈

ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်ဇာတိ စသည်များကိုမိတ်ဆက်ပြောပြရသည့်အခါ တချို့က မကြားဖူးဘူး၊ မသိဘူး ဟုပြောသည့်အခါများလည်း ကြုံရတတ်ပါသည်။ ကျွန်တော်ကိုယ်တိုင်ပင်လျှင် တချို့သေးငယ်သည့် မြို့ လေးအချို့ကို ဘယ်နားရှိမှန်းပင်မသိသလို ကြားပင်မကြားဘူးသည်ကိုတွေ့ရတတ်ပါသည်။ ကိုယ့်မြို့ကိုယ့် ဇာတိကိုပြောရသည့်အခါတွင် ကျွန်တော့်မှာ ကိုယ့်မြို့ကနာမည်ကြီးတဲ့သူ၊ ဒါမှမဟုတ် ထင်ရှားသည့်သမိုင်း အဖြစ်အပျက်အချို့ကို ဂုဏ်ယူကာ ပြောပြရပါသည်။ ကျွန်တော့်ဇာတိဘုတလင်ကို တချို့က မသိ၊ ဘယ် နားရှိမှန်းမသိ၊ ကျွန်တော်က မုံရွာရဲ့မြောက်ဘက်မှာရှိသည့်အကြောင်း၊ စာရေးဆရာ သိန်းဖေမြင့်၏ဇာတိ ဖြစ်ကြောင်း၊ ဘုတလင်ချစ်လေး စသည်ရှိကြောင်း ကျွန်တော့်မှာဂုဏ်ယူပြောပြရပါသည်။ ဘယ်သူ့ကိုမဆို ကိုယ့်မြို့၊ ကိုယ့်ဇာတိကိုပြောသည့်အခါ သိသည် ကြားဖူးသည်ဆိုသည့်အခါတွင် ကျွန်တော့်မှာ ကျေနပ်ရ ပါသည်။ မသိဘူးဆိုသည့်အခါတွင် ကိုယ့်မြို့၏ဖွံ့ဖြိုးတိုးတက်မှုအားနည်းသည့်ကြောင့် အတွက်ကြောင့်ပဲဟု ဖြေတွေးယူရပါသည်။

သိပ်မကြာသေးခင်က အမေရိကားမှာရောက်နေသောမိတ်ဆွေတယောက်က သူ့ဖေစ်ဘုတ်မှာ ရေးတင် ထားတာတခု ဖတ်လိုက်ရပါသည်။ သူရေးတင်ထားတာက "နေ့လည်က နီပေါနိုင်ငံကကောင်ကို မိန်းမသုံး ယောက်က မေးတယ်၊ သူတို့ချင်းလည်း သိပ်မရင်းနှီးပေမဲ့ အချင်းချင်းမျက်မှန်း တန်းမိနေတာ ကြာပြီထင်ပါ တယ်။ နင်က ဘယ်နိုင်ငံကလဲ တဲ့။ ဟိုကောင်ကလည်း ပြန်ဖြေတယ်။ နီပေါနိုင်ငံကတဲ့။ ဟိုမိန်းမသုံး ယောက်က မကြားဖူးဘူးတဲ့။ ကိုယ်လည်း ဒီကောင့်အစား ရှက်လိုက်တာ ဆိုတာ" ပဲ ဖြစ်ပါ သည်။ 

ထိုကဲ့သို့သော အခြေအနေမျိုး နှစ်ခါ သုံးခါလောက် ကြုံဖူးပါသည်။ ပထမတခါက ကျွန်တော် ထိုင်းနိုင်ငံမှာ ရောက်သွားတုန်းက ဖြစ်ပါသည်။ စပိန်အမျိုးသမီးတယောက်နှင့် တွေ့၍ စကားအနည်းငယ် ပြောရပါသည်။ သူက ကျွန်တော့်ကို ဘယ်နိုင်ငံကလဲဟုမေးသည့်အခါ ကျွန်တော်က မြန်မာ နိုင်ငံ ကဖြစ်ကြောင်းပြောတော့ သူမက မသိဘူး၊ မကြားဖူးဘူးဟု ဆိုပါသည်။ သူ့အဖြေကိုကြားလိုက်ရ၍ ကျွန်တော့်မှာ ရုတ်တရက် အံ့သြ သွားရပါသည်။ ကျွန်တော့်မှာ ဒီထိုင်းနိုင်ငံနှင့်လည်း အိမ်နီးချင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်ခုကြားမှာရှိကြောင်း ပြောပြရပါသည်။ အဲဒါက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ကျော် စစ်အစိုးရလက်ထက် က ဖြစ်ပါသည်။ ကိုယ့်နိုင်ငံ၏အခြေအနေကိုစဉ်းစားကြည့်ပြီး သူမသိအောင် ဘယ်လိုမှရှင်းမပြနိုင်ခဲ့ပါ။

