လွင် (ဘော်တွင်း) ● ခြတောက်သံ

လွင် (ဘော်တွင်း) ● ခြတောက်သံ
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၈

ရှမ်းပြည်မြောက်ပိုင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေသုံးထောင်ကျော်အရပ်၏ ဆောင်းညသည် ချမ်းအေးလှသည်။ မြို့ကလေးသည် နှင်းမှုန်တို့အောက်တွင် တိတ်ဆိတ်နေသည်။ ဥသြဆွဲသံလေးချက်က ညကိုးနာရီခွဲပြီဖြစ်ကြောင်း မြို့သူမြို့သားများကို အသိပေးလိုက်သည်။ သူမသည် မေမေနှင့်အတူ ဂွမ်းကပ်စောင်ထူများအောက်သို့ ရေနွေး ပုလင်းများ၊ ရေနွေးအိပ်များထည့်သည်။ ဒါမှ အိပ်ရာသည် နွေးထွေးနေလိမ့်မည်။ ကဲ အိပ်ကြတော့ဟု မေမေ၏ လောဆော်သံ မပေါ်ထွက်မီပင် သူမတို့အားလုံး အိပ်ရာထဲရောက်နေကြပြီ။

မောင်နှမတွေ တိုးတိုးခွေ့ခွေ့ဖြင့် အနွေးဓါတ်အရှိန်ရအောင်လုပ်နေတုန်း အိပ်ရှေ့လမ်းပေါ်မှ ကားသံကို ကြားရသည်။ ပြီး တော့ အုတ်အုတ်ကျက်ကျက်အသံများ။ အမေသည် အပြင်ထွက်သွားပြီး စူးစမ်းသည်။ ခဏအတွင်း အခန်းထဲပြန်ဝင်လာပြီး ဆေးရုံပြေးလိုက်ဦးမယ်၊ အက်ဆီးဒန့်ဖြစ်ပြန်ပြီ ဟုဆိုကာ အနွေးထည်အင်္ကျီကိုဝတ်လိုက်သည်။  ကဲ သမီးကြီး အငယ်တွေကို ဂရုစိုက်လိုက်ဦးဟုမှာသည်။ အမေသော့ခတ်သွားပြီနော်ဟု ပြောသည်။ သူမတို့မောင်နှမတတွေသည် ခပ်သုတ်သုတ် လမ်း လျောက်သွားသော အမေ့ကို  ပြတင်းပေါက်မှန်မှတဆင့် စောင့်ကြည့်နေကြပြီး စောင်ပုံထဲပြန်ပြေးဝင်ကြသည်။ ဖေဖေက ၂ နာရီဆင်း၊ ဖေဖေလဲ မိုင်းထဲမှာရှိနေမှာပဲ၊ ဘေးကင်းရဲ့လား ဆိုသည့်မေးခွန်းကို မောင်နှမတတွေ မျက်လုံး အကြည့်များဖြင့်သာ ဖလှယ်လိုက်ကြသည်။ ဒီညတော့ ဖေဖေရောမေမေပါ ပြန်လာနိုင်မည်မဟုတ်။

မိုးလင်းကာစမှာ မေမေပြန်လာသည်။  မနက် ၇ နာရီမှာ ဂျူတီပြန်ဝင်ရမည်မို့ မအိပ်နိုင်တော့။  မအိပ်ရသေးသော မျက်လုံး များသည် တစုံတရာကို ရှာဖွေလျက်။ နင်တို့အဖေ ပြန်မရောက်သေးဘူးလားဟု မေးသည်။ ဒါဆို အဖေဘေးကင်းသည့် သဘော။ လူနာဘယ်နှစ်ယောက်လဲ မေမေဟု ကိုကြီးကမေးသည်။ ခုနှစ်ယောက်ဟု ဖြေသည်။ တယောက်ကတော့ အထဲ မှာပဲ ဆုံးသွားတယ်ဟုဖြေသည်။  ဘာဖြစ်တာလဲမေမေ ဆိုတော့ ဂိတ်ပြုတ်ကျတာ ဟုဖြေသည်။ သူမမျက်လုံးပြူး သွားသည်။ ဂိတ်ပြုတ်ကျတာ ဒီတခါပဲကြားဖူးသည်။ အရင်မတော်တဆမှုတွေက မြေပြိုတာ၊ ယမ်းအကြွင်းအကျန်ပေါက်ကွဲ၍ ထိခိုက် တာမျိုးတွေဖြစ်သည်။ မေမေက မိုင်းသာက ဂိတ်ဟုဆက်ပြောကာ ကော်ဖီမော့သောက်လိုက်ရင်း မနက်အစောစာကို လက် စသတ်လိုက်သည်။ မေမေအလုပ်သွားရဦးမယ်ဟုဆိုတာ အဝတ်လဲဖို့ အခန်းထဲဝင်သွားလေသည်။

