မောင်လူပေ - အဟောင်းနဲ့အသစ် မြန်မာကျောင်းသစ်ဆီသို့






မောင်လူပေ - အဟောင်းနဲ့အသစ် မြန်မာကျောင်းသစ်ဆီသို့
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရောက် မြန်မာမိသားစုတွေတည်ထောင်တဲ့ ဘုန်းကြီးကျောင်းများထဲမှာ စာရင်းသစ်တိုးတဲ့ကျောင်းက "မြောက်ဦးဆရာတော်ကြီး" တည်ထောင်တော်မူတဲ့ ဖရက်စနိုမြို့( Fresno, CA ) ကျောင်းပါ။ လွန်ခဲ့တဲ့လကကျင်းပတဲ့ ကျောင်းသစ်ဖွင့်ပွဲကို မရောက်ဖြစ်ပေမဲ့ ယခုလ စက်တင်ဘာ(၉)ရက်နေ့မှာ ကျင်းပတဲ့ 'ဆရာတော်မွေးနေ့နဲ့ ဓမ္မစင်တာဖွင့်ပွဲ' ကိုတော့ ရောက်ခဲ့တယ်။

ဖရက်စနိုမြို့ဟာ မြန်မာအများအပြားနေထိုင်တဲ့ ဆန်ဖရန်နဲ့ အယ်လ်အေမြို့တွေရဲ့အလည်တည့်တည့်လောက်မှာရှိတယ်။ နှစ်မြို့လုံးနေ မြန်မာတွေအတွက် သုံးနာရီလောက်ကားမောင်းရင် ရောက်တဲ့ခရီးမို့ မြို့နှစ်မြို့က မြန်မာတွေအများအပြားဆင်းလာကြတာ တွေ့ရတယ်။

ဖရက်စနိုမြို့အနေအထားကတော့ ကယ်လီဖိုးနီးယားအလယ်ပိုင်းမြို့ပီပီ အလွန်ပူတဲ့ရာသီဥတုရှိတယ်။ စိုက်ပျိုးရေးပဲအဓိကလုပ်ကြတဲ့နယ်မြေမို့ မြန်မာမိသားစုနည်းတယ်။ မြန်မာမိသားစုလေးဆယ်ဝန်းကျင်ပဲရှိကြတယ်လို့ သိရတယ်။ ဒါပေမဲ့ ဒီမိသားစုတွေက ဆရာဝန်တွေအပါအဝင် ဝင်ငွေကောင်းတဲ့ ကျွမ်းကျင်လုပ်သားတွေပါ။ သူတို့တွေစုပေါင်းတည်ထောင်တဲ့ကျောင်းပေါ့။ ကျောင်းရဲ့ ရာဇဝင်ကလည်း စိတ်ဝင်စားစရာ။

ဖရက်စနိုမြို့လည်က တရုတ်တန်း ( China Town ) မှာ လွန်ခဲ့တဲ့နှစ်တစ်ရာနီးပါး( ၉၉နှစ်) ခန့်အချိန်မှာ ဒီကျောင်းကို ဆောက်ခဲ့ကြတယ်။ ကျောင်းက သုံးထပ်ကျောင်းကြီး။ လက်ရာက တရုတ်ဘုံကျောင်းကြီးနဲ့တူပေမဲ့ဂျပန်လက်ရာပါ။ ဖရက်စနိုမြို့က စပျစ်ခင်းတွေမှာ စပျစ်ဆွတ်ဖို့ရောက်လာကြတဲ့ အမေရိကန်ရောက် ဂျပန်အလုပ်သမားတွေစုပေါင်းပြီး ဂျပန်ဗုဒ္ဓဘာသာ( ရှင်တိုဘုရားကျောင်း ) သစ်သားကျောင်းလေး စတင်တည်ထောင်ကြပါသတဲ့။ ၁၉၁၉မှာ အဲဒီကျောင်းလေးမီးလောင်ပျက်စီးခဲ့တယ်။