သိပ်မကြာသေးခင်က အိန္ဒိယမှာ ဗုဒ္ဓဂယာဘုရားဖူးသွားတော့ တခါကြုံရပါသည်။ တပ်ခ်ျမဟာကိုဝင်လည်ကြတုန်းမှာ အစ္စရေးသူတယောက်နှင့် စကားပြောရပါသည်။ သူမကလည်း ကျွန် တော့် နိုင်ငံကိုမသိဘူး၊ မကြားဖူးဘူးဟု ဆိုပြန်ပါသည်။ ကျွန်တော့်မှာ ကိုယ့်နိုင်ငံရှိရာအရပ်၊ ကိုယ့်နိုင်ငံရဲ့ အခြေအနေတို့ကို တတ်သလောက်မှတ်သလောက်ရှင်းပြသော်လည်း သူမက မကြားဖူးဟုပဲ ပြောပါသည်။ ကျွန်တော်တို့အိမ်နီးချင်း ထိုင်းနိုင်ငံကိုကျတော့ သူမက သိနေပြန်သည်။ နောက်ဆုံးကျွန်တော်က ငြိမ်းချမ်း ရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကြားဖူးသလားဟုမေးကြည့်သည့်အခါ သူမက ကြားဖူးသည် ဟုဆို၍ ကျွန်တော့်မှာဝမ်းသာသွားကာ အဲဒီဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံဟု ပြောလိုက်ရပါတော့သည်။ သူမကလည်း ဝမ်းသာမှုနှင့် မင်းနိုင်ငံကို လာလည်လို့ရမလားဟုမေး၍ လာလည်လို့ရပါတယ်ဟု ပြောကာ ဖိတ်ခေါ်လိုက်ရပါသည်။ 

ဟိုး အရင်က နိုင်ငံ၏အခြေအနေမျိုးဆိုရင်တော့ ကိုယ့်နိုင်ငံကိုမသိဘူးဆိုတာ လက်ခံနိုင်စရာရှိပေမဲ့ အခု လိုမျိုးပြုပြင်ပြောင်းလဲမှုတွေနှင့် ရှေ့ကိုချီတက်ဖို့ အားယူနေတဲ့ကိုယ့်နိုင်ငံကို မသိဘူး၊ မကြားဖူးဘူးဆိုတာ ကတော့ နည်းနည်းတော့ လွန်လွန်းသည်ဟုထင်မိပါသည်။ ကိုယ့်နိုင်ငံကို မသိဘူး၊ မကြားဖူးဘူးဆိုခြင်း သည် ထိုသူတို့၏ဗဟုသုတနည်းပါးခြင်းအတွက် ကြောင့်လို့ပဲ သဘောထားလိုက်ပါသည်။ အဲသည်တုန်းက ကဗျာဆရာလှသန်း၏ကဗျာတပုဒ်ကိုချက်ချင်းပဲသတိရလိုက်မိခဲ့တာပဲ ဖြစ်ပါသည်။ အဲသည်ကဗျာကို ကျွန် တော်ခပ်ငယ်ငယ်အရွယ်က ဖတ်ခဲ့ရတာ ဖြစ်ပါသည်။ ကဗျာဖတ်ခဲ့တုန်းက ဒါမျိုးတွေက ရှိပါသေးလားဟု အံ့သြနေခဲ့မိတာ ဖြစ်ပါသည်။ အခုတော့ ကိုယ်တိုင်ပဲကြုံရပါတော့သည်။ ကဗျာက ရေသူမနှင့် ညစာစား ခြင်းတဲ့။