ဘော်တွင်းသတ္တုတွင်းမြို့ကလေးအကြောင်းပြောလျှင် မာမီယံရှတ် (Marmion Shaft) ခေါ် ဂိတ်ကြီးသည် မပါမပြီး။ မြေ အောက် ပေတထောင်ကျော်နက်သော စိုက်တွင်းကြီးထဲသို့ သတ္တုတွင်းလုပ်သားများ အတက်အဆင်း လုပ်သည့် နီညိုရောင် သံထည်ဓါတ်လှေကားကြီးဖြစ်သည်။ ဂိတ်ကြီးကို ကာရံထားသော သံတန်းများအနီးမှ အောက်ငုံ့ကြည့်လျှင် အမှောင်ကလွဲ၍ ဘာမှမမြင်ရ။ ဓါတ်လှေကားအိမ်များကို ဆိုင်းထားသော သံကြိုးကြီးများသည် တလှုပ်လှုပ်ရှိနေတတ်သည်။ ၎င်းသည်ပင် ဓါတ်လှေကားအိမ်တခုခု ဆင်းသွား၊ သို့မဟုတ် ပြန်တက်လာနေသည်ဟူသောအဓိပ္ပါယ်ကိုဆောင်သည်။ ထိုဆိုင်းကြိုးများ သည် ဂိတ်ကြီးအပေါ်ပိုင်းရှိ စက်သီးဘီးလုံးကြီးများဆီသို့တက်သွားပြီး ထိုမှတဆင့် ဓါတ်လှေကားမောင်းသော ရုံထဲသို့ ဝင်ရောက်သွားသည်။ ထိုဂိတ်ကြီးဆီသို့ ဦးတည်သော ရထားလမ်းငယ်လေးသည် မြေစိုက်တွင်းကြီးအဝတွင် အဆုံးသတ် သွားသည်။ တကယ့်အဆုံးသတ်တော့မဟုတ်၊ ဓါတ်လှေကားအိမ် (Deck) တခု မြေပြင်ပေါ် ရောက် လာသောအခါ ထိုရထားလမ်းကလေးသည် ဓါတ်လှေကားအိမ်ထဲသို့ တဆက်တည်း ဖြစ်သွားလေသည်။ ထိုလမ်းကြောင်း လေးမှတဆင့် တွန်းလှည်းငယ်၊ ဘော်တွဲငယ်ကလေးများ တင်သွား၊ ယူလာတတ်လေသည်။ သူမသည် ဖေဖေ့ကို ထမင်းပို့ရတိုင်း ဂိတ်ကြီး အပေါ်မှာလည်နေသော စက်သီးကြီးများကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်မြဲဖြစ်သည်။ ဂိတ်ကြီးထဲက ဖေဖေထွက်မလာမခြင်း အသက်ပြင်းပြင်းမရှူရဲ။ ဓါတ်လှေကားအိမ်တခု ရောက်လာပြီး ဖေဖေထွက်လာလျှင်တော့ ထမင်းချိုင့်ကိုအပြေးသွားပေးပြီး အိမ်ကို အမြန်ပြန်ခဲ့လေ့ရှိသည်။ အခု ပြုတ်ကျသောဂိတ်သည် ထိုဂိတ်ကြီးမှမဟုတ်။ မိုင်းသာက ဂိတ်ဟုဆိုသည်။

မိုင်းသာပေါက်မှာ မြေအောက်သို့ ဆက်ဆင်းရသော ဂိတ်ရှိမှန်း သူမ မသိပါ။ သူမ အမြင်မှာတော့ ရထားလမ်းကြောင်း ကလေးတခု ဝင်သွားသော လှိုဏ်ဂူပေါက်ဝတခုသာဖြစ်သည်။ ထိုမိုင်းသာပေါက်ထဲမှ အလုပ်သမားများ အဝင်အထွက် ရှိ သည်ကိုတော့ သိသည်။ ဒီစီတီ (သစ်စက်) မှ ရထားတွဲကလေးများလည်း ဝင်တတ်သည်။ တကယ်တော့ ဝန်ထမ်းအိမ်ယာတွေ ဆောက်ထားသော တောင်စောင်းများအောက်မှာ လမ်းကြောင်းအသွယ်သွယ်နှင့် ဂူပေါက်တွေ၊ တွင်းပေါက်တွေပဲဖြစ်သည်။ ခြစားထားသော သစ်တုံးလိုပင်။ ထိုဂူပေါက်တွေသည် ဘော်တွင်းနှင့်  သုံးမိုင်ခွဲခန့်ဝေးသော ကျားစခန်းအထိ တဆက်တည်း ရှိသည်မဟုတ်ပါလား။ ထိုမြေအောက်ဂူပေါက်တွေထဲမှာ သတ္တုတွင်းလုပ်သားတွေသည် ခြတွေလို တရွရွနှင့် မြေသားတွေကို တူးဖဲ့နေကြပေလိမ့်မည်။

