စံပယ် ● စောင့်ဆိုင်းခြင်းအနုပညာ (သို့မဟုတ်) စီမံမှုအနုပညာ

 စံပယ် ● စောင့်ဆိုင်းခြင်းအနုပညာ (သို့မဟုတ်) စီမံမှုအနုပညာ
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၈

‘ရီတာ့’ လက်ကိုဆွဲရင်း စုပြုံ ပြီးတိုးနေကြတဲ့ လူအုပ်ထဲ ကိုယ်ပါ ဝင်တိုးလိုက်တယ်။

လူတွေဝိုင်းနေတဲ့အလည်မှာ စာသင်ခုံတန်းရှည်တစ်လုံးချပြီး လျှောက်လွှာစာရွက်တွေအပုံလိုက်နဲ့ အတူ လက်ခံစာရင်းမှတ်တဲ့ စာအုပ်ရှည်ကြီးထဲ စာရင်းသွင်းနေတဲ့ သူတစ်ဦးကို လှမ်းမြင်ရပါပြီ။ ရီတာ ကိုင်ထားတဲ့ လျှောက်လွှာကို ရှေ့က လူငယ်လေးတစ်ဦးက လှမ်းယူပြီး အပုံပေါ် ထပ်ပေးလိုက်ပါတယ်။ ရီတာ့ကို လူကြားထဲထားခဲ့ပြီး ကျမပြန်တိုးထွက်ခဲ့ပါတယ်။

ရီတာ ဆိုတာက ကျမတို့အိမ်မှာ ဝိုင်းကူလုပ်ဖို့ ခေါ်ထားတဲ့ ကလေးမလေးပါ။ သူရောက်လာတာ ၄ လပဲရှိပါသေးတယ်။ မနှစ်က ၁၀ တန်းဖြေပြီး ကျ လို့ ဒီနှစ်ကိုယ့်ဘာသာ အလုပ်လုပ်ပိုက်ဆံစုထားပြီး လာမယ့်နှစ်မှာ ၁၀ တန်းပြန်ဖြေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမတို့အိမ်ကိုရောက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ စာမေးပွဲ အမှတ်ကို တောင်းကြည့်တော့ အင်္ဂလိပ်စာတစ်ဘာသာပဲ ကျပြီး ကျန်ဘာသာတွေ အကုန်အောင်နေတာတွေ့လို့ ကျမတို့သားအမိတွေ သူ့ကို ညပိုင်းစာသင်ပေးရင်း အခြေအနေမဆိုးရင် ခုနှစ်ဝင်ဖြေဘို့ စီစဉ်ခဲ့ကြပါတယ်။

ခုတော့ ယုံကြည်မှုရှိရှိနဲ့ ၁၀ တန်းစာမေးပွဲဖြေခွင့် လျှောက်လွှာတင်တဲ့အဆင့်ရောက်လာပါပြီ။

မနက်အိမ်ကထွက်မယ်ဆိုတာနဲ့ မရီတာတစ်ယောက် သူတို့ကိုးကွယ်ယုံကြည်မှုအတိုင်း နဖူးတွေ၊ပုခုံးတွေ ကို လက်ကလေးတို့ကာတို့ကာနဲ့ ဆုတောင်းပြီးထွက်ခဲ့ကြပါတယ်။ ဘတ်စ်ကားပေါ်မှာလဲ တချိန်လုံးတို့လာတာပါ။

“ဘာတွေစိတ်ပူနေတာတုန်း၊ ဖြည့်စရာအချက်အလက်တွေလဲစုံစုံလင်လင်ဖြည့်ထားပြီ၊ ရပ်ကွက်ထောက်ခံစာ လဲရပြီ၊ ဟိုကျ တင်လိုက်ယုံပဲ” လို့ ကျမကပြောတော့မှ ရယ်ကျဲကျဲလုပ်နေတယ်။ဒါပေမယ့် လူလည်ကြီးကျမ ပညာရေးမှူးရုံးဆို ခပ်တည်တည်နဲ့ အထက (၁) ကျောင်းထဲဝင်လာချိန် အသိဆရာမနဲ့တွေ့တော့မှ ပညာရေးမှူးရုံးပြောင်းသွားပြီဆိုတာ သိရပါတယ်။ စိတ်ပူနေတဲ့ မရီတာကြောင့် Taxi ခ နှစ်ထောင် ပေးပြီး ပညာရေးမှူးရုံးအသစ်ဆီကို အရောက်လာခဲ့ကြတာပါ။