ရေသူမနှင့် ညစာစားခြင်း

မော့မကြည့်ဖြစ်တာ ကြာပြီဖြစ်တဲ့ ကောင်းကင်အောက်က
ညနေလှလှတစ်ခုမှာ
ရေသူမနှင့် ကျွန်တော်တွေ့ပါတယ်
ငွေမင်ရောင် ရေကူးဝတ်စုံနဲ့ သူမ
အလှမွေးငါးတစ်ကောင်လို ရေကန်ထဲမှာ
ကျွန်တော့်မှာသာ
အရှင်လတ်လတ် ငါးတစ်ကောင်မျိုချမိသူလို ဖြစ်နေရ
ဒါကို ရိပ်မိတဲ့ ရေသူမဟာ
ကန်ပေါင်ပေါ်တက်လာပြီး စကားစပါတယ်
'ရေကူးရတဲ့ အရသာကို မနှစ်သက်ဘူးလား ..'တဲ့
ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော်ပြန်ပြောမိတယ်
'ရေကူးရတဲ့ အရသာထက်
ရေကူးနေသူကို ထိုင်ကြည့်ရတာ ပိုသဘောကျတယ်..'လို့
ရေသူမက ဖွဖွလေးရယ်ရင်း
ဆာလမ်ပရုပ်အေး စီးကရက်တစ်လိပ်ကို မီးညှိတယ်
ကျွန်တော်ကြားဖူးနားဝရှိတဲ့ ရေသူမတွေဟာ
ဆံပင်ဖားလျားနဲ့တဲ့
အခု တွေ့နေရတဲ့ ရေသူမကတော့ ဆံပင်မရှိဘူး ခေါင်းတုံးနဲ့
နားရွက်မှာ အဖိုနဲ့ အမ လိင်သင်္ကေတနားဆွဲနဲ့
အိုင်ယာလန်က ပန့်ခ်ရော့ခ်အဆိုတော်မတစ်ယောက်နဲ့ တူနေရဲ့
ဒေသခံမဟုတ်ကြောင်း ငြင်းရင်းနဲ့ 
သူမကို ဘယ်ကလာလဲ စပ်စုလိုက်တော့
သူမက သူ့နိုင်ငံအမည်ကို ပြောပါတယ်
ကျွန်တော့်ကို ဘယ်နိုင်ငံသားလဲ မေးလို့
ကျွန်တော့်နိုင်ငံအမည်ကို ပြောပြတော့
(အားမနာပါးမနား) သူမက တစ်ခါမှ မကြားဖူးဘူးတဲ့
ပြီးတော့ သူတို့ အနောက်ကလူတွေဟာ
အရှေ့ကို သိပ်စိတ်မ၀င်စားကြောင်း ဖွဲ့နွဲ့ပြန်ရဲ့
ကျွန်တော်က သူ့နိုင်ငံတည်နေရာနဲ့ မြို့တော်အမည်ကို ပြောပြတော့
သူမ အံ့အားသင့်သွားပုံက တပ်မက်စရာ
'ငါ့မှာ အရှေ့တွေ၊ အနောက်တွေ မရှိဘူး
ကမ္ဘာပေါ်က လူတစ်ယောက်အနေနဲ့
ကမ္ဘာကိစ္စတွေကို သိအောင်ကြိုးစားနေတယ်' လို့
ပြောပြတော့ သူမနည်းနည်း ဖျားသွားတယ်
အဲဒီအချိန်မှာ ညဟာ ဘွားခနဲ့ ပေါ်လာတယ်
ရောင်စုံမီးတွေလည်း လင်းလာပြီ
ကပွဲခန်းမထဲက မရိုးမရွဂီတသံဟာ
အပြင်ကို လျှံထွက်လာရဲ့ 
ရေသူမဟာ စိတ်ဝင်တစားနဲ့
ကျွန်တော့်ကို ညစာအတူစားဖို့ ဖိတ်ခေါ်ပါတယ်
ငြင်းလိုက်ရရင် ကောင်းမလား
ကျွန်တော်စဉ်းစားတယ်
ကျွန်တော့်နိုင်ငံအမည်ကို မသိတဲ့ မိန်းမတစ်ယောက်နဲ့ 
ညစာအတူစားဖို့ သင့်လျှော်ပါ့မလား
အီလျာအာရင်ဘတ်ရေးခဲ့သလို
လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုးကို နားလည်ဖို့ဆိုတာ
သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးလေ
ဒါပေမဲ့ ကျွန်တော်က ယောက်ျားပီသသူပါ
ဒီလိုနဲ့ ဆီမီးခွက်အလင်းရောင် မှိန်ပျပျနဲ့
'အာဖရိကရဲ့ ပြင်ပ' ဆိုတဲ့ စားသောက်ဆိုင်မှာ
သူမနဲ့ ကျွန်တော် သမင်သားနဲ့ ညစာစားဖြစ်တယ်
ကျွန်တော်မှားသလား
ကျွန်တော့်နိုင်ငံအမည်ကို မသိတဲ့ မိန်းမတစ်ယောက်နဲ့ 
ညစာ အတူစားမိတယ်
ကျွန်တော်မှားသလား
ခင်ဗျားတို့လည်း ၀ိုင်းစဉ်းစားပေးကြပါ
ကျွန်တော်မှားသလား
ခုချိန်ထိ ကျွန်တော်စဉ်းစားနေတုန်း။ ။
                             (လှသန်း)