မေမေ အလုပ်သွားတော့ သူမတို့ မောင်နှမတွေသည်လည်း ကျောင်းသွားဖို့ပြင်ဆင်ကာ အလုပ်ရှုပ် နေတော့သည်။ ခဏအကြာမှာ ဖေဖေပြန်ရောက်လာသည်။ ဖေဖေသည်မိုင်းဝတ်စုံလိပ်ကိုပစ်ချကာ ထိုင်ခုံကလေးမှာထိုင်လျက် ဖိနပ်များကို ချွတ်သည်။ ညိုမှိုင်းမှိုင်း မိုင်းဦးထုပ်ကို နေရာတကျ ချိတ်သည်။ သူမလည်းလုပ်နေကျဝတ္တရားအတိုင်း မိုင်းဝတ်စုံလိပ်ကို ဖြည်ကာလှမ်းမည်အပြု သမီးကြီးရေ၊ လျော်မှရမယ်၊ ရေချိုးခန်းထဲသာပို့လိုက်တော့ ဟုပြောသည်။ ရွှံ့တွေနှင့် စိုရွှဲနံစော် နေသော အဝတ်များကို ရေချိုးခန်းထဲက ဇလုံထဲမှာ ရေစိမ်ထားလိုက်သည်။ ဖေဖေ ဘာမှမဖြစ်လို့ တော်သေးတာပေါ့ဟု ပြောတော့ ဖေဖေက ယဲ့ယဲ့ပြုံးသည်။ ခါတိုင်းဖေဖေပြန်လာလျှင် ပေါင်ပေါ်ပြေးတက်ထိုင်နေကျ ညီမလေးပင် အလိုက်သိ စွာနှင့် ငြိမ်ငြိမ်ကလေးနေနေသည်။

ခဏအကြာမှာတော့  သူငယ်ချင်းမူမူ ရောက်လာ၍ ဖေဖေ့ကိုနှုတ်ဆက်ကာ ကျောင်းကို ထွက်ခဲ့တော့သည်။ အဲဒီနေ့က သူငယ်ချင်းကျော်စိုး ကျောင်းမတက်ပါ။ ဒဏ်ရာရတဲ့အထဲ သူ့အဖေလဲပါတယ် ဟူသော သတင်းစကားကြားရသည်။ မူမူက ညနေကျ ကျော်စိုးတို့အိမ်သွားရအောင်ဟု အဖော်စပ်တော့ မသွားပါနဲ့ဟာ၊ သူတို့အလုပ်ရှုပ်နေမှာ၊ ဆေးရုံမှာပဲရှိနေ မလားတောင်မသိဘူး ဟုဖြေဖြစ်သည်။ ဆေးရုံကိုသွားမလားဟု မူမူက ထပ်မေးတော့ မသွားချင်ပါဘူး၊ ဘာဒဏ်ရာတွေရမှန်း လဲမသိပဲနဲ့၊ ယောက်ျားခန်းထဲသွားကြည့်ရမှာ၊ ကျော်စိုးလွတ်သွားတဲ့စာတွေကူးပေးဖို့ပဲ ငါတို့လုပ်နိုင်မှာကို၊ ပြီးတော့အမေ ကလည်း ဆေးရုံကိုလာတာ မကြိုက်ဘူးဟု ပြန်ပြောလိုက်သည်။ နင်ကလည်း သူငယ်ချင်းမဟုတ်သလိုပဲဟု မူမူက နှုတ် ခမ်းစူလေသည်။

စနေနေ့ကျောင်းပိတ်ရက်မှာတော့ မူမူက ဇွတ်အတင်းခေါ်သဖြင့် ကျော်စိုးတို့အိမ်ဘက်သို့ တက်ခဲ့ကြသည်။ သူမတို့နေ သည့်ရပ်ကွက်က ပြည်တော်အေး။ ကျော်စိုးတို့ရပ်ကွက်က အောင်သပြေဖြစ်သည်။ တောင်ထိပ်တွင် ဟိန္ဒူကုလားဘုရားကျောင်းရှိ၍လားမသိ၊ ကုလားကုန်းလို့ပဲ ခေါ်ကြသည်။ လျှိုမြောင် တောင်ကြားတွင် တည်ထားသော ဘော်တွင်းမြို့ကလေး၏ ပုံစံကို ဖြတ်ပိုင်းပုံနှင့်ကြည့်လျှင် အင်္ဂလိပ်အက္ခရာ ဗွီပုံသဏ္ဌာန်ဖြစ်ပေမည်။  လျိုမြောင်၏ အနိမ့်ဆုံးနေရာတွင် နမ့်ပန်ယွန်းချောင်းကလေးစီးဆင်းနေပြီး ထိုချောင်းဘေးတလျောက်တွင် မြေသားကားလမ်းငယ်နှင့် ကားလမ်း၏ ဘေးဘက် တောင်ခါး ပန်းတွင် နှစ်ပေသာအကျယ်ရှိသော ရထားလမ်းငယ်ကလေးဖောက်ထားသည်။  ချင်းတောင်ပေါ်က မြို့တွေလို  တောင်ထိပ် ပေါ်မှာ တည်ထားခြင်းလည်းမဟုတ်၊ ရှမ်းပြည်က အချို့မြို့များလို တောင်ပတ်လည်ဝိုင်းသော ဒယ်အိုးသဏ္ဌာန်လည်း မဟုတ်ပေ။ အိမ်များ၊ လိုင်းခန်းများသည် တောင်စောင်းများ ပေါ်တွင်သာ။ အိမ်များအကြား လူသွားလမ်းကြောင်းကလေးများ၊ လှေကားထစ်များဖြင့်သာကူးသန်းသွားလာရသည်။