အဲဒီအချိန်က တစ်ရက်လုပ်ခ တစ်ဒေါ်လာပဲရကြတဲ့ အဲဒီဂျပန်အလုပ်သမားတွေက ရသမျှ လခတွေစုဆောင်းကြပြီး အခုမြင်တွေ့ရတဲ့ သုံးထပ်ကျောင်းကြီးတည်ဆောက်ခဲ့ကြပြန်တယ်။ ဂျပန်တွေရဲ့စည်းလုံးမှုနဲ့ အနစ်နာခံမှုကတော့ အံ့မခန်း။

ဂျပန်ပိသုကာလက်ရာ (6400 sq ft) ရှိ သုံးထပ်ကျောင်းကြီးအပြင် ကျောင်းအနောက်မှာလည်း (12,000 sq ft) ရှိတဲ့ တိုးချဲ့ခန်းမကြီးပါတယ်။ အထွေထွေသုံး ဒီခန်းမကြီးမှာ ဧည့်ခံခန်းမ၊ ဖျော်ဖြေရေးစင်မြင့်ကြီးနဲ့ အသံ၊ မီး၊ အစုံအလင်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းကြီးကို ဆက်ခံခဲ့တဲ့ ဒုတိယမျိုးဆက်ဂျပန်တွေက မြို့ရဲ့ မြောက်ဖက်ကို ပြောင်းရွှေ့သွားကြတဲ့အခါ စွန့်ပစ်ခံအဆောက်အဦကြီးဖြစ်ခဲ့ရပြီး ပြုပြင်မွန်းမံမှုမရှိခဲ့တော့ အိုမင်းဟောင်းနွမ်းလို့ပေါ့။ ပတ်ဝန်းကျင်ကလည်း အိမ်ခြေမဲ့တွေ ကြီးစိုးနေကြတယ်။

ဒီအဆောက်အဦကြီးက ဖရက်စနိုမြို့ရဲ့သမိုင်းဝင်အဆောက်အဦတစ်ခုဖြစ်တဲ့အပြင် ရောင်းချဖို့ကိုကန့်ကွက်မှုတွေရှိနေခဲ့တာကြောင့် ၂၀၁၁ထဲက ရောင်းဖို့ပြင်ဆင်ကြတာ အခု ၂၀၁၈ခုနှစ် သြဂတ်လကမှ ဒေါ်လာ(၇)သိန်းခွဲနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်။ မြို့ခံဂျပန်လူဟောင်းတချို့အတွက် ဒီကျောင်းတော်ကြီးက အမှတ်ရစရာ အပြည့်။ သူတို့မိဘတွေ ဒီကျောင်းမှာလက်ထပ်ခဲ့တယ်။ မိဘတွေရဲ့ နောက်ဆုံးသင်္ဂြိုလ်ပွဲကိုလည်း ဒီကျောင်းမှာပဲ လုပ်ခဲ့ကြတယ်။ သူတို့မိဘတွေရဲ့ ချွေးတွေအပြည့်နဲ့တည်ဆောက်ခဲ့တဲ့ ဂျပန်လက်ရာကျောင်းကြီးမို့ မရောင်းလိုကြဘူး။ ဒါပေမဲ့ ယိုယွင်းနေတဲ့ကျောင်းကြီးအတွက် ပြင်ဆင်စားရိတ်မတတ်နိုင်ကြတဲ့အဆုံးမို့ ရောင်းချခွင့်ပြုလိုက်ရပုံပဲ။ မရောင်းခင်ကာလတိုမှာတော့ မြန်မာတွေကလည်း ကျောင်းနေရာမရှိချိန်မို့ မြန်မာတွေရဲ့ ယာယီကျောင်း ဖြစ်ခဲ့တယ်လို့သိရတယ်။ (ဂျပန်ဆီကကျောင်းငှားတဲ့သဘောပေါ့။ ခုမှ မြန်မာက အပိုင်ဝယ်ဖြစ်လိုက်တာပါ။)