ကျွန်တော့်အလိုနေဖြင့် သူ မမှားဟု ထင်ပါသည်။ ညစာ စားပြီးသွားတဲ့အခါမှာတော့ ကိုယ့်နိုင်ငံကို မသိတဲ့ သူတစ်ယောက်သည် ကိုယ့်နိုင်ငံ၏အမည် ကို မှတ်မှတ်ထင်ထင်သိသွားလိမ့်မည်ထင်ပါသည်။ ဒါသည်ပင် ကိုယ်ရလိုက်သည့်အမြတ်ဟုဆိုရပါမည်။ ကျွန်တော်သည်လည်း သူ့လိုနိုင်ငံခြားသား တယောက်နှင့် ညစာ အတူမစားဘူးသော်လည်း ကော်ဖီတော့အတူ သောက်ဖူးပါသည်။ နိုင်ငံခြားမှာတော့မဟုတ်ပါ။ ကိုယ့်နိုင်ငံ ရန်ကုန်မြို့မှာပဲ ဖြစ်ပါ သည်။ သူက သြစတေးလျနိုင်ငံသား ဖြစ်ပါသည်။ သူက ကိုယ့်နိုင်ငံကို သိရုံမက၊ ကိုယ့်မြန်မာစကားကိုပင် လိပ်ပတ်လည်အောင် ပြောဆိုနိုင်သူ ဖြစ်ပါ သည်။ 

ကျွန်တော်နှင့် စတွေ့တော့ သူသည် မြန်မာနိုင်ငံမှာ နေနေသည်မှာ သုံးနှစ်ခန့် ရှိပြီဟု ဆိုပါသည်။ သူက ကျွန်တော့်ကို သမ္မာကျမ်းစာကို သင်ပြပါသည်။ သူက မြန်မာနိုင်ငံမှာနေရတာ အရမ်းပျော်သည်၊ သဘော ကျသည်ဟုဆိုသည်။ ရန်ကုန်မှာ နေရတာထက် မော်လမြိုင်မှာနေရတာ ပိုသဘောကျသည်ဟုဆိုကာ နောက်တော့ မော်လမြိုင်ကို ပြောင်းသွားပါသည်။ အခု သူနှင့် အဆက်အသွယ်မရသည်မှာ ကြာပါပြီ။ အခုချိန်ထိ သူ မြန်မာနိုင်ငံမှာပဲ ရှိနေ သေးသလားပင် ကျွန်တော်မသိတော့ပါ။

ကိုယ့်အမည်ကို ပြောပြလို့ သူက မသိဘူး၊ မကြားဖူးဘူးဟု ပြောသည့်အခါ ကျွန်တော့်တို့အနေဖြင့် ဘာမှ မဖြစ်ပါ၊ ဘာခံစားမှုမှ မရှိပါ။ ကိုယ့်ရပ် ကိုယ့် ရွာ ကိုယ့်ဇာတိကို ပြောပြလို့မသိဘူးမကြားဖူးဘူးဆိုရင် လည်း လက်ခံလို့ ရပါသေးသည်။ သို့သော် ကိုယ်ဇာတိ၊ ကိုယ့်နိုင်ငံကို ပြောပြလို့ မကြားဖူးဘူး၊ မသိဘူး ဟုကြုံရသည့်အခါမှာတော့ တော်တော်လေးခံပြင်းစရာကောင်းပါသည်။ ကျွန်တော်တို့မှာတော့ ကမ္ဘာကြီး၏ ဘယ်နိုင်ငံသားနဲ့တွေ့တွေ့ သူ့နိုင်ငံ ကိုသိရုံသာမက သူ့နိုင်ငံ၏ မြို့တော်အထိပါ သိသိနေသည်ပဲ ဖြစ်ပါ သည်။ ကျွန်တော်တို့ရဲ့သိမှုက လိုအပ်တာထက်ပိုပြီး ကျယ်ဝန်းပြန့်နှံ့နေလို့ပဲလား၊ သူတို့ကပဲ သူတို့ရဲ့ သိမှုက ကျဉ်းမြောင်းနေလို့ပဲလားလို့ ကျွန်တော့်မှာ စဉ်းစားနေမိပါသည်။ 

သို့သော်လည်း ရေသူမနှင့် ညစာစားသူ ကဗျာဆရာ လှသန်းရေးထားသည့် နောက်ကဗျာလေးတပုဒ်ကို ဖတ်လိုက်ရသည့်အခါမှာတော့ သူတို့ မသိခြင်း သည် ကျွန်တော်တို့၏ ထိပ်တန်းလျှို့ဝှက်ချက်ကြောင့် လည်းဖြစ်နိုင်တာပဲလို့ စဉ်းစားလိုက်မိပါသည်။ 

ထိပ်တန်းလျှို့ဝှက်ချက်
ဒီသတင်းကို လျှို့ဝှက်ထား
ဒီသတင်းကို ဘယ်သူမှ မသိစေနဲ့
ဒီသတင်းက အရေးကြီးတယ်
ဒီသတင်းကို လုံးဝမပေါက်ကြားစေနဲ့
ဒီသတင်းကို လျှို့ဝှက်ထား
ဘာသတင်းလဲ
ငါတို့ မသေမရှင်ဖြစ်နေတဲ့ သတင်းလေ။ ။
                           (လှသန်း)

စိုးခိုင်ညိန်း

(27, 8, 2018)
0