ဆေးရုံဘေးကချောင်းတံတားကလေးမှဖြတ်ကာ ကျောက်တုံးများဖြင့် ပြုလုပ်ထားသော လှေကားအတိုင်း တက်မည်အပြု မူမူက ဟိုဘက်ကသွားရအောင်၊ ရင်ခွဲရုံနားက မဖြတ်ချင်ဘူးဟု ပြောသည်။ ညည်းကလည်းအေ၊ ကြောက်တတ်ရန်ကောဟု ပြန်ပြောကာ လှေကားပေါ်မတက်တော့ဘဲ ချောင်းနံဘေး တလျောက်ရှိ မြေသားလမ်းကြောင်းအတိုင်း ဆက်လျောက်ခဲ့ကြ သည်။ အလုပ်သမား လိုင်းခန်းကလေးတွေ ရှေ့ကဖြတ်သည်။ သုံးခန်း၊ လေးခန်း၊ ငါးခန်း၊ စသည်ဖြင့် အတွဲလိုက် ဆောက် ထားသော လိုင်းခန်းကလေးများ ဖြစ်သည်။ အခန်းကလေးတွေသည် ဆယ်ပေခန့်သာကျယ်သည်။ လိုင်းခန်းတွေရှေ့မှာ ကလေးတွေ ဆော့နေသည်။ အလုပ်သမားဇနီးများမှာ အခန်းရှေ့ထွက်၍ ဆန်ရွေးသူရွေး၊ ဟင်းရွက်သင်သူသင်ဖြင့် ရှိနေ သည်။ ချောင်းဘေး အုတ်ရေကန်တွင် အဝတ်လျော်နေကြသူတွေလည်းရှိသည်။ သူမတို့ လျောက်ခဲ့ကြသော လမ်းကလေး နံဘေးတွင် နမ့်ပန်ယွန်းချောင်းက တသွင်သွင် စီးဆင်းနေသည်။ သတ္တုသန့်စင်စက်ရုံမှ စွန့်ပစ်ရေများကြောင့် ချောင်းရေသည် မဲညစ်ညစ်။

ကုလားကုန်းပေါ်သို့ မြေလမ်းကလေးအတိုင်း တက်ရင်းသူမက မူမူ့ကို  အခန်းကလေးတွေက ကျဉ်းကျဥ်းလေးတွေနော် ဟုပြောမိသည်။ မူမူက အေးလေဟာ ဘာဖြစ်လို့ အဆန်းလုပ်ပြောနေတာတုန်းဟု ပြန်မေးတော့ ငါ ရေနံမြေသပိတ်ကို သတိရလို့ဟု ပြန်ဖြေဖြစ်သည်။ မူမူက အရူးမ၊ စာတွေမေ့ထားစမ်းပါဟာဟု ပြောကာရယ်သည်။ သူမကတော့ မူမူ့အဖေ အရာရှိကြီးအိမ်နှင့် ဤလိုင်းခန်းကလေးများကို ယှဉ်ကြည့်ကာ ရေနံမြေအလုပ်သမားများသည် ဆယ်ပေခန်းကလေးများတွင် ကျပ်ညှပ်စွာနေကြရသည် ဟူသော စာတပိုဒ်ကို သတိရနေမိသည်။ အခု ဘော်တွင်းက လိုင်းခန်းကလေးများမှာတော့ အလုပ်သမားမိသားစုများ ဘယ်လိုနေကြပါလိမ့်ဟု တွေးမိသည်။ အိမ်သာရေချိုးခန်းသီးသန့်မရှိ။ စုပေါင်းအိမ်သာများ၊ ရေတိုင်များ၊ အုတ်ကန်များကို မျှဝေသုံးရသည်။

သူမတို့အိမ်က အိပ်ခန်းနှစ်ခန်းပါသော သုံးပင်လေးပင် လုံးချင်းအိမ်ကလေးဖြစ်သည်။ မီးဖိုဆောင် သီးသန့်ပါသည်။ ရေချိုး ခန်း အိမ်သာ တွဲလျက်ပါရှိသည်။ မူမူတို့ အိမ်ကြီးမှာတော့ အလယ်ဧည့်ခန်းကြီးက အကျယ်ကြီးဖြစ်သည်။ ရေချိုးခန်းအိမ်သာ နှစ်ခုပါသည်။ ရေစိမ်ချိုးနိုင်သော Bath Tab ခေါ် ကြွေဇလုံကြီး ပါသည်။ အိမ်သာများက ဘိုထိုင်ဖြစ်သည်။ အိပ်ခန်းက ဘယ်နှစ်ခန်းပါလိမ့်။ သူမ ကောင်းကောင်းမသိ။ မူမူတို့အိမ်ကို သူမ နှံ့အောင်မဝင်ဖူးပေ။ ပြီးတော့ ခြံစောင့်အတွက် တဲအိမ် ငယ်လေးလည်း သီးခြားရှိသည်။ ဝန်းခြံကလေးလုပ်ထားပေမဲ့ တောင်စောင်းပေါ်မှာဖြစ်၍ မြေပြင်ညီ ကျယ်ကျယ်ရှိသော အိမ်ရယ်လို့တော့ မရှိ။  အလုပ်သမားလိုင်းခန်းကလေးများကတော့ မူမူတို့ညီအစ်မ၏ အိပ်ခန်းလောက်တောင် ရှိပါ့မလားဟု သူမတွေးနေမိသည်။

