လင်းသက်ငြိမ် ● ငြီးငွေ့ခြင်း
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၈
လမ်းပေါ်က အချိုရည်ဘူးခွံတလုံးလို
ကိုယ့်ကိုယ်ကို မြင်လာမိတဲ့နေ့တွေ
ယင်ကောင်တွေ အုံခဲနေတဲ့ တောင်းထဲကနို့ဆီဘူးခွံတွေဟာ
ငါ့အိမ်မက် အသေတွေ
ကိုယ့်ခလုတ် ကိုယ်မပိုင်တဲ့ ယန္တရားတခုပါပဲ
ကိုယ့်ခွန်အား ကိုယ်ဆုံးရှုံးနေရတဲ့ နွားတကောင်ပါပဲ
လေနဲ့လွင့်နေတဲ့ ကျွပ်ကျွပ်အိတ်တွေမှာ
ငါ့ဓာတ်ပုံ ငါစိတ်နဲ့လိုက်ကပ်ကြည့်
မပျော်ရတဲ့ ကစားနည်းတွေနဲ့ ငါ့နာရီငါ မီးတို့မိတယ်
အငွေ့တွေနဲ့ လောင်လို့
ပျောက်ရှနေတဲ့ နွေဦးရေ
သူစိမ်းဆန်လွန်းတဲ့ ရယ်သံတွေနဲ့
အပြာရောင် ဥယျာဉ်လမ်းတို့ရေ
ကြယ်တွေကို အပ်နဲ့လိုက်ထိုးဖို့အထိ ရူးမိတဲ့ညတွေကျမှ
ဘာလို့ တမျှော်တခေါ်ကြီး ပြန့်ပြူးနေရတာလဲ
လူဆိုတာ ကိုယ့်ကိုယ်ကို ဖျော်ဖြေရင်း
ရှင်သန်ခြင်းကို မွေးမြူနေရတဲ့ သတ္တ၀ါပဲ
ကြွေတော့မယ့် သစ်ရွက်တွေစောင့်ရင်း ဆံပင်တွေရှည်လျား
ကမ္ဘာပျက်တော့မယ် ပြောတိုင်း
ညညအိပ်မရတဲ့ ရောဂါသည်ပါပဲ
ဘာမှအသုံးမကျဘူးလို့ပြောလည်း
ရုပ်နဲ့နာမ်ကို ဖြတ်ပစ်ဖို့အထိ သတ္တိနည်းဆဲ
ရေထဲကျသွားတဲ့ကျောက်ခဲတလုံးရဲ့အသံက
လောကကိုလက်ပြသွားတာလား
လောကအသစ်ဆီထွက်ခွာသွားတဲ့အကြောင်း
သတင်းစကားလား
ဘာမှလက်ဆုပ်လက်ကိုင်မရှိတဲ့နေ့တွေဆို
ထောင်ထားတဲ့စိတ်က အလိုလိုလဲတာပဲ
တရားသဘောတွေလာပြောလည်း
ပြုတ်ကျသွားတဲ့ရေခွက်တခွက်အတိုင်း
ဖတ်ထားတဲ့စာတွေ ထွက်ကျလာဦးမှာပါပဲ ။
လင်းသက်ငြိမ်
Comments