ကျမလဲ သစ်ပင်ရိပ်မှာထိုင်ရင်း သိဟောင်း ကျွမ်းဟောင်းလေးတွေ တွေ့လေမလား ဟိုငေး၊ဒီငေး လုပ်နေမိပါတယ်။ “လျှောက်လွှာလာတင်ကြတဲ့သူတွေ အများသားနော်” လို့ ကျမ ဘေးကထိုင်နေတဲ့ မိခင်တစ်ယောက်ကို စကားစမြည်ပြောတော့ “ဒီနေ့က ကြာသာပတေးဆိုတော့ ပညာအတွက် ကောင်းတယ်လေ၊ဒါကြောင့်ဒီနေ့ လူပိုများတာ” တဲ့။ ကြည့်စမ်းကိုယ်တွေက မရည်ရွယ်ပဲ နေ့ကောင်းရက်သာ ရောက်လာတာကိုး ဆိုပြီး သဘောကျနေမိသေးတယ်။

လျှောက်လွှာတင်ကြတဲ့ကလေးတွေ သူတို့အချင်းချင်းပြောသံလေးတွေ နားထောင်ကြည့်တော့ အများစုက အလုပ်တဘက်နဲ့ လျှောက်လွှာ လာတင်ကြတာများပါတယ်။ မိန်းကလေးတစ်ဦးကတော့ ၉တန်းတုန်းက ခုံနံပတ်ကိုမမှတ်မိတော့လို့ ဘယ်လိုက်ရမှန်းမသိဖြစ်နေပါတယ်။

စောင့်ရင်းစောင့်ရင်း နဲ့ နေ့လည် ၁ နာရီ ထိုးကာနီးပြီမို့ ဗိုက်က တဂွီဂွီ မြည်လာပါတယ်။

ကလေးတသိုက်လျှောက်လွှာတစ်ထပ်ကြီးကိုင်ပြီးဝင်လာရင်း သူတို့ထဲကတစ်ယောက်က လူအုပ်ကြားထဲ တိုးသွားပါတယ် ။ ခဏအကြာမှာ ချွေးပြန်နေတဲ့မျက်နှာနဲ့ ပြန်ထွက်လာရင်း “ဒီနေ့ လက်မခံတော့ဘူးတဲ့ဟယ်၊ ငါတို့ ခွင့်တစ်ရက် နာသွားပြီ”။

သူတို့ပြောသံကြောင့် ကျမလဲ ရီတာ့အခြေအနေသွားကြည့်ဦးမှဆိုပြီး လူအုပ်နားကပ်လာခဲ့ပါတယ်။ လူအုပ်ကြားထဲကနေ ရီတာက မျက်နှာလေးရှုံ့ပြီး “အကြာကြီးစောင့်ရဦးမယ် အန်တီ” တဲ့။ နင့်ဟာက ဟုတ်ကောဟုတ်ရဲ့လားဟယ် ရောက်တာဖြင့် တစ်နာရီကျော်ပြီဆိုတော့ သမီးစာရွက်အပေါ်မှာ စာရွက်တွေအများကြီးရှိသေးတယ်တဲ့။ သူလဲဗိုက်ဆာနေပုံပါ။ စာရွက်တင်ထားခဲ့လို့ မရဘူးလားဆိုတော့ ပျောက်ရင် တာဝန်မယူဘူးတဲ့။ ဒီပုံအတိုင်းဆို ညနေ ၄ နာရီထိုးတောင် သူ့အလှည့်ရောက်မယ်မထင်ဘူး။ စာရင်းမှတ်နေရသူခမျာလည်း နံဘေးက လူအုပ်ကြောင့် ချွေးပြန်နေရှာတယ်။ လျှောက်လွှာရှင်တစ်ယောက်ကိုမေးလိုက်၊ မမှားရအောင် ခပ်ဖြည်းဖြည်းဖြည့်လိုက်နဲ့ .. သူလဲ ဗိုက်ဆာနေမှာပါ။