ကျော်စိုးတို့အိမ်သို့ရောက်တော့ သူ့မေမေသည် အိမ်ရှေ့မှာဆန်ကောတခုဖြင့် ဆန်ပြာနေသည်။ နီကြောင်ကြောင် ဆန် စေ့များ၊ အမဲစေ့များ၊ စပါးလုံးများ ရောနှောနေသော ဧည့်မထ ဆန်။ ဒီဆန်ကတော့ သူမတို့ စားသော ဆန်နှင့် အတူတူ ပင်ဖြစ်သည်။ သမဆိုင်က ထုတ်ပေးသော ဆန်ကိုသာစားကြရသည် မဟုတ်ပါလား။

ကျော်စိုးရှိလားအန်တီ ဟုမေးရင်း အခန်းထဲ အကဲခပ်ကြည့်လိုက်သည်။ ဘုရားစင်အောက်က စားပွဲကလေးပေါ်တွင် စာအုပ် များ အစီအရီထပ်ထားသည်။ ကျော်စိုး၏ လွယ်အိပ်ကိုမတွေ့။ မရှိဘူးသမီးတို့ရေ၊ တောင်ပေါ်ဈေးရောင်းသွားရတယ် ဟု ကျော်စိုးအမေက ဖြေသည်။ ညည်းတို့ဦးလေး မသွားနိုင်ဘူးလေ၊ ဈေးရောင်းဖို့ကလည်း ဝယ်ပြီးခြမ်းပြီးဖြစ်နေပြီ၊ ဒါကြောင့် ကျော်စိုးကိုပဲ လွှတ်လိုက်ရတယ် ဟုဆက်ပြောသည်။ သူမတို့ မောသွားသည်။ ဦးလေးသက်သာရဲ့လားအန်တီဟု နှုတ်သွက် သောမူမူက မေးသည်။ သက်သာပါတယ်။ နောက်တပတ်ဆို အလုပ်ဆင်းနိုင်ပါပြီ၊ ဒဏ်ရာမပြင်းလို့တော်သေးတာပေါ့၊ ခုတော့နားမှ ဖြစ်မယ်လေဟု ကျော်စိုးအမေက သက်ပြင်းချကာဆိုသည်။ ဘာမှဆက်လုပ်စရာမရှိတော့သော သူမတို့လည်း ကျမတို့လာသွားတယ်လို့ကျော်စိုးကိုပြောပေးပါ အန်တီဟုဆိုကာနှုတ်ဆက်ထွက်လာခဲ့ကြသည်။

ကုန်စည်များအပြည့်ထည့်ထားသော ပလိုင်းကို လွယ်ပိုးကာ တတောင်တက် တတောင်ဆင်း လျောက်နေမည့် ကျော်စိုးကို မြင်ယောင်ကြည့်မိသည်။ သတ္တုတွင်းအလုပ်သမားများသည် ဝင်ငွေအပို ရရှိရန် တောင်ပေါ်ပလောင်ရွာများသို့ ဈေးသွား ရောင်းကြရသည်။ သူမတို့ကတော့ ခရီးလမ်းကြောင်း အကြောင်းကို ကျော်စိုးပြောပြသလောက်သာ သိလေသည်။ တောင်ဘယ်နှစ်လုံးကျော်ရတယ်ဆိုတာတော့ မမှတ်မိတော့ဘူး၊ သွားတာကလည်း တရွာထဲမှမဟုတ်ပဲ၊ တုံပဲ့ချောင်းဘေး ရောက်အောင် ဆင်းသွားလိုက်၊ ပြန်တက်လိုက်၊ နောက်တခါ တုံပဲ့ချောင်းဘေး ရောက်သွားလိုက်နဲ့ သွားရတာပဲ ဟုဆိုသည်။ မိုးရာသီဆိုရင် သွေးဆာနေတဲ့ကျွတ်ကြီးတွေက ခြေသံကြားတဲ့ဆီ ခေါင်းတထောင်ထောင်နဲ့ လာကြတာဟုပြောတော့ သူမတို့တတွေ အသည်းတယားယား ဖြစ်ရသည်။ နွေရာသီမှာတော့ သစ်ရွက်ခြောက်တွေပေါ် နင်းလိုက်ရင် ခြတောက်သံ ကြားရတတ်တယ်။ ခြတောက်သံ ဟုတ်လားဟု တအံ့တသြဖြစ်သော သူမကို သစ်ရွက်ကိုအပ်ဖျားကလေးနဲ့ အသာလေး တောက်ကြည့်၊ အဲဒီအသံမျိုး တဆက်ထဲ ပေငါးဆယ်လောက်အထိ ကြားရတယ်ဟု ဆိုကာ လုပ်ပြဖူးလေသည်။ မူမူက ခြတွေက မိုင်းတူးသမားတွေလိုပဲနေမှာဟု ပြောကာ တခိခိရယ်လေသည်။  သူပုန်တွေနဲ့ မတွေ့ဘူးလားဆိုတော့ ပလောင် တွေက သဘောကောင်းပါတယ်ဟု ဖြေသည်။

