မောင်မောင်စိုး ● ၂၀၂၀ ရွေးကောက်ပွဲနှင့် တိုင်းရင်းသားပါတီများ - အပိုင်း (၁)

မောင်မောင်စိုး ● ၂၀၂၀ ရွေးကောက်ပွဲနှင့် တိုင်းရင်းသားပါတီများ - အပိုင်း (၁)
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၈

လက်ရှိမြန်မာ့ပြည်နိုင်ငံရေးတွင် ရွေးကောက်ပွဲနိုင်ငံရေးက အဓိကရေစီးကြောင်းဖြစ်နေသည်။ NLD အနေနှင့် လူထုအား ထိခိုက်နစ်နာစေမည့် လမ်းမပေါ်သို့ထွက်ခြင်းအမှုကို အားပေးမည်မဟုတ်ဘဲ စေ့စပ်ဆွေးနွေး အဖြေရှာသည့်လမ်းကြောင်း လွှတ်တော်လမ်းကြောင်းသာသွားမည်ဟူ၍ NLD  ခေါင်းဆောင်ကလည်း ထပ်၍ထပ်၍ အတည်ပြုပြောဆိုထားပြီးဖြစ်ပေ သည်။ ဤသို့သောအခြေအနေတွင် ရွေးကောက်ပွဲနှင့် လွှတ်တော်လမ်းကြောင်းသည် မြန်မာပြည်နိုင်ငံရေး၏ အဓိကရေစီး ကြောင်း ဖြစ်၍နေပေတော့သည်။ လက်ရှိလွှတ်တော်နှင့် အစိုးရသက်တမ်းအခြေအနေများပေါ်မူတည်၍ ၂၀၂၀ ရွေးကောက် ပွဲအား မျှော်တွေးတွက်ဆရန် လိုသည်။ ဤသို့ ကြိုတင်တွက်ဆခြင်းသည် နိုင်ငံရေးအင်အားစုအသီးသီးအနေနှင့် ကြိုတင် ပြင်ဆင်နိုင်ရန် အလားအလာများကိုတွက်ဆနိုင်ရန် မူဝါဒများ၊ ပေါ်လစီများ ချမှတ်နိုင်ရန်အတွက် လိုအပ်ပေသည်။

● ၂၀၁၅ ရွေးကောက်ပွဲ
၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏အဖွင့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်သည်အပြောင်းအလဲအတွက် တဖက်သတ်ပုံသွင်းထားသည့် ရလဒ်ဖြစ်ပေသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ်သတ်မှတ်ပြီး ၂၀၁၀ ရလဒ် ကိန်းဂဏန်းများ အား ကိုးကားရန် မဖြစ်နိုင်ပေ။ ၂၀၁၀ ရွေးကောက်ပွဲကာလက အဓိကအတိုက်အခံနိုင်ငံရေးပါတီများလည်း မပါဝင်သေးသည့်ပြင်တိုင်းရင်းသားပါတီအချို့အနေနှင့် စတင်ဖွဲ့စည်းခါစဖြစ်၍ အခြေမကျသေးသကဲ့သို့ အားကောင်းမောင်းသန် မဖြစ်သေးပေ။ ထို့ပြင် အချို့ကလည်း ၂၀၀၈ အခြေခံဥပဒေကို မယုံကြည်နိုင်သဖြင့် ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်ခြင်းမပြု ကြ သေးပေ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါဝင်ယှဉ်ပြိုင်အနိုင်ရပြီးနောက်တွင် ရွေးကောက်ပွဲအား အလေး ထားလာကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီး အစိုးရအာဏာ လွှဲပြောင်းယူနိုင်သောအခါ ရွေးကောက်ပွဲလမ်း ကြောင်းသည် အားထားလောက်သည် (သို့မဟုတ်) လက်ရှိမြန်မာပြည်နိုင်ငံရေး၏ထွက်ပေါက်ဟု ယူဆလာကြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD တို့ တောင်ပြို ကမ်းပြို အနိုင်ရရှိသည်ဟု ဆိုကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေး သြဇာ၊ NLD ၏ နိုင်ငံရေးသိက္ခာတို့အပြင် စစ်ဗိုလ်ချုပ်များ၏ နှစ်ငါးဆယ်ကျော်ကြာ အုပ်ချုပ်မှုကို စိတ်ပျက်နေပြီဖြစ်သော လူထုက "မှ ... တပါး .. အခြားရွေးစရာမရှိ" ဟုဆိုကာ NLD အား မဲပုံပေးလိုက်ခြင်းဖြင့် NLD အနိုင်ရခဲ့သည်။ ထို ၂၀၁၅ ရွေးကောက်ပွဲအား နိုင်ငံတကာအကဲခတ်များအောက်တွင် ပြုလုပ်ခဲ့ပြီး ပြဿနာအနည်းအကျဉ်းမျှရှိသော်လည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု ဆိုခဲ့ကြသည်။ သို့ဖြစ်ရာ ထိုရွေးကောက်ပွဲရလဒ်များနှင့် အခြေအနေများကိုတွက်ဆ၍ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား တွက်ဆကြည့်လိုပါသည်။