ကဲ.. ပြန်ကြစို့ ရီတာ၊ စာရွက်ပြန်ယူခဲ့ နောက်ရက်မှပဲ တင်ကြတာပေါ့၊ ရက်တွေ အများကြီးကျန်သေးတာပဲ” ဆိုပြီး ကျမတို့ ၂ ယောက် အောင်မြင်စွာ တပ်ခေါက်ခဲ့ကြပါတယ်။ရီတာခမျာတော့ ဗိုက်ဆာတာရယ်၊စိတ်ပူတာ ရယ်၊ လူတွေကြားထဲချွေးပြန်တာရယ် ပေါင်းပြီး မျက်နှာလေးမကောင်းဖြစ်နေပါတယ်။

တွေးမိနေတာက အစိုးရ ဌာနတိုင်းလိုလိုမှာ ကိစ္စတစ်ခုခုဆို လူတွေစုပြုံတိုးနေရတဲ့ စနစ်ကို ပါ။

ဒီနေ့ လျှောက်လွှာတင်တဲ့ ကိစ္စဆို.. ကောင်တာ နည်းနည်းလောက်ပိုထားလိုက်လို့ မရဘူးလား။ ဥပမာ. . .၁၀ တန်းကို သိပ္ပံတွဲ၊ ဝိပ္ပံတွဲ၊ဝိဇ္ဇာတွဲ ဆိုပြီး ၃ ခုလောက်ခွဲလိုက်မယ်။ ရှေ့ မှာ လမ်းညွှန်စက္ကူလေး ထောင်ထားမယ်။ ဝင်လာတဲ့ သူတွေ စနစ်တကျ တန်းစီနိုင်မယ့် အနေအထားလေး လုပ်ထားပေးခဲ့ရင် ပိုမကောင်းပေဘူးလား……။ တန်းစီတဲ့ အလေ့အထ ကို လေ့ကျင့်ပေးရမယ့် ပညာရေး ရပ်ဝန်းမှာ ..ခုလို လူအုံတဲ့နေရာ တိုးဝှေ့နေရတာက ကျမတို့ အားလုံးအတွက် ဖြစ်ရိုးဖြစ်စဉ်လိုပါပဲ။

နောက်တစ်ခုက Computerize System ကို ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးမချနိုင်သေးတာပါ။ ခုခေတ်မှာ အလုပ်ခွင်တော်တော်များများဟာ Computer ကို မရှိမဖြစ်အသုံးချနေကြပါပြီ။
၁၀တန်းစာမေးပွဲ ဖြေဆိုခွင့် လျှောက်သူတွေရဲ့ လျှောက်လွှာတွေကို Online စံနစ်နဲ့ လက်ခံဘို့ အထိ အဆင်မပြေသေးဘူးပဲထားပါတော့.. သူတို့ရဲ့ အချက်အလက်တွေကို ရုံးဌာနတွေမှာ Computer နဲ့ ထိန်းသိမ်းနိုင်တဲ့ အနေအထားတော့ ရှိသင့်ပါပြီ။ Big Data ကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားနေချိန်မှာ ကျမတို့ရုံးဌာနတွေကတော့ အချက်အလက်တွေကို ဖုန်တက်နေတဲ့စာအုပ်တွေထဲ လိုက်ရှာနေကြရဆဲပါ။

အခြေခံပညာကျောင်းတွေ၊ ပညာရေးမှူးရုံးတွေမှာ Computer Application တွေကို ကောင်းကောင်းသုံးနိုင်တဲ့ ဝန်ထမ်းတွေနည်းပါးတာလဲပါပါတယ်။ မြန်ဆန်လှတဲ့ ခေတ်ကြီးထဲမှာ အနည်းဆုံး MS Office Excel လေးသုံးနိုင်ရင်ကို တော်တော်အလုပ်ဖြစ်နေပါပြီ။ စက်တွေပျက်ရင် ကြည့်ရှုပေးနိုင်မယ့် Hardware Team တွေရှိရင် ပိုအဆင်ပြေမှာပါ။