သူမတို့ငယ်ငယ်တုန်းကတော့ တောင်ပေါ်ကပလောင်တွေ လီရှောတွေ ဈေးလာရောင်းတာ ဈေးလာဝယ်တာ မကြာခဏ တွေ့ဖူးသည်။ လားတွေနှင့်လာတတ်သည်။ သူမတို့တွေကတော့ အမျိုးသမီးများတွင် ဝတ်ဆင်ထားတတ်သည့် အမြီးလို ပန်းဖွားကြိုးများကို စိတ်အဝင်စားဆုံးဖြစ်သည်။ အဲဒီကြိုးတွေကိုမဆွဲရဘူးတဲ့၊  ဆွဲရင် ယူရတာတဲ့ဟု ကလေးအချင်းချင်း ပြောတတ်ကြလေသည်။ နောက်ပိုင်းမှာတော့ သူတို့တွေ အလာနည်းသွားပြီး ဘော်တွင်းမှ ဈေးရောင်းသွားသူတွေသာ တဖြည်းဖြည်းများလာခဲ့လေသည်။

ကျော်စိုးတို့က ဆင်းရဲတယ်နော်ဟု သူမကပြောရာ မူမူက ဟယ်၊ ဒီဘော်တွင်းမှာ ဘယ်သူက ချမ်းသာလို့တုန်းဟဲ့ ဟု အော် လေသည်။ ဟုတ်သည်။ ဘော်တွင်းမှာက ဝန်ထမ်းတွေချည့်၊ ကုန်သည် ပွဲစားရယ်လို့ မရှိ။ ရှိသည့်ကုန်စုံဆိုင်တွေ၊ ဈေးဆိုင် တွေကလည်း ဝန်ထမ်းတွေကိုသာ အားကိုးရလေရာ၊ လဆန်းရက်များတွင်စိုပြေလျက် လကုန်ရက်များတွင် ခြောက်ကပ် ကပ်သာ။ သူမတို့ပင် အရာရှိငယ်အဖေနှင့် သူနာပြုဆရာမအမေတို့၏ နှစ်ယောက်လခကြောင့် ကြွေးမတင်ရုံ နေနိုင်ခြင်းဖြစ် သည်။ မူမူတို့သည်လည်း အဖေကအရာရှိကြီးဖြစ်ပေမဲ့ မောင်နှမတွေ အများသားမို့ လောက်ငအောင် မနည်းနေထိုင်ရ သည်သာ။ အပိုဝင်ငွေရစရာရယ်လို့လည်း မရှိလေတော့ မူရင်းဇာစ်မြစ်က ချောင်လည်သူ မဟုတ်လျှင် အားလုံး အတူတူ ချည့်ပင်။

နောက်နေ့ကျောင်းကိုရောက်တော့ ကျော်စိုးက စာကူးပေးပါဟုဆိုကာ စာအုပ်များအကြားတွင် အော်တို စာအုပ်လေးတခု ကြားညှပ်ကာပေးလေသည်။ ဆယ်တန်းပြီးရင် တွေ့ရဖို့မလွယ်တော့ဘူးလေဟာဟု ရှက်အန်းအန်းဖြင့် ပြောသည်။ မူမူကိုရော ရေးခိုင်းလိုက်မယ် ဟုသူမပြန်ပြောတော့ ဟင့်အင်း၊ ဒါက နင်တယောက်ထဲရေးဖို့ မူမူ့ကိုမပြောနဲ့ ဟုပြောသည်။ ထိုအခါမှ သူမ ရှက်သွားမိသည်။ နင်ကလဲ ဟုဆိုကာ စာအုပ်ကိုအသာယူလိုက်သောသူမကို ကျော်စိုးက ပြုံးလျက် တအုပ် လုံး အပြည့်ရေးနော်ဟုပြောကာ ပြန်လှည့်ထွက်သွားလေသည်။ စာအုပ်ကိုဖွင့်ကြည့်လိုက်ရာ နှစ်မျက်နှာထဲသာ အလွတ်ရှိ သည်ကို တွေ့ရသည်။ ကျန်သည့်စာမျက်နှာတွေက ကျော်စိုးလက်ရေးတွေအပြည့်။ လက်စသတ်တော့ ကောင်စုတ်က ငါ့ကို စာပေးသွားတာကိုးဟု ရေရွတ်မိသည်။ မူမူလျောက်လာသည်ကိုမြင်၍ စာအုပ်ကလေးကို လွယ်အိပ်ထဲ အမြန်ထည့်လိုက် ရလေသည်။