● ၂၀၁၅ နှင့် NLD

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီသည် ပြည်မရှိ တိုင်းဒေသကြီး (၇) ခုအနက် မန္တလေးတိုင်းမှအပ ကျန်တိုင်း ၆ တိုင်းတွင် အမျိုးသားလွှတ်တော်နေရာ အားလုံးအနိုင်ရရှိခဲ့သည်။ မန္တလေးတိုင်းတွင် ၁၀ နေရာ အနိုင်ရခဲ့ပြီး ၂ နေရာ လက်လွှတ်ခဲ့သည်။ ပြည်နယ် ၇ ခု၌လည်း ရခိုင်ပြည်နယ်၌ ၁ နေရာ၊ ရှမ်းပြည်နယ်၌ ၃ နေရာဖြင့် အမတ်နေရာအများစု အနိုင်မရခဲ့ပေ။ သို့သော် ကျန်ပြည်နယ် ၅ ခုဖြစ်သည့် မွန်ပြည်နယ်တွင် ၁၁ နေရာ၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ၁၀ နေရာစီ၊ ကယား နှင့် ချင်းပြည်နယ်တွင် ၉ နေရာစီဖြင့် အများစုအနိုင်ရခဲ့သည်။ သို့ဖြစ်ရာ ၂၀၁၅ ရွေးကောက်ပွဲ၌ NLD သည် တိုင်း ၇ တိုင်း၏ အမျိုးသားလွှတ်တော်အမတ်နေရာ ၉၇.၆ ရာခိုင်နှုန်း အနိုင်ရခဲ့သည်။ ပြည်နယ် ၇ ခု၏ အမျိုးသားလွှတ်တော်အမတ်နေရာ၏ ၆၃ ရာခိုင်နှုန်းကို NLD ကရရှိခဲ့သည်။ ထို့ကြောင့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်သော အမျိုးသား လွှတ်တော်၌ အမတ်နေရာ ၆၂.၂ ရာခိုင်နှုန်း ရရှိထားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD သည် တိုင်းဒေသကြီး ၇ ခုရှိ ပြည်သူ့လွှတ်တော်အမတ်နေရာ ရွေးချယ်ခံရမှုမှာ တန င်္သာရီတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီး ၃ ခုက ပြည်သူ့လွှတ်တော်နေရာအားလုံး NLD က အနိုင်ရရှိပြီး စစ်ကိုင်း တိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်တနေရာစီသာ အရေးနိမ့်ပြီး ကျန်နေရာအားလုံး အနိုင်ရရှိခဲ့သည်။ မန္တ လေးတိုင်းဒေသကြီးမှာတော့ ၃၁ နေရာအနိုင်ရပြီး ၅ နေရာ အရေးနိမ့်ခဲ့ပါသည်။ သို့ဖြစ်ရာ တိုင်းဒေသကြီး ၇ ခုရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၂၀၇ နေရာတွင် NLD မှ ၁၉၉ နေရာ ၉၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။

