မောင်နောင်မွန် - လျှပ်စီးတန်းလေးတွေ့ခဲ့သည်

လျှပ်စီးတန်းလေးတွေ့ခဲ့သည်
မောင်နောင်မွန်
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈

ဝဋာတခွင်လုံး မိုးရိပ်မိုးရောင်များနှင့်လွှမ်းခြုံနေသည်။ ညနေဆည်းဆား၏အလှတရားများကို မိုးသားတိမ် ရိပ်အမည်းရောင်များက သိမ်းပိုက်ယူငင်သွားချေပြီ။
ထိုမြင်ကွင်းသည်ပင် ယခုပစ္စက္ခအခြေအနေ၏ အလှတရားတရပ်ဖြစ်နေသည်။ အထက်အာကာတခွင်လုံး မိုးစက်တွေပြည့်ဝနေသော တိမ်စိုင်များဖြင့် ပွဲတော်တည်နေပြီဖြစ်သည်။ မိုးနှောင်းရာသီ၏အလှပန်းချီကားတခုဟု ပြောသင့်သလား၊ ဆောင်းဦးပေါက်ရာသီ၏ ဖြစ်နေကျမြင်ကွင်း တခုအဖြစ် မြင်ရမှာလား သူမပြောတတ်ချေ။
သို့သော် မိုးသားတိမ်တိုက်တွေတခုလုံးက ဘော်ခဲရောင်နှင့် အမဲရောင်များဖြစ်နေသည်။ ပြာလဲ့လဲ့ ကောင်းကင်ပြင်ကိုပင်မမြင်ရတော့ပေ။
မြို့ပြ၏မိုးနှောင်းမြင်ကွင်းသည် တခါတရံညင်သာ၍ တခါတရံအရိုင်းဆန်လှသည်။ မိုးသားများထက် လျှပ် ပန်းလျှပ်နွယ်များဖြင့်ဝေဖြာစီးဆင်းနေသည်။ ရုတ်တရက်လင်းလက်လာသောလျှပ်စီးကြောင်းများသည် သြကာသလောကကြီးကို တဒင်္ဂအမှန်တရားအတိုင်းမြင်နိုင်စေသည်ဟု သူထင်မိသည်။ ထိုအကြောင်း အရာများသည်ကပင် မမြင်ကွယ်ရာကိုပို့ဆောင်ပေးတတ်သောအရာများဖြစ်နေသည်။ မှန်သည်နှင့်မှားသည်၊ လင်းသည်နှင့်မှောင်သည်၊ လက်ဖမိုးနှင့် လက်ဖဝါး တခု၏အကြောင်းရင်းခံများ ဖြစ်နေသည်။
မြို့ပြ၏အထပ်ပေါင်းမြောက်များစွာမြင့်သောအိမ်ရာတခု၏ဝရံတာထက်တွင် သူတိတ်ဆိတ်စွာဖြင့်ထိုင်၍ ညနေခင်းအလှကိုခံစားနေသည်မှာ အချိန်နာရီတခုပင် ရှိတော့မည်။ 
သူ့ဘ၀၏ညနေခင်းမြောက်မြားစွာသည် ကိန်းဂဏန်းများစွာဖြင့် အခိုးငွေ့လျှံထွက်နေခဲ့သည်။ 
သူ့ဘဝ၏ရခဲလှစွာသော အခွင့်အရေးတရပ် အနေဖြင့် ညနေဆည်းဆားအလှကို လေပြေလေးတဖြူးဖြူး ဖြင့် သူခံစားနေသည်။ ဝရံတာရှိကုလားထိုင်ပေါ်တွင် သူသည်မိန့်မိန့်ကြီးထိုင်ကာ လက်ထဲတွင် စကော့ ဝီစကီတခွက်ကိုကိုင်၍ ညနေခင်းကိုအရသာခံနေသည်။ မိုးသားထက်တွင် တိမ်စိုင်တိမ်ဆုပ်နှင့် မိုးကုတ် စက်ဝိုင်းအလွန်ထိ သူစိတ်ကူးများရွက်လွှင့်ထွက်နေတော့သည်။ 