“နွေကျောင်းပိတ်တုန်းက နင်တို့အိမ်အောက်လမ်းက စာအုပ်ဆိုင်ကို နေ့တိုင်းလို ရောက်ဖြစ်တယ်။ သူငယ်ချင်းဆိုင်ဆိုတော့ စာအုပ်ငှားပေး၊ စာအုပ်ချုပ်ပေး။ စာဖတ်ပေါ့။ ရှစ်တန်းတုန်းက ကျူရှင်သွားရင်ဒီလမ်းလေးကဖြတ်နေကျ။ ဆိုင်ရှေ့က ဖြတ် လျောက်ပြီး ရှေ့ကိုက် ငါးဆယ်လောက်ရောက်ရင် အပေါ်လမ်းနဲ့ဆုံတယ်။ လမ်းဆုံပေါ့။ တနေ့တာရဲ့ အပျော်ဆုံးအချိန်တွေက ဒီလမ်းဆုံလေးမှာစတာ။ လမ်းဆုံဆိုသလိုပဲ ဒီနေရာလေးမှာ သူအချစ်ဆုံး သူငယ်ချင်းနဲ့ အတူကျူရှင်သွားတယ်။

ကျူရှင်ရောက်ရင် သူငယ်ချင်းနဲ့ခုံချင်းရှေ့နောက်ထိုင်ရတယ်။ ဆရာစာသင်လို့ကောင်းနေချိန်ဆို နောက်ကနေ သူခြေထောက်ကိုတို့ပြီးလှမ်းစမိတယ်။ နှစ်ခါလောက်စလိုက်ရင် သူစိတ်တိုလာပုံပဲ။ ဆတ်ခနဲနောက်ကို လှည့်ကြည့် လိုက်ရင် လူကိုခြေ ဖျားလက်ဖျားတွေ အေးသွားတာပဲ။ ကျူရှင်ချိန်ပြီး လို့ပြန်ကြတဲ့အခါ တနေ့တာရဲ့ အပျော်ဆုံးအချိန်စခဲ့ရာ လမ်းဆုံနေရာ ပြန်လျောက်ရတယ်။ ရောက်ခဲ့ပါပြီ။ လမ်းဆုံပေါ် ဖြတ်သွားဖြတ်လာလူတွေများခဲ့ပေမဲ့ သူတို့အတွက်ထူးခြား မှုမရှိ။ ငါ့ အတွက်တော့ ဘာလို့များ လမ်းခွဲဖြစ်သွားပါလိမ့်”။

ခပ်သော့သော့လက်ရေးများကိုကြည့်ရင်း သူမစာအုပ်ကိုပိတ်လိုက်သည်။ ပြီးတော့ သေတ္တာကိုဖွင့်ကာ အဝတ်တွေ၏ အောက်ဆုံးသို့  စာအုပ်ကလေးကိုထိုးထည့်လိုက်သည်။ ကျော်စိုးကိုတော့ အဆင်ပြေသလိုပဲ ပြန်ပြောလိုက်တော့မည်။ ဒီနှစ်က ဆယ်တန်းမဟုတ်လား။

ငါနင့်စာအုပ်လွှင့်ပစ်လိုက်ပြီ၊ နင်လည်း စာကြိုးစား၊ ဟိုဟိုဒီဒီ လျောက်တွေးမနေနဲ့ဟု ခပ်ဆတ်ဆတ် ပြောလိုက်ပြီး သူမ စာသင်ခန်းထဲဝင်ခဲ့သည်။ ကျော်စိုးတို့ လိုင်းခန်းကလေးကို မြင်ယောင်သည်။ မူမူတို့ အိမ်ကြီးကိုပြန်တွေးသည်။ ကျော်စိုးကို ခင်တာက ခင်တာပဲ။ မူမူတို့အိမ်ကြီးမျိုးကို ကျော်စိုးရောက်အောင် ကြိုးစားလျှင်တော့… ။ သူမခေါင်းကို ခါယမ်းကာ စာအုပ် ကိုဖွင့်လျက် ရေသည်ပြဇာတ်ကို ဖတ်နေလိုက်သည်။ ခါးစည်းဝတ်လဲ ချုပ်စပြဲကို တည်းအပ်နှင့်တွယ် …
အဲဒီနှစ်က ကျော်စိုးစာမေးပွဲကျလေသည်။
…………..

ချောင်းကူးတံတားကလေးပေါ်တွင် ရပ်တန့်ရင်း လမ်းကလေးကို ငေးကြည့်နေမိသည်။ လမ်းကလေးသည် ကျဉ်းကျဉ်း ကလေး၊ တိုတိုကလေး။ သူမ ရပ်နေသော တံတားကလေးသည်လည်း သေးသေးကလေးပါပဲ။ သည်လမ်းကလေးပေါ် လျောက်ခဲ့ကြစဉ်က သူမတို့တွေ အရွယ်ငယ်ငယ်ကလေးတွေပဲရှိသေးသည်။