မြန်မာကျောင်းတဖြစ်လဲ ဘုန်းကြီးကျောင်းကြီးကတော့ ခန့်ထည်စွာရှိခဲ့ပြီ။ သို့သော် မြန်မာ့မူ မြန်မာ့ဟန်ပုံစံတော့မဟုတ်။ တရုတ်ဘုံကျောင်းကြီးလိုဟန်ပန်အပြည့်နဲ့။ မြန်မာမှုအနုလက်ရာတွေ ပြန်လည်ပြုပြင်ဖို့လည်းမဖြစ်နိုင်။ ကျောင်းကြီးရဲ့အမိုးကစပြီး လှေကားကြီးအဆုံး ဂျပန်ပုံစံဟန်နဲ့အခြေခံထားတည်ဆောက်ထားကြတာ။ ဘယ်လိုပြင်ဆောက်ဆောက် မြန်မာဟန်တော့ ထွက်လာမယ်မဟုတ်။ ကပြားပုံစံပဲ ထွက်လာမှာ။ ပြီးတော့ ရှေးဟောင်းအဆောက်အဦစာရင်းဝင်ပြီမို့ ပြင်ပပုံစံပြောင်းခွင့်လုံးဝ(လုံးဝ)မရှိတော့ပါ။ ဂျပန်အနုသူခုမလက်ရာပုံစံနှင့်သာ ရပ်တည်ရတော့မယ်။

ပွဲအကြောင်းပြန်ဆက်ရလျှင်တော့ မြောက်ဦးဆရာတော်ကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကြောင့် အနယ်နယ်အရပ်ရပ်က ဆင်းလာကြတဲ့မြန်မာတွေနဲ့ပြည့်လျှံသွားတဲ့ဆရာတော်မွေးနေ့ပါပဲ။ စားစရာလည်း အလျှံပါယ်။ အရင်လကျောင်းဖွင့်ပွဲက ဒိထက်လူပိုများသတဲ့။ အပူချိန်က (105F) မို့ လူတွေလည်း ပူလောင်ပြီး ပင်ပန်းကြသတဲ့။ ဒီနေ့တောင်(95F) အပူချိန်ရှိတယ်။ အတော်ပူတဲ့အညာနွေလိုအပူမျိုးမို့ အရိပ်အောက်က မထွက်ရဲ။

ကျောင်းရှေ့မှာ လေမှုတ်ဘူဘောင်းတွေနဲ့ သက်တန့်ကြီးလိုအလှဆင်ထားတယ်။ 59ဆိုတဲ့ဂဏန်းကြီးကပြူးပြဲလို့။ ကျောင်းရှေ့လှေခါးကြီးပေါ်မှ သကြားမင်းတွေနတ်မင်းတွေ နတ်သမီးတွေကရှေ့ထွက်။ ရခိုင်ရိုးရာအကနဲ့တီးဝိုင်းကနောက်။ သိမ်ထွက်လာတဲ့ဆရာတော်တွေအပါးသုံးဆယ်ကို သိမ်ဆင်းလောင်းကြတယ်။ သိမ်ဆင်းကိုတေးဂီတနဲ့လောင်းတာ ဒီတစ်ခါပဲကြုံဖူးပါတယ်။ ဆိုင်းနဲ့ဝိုင်းနဲ့ သိမ်ထွက်လာတဲ့ဆရာတော်တွေမှာလည်း ဒကာတွေရဲ့ ပူဇော်လိုမှုလွန်ကဲနေချက်ကို တားမရလို့သာ ခွင့်ပြုရပေမဲ့ စိတ်အိုက်နေကြပုံပဲ။ အလွန်အေးချမ်းလှတဲ့ ဗုဒ္ဓဓမ္မရဲ့အနှစ်သာရကို အကာတွေဖုံးပြီးရင်းဖုံးနေတာ သတိထားမိတယ်။ မွေးနေ့ရှင် ဆရာတော်ကိုလည်း မွေးနေ့ကိတ်တွေ ခွဲခိုင်းကြတယ်။ ကမ္မဌာနနည်းပြ ဆရာတော်အတွက် စိတ်မသက်သာစရာ။ (ဒီစာဖတ်မိတဲ့ ဆရာတော်ရဲ့ဒကာတွေကတော့ မောင်လူပေကို မေတ္တာတွေပို့နေကြပြီထင်တယ်။ ) မွေးနေ့ရှင်ဆရာတော်ကတော့ ဒါန၊သီလ၊ဘာဝနာစုံအောင် ကြိုးစားအားထုတ်ဖို့ပဲ ဟောပြောသွားပါတယ်။