လွန်ခဲ့တဲ့ ၂ နှစ် ကုမ္ပဏီမှာ လုပ်ခဲ့စဉ်က ကျမရဲ့ Project တစ်ခုအတွက် ကျမတို့ အဖွဲ့လေး အလယ်တန်း၊ အထက်တန်း ကျောင်းတွေ နဲ့ တက္ကသိုလ်တွေမှာ စစ်တမ်းကောက်ခဲ့ဘူးတယ်။ Computer Literacy နဲ့ ပတ်သက်ပြီး အခြေခံ ပညာကျောင်းတွေ၊ တက္ကသိုလ်၊ကောလိပ်တွေမှာ ကျောင်းသား၊ကျောင်းသူတွေက ဘာတွေသိလိုကြသလဲ ဆိုတာပါ။

အင်းစိန်မြို့နယ်တဝိုက်က အလယ်တန်းကျောင်းတစ်ချို့ကို ရောက်ခဲ့ကြပါတယ်။ကျောင်းသားတွေရော ဆရာ၊ဆရာမတွေပါ Computer နဲ့ပတ်သက်ပြီး သင်ယူလေ့လာလိုစိတ်ရှိကြပေမယ့် သူတို့မှာ အချိန်မရှိဖြစ်နေကြပါတယ်။

ကျောင်းသားတွေကို Internet Search Engine တစ်ခုဖြစ်တဲ့ Google ကနေ သူတို့သင်ရတဲ့ အကြောင်းအရာ တချို့ ရှာပြတော့ ကလေးတွေ သဘောကျကြတာပေါ့။

ဆရာ၊ဆရာမတွေကိုလည်း ကျောင်းခေါ်ချိန်စာရင်းတွေ၊ ကျောင်းသားမှတ်ပုံတင်လုပ်တာတွေကို Excel Spreadsheet မှာ အကျိုးရှိရှိ သုံးနိုင်တဲ့အကြောင်း၊ ကိုယ်ရှာချင်တဲ့ အချက်အလက်ကိုလည်း မြန်မြန်ဆန်ဆန် ရှာနိုင်ကြောင်းတွေကို အတူလာကြတဲ့ ဆရာမလေးတွေက ပြောပြတော့ လုပ်ချင်ပါတယ်တဲ့။ အခက်အခဲက Computer ပါတဲ့။ ရုံးအတွက် ကွန်ပျူတာအထူးပြုဆရာတွေ ချထားပေမယ့် တခါတရံ စက်တွေကမကောင်း တော့၊သူတို့ခမျာ ကိုယ်လာခဲ့တဲ့ ဦးတည်ချက် ပျောက်နေတာတွေ တွေ့ခဲ့ရပါတယ်။

လိုအပ်ချက်ကိုသိနေတဲ့ ကျောင်းအုပ်ကြီးတစ်ယောက်နဲ့ စကားပြောကြည့်တဲ့အခါ တစ်ချို့ကျောင်းတွေမှာ Computer Lab ရှိပေမယ့် ပုံမှန်သင်ကြားပေးနိုင်တာမျိုးမရှိဖြစ်နေပါတယ်။ သင်နိုင်တဲ့သူတွေကို ခေါ်ပေးချင်ပေမယ့် Budget ထဲမှာ မပါတော့ခက်ပါတယ်တဲ့။ ကိုယ့်သဘောနဲ့ ကိုယ်လုပ်ဘို့ ကလည်း အစိုးရ ကျောင်းတွေမှာ မလွယ်ကူလှပါဘူးတဲ့။ ဒါက လွန်ခဲ့တဲ့ ၂ နှစ်က သိခဲ့ရတဲ့ အကြောင်းပါ။ ခုဆိုရင်တော့ ပြောင်းလဲလာတာတွေ ရှိကောင်းရှိမှာပါ။

ကျောင်းတိုင်း၊ရုံးတိုင်း Web site မလုပ်နိုင်ခဲ့ရင်တောင် Facebook Page တစ်ခုလောက် လုပ်ထားခဲ့ရင် ကိုယ့်ဌာနနဲ့ ဆက်သွယ်သူတွေကို မြန်မြန်ဆန်ဆန် သတင်းတွေ ဖြန့်ဖြူးနိုင်မယ်လေ။ ဒါတွေက ကိုယ်တွေးမိတာပါ။ ကိုယ်မသိနိုင်တဲ့ အခက်အခဲတွေလည်း ရှိနေနိုင်ပါတယ်။

