မောင်မောင်စိုး ● နောင်ငစ်

မောင်မောင်စိုး ● နောင်ငစ်
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၈


နောင်ငစ်သည် ဝ နယ်မြောက်ပိုင်း မိုင်းမောခရိုင်တွင်ရှိသော အမြင့် မီတာ ၂၁၀၀ တွင် တည်ထားသော မြို့ကလေးဖြစ်သည်။ အမြင့်ဆုံးတောင်ထိပ်နေရာသည် မီတာ ၂၃၀၀ (ပေ ၇၀၀၀ ကျော်) မြင့်သည်။ အေးမြသောလေတို့ တိုက်ခတ်နေလေ့ရှိပြီး ချမ်းအေးသော ရာသီဥတုရှိသည်။

နောင်ငစ်အား တရုတ်ဘာသာဖြင့် လုံထန်ဟု ခေါ်ဆိုသည်။ ဗမာဘာသာဖြင့် နဂါးရေကန်ဟု အဓိပ္ပါယ်ရသည်။ ထိုမြင့်မား သော တောင်ကြောပေါ်ရှိ ရေကန်အားအစွဲပြုပြီး နောင်ငစ် (ဝါ) လုံထန် (ဝါ) နဂါးရေကန်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ အဆို ပါရေကန်သည် ၄၄ ဧကခန့် ကျယ်ဝန်းသည်။ အမြဲရေပြည့်နေသည်။ သို့သော် ရေသေတော့မဟုတ်ပေ။ ကန်ဒေါင့်တနေရာတွင် မြေကြီးအောက်သို့ ရေများ ဒလောထိုးစီးနေသည့် ရေငုတ်တခုရှိသည်။ မည်သည့်နေရာတွင် သွားပေါ်သည်ဟု မသိရပေ။ ရှမ်းပြည်နယ်တွင် တွေ့ရတတ်သည့် ရေငုတ်များဖြစ်သည်။ ရှမ်းပြည်အလယ်ပိုင်းတွင် အချို့ချောင်းများ မြေကြီးအောက်သို့ငုတ်လျှိုးသွားပြီး နောက်တနေရာ၌ ပြန်သွားပေါ်သည်ကို တွေ့ရသည်။ အဆိုပါ ရေငုတ်နေရာအား မြေပုံတွင် သဘာဝတံတား ဟု ဖေါ်ပြလေ့ရှိသည်။

နောင်ငစ်သည် တရုတ်နယ်စပ်နှင့် ကီလိုမိုင် ၂၀ ခန့်ဝေးသည်။ တရုတ်ပိုင်နယ်ထဲရှိ ရှီမုန်ဒေသတွင်လည်း လုံထန် ခေါ် နဂါး ရေကန်တခု ရှိသည်။ ဝ နယ် နောင်ငစ်တွင် နဂါးဖို ရေကစားနေထိုင်ပြီး တရုတ်ပြည်တွင်း ရေကန်တွင် နဂါးမ ရေကစား နေထိုင်သည်ဟု ဒေသခံ ဒဏ္ဏာရီပုံပြင်များတွင် ဆိုကြသည်။