ပြည်နယ် ၇ ခု၌ NLD ၏ အနိုင်ရရှိမှုမှာ မွန်ပြည်နယ်၌ ၁၀ နေရာလုံး အနိုင်ရရှိခဲ့သည်။ မြို့နယ် ၇ မြို့နယ်စီရှိသော ကယား နှင့် ကရင်ပြည်နယ်တို့တွင် ၆ နေရာစီ အနိုင်ရခဲ့သည်။ ကချင်ပြည်နယ် ၁၈ နေရာ၌ ၁၂ နေရာ၊ ချင်းပြည်နယ် ၉ နေရာ၌ ၅ နေရာ၊ ရှမ်းပြည်နယ် ၅၅ နေရာ (၇ နေရာ မကျင်းပဖြစ်) ၌ ၁၁ နေရာ၊ ရခိုင်ပြည်နယ် ၁၇ နေရာ၌ ၃ နေရာသာ အနိုင်ရရှိခဲ့ သည်။ ထို့ကြောင့် NLD အနေနှင့် မွန်ပြည်နယ်၌ ရာနှုန်းပြည့်၊ ကရင်နှင့်ကယားပြည်နယ်၌ ၈၅ရာခိုင်နှုန်း၊ ကချင်ပြည်နယ်၌ ၆၆.၆ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်၌ ကျင်းပသည့် ၄၈ မြို့နယ်နှင့်တွက်ဆလျှင် ၂၂.၉ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ၁၇.၆ရာ ခိုင်နှုန်း အသီးသီးအနိုင်ရခဲ့သည်။ ပြည်နယ် ၇ ခုလုံးတွင် NLD ၏ အနိုင်ရရှိမှု မှာ ၄၇.၆ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရသည်။

တပြည်လုံးအတိုင်းအတာအရ ပြည်သူ့လွှတ်တော်အမတ်နေရာတွင်၂၀၁၅ ရွေးကောက်ပွဲ၌ NLD သည် ၇၈ ရာခိုင်နှုန်း အနိုင်ရခဲ့သည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလည် ၂၅ ရာခိုင်နှုန်းပါသော ပြည်သူ့လွှတ်တော်တွင် ၅၇ ရာခိုင်နှုန်း ဖြင့်ရပ်တည်နိုင်ခဲ့သည်။ အစိုးရဖွဲ့နိုင်ရန်အတွက် သမတရွေးချယ်သော လွှတ်တော်နှစ်ရပ်ပေါင်းထားသည့် ပြည်ထောင်စု လွှတ်တော်တွင် ၅၈ရာခိုင်နှုန်းရှိခဲ့ပြီး လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ခဲ့သည်။

● ၂၀၁၅ နှင့် ကြံ့ခိုင်ရေး
ကြံ့ခိုင်ရေးပါတီသည် တိုင်းဒေသကြီး ၇ ခုရှိ အမျိုးသားလွှတ်တော်နေရာ ၈၄ နေရာတွင် မန္တလေးတိုင်းဒေသကြီးတွင်သာ ၂ နေရာရရှိခဲ့ပြီး ၂ ရာခိုင်နှုန်းသာ အနိုင်ရခဲ့သည်။ ပြည်နယ် ၇ ခု၌ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် လုံးဝအရွေးမခံရဘဲ ရှမ်းပြည်နယ်တွင် ၃ နေရာ၊ ကယား၊ ကရင်၊ ချင်းပြည်နယ်တို့တွင် ၂ နေရာစီနှင့် ရခိုင်ပြည်နယ်တွင် ၁ နေရာ အနိုင်ရခဲ့ပြီး ပြည်နယ်များ၌ အမျိုးသားလွှတ်တော်နေရာ ၁၁.၉ ရာခိုင်နှုန်း ရရှိသည်။ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီသည် ၇ ရာခိုင် နှုန်းရရှိပြီး တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်သည့် အမျိုးသားလွှတ်တော်တွင် ၅ ရာခိုင်နှုန်း နေရာရရှိပါသည်။