ပွဲတော်လာတွေထဲမှာ မူလဂျပန်ကျောင်းရဲ့ အမာခံပရိတ်သတ် ဂျပန်အဖိုးအဖွားအိုလေးငါးယောက်လည်းပါတယ်။ သူတို့တွေရဲ့ရင်ထဲမှာတော့ မည်သို့ရှိမည်မသိပါ။ ကျောင်းဘေးက မူလရှိခဲ့တဲ့ ဂျပန်ရိုးရာ ငြိမ်းချမ်းရေးခေါင်းလောင်းကြီးလည်း မရှိတော့ပြီ။ သူတို့ကျောင်းကြီးလည်း သူများလက်ရောက်သွားခဲ့ပြီ။ အရာအားလုံးဟာ အနိစ္စ၊ မမြဲပါတကား။

" တို့ရွှေမြန်မာတွေလက်ထဲရောက်လာတဲ့ ဒီကျောင်းကြီးရော မည်မျှသက်တန်းအထိ တည်တံ့နိုင်မည်မသိနိုင်။ ယခုတို့တတွေသည်လည်း ဒီကျောင်းကြီးရဲ့မူလပိုင်ရှင် ဂျပန်တွေလို အမေရိကန်ရောက် ပထမမျိုးဆက်တွေပဲ။ တို့လည်း သူတို့နည်းတူပဲ ရိုးရာကိုချစ်ကြတယ်၊ ဘာသာကိုလေးစားကြတယ်။ ရှိတာလေးနဲ့ရောင့်ရဲပြီး စုဆောင်းလှူဒါန်းကြတယ်။ ကျောင်းထောင်ကြတယ်။

ဂျပန်အမေရိကန်တွေရဲ့ ဒုတိယမျိုးဆက်၊တတိယမျိုးဆက်တွေကတော့ ဂျပန်မျိုးဆက်အမည်သာရှိတော့တယ်၊ ရိုးရာတွေ ဘာသာတွေ သိပ်မလေးစားတော့။ တန်ဖိုးထားမှုနည်းလာတော့ တန်ဖိုးထားသူတွေလက်ကို လွှဲပြောင်းလိုက်ရပြီ။ တို့တွေရဲ့ ဒုတိယ၊ တတိယမျိုးဆက်တွေကြရင် အခုဂျပန်အိုကြီးတွေကြုံတွေ့ရသလို မြန်မာအိုကြီးတွေလည်း ကြုံတွေ့နိုင်တယ်။ မြန်မာအမေရိကန်ပထမမျိုးဆက်တွေက ဒုတိယမျိုးဆက်ကို လက်ဆင့်ကမ်းနိုင်မှု အားနည်းလှတယ်။ အခုတောင် ပွဲကိုလာတဲ့ပရိတ်သတ်မှာ ကလေး၊ လူလတ်နဲ့လူကြီးတွေများတယ်။ လူငယ်သိပ်မရှိ။ အမေရိကန်မှာတည်ထောင်ထားတဲ့ မြန်မာကျောင်းတွေရဲ့ အနာဂတ်ကလည်း ရင်လေးစရာ။ ကျောင်းထောင်တဲ့ဆရာတော်တွေမရှိတော့တဲ့အခါ ကျောင်းထိုင်အသစ်ရရေး၊ ကျောင်းကို နောက်မျိုးဆက်တွေ လက်ဆင့်ကမ်းရေးတို့အဆင်မပြေရင် မြန်မာကျောင်းတွေလည်း ဂျပန်ကျောင်းလို တခြားလူကို လက်လွှဲရမှာပဲ။" ... စသည်နဲ့ မောင်လူပေမှာ အတွေးတွေဖြာ။
မြန်ကျောင်းအနီးက ထိုင်းကျောင်းသစ်