အဝေးဆီမှာမြစ်ပြင်ကျယ်ကျယ်ကိုသူမြင်ရသည်။ တခါတရံ ရေငွေ့ပါသောလေပြေလေးများ သူ့မျက်နှာကို လာရောက်ထိတွေ့သည်။ အိမ်ပြန်တေးဆိုနေသော ငှက်အုပ်များကိုလည်း တွေ့ရသည်။
ဆောင်းဦးရာသီမို့ နေ့တာတိုသောကြောင့်လည်း ပါမယ်ထင်သည်။ လက်ပတ်နာရီတွင် လက်တံတိုသည် ၄ ဟူသော သင်္ကေတတွင်ဖော်ပြနေသည်။ ရပ်ကွက်ထဲရှိ အိမ်တအိမ်မှ ညနေခင်းတေးသံသာအစီအစဉ် ရေဒီယိုလေးဖွင့်ထားသံကိုကြားရသည်။ သို့သော် အပြင်သတ္တလောကတွင်မူ နေမင်းကြီးသည် အနောက် ဂေါ်ယာ ကျွန်းဆီတွင် မှေးတင်နေလေပြီသည်။

ဆောင်းဦးရာသီ၏အငွေ့အသက်တချို့က မျက်နှာပေါ်တိုးတိုးလေး လာရောက်တို့ထိနေသည်။ သူဆောင်း ဦးရာသီကိုချစ်သည်။ သူငယ်ငယ်ကဖတ်ခဲ့ဖူးသော စာအုပ်များထဲတွင် ဆောင်းဦးရာသီ၌ မိုးလင်းဖိုနံဘေး ဝက်ပေါင်ခြောက်များစားကာ ဆိုက်စ်ပရပ်စပျစ်ဝိုင်များကိုသောက်သော အဘိုးကြီးနဲ့ မြေးမလေးပုံပြင်ကို သတိရမိသည်။ သူ၏ငယ်ဘဝအိပ်မက်များထဲတွင် တိမ်တိုက်ထဲပျံဝဲကာသွားချင်သော ဟယ်ရီပေါ်တာ ဖြစ်ချင်မိသည်။ နော်ဝေတောအုပ်ကြီးထဲ ဆောင်းဦးရာသီကို ချစ်သူတဦးနှင့်အတူ ဖြတ်သန်းချင်မိသည်။
မြေထဲပင်လယ်ထဲကဆောင်းဦးရာသီမြင်ကွင်းကို ရင်သပ်ရှုမောချင်ခဲ့သည်။ လက်တင်အမေရိကရဲ့ မိုး နှောင်းရာသီ တိမ်အလှများကို ဆမ်ဘာတေးသံများဖြင့် ရင်ခုန်ချင်ခဲ့သည်။ ရုတ်ချည်းပြောင်းလဲလာသော လောကကြီး၏နိယာမသဘောအတိုင်းပင် သူထိုင်နေသောအခိုက်အတန့်လေးအတွင်းမှာပင် သာယာလှပ နေသောမြင်ကွင်းများသည် အမှောင်တွေကြီးစိုးလာသည်။ မိုးသားတွေတဖြည်းဖြည်း လိပ်တက်လာပုံကိုက ဖတ်ခဲ့ဖူးသော ဟဲမင်းဝေး၏ မုန်တိုင်းအလွန်ဝတ္ထုတိုကို သတိရမိသေးသည်။
တကယ်တော့ လျှပ်စီးလျှပ်ပန်းများကိုလည်း ချစ်သည်။ သို့သော် မိုးရာသီကိုတော့ သူမုန်းသည်။ ထိုအချစ်များအမုန်များအတွက်လည်းကောင်း၊ သူ့စိတ်မှာဖြစ်ပေါ်လာသည့် ကြိုက်သည်နှင့် မကြိုက်သည် ဟူသောခံစားမူအရာများအတွက်လည်းကောင်း၊ အကြောင်းပြချက်တွေတော့ မရှိပေ။