လမ်းကလေးအတိုင်း စိတ်ကူးဖြင့်လျောက်ကြည့်နေမိသည်။ ကျူရှင်မှအပြန် ဘူတာမှ သံလမ်းများကို ကျော်ခွပြီး ကားလမ်း ကျဉ်းကလေးကို ဖြတ်လိုက်လျှင် ချောင်းနံဘေးကိုရောက်သည်။ ချောင်းကိုကူးသော လူကူးတံတားသေးသေး ကလေးကို ဖြတ်သည်။ ပြီးတော့ ကားတစီးသာ သွားသာသော လမ်းကလေးအတိုင်း လျောက်သည်။ လမ်းကလေး၏ ဘယ်ဖက်တွင် ချောင်းကလေးသည် စီးဆင်းလျက်။ တံတားကလေးမှ ခြေလှမ်းငါးဆယ်ခန့်အကွာ လမ်းကလေး၏ ညာဖက်ဘေး လေး ပေအမြင့်ခန့်တွင် မဲမှောင်နေသော အိမ်နှစ်လုံးသည် ခပ်ကုပ်ကုပ်နှင့်ငြိမ်သက်နေသည်။ ပထမအိမ်သည် သတ္တုတွင်း အရာရှိ တဦး နေထိုင်ရန်ဖြစ်ပြီး ဒုတိယအိမ်သည် ဆေးရုံမှ လက်ထောက်ဆရာဝန်နေထိုင်ရာဖြစ်သည်။ ဆရာဝန် အိမ်ရှေ့တွင် အလံတိုင်တခုရှိသည်။ ပြီးလျှင် တောင်ပေါ်မှ ဆင်းလာသော ရေမြောင်းကလေးကို သစ်သားလေးငါးချပ်ဖြင့် ဖုံးအုပ်ထားသည့် မြောင်းဖုံးကလေး။ ထိုမြောင်းဖုံးကလေးကို ကျော်ပြီး အနည်းငယ်ကွေ့လိုက်ပြီးလျှင် လမ်းခွဲ။ သူပြောသည့် လမ်းခွဲ။ ဆေးရုံသို့ ဦးတည်သည့် ကားတစီးသွားသာရုံ လမ်းကလေးနှင့် ဈေးဘက်သို့သွားနိုင်သည့် လူသွားလမ်းကလေး အဖြစ် အပေါ်လမ်းနှင့် အောက်လမ်းဟု ခေါ်သည့် လမ်းခွဲ။ လမ်းနှစ်ခုသည် အကွာအဝေးအားဖြင့်  ဝေးမသွားသော်လည်း အနိမ့်အမြင့် မတူတော့။ အောက်လမ်းနှင့် အပေါ်လမ်းသည် နှစ်ပေ၊ သုံးပေ၊ လေးပေမှ ရှစ်ပေ၊ ဆယ့်နှစ်ပေခန့်အထိ တဖြည်းဖြည်း အနိမ့်အမြင့် ကွာခြားသွားသည်။ စကပ်၊ တခါတရံ ထမီကို ဖိုသီဖတ်သီဝတ်ထားတတ်သော ကောင်မလေးသည် အပေါ်လမ်းအတိုင်း လျောက်သွားပြီး မလေးရှားပုဆိုးကွက်ကြီးကို တရွတ်တိုက် ဝတ်ထားတတ်သည့် ကောင်လေးသည် အောက်လမ်းအတိုင်းလျောက်သွားပုံကို ခပ်ရေးရေး (သို့သော်လည်း) ထင်ထင်ရှားရှား ပုံဖော်မြင်ယောင်ကြည့်နေမိသည်။ တံတားအောက်က ချောင်းရေသည် တဝေါဝေါအသံပေးလျက်။ အော်၊ ရေတွေစီးဆင်းသွားခဲ့ပြီပဲ။

ခေတ်တွေအလီလီပြောင်းခဲ့ပြီး ဘော်တွင်းမိုင်းအလုပ်ရပ်သွားတော့ ဝန်ထမ်း၊ အလုပ်သမား အများအပြားသည် ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့သွားကြသည်။ ကျော်စိုးသည်လည်း ဘယ်ဆီဘယ်ဝယ်ရောက်လေပြီမသိ။ ပြန်ဆုံခွင့်ရရင်တော့ ကျော်စိုးကို အားကောင်းသော၊ သိပ်သည်းသော၊ တိုးတိတ်သော၊ လျို့ဝှက်သော၊ ပုံးကွယ်နေသော သူမရင်ထဲမှ ခြတောက် သံအကြောင်း ပြောပြချင်ပါသေးသည်။ ခုတော့ နီညိုရောင်ဂိတ်ကြီးမှ ကြိုးတွေသည် ရပ်တန့်လျက်။ မြေဝါဝါ တွေပေါ်နေသော ကွာရီတောင်ပေါ်တွင် ယန္တယားအိုများ  ငြိမ်သက်လျက်။ သတ္တုသန့်စင်စက်ရုံသည် ယိုယွင်းလျက်။ မိုင်းသာပေါက်ဝတွင်ခြုံနွယ် များပိတ်ဖုံးလျက်။  ဝန်ထမ်းအိမ်ယာ တော်တော်များများသည် နေထိုင်သူကင်းမဲ့လျက်။

ခြတောင်ပို့သည် ဟောင်းခဲ့ပြီဖြစ်၍ ခြတောက်သံတို့လည်း ဆိတ်သုဉ်းခဲ့လေပြီ။

လွင် (ဘော်တွင်း)
0