ကြံ့ခိုင်ရေးပါတီသည် တိုင်းဒေသကြီး ၇ ခု၌ ပြည်သူ့လွှတ်တော်ကိုယ်စားလည်နေရာ အရွေးခံရာ၌ တနင်္သာရီ၊ မကွေး၊ ဧရာ ဝတီတို့င်းဒေသကြီး ၃ ခုတွင် အရွေးခံရခြင်းမရှိဘဲ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ၁ ယောက်စီ အရွေးခံရပြီး မန္တလေးတိုင်းဒေသကြီးတွင် ၅ ဦး အရွေးခံခဲ့ရသည်။ ရာခိုင်နှုန်းအားဖြင့် ၉.၅ ရာခိုင်နှုန်း အရွေးခံရသည်။ ပြည်နယ် ၇ ခု၌ အ ရွေးခံရာ၌ မွန်ပြည်နယ်တွင် လုံးဝအရွေးမခံရဘဲ ကယား၊ ကရင်၊ ရခိုင်တို့တွင် ၁ နေရာစီ၊ ချင်းပြည်နယ်တွင် ၂ နေရာ၊ ကချင် ပြည်နယ်တွင် ၃ နေရာနှင့် ရှမ်းပြည်နယ်တွင် ၁၆ နေရာဖြင့် အများဆုံးအရွေးခံခဲ့ရသည်။ ပြည်နယ်များတွင် စုစုပေါင်း ၂၄ နေရာ ရာခိုင်နှုန်းအားဖြင့် ၂၀ရာခိုင်နှုန်း ရရှိခဲ့သည်။

သို့ဖြစ်ရာ တပြည်လုံးအရ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်နေရာ ၈.၉ ရာခိုင်နှုန်း အရွေးခံရပြီး တပ်မတော်သားကိုယ်စားလည်၂၅ ရာခိုင်နှုန်းပါဝင်သော ပြည်သူ့လွှတ်တော်တွင် ၆.၅ ရာခိုင်နှုန်း သာရရှိခဲ့သည်။ အစိုးရဖွဲ့ နိုင် ရန် သမတရွေးချယ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီသည် ၆ရာ ခိုင်နှုန်းသာ အနိုင်ရခဲ့သည်။

● ၂၀၁၅ နှင့်တိုင်းရင်းသားပါတီများ
တိုင်းရင်းသားပါတီများအဖို့ တိုင်းဒေသကြီး ၇ ခုတွင်ရှိသော တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှအပ ကျန် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိပါ။ မိမိတိုင်းရင်းသားရှိသော တိုင်းဒေသကြီးအချို့တွင် ဝင် ရောက်ယှဉ်ပြိုင်နိုင်သော်လည်း လူဦးရေအချိုးအစားအရ မနိုင်နိုင်ပေ။ သို့ဖြစ်ရာ တိုင်းရင်းသားပါတီများ၏ပစ်မှတ်မှာ ပြည် နယ်များတွင်ဖြစ်သည်။

ပြည်နယ်အလိုက် တိုင်းရင်းသားပါတီများဝင်ရောက်ယှဉ်ပြိုင်မှုတွင် ရခိုင်ပြည်နယ်က အောင်မြင်မှုအရဆုံးဖြစ်သည်။ အမျိုး သားလွှတ်တော်တွင် ၁၀ နေရာနှင့် ပြည်သူ့လွှတ်တော်တွင် ၁၃ နေရာ အနိုင်ရခဲ့သည်။ ဒုတိယဖြစ်သည့် ရှမ်းပြည်နယ်၌ တိုင်းရင်းသားပါတီများသည် အမျိုးသားလွှတ်တော်တွင် ၆ နေရာနှင့် ပြည်သူ့လွှတ်တော်တွင် ၂၁ နေရာ အနိုင်ရခဲ့သည်။ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တွင် တိုင်းရင်းသားပါတီများလွှတ်တော် ၂ ရပ်လုံးတွင် တနေရာမှ အနိုင်မရပေ။ မွန်ပြည် နယ်တွင် အမျိုးသားလွှတ်တော် ၁ နေရာ အနိုင်ရပြီး ပြည်သူ့လွှတ်တော်တွင် တနေရာမှ အနိုင်မရခဲ့ပေ။ ကချင်ပြည်နယ်တွင် ပြည်သူ့ လွှတ်တော်၌ ၃ နေရာ၊ ချင်းပြည်နယ်၌ အမျိုးသားလွှတ်တော်တွင် ၁ နေရာ၊ ပြည်သူ့လွှတ် တော်တွင် ၂ နေရာ အသီးသီး အနိုင်ရထားကြသည်။