နောက်တစ်ချက်က ကွန်ပျုတာ အထူးပြု ကျောင်းသားတွေ Project တွေလုပ်ကြရာမှာ ကိုယ့်နိုင်ငံအတွက် အခြေခံလိုအပ်နေတဲ့ အကြောင်းအရာလေးတွေကို ရွေးပြီး စာတမ်းလုပ်နိုင်ကြရင် နှစ်ဦးနှစ်ဘက် အဆင်ပြေကြမယ်ထင်ပါတယ်။ ကျမ IT ဌာနမှာ ဆရာမ စလုပ်ခဲ့တဲ့အချိန်တုန်းကတော့ စာတမ်းခေါင်းစဉ် တွေက မြင်ရသူအထင်ကြီးလောက်အောင် မြင့်လွန်းနေပြီ ကျောင်းသားတွေက လိုက်မမှီတော့ နောက်ဆုံး ရှဲဒိုးစာတမ်းတွေပဲ ထွက်လာကြတာပါ။ အခုဆိုရင်တော့ ကျောင်းသားတွေရဲ့ Project ပြပွဲလေးတွေကိုမြင်ရ ကြားရတာ ဝမ်းသာစရာပါပဲ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ….. အိမ်ပြန်ရောက်လို့ သတင်းစာဖတ်တော့ ဗီယက်နမ်မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ “စတုတ္ထစက်မှုတော်လှန်ရေးမှာ မြန်မာနိုင်ငံဟာ ဘယ်အခန်းကဏ္ဍ က ပါဝင်မလဲ” ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ မိန့်ခွန်းကို ဖတ်မိပါတယ်။ Forth Revolution ဆိုတာမှာ Artificial Intelligent (AI) လို့ဆိုတဲ့ ဥာဏ်ရည်တု၊ အသေးငယ်ဆုံး၊အစွမ်းဆောင်နိုင်ဆုံးဖြစ်စေ နိုင်တဲ့ Nano Tech၊ ဇီဝဖန်တီးမှု Clone စတာတွေပါဝင်ပါတယ်။

Digital နည်းပညာတွေ၊ ICT တွေ၊ အင်တာနက်တွေက Third Revolution လို့ပြောတဲ့ တတိယစက်မှု တော်လှန်ရေး ပါ။ တတိယလှိုင်းမှာ ဒလိမ့်ခေါက်ကွေးဖြစ်နေဆဲ ကျမတို့ နိုင်ငံအတွက် ခေါင်းဆောင်က ရှေ့က ပြေးနေချိန် နောက်လိုက်တွေက တက်ညီလက်ညီ လိုက်နိုင်ဘို့ လိုမယ်ထင်ပါတယ်။အဓိက က ကျမတို့ ပြောင်းချင်တယ် .. ပြောင်းနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ပါပဲ။ ဒီစိတ်ဓာတ်ရဲ့ နောက်မှာ တို့တွေ ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုက ပါလာရမှာပါ။

အဲလိုမှ မဟုတ်ရင်တော့ ကမ္ဘာကြီးကလည်း သူ့ဖာသာ ပြောင်းချင်သလောက်ပြောင်း၊ မြန်မာနိုင်ငံ အစိုးရဌာန တွေရဲ့ မှတ်တမ်းတွေကလဲ စာအုပ်ရှည်ကြီးတွေထဲမှာပဲ .. ဝါရင့်ဝန်ထမ်းကြီးတွေက အေးအေး ဆေးဆေး ရေးမှတ်နေကြမှာပါ။ စောင့်တဲ့သူတွေကလဲ တိုးဝှေ့စောင့်ဆိုင်းနေကြဆဲပါ။

ခုတော့ .. ကျမလဲ နောက်တကြိမ် ပညာရေးမှူးရုံးမှာ တိုးဘို့ ရက်ကောင်းရက်မြတ်ရွေးနေဆဲပါ။

၁၀ တန်းစာမေးပွဲကို ပြင်ပဖြေဆိုဘို့ လျှောက်လွှာတင်ကြမယ့် ကလေးများ ကံကောင်းကြပါစေ။
0