ပကတိအခြေအနေတခုတွင်စိတ်ခံစားမှုကိုလိုက်၍ခံစားနေခြင်းသာဖြစ်မည်ထင်သည်။ မိုးဦးရာသီတွင်  ကောင်းကင်ယံထက်က လက်လက်ထနေသော မိုးကြိုး လျှပ်စီးများကို သူအလွန်ချစ်သည်။ ထိုမိုးကြိုးလျှပ်စီးလက်နေတာကိုကြည့်နေရတာကိုက သူ့အတွက် အလွန်တရာ အရသာရှိလှပေသည်။
သို့သော် အဘယ်ကြောင့်လျှပ်စီးများဖြစ်ပေါ်နေသည်ကို သူမသိချေ။ ငယ်ငယ်ကအိပ်ရာဝင်ပုံပြင်များ ထဲတွင်တော့ မိုးဦးရာသီသခွပ်ပန်းပွင့်ချိန်တွင် သိကြားမင်းနဲ့ ယောက်ဖတော်အသူရာတို့ စစ်ခင်းသော ကြောင့် မိုးခြိမ်းခြင်း၊ မိုးကြိုးများပစ်ချခြင်းဖြစ်သည်ဟု ပြောပြကြသည်။ ထိုစဉ်က ကလေးအတွေးဖြင့် ကြား ဖူးနားဝရှိသော အရာများဖြင့် ပန်လည်မေးခွန်းထုတ်ခဲ့တာလေးကို သတိရမိသေးသည်။

တခါက တရားပွဲတခုတွင် ဆရာတော်ဟောသောတရားတော်၌ လူပြည်တွင် အနှစ် ၁၀၀ သည် နတ်ပြည် တွင်တစ်ရက်ဖြစ်သည်ဟု ဆိုသည်။ ဒါဆို မိုးဦးရာသီတိုင်း သိကြားမင်းက အသူရာနဲ့ စစ်ခင်းလိုက်ဆိုတော့ နတ်ပြည်တရက်တွင် သူတို့တတွေ အကြိမ် ၁၀၀ စစ်ခင်းနေကြတာလားဟုမေးဖူးသည်။ ထိုအခါအဘွားက ပေါက်ကရအတွေးများ မတွေးဖို့ပြောဖူးသည်ကို သတိရမိုခြင်းဖြစ်သည်။
သိပ္ပံပညာက လျှပ်စီးလျှပ်ပန်းများသည် အက်တမ်များပြိုကွဲခြင်းကြောင့်ဟုဆိုသည်။ 
နွေရာသီတွင်အငွေ့ပျံတက်လာသော ရေခိုးရေငွေ့များ၏သိပ်သည်းဆ များလာခြင်းနှင့်အတူ ထိုရေခိုးရေငွေ့ များပွတ်တိုက်မှုများကြောင့် လျှပ်စီးကြောင်းများဖြစ်ပေါ်လာသည်ဟု အဆိုရှိကြသည်။ သို့သော် သူသည် မိုးလေဝသပညာရှင်တဦးမဟုတ်သောကြောင့် ထိုအကြောင်းအရာကို အသေအချာ ရှင်းမပြတတ်ပေ။
သို့သော် ယခုကဲ့သလို့အချိန်အခါမဟုတ် လျှပ်စီးလက်မိုးကြိုးပစ်ခြင်းသည် သူအတွက်တော့ အလွန်ထူး ဆန်းသည်။ အီကွေတာနဲ့ နီးသောဒေသတွင်မူ ဤကဲ့သို့ အဖြစ်မျိုးက မထူးဆန်းတော့ချေ။ 
တခါကဖတ်ဖူးသော ဆရာမြသန်းတင့်၏မြန်မာမာပြည်တောင်ပိုင်းခရီးသွားမှတ်တမ်းဖြစ်သော မေရီပိုးဗေ ဟွန်ဒါယဉ်ကျေးမှုနှင့် အီကွေတာအနီးညများစာအုပ်ထဲတွင် ရာသီဥတုအခြေအနေကြောင့် ဆရာမြတို့တစု မြိတ်မြို့အသွားခရီးစဉ်၌ လေယာဉ်ကိုနောက်ကြောင်းပြန်လှည့်ကာ ထားဝယ်မြို့ သို့ပြန်လာရသည့် အကြောင်းကို ဖတ်ခဲ့ဖူးသည်။ အီကွေတာ၏အကျိုးသက်ရောက်မှုသည်ကာ ရာသီဥတုပေါ်တွင် လွန်စွာ များသည်။