သို့ဖြစ်ရာ အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသားပါတီများ ရွေးကောက်ခံရသည်ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းရှိပြီး တပ်မ တော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိသော အမျိုးသားလွှတ်တော်တွင် ၈ ရာခိုင်နှုန်း ရှိသည်။ ပြည်သူ့လွှတ်တော်တွင် တိုင်းရင်းသားပါတီများ ရွေးကောက်ခံရသည်မှာ ၁၂ ရာခိုင်နှုန်းရှိပြီး တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါသော ပြည်သူ့လွှတ်တော်တွင် ၈.၈ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရပြီး အစိုးရဖွဲ့ရန် သမတရွေးကောက်သည့် ပြည်ထောင်စုလွှတ် တော်တွင် တိုင်းရင်းသားပါတီများ၏ ပါဝင်နှုန်းမှာ ၈.၆ ရာခိုင်နှုန်း ရရှိသည်ကို တွေ့ရပါသည်။

၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ တောင်ပြို ကမ်းပြိုနိုင်ခဲ့သည့် NLD ၏ရွေးကောက်ပွဲ မဲရရှိမှုအပါအဝင်ဖြစ်သော ရွေးကောက် ပွဲ မဲရလဒ်များသည် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်သည့်လွှတ်တော်တွင် ပြောင်းလဲသည်ကို ထည့် သွင်းစဉ်းစား ရန်လိုသည်။

● ၂၀၁၅ ရွေးကောက်ပွဲပြီးအခြေအနေ
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရ၍ အစိုးရဖွဲ့လာသည့်နောက်ပိုင်းတွင် နိုင်ငံရေးအခြေအနေ အပြောင်းအလဲ အချို့ကို တွေ့ရသည်။ ပထမအချက်မှာ တိုင်းရင်းသားလူထုများကြား NLD အပေါ်ယုံကြည်မျှော်လင့်မှု ကျဆင်းသွားခြင်း ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲကာလက ရှမ်းနှင့်ရခိုင်မှ အပကျန်တိုင်းရင်းသားပြည်နယ်များတွင် NLD ကို မဲပုံပေးခဲ့ကြ သည်။ အကြောင်းမှ NLD တက်လာလျှင် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ အပြောင်းအလဲတခုခု တွေ့မြင်ရမည်လောဟု မျှော်လင့်ခဲ့၍ဖြစ်သည်။ သို့သော် သူတို့မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။