နောင်ငစ် နဂါးရေကန်ပတ်လည်ရှိ သစ်တောကို သဘာဝအတိုင်း ထိမ်းသိမ်းထားသည်ကို တွေ့ရသည်။ မည်သည့်သစ်ပင်မှ ခုတ်ခွင့်အပြု။ တောကောင်များ သတ်ဖြတ်ခွင့်မပြုဘဲ တားဆီးထားသည်။ အဆိုပါ ကန်ပတ်လည်ရှိ ထိမ်းသိမ်းထားသည့် သစ်တောထဲတွင် အလေ့ကျပေါက်နေသည့် လဘက်ပင်ကြီးများရှိသည်။ အများစုမှာ နှစ်ပေါင်းရာချီနေသည့် လဘက်ပင်များ ဖြစ်သည်။ ထိုအပင်များထဲတွင် ပင်စည်လုံးပတ် လူ ၂ ဦး ၃ ဦးခန့် လက်ဖြင့် ဝိုင်းပတ်ရသည့် လဘက်ပင်ကြီးတပင်ရှိသည်။ ထိုအပင်ကတော့ နှစ်ထောင်ချီနိုင်သည်ဟု ခန့်မှန်းကြသည်။ အဆိုသစ်တောသည် မိုးထိုးနေသော လဘက်ပင်ကြီးများ သက်သက်ပေါက်ရောက်နေသည်တော့ မဟုတ်ပေ။ အခြားအမျိုးအစား သစ်ပင်ကြီးငယ်များနှင့် ရောနှောပေါက်ရောက်နေ သည်။ ရေကန် ပတ်လည် ထိမ်းသိမ်းထားသည့်သစ်တောအတွင်း၌ လဘက်ပင်ကြီး (အမြင့် ပေ ၃၀ နှင့်အထက်ရှိသော) ပေါင်း ၃၀၀၀ ခန့်ရှိပြီး ကြိုးဝိုင်းပြင်၌ အပင် ၄၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။ ထို့ပြင် ထိုသစ်တောအတွင်း အလေ့ကျပေါက် နေသော လဘက်ပင်ငယ်များစွာလည်း တွေ့ရသည်။

ယခုအခါ အဆိုပါသစ်တောအား UWSP/UWSA မှ ခွင့်ပြုသည့် ကုမ္ပဏီတခုက ၂၀၁၁ မှစ၍ ထိမ်းသိမ်းထားသည်။ သို့သော် လဘက်ပင်များကို အရပ်သားများအား လွတ်လပ်စွာခူးခွင့်ပြုသည်။ ကုမ္ပဏီက လဘက်ပင်ကြီးများအား ပတ်၍ ဆင့်များ ဆောက်၍ လဘက်တက်ခူးနိုင်ရန် စီစဉ်ပေးထားသည်။ ယခင် မထိမ်းသိမ်းမီကလည်း အရပ်သားများ လွတ်လပ်စွာခူးခွင့် ရှိသော်လည်း မြင့်မား၍ မမှီမကမ်းဖြစ်သော အပင်အကိုင်းများကို ဒါးနှင့်ခုတ်ချကြ၍ ယခုအခါ ထိုသို့ခုတ်ခြင်းကို တားမြစ် ထားသည်။

နှစ်စဉ် ဖေဖဝါရီလမှ မေလအထိ လဘက်ခူးလေ့ရှိသည်။ ရသမျှလဘက်များအား ကုမ္ပဏီက ဒိုင်ခံဝယ်ပေးသည်။ နှစ်စဉ် လဘက်စို ၁၅ တန်မှ တန် ၂၀ ထိ ခူးဆွတ်ရရှိသည်ဟု ဆိုသည်။ ထိုသက်တမ်းရင့် လဘက်ပင်မှထွက်သည့် လဘက် ခြောက်သည် နံမည်ကျော်ကြားသည်။

မီတာ ၂၁၀၀ အမြင့်ရှိ ကြီးမားကျယ်ပြန့်သည့် ရေကန်၊ ထိုရေကန်ပတ်လည်ရှိ လဘက်ပင်ကြီးများပေါက်ရောက်နေသည့် သဘာဝသစ်တောတို့သည် နောင်ငစ်၏ ထူးခြားချက်လည်းဖြစ်သည်။ နောင်ငစ်၏ သဘာဝအလှလည်းဖြစ်သည်။ သဘာဝ အပမ်းဖြေ ခရီးသွားလုပ်ငန်း ကောင်းစွာဖွံ့ဖြိုးနိုင်သည့် ရှားပါးနေရာမျိုးလည်းဖြစ်ပေသည်။

ဓာတ်ပုံ နောင်ငစ်ရေကန်နှင့် လဘက်ပင်ကြီးများ

Comments