စွတ်စိုထိုင်းမှိုင်းသောလေထုကြောင့် မိုးများကာ နှင်းနည်းသောရာသီကိုဖြစ်စေသည်။ ယခုလည်း ရေဒီယိုမှ င်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းသည် မုန်းတိုင်ငယ်အဖြစ်သို့ပြောင်းလဲလာနေပြီဖြစ် ကြောင်း ကြေညာသည်။ သူ့စိတ်ထဲတွင် မုန်းတိုင်ဖြစ်လွယ်သောဤရေပြင်သည် နောင်တချိန်တွင် ဒုတိယ မြောက် ဘာမြူဒါ ဖြစ်နိုင်သည်ဟု ခပ်ချဉ်ချဉ်လေး တွေးမိသည်။ 
ဝရံတာထက်မှမြင်ရသော မြစ်ဝကျယ်ကျယ်တွင် လှေငယ်လေးများကိုတွေ့ရသည်။ ထို့အတူ တိမ်စိုင်မည်း မည်းကိုလည်း တွေ့ရသည်။ ဆရာသိပ္ပံမောင်ဝ၏ အောက်စဖို့စ်သွားမှတ်တမ်းတွင်လည်း သူတို့စီးသော စစ်ကိုင်းအမည်ရှိပင်လယ်ကူးသဘောင်္ကြီးသည် ခရီးစဉ်တလျှောက် မုန်းတိုင်ဒဏ်ခံရသည်မှာ ဤဘင်္ဂလား ပင်လယ်အော်မှာပဲဖြစ်သည်ဟု ဖတ်ခဲ့ရဖူးသည်။
ငယ်စဉ်က အိပ်ရာဝင်ပုံပြင်များတွင် အကုသိုလ်အလုပ်များကျူးလွန်သူသည် မိုးကြိုးပစ်ခံရသည်ဟု အဘွား ပြောဖူးသည်။ မိဘကိုစော်ကားသောသူ၊ သူတပါးမျက်ရည် ကျအောင်လုပ်သောသူများသည် မြေမျို၊ ရေ နစ်၊ မိုးကြိုးပစ်ခံရတတ်သည်ဟု ဆိုကြသည်။ ငယ်စဉ်က မိုးချုန်းသံကြားသည်နှင့် အိမ်တံခါးတွေပိတ်တတ် ကြသည်။ မိုးကြိုးစက်ကွင်းနှင့်မလွတ်မည်စိုးသောကြောင့်ဟု ဆိုကြသည်။ ငယ်စဉ်က အိမ်နားက ထန်းပင် ကြီး၂ ပင် မိုးကြ်ုးပစ်ခံရသည်ကိုအမှတ်ရမိသည်။ လူကြီးများက ထန်းပင်တွင် မကောင်းဆိုးဝါးများခိုအောင်း နေသောကြောင့် အပစ်ခံရသည်ဟုပြောကြသည်။ 
ထို့နောက် အမေအိုကိုလုပ်ကျွေးနေသော ကိုထွန်းသာ လယ်တောထဲတွင် လယ်ထွန်နေစဉ် မိုးကြိုးအပစ်ခံ ရသည်။ အဘယ်ကြောင့်အပစ်ခံရသနည်းဟု လူကြီးများကို သူမးမိသည်။ ထိုအခါလူကြီးများက အရင်ဘဝ ဝဋ်ကြွေးဟုဆိုကြသည်။ မိုးကြိုးလက်နက် သိကြားစက်ဟူ၍ ငယ်စဉ်ကသင်ရသောတရားစာများတွင် သိခဲ့ ရသည်။ သိကြားမင်းလည်း တခါတရံ လက်လွဲတတ်သည်ဟု ထင်ခဲ့မိသည်။