ကျောင်းကအပြန်မှာ မနီးမဝေးမှာရှိတဲ့ ထိုင်းဘုန်းကြီးကျောင်းလည်း ရောက်ခဲ့ပါတယ်။ ဧကနှစ်ဆယ်လောက်ကျယ်တဲ့ ခြံကြီးထဲမှာရှိတယ်။ ခြောက်ထပ်တိုက်အမြင့်လောက်ရှိတဲ့ ပေခြောက်ဆယ်ကျော်မြင့်တဲ့ကျောင်းကြီးမို့ အဝေးကမြင်နေရတယ်။ ပေခြောက်ဆယ်ကျော်မြင့်တဲ့ ဆောက်လက်စ ဓမ္မာရုံသစ်ကြီးပါ။ အစအဆုံး အသစ်ဆောက်နေတာမို့ ထိုင်းလက်ရာအနုစိတ်တွေနဲ့ တင့်တယ်လှပါတယ်။ အပြင်မွမ်းမံမှုတွေ ပြီးသလောက်ရှိနေပြီ။ အတွင်းမွမ်းမံမှုတွေပဲ ကျန်တော့တယ်။ ထိုင်းဘုန်းကြီးကျောင်းကြီးရဲ့ ထိုင်းလက်ရာအနုသုခုမတွေကိုလည်း ရင်သတ်ရှုမောဖြစ်ခဲ့ရတယ်။ ညီညွတ်လိုက်ကြတာ။ အသစ်ဆောက်မှ ကိုယ်လိုချင်တဲ့ထိုင်းလက်ရာရပေမပေါ့။ အစိုးရဆီမှာ လိုချင်တဲ့အမြင့်ပေ၊ ပုံစံတွေ တရားဝင်တင်ပြပြီး တရားဝင်ဆောက်နေတာပါ။ မီးကာကွယ်ရေး ရေပန်းတွေပါ အဆင့်ဆင့် တတ်ဆင်ထားတယ်။

" ဟုတ်တာပေါ့။ သူများစိတ်ကြိုက်ဆောက်ထားပြီးသားကို ကိုယ့်စိတ်ကြိုက် ပြင်ဖို့ မဖြစ်နိုင်။ မြန်မာ့ခြေဥကြီးလည်း ထိုနည်းတူ။ အရင်လူတွေက သူတို့စိတ်ကြိုက်ရေးခဲ့တာ။ လိုက်ပြင်နေရင် ကပြားခြေဥဖြစ်မှာပဲ။ အသစ်ရေးမှ ပြည်သူလိုအပ်ချက်နဲ့ကိုက်မယ်။" သည်လိုလည်းတွေးမိပြန်တယ်။

အဟောင်းနဲ့အသစ်၊ လိုချင်တာအသစ်၊ ရတာအဟောင်း၊ ကျောင်းတွေရဲ့အနာဂတ်၊ အတွေးစုံကိုတွေးနေမိတဲ့အတွက် အိမ်အပြန်ခရီးမှာ ခေါင်းတွေရှုပ်ကာ ပြန်ခဲ့ရပါကြောင်း။

မောင်လူပေရဲ့ အသစ်နဲ့အဟောင်း မြန်မာကျောင်းသစ်ဆီသို့ အက်ဆေးရှည်ဖတ်ပြီးနောက် မိတ်ဆွေ သူငယ်ချင်း စာဖတ်သူအပေါင်းလည်း အတွေးတစ်ခုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရှည်လျှားလှပေမဲ့ သည်းခံပြီး ဖတ်ပေးကြတဲ့အတွက် ကျေးဇူးပါ။

ချစ်တဲ့

မောင်လူပေ

Comments