NCA နှင့်ပတ်သက်၍ အပြောင်းအလဲမရှိခြင်း၊ တိုင်းရင်းသားပြည်နယ်များတွင် တိုင်းရင်းသားပါတီများနှင့်ပတ်သက်၍ ထူး ခြားသည့်အပြောင်း အလဲမရှိခြင်း၊ အနိုင်ရ/အနိုင်မရ တိုင်းရင်းသားပါတီများနှင့် အာဏာရပါတီNLD မှ တွေ့ဆုံဆွေးနွေးမှု မရှိခြင်း၊ ပြည်နယ်အစိုးရနှင့်ပတ်သက်၍ NLD အရေးနိမ့်သည့် ပြည်နယ် ၂ ခုတွင်ပင် ပြည်ထောင်စုအစိုးရက စိတ်ကြိုက်ဖွဲ့ စည်းခြင်း၊ တိုင်းရင်းသားများနှင့် ပတ်သက်၍ပြောကြားသော "ကိုယ်က ဘာပေးမလဲအရင်စဉ်းစားပါ" "သတ္တိရှိရှိ NCA လက် မှတ်ထိုးပါ" စသည့် ပြောဆိုမှုများနှင့်ပတ်သက်၍ တိုင်းရင်းသားများ ဘဝင်မကျခြင်း၊ NLD အစိုးရလက်ထက်တွင် ရခိုင်၊ ကယား၊ ကချင်ပြည်နယ်များတွင် တိုင်းရင်းသားများ၏လှုပ်ရှားမှုများ နှိမ်နင်းခံရပြီး နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲခံရခြင်း၊ ရခိုင်ပြည်နယ် မြောက်ဦးအဓိကရုဏ်းတွင် ပစ်ခတ်နှိမ်နင်းမှု ကြောင့်၇ ဦးသေဆုံးပြီး ၈ ဦးတရားစွဲခံထားရခြင်း၊ထို့ပြင် လွှတ် တော်ကိုယ်စားလှယ်အပါ ၂ ဦးမှာ နိုင်ငံတော်ပုန်ကန်မှုနှင့် တရားစွဲခံထားရခြင်း၊ ကယားပြည်နယ်တွင်လည်း နိုင်ငံတော် အကြည်ညိုပျက်မှုနှင့် လူငယ် ၂၃ ဦး တရားစွဲခံထားရခြင်း၊ ကချင်ပြည်နယ်တွင်လည်း လူငယ်များ တက်ကြွလှုပ်ရှားသူများ အနည်းဆုံး ၆ ဦးခန့် နိုင်ငံရေးပုဒ်မဖြင့် တရားစွဲခံထားရခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူခြင်း၊ ဗိုလ်ချုပ်အောင် ဆန်းအမည်ဖြင့် အထိမ်းအမှတ်အမည်ပေးခြင်းတို့အား ပြည်နယ်များတွင်ဆန့်ကျင်ခံရခြင်း၊ ထိပ်တိုက်တွေ့ ဆန္ဒပြခံနေရခြင်း တို့ ဆက်တိုက်လိုလို ဖြစ်ပွါးပြီး တိုင်းရင်းသားပြည် နယ်များတွင် NLD ၏ သြဇာကျဆင်းလာခဲ့သည်ကို တွေ့ခဲ့ရပေသည်။ ထို့ပြင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နိုင်ငံရေးဆွေးနွေးမှုများ ကန့်သတ်ခံရခြင်းနှင့်အတူ ရခိုင့်အရေးဟုဆိုသည့် ဘင်္ဂါလီအရေးတွင် ဒေသခံတိုင်းရင်းသားတို့၏အသံနှင့် နိုင်ငံရေးကဏ္ဏသည် မေးခွန်းထုတ်ဖွယ်ဖြစ်ခဲ့သည်။ သို့ဖြစ်ရာ တိုင်း ရင်းသားပါတီများအနေနှင့် တိုင်းရင်းသားအရေးအတွက် မိမိဖါသာရပ်ခံဆောင်ရွက်ဖို့လိုသည်ဟု ကြည့်မြင်လာကြသည်။