ရူပဗေဒတွင်မူ မိုးကြိုးစက်ကွင်းဖြစ်နေချိန်တွင် ပတ်ဝန်းကျင်၌အမြင့်ဆုံးအရာကိုလျှပ်စီးကြောင်းက ဝင် ရောက်သောကြောင့် မိုးကြိုးပစ်ခံရခြင်းဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ထိုအကြောင်းများ သူမစဉ်းစား ချင်တော့ချေ။ သူတို့လူမျိုးများသည် အကြောင်းအရာတခုခုဆိုလျှင် အရင်းအမြစ်ကိုလိုက်ရှာသည်ထက် ကံကံ၏ အကျိုးဟုယူဆ၍ ကံကိုသာအပြစ်ပုံချတတ်သောလူမျိုးမဟုတ်ပါလား။ တခါတခါ ဤကဲ့သို့ အခြေ အနေများကပင် ဘဝအမောတချို့တဝက်ကို ပြေစေခဲ့သည်မဟုတ်ပါလား။
ကောင်းကင်ထက်ရှိမိုးရိပ်မိုးသားများနှင့်အတူ မိုးစက်လေးများတစ်စက်တစ်ပေါက်ကျလာနေသည်။
စောစောက လှပနေသော ဆောင်းဦးညနေဆည်းဆားသည် အဘယ်အရပ်သို့ရောက်သွားမှန်းမသိချေ။ မိုးရိပ်များနှင့် မိုးချုန်းသံများက ပတ်ဝန်းကျင်ကို ကြီးစိုးထားချေ သည်။ 
လေပြင်းများလည်းတိုက်နေသောအခါ သစ်ပင်သစ်ခက်များယိမ်းဝှေ့နေသည်။ အဝေးမှ မြစ်ပြင်ကျယ်ကို မမြင်ရတော့ချေ။ ဖတ်ခဲ့ဖူးသော ကျမ်းစာတွင် Noah မိသားစုတို့ကြုံဆုံခဲ့ရသော ကမ္ဘာဖျက်မုန်တိုင်းသည် ဤကဲ့သို့ပင်ဖြစ်မည်ထင်သည်ဟု တွေးမိသည်။ သူသည်အလုပ်ရုံထဲတွင်သာအနေများသောကြောင့် ယခု ကဲ့သို့ မုန်တိုင်းတခုကိုအနီးကပ်မမြင်ဖူးခဲ့ပေ။
လျှပ်စီးလက်သံများ ပိုပိုစိပ်လာသည်။ လက်ထဲကဝီစကီခွက်မှာ နောက်ဆုံးလက်ကျန်များကို တဝကြီး မော့ချလိုက်သည်။
အဝေးကမြင်ကွင်းများကို ခပ်ထွေထွေပြန်မြင်ရသည်။ တခါတရံ မူးယစ်ရီဝေမှုတွင် အမှန်းတရား၏ အလှ အပတစုံတရာကို ရှာဖွေရသည်က ပျော်စရာကောင်းလွန်းလှသည်။ လျှပ်စီးလက်သည်ကို အနီးကပ်မြင် ရသကဲ့သို့ ခပ်လှမ်းလှမ်းတွင်မြင်တွေ့ရသည်။
မကြာမီ မိုးချုန်းသံအကျယ်ကြီးကိုကြားရသည်။ အလင်းသည်အသံထက်မြန်သည်မဟုတ်ပါလား။ ထိုမိုးချုန်းသံနောက် များမကြာမီမှာလည်း လမ်းထဲမှ အော်ဟစ်သံများကြားနေရပြန်သည်။
" ရပ်ကွက်ထိပ်ဓမ္မာရုံက အလှူခံဦးလေးကြီး မိုးကြိုးပစ်ခံရတဲ့ဟေ့" ဟူသောအသံက ရင်ထဲ တုန်လှုပ်သွား သည်။
ခဏကကြားနေရသော ရေဒီယိုသံမရှိတော့ပေ။ သူလည်း မိုးရေပြည့်နေသောဖန်ခွက်ကိုကောက်ကာ အခန်းထဲဝင်လာခဲ့မိသည်။
စိတ်ထဲတွင် ငယ်စဉ်ကဖြစ်ခဲ့ဖူးသောအမျိုးအမည်မသိသောကြောက်စိတ်မျိုး ခံစားရသည်။
စိတ်ထဲတွင် မနက်ဖြန် နံနက်ဘုရားသွားရန် ဆန္ဒစောနေသည်။   ။

မောင်နောင်မွန်

Comments