ထို့ပြင် ၂၀၁၀ စသည့် ရွေးကောက်ပွဲများတွင် ရှမ်းနှင့် ရခိုင်ပြည်နယ်မှအပ ကျန်တိုင်းရင်းသားပါတီများ အားမကောင်းပေ။ အကြောင်းမှာ လက်နက်ကိုင်တိုက်ခိုက်သည်က အားသန်ခဲ့ပြီး မြေပေါ်ဥပဒေတွင်း နိုင်ငံရေးအလေ့အကျင့်နှင့် အဆက်ပြတ် ခဲ့ခြင်း၊ ပါတီများအကွဲကွဲအပြားပြားဖြစ်ခြင်းတို့ကြောင့်ဖြစ်သည်။ ၂၀၁၀ / ၂၀၁၅ ရွေးကောက်ပွဲများနှင့် ၂၀၁၂/ ၂၀၁၇ ကြား ဖြတ်ရွေးကောက်ပွဲများ၏ အတွေ့အကြုံများကို နိဂုံးချုပ်ပြီး ယခုအခါကချင်ပြည်နယ်မှ တိုင်းရင်းသားပါတီ ၄ ပါတီ၊ ချင်း ပြည်နယ်မှ တိုင်းရင်းသားပါတီ ၄ ပါတီ၊ မွန်ပြည်နယ်မှ တိုင်းရင်းသားပါတီ ၃ ပါတီ၊ ကရင်ပြည်နယ်မှ တိုင်းရင်းသားပါတီ ၄ ပါတီ၊ ကယားပြည်နယ်မှ တိုင်းရင်းသားပါတီ ၂ ပါတီတို့ ပူးပေါင်းခဲ့ကြသည်ကို တွေ့ရသည်။ ထို့အတူ တိုင်းရင်းသားဒေသ များတွင်လည်း အမျိုးသားရေးစိတ်ဓါတ်အားကောင်းလာနေသည်ကို တွေ့မြင်နေရခြင်းသည်လည်း တိုင်းရင်းသားပါတီများ အား တအားဖြစ်စေခဲ့သည်။ ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲ NLD ပါတီအစိုးရဖွဲ့နိုင်ပြီးနောက် ရွေးကောက်ပွဲသည် တစုံတရာအခွင့်အလမ်းရှိသည်ဟု ယူဆလာကြပြီ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုင်းရင်းသားတို့ သဘောထားပြောင်းလာ သည်။ အလေးထားလာသည်ဟု ဆိုရမည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး တွေ့ရသည့် ဒုတိယအချက်မှာ သက်တမ်းတစုံတရာ ရခဲ့ပြီဖြစ်သော NLD အစိုးရ၏လုပ်ဆောင် ချက်များအား ပညာ တတ်အဝန်းအဝိုင်းအချို့တွင် ကြိုက်နှစ်သက်မှု လျော့ကျလာသည်။ ထိုသို့လျော့ကျမှုမှာ အနည်းစုဖြစ်ပြီး အများစုကတော့ ထောက်ခံဆဲဖြစ်ပါသည်။ လျော့ကျသူများ၏ ဖြစ်နိုင်ခြေမှာ ၈၈ ဦးကိုကိုကြီး၏ ပြည်သူ့ပါတီအား မဲပေးခြင်း (သို့မဟုတ်) မည်သည့်ပါတီမှ မဲမပေးခြင်းဖြစ်နိုင်သည်။ ထို့ပြင်၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ကဲ့သို့ တလျောက်လုံးအုပ်စိုးခဲ့ သည့် စစ်ဗိုလ်ချုပ်များအား တွန်းချသည့် အပြောင်းအလဲတရပ် မဟုတ်တော့ပေရာ မဲလာပေးသူ လျော့ကျနိုင်ပါသည်။

တတိယအချက်မှာ NLD အစိုးရအဖွဲ့ဝင်အချို့နှင့် လွှတ်တော်ကိုယ်စားလည်အချို့၏ အရည်အသွေး၊ လုပ်ရည်ကိုင်ရည်တို့မှာ လည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။ သို့သော် အနည်းစုဖြစ်၍ ပြသနာမကြီးလှဟုဆိုနိုင်သော်လည်း NLD ကိုယ်စားလှယ် ရာအချို့ရှိသည့် ပြည်သူ့လွှတ်တော်၏ ဥက္ကဌနေရာအား တပ်မတော်နှင့် နှစ်ပေါင်းများစွာလက်တွဲခဲ့သည့် ပြည်သူ့စစ်ခေါင်း ဆောင်တယောက်အား ပေးလိုက်ခြင်းသည် လွှတ်တေုတွင်းရှိ NLD လွှတ်တော်ကိုယ်စားလည်များ၏ အရည်အသွေးအား မေးခွန်းထုတ်ဖွယ်ဖြစ်ခဲ့သည်။ ထို့ပြင် NLD ပါတီပေါ်လစီအား ပြန်လှန်ဝေဖန်သော လွှတ်တော်ကိုယ်စားလည်များ ပါတီ တာဝန်များ ရပ်စဲခံရခြင်း၊ အစိုးရနှင့်လွှတ်တော်အား အယုံအကြည်မရှိ၍ နှုတ်ထွက်သည့် လွှတ်တော်ကိုယ်စားလည်များ ပေါ်လာခြင်းတို့သည် NLD ၏သြဇာအား ထိခိုက်စေသည်။

အထက်ပါ အကြောင်းအချက်များသည် NLD အား ပြည်မတွင် ကြီးမားစွာ ထိခိုက်နိုင်ခြင်း မရှိနိုင်သော်လည်း တစုံတရာတော့ ထိခိုက်မှု ရှိပေသည်။ပို၍ ထိခိုက်မှု ဂယက်ရိုက်မှုရှိသည်မှာ ပြည်နယ်များတွင် ဖြစ်သည်။ သို့ဖြစ်ရာထိုအချက်များသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD မဲလျော့နိုင်သည့်အချက်များဖြစ်ပေသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး
0