မေတ္တာကွန်ရက်အဖွဲ့ မှ လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းသို့ ဆယ်သိန်းကျပ် လှူ



မေတ္တာကွန်ရက်အဖွဲ့ မှ လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းသို့  ဆယ်သိန်းကျပ် လှူ
ကိုကိုကိုလတ်၊ ၂၃ စက်တင်ဘာ ၂၀၁၈ (မိုးမခ)

အမေရိကားနှင့် ကနေဒါမှ စေတနာတူသူများ စုပေါင်းဖွဲ့စည်းထားသည့် မေတ္တာကွန်ရက်အဖွဲ့မှ လူရည်ချွန်
ကုသိုလ်ဖြစ်ဆေးခန်းသို့ စက်တင်ဘာ ၈ ရက်နေ့က  အလှူငွေ ၁၀ သိန်းကျပ် လှူဒါန်းခဲ့ပါသည်။

မေတ္တာကွန်ရက်အဖွဲ့မှ ဒုတိယအကြိမ် ထုတ်လုပ်ဖြန့် ချိသည့် ကဗျာဆရာ ကျော်ဟုန်း၏ ( မူလဇာစ်မြစ် ယဉ်ကျေးမှု ရှာပုံတော်ဖွင့်ခဏ်း) စာအုပ်ရောင်းရငွေ ၁၀ သိန်းကျပ်ကို ဦးကျော်မိုးလွင်၊ ဒေါ်ထိုက်စုကြည် တို့မှတဆင့် လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ ဒေါက်တာ ဦးခင်မောင်ထွေးထံသို့ ဆေးခန်းအတွက် လိုအပ်သည့်နေရာတွင် အသုံးပြုရန်အတွက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရပါသည်။

ကဗျာဆရာကျော်ဟုန်းမှ ထိုသို့လှူဒါန်းနိုင်အောင် ကူညီခဲ့ကြသော စာအုပ်ဖြစ်မြောက်ရေးကူညီသူ ကာတွန်းမောင်ရစ် (မိုးမခ စာတည်းချုပ်)၊ ကိုဈာန်-DVB၊ ကျော်ဟုန်းနှင့် မေတ္တာကွန်ရက်အဖွဲ့ကိုလည်းကောင်း၊ စာအုပ်ကို အခမဲ့ကြော်ငြာပေးသည့် မိုးမခမီဒီယာ၊ မြန်မာ့ဂဇက်သတင်းစာနှင့် နေရာတကာဂျာနယ်ကိုလည်းကောင်း၊ ဓာတ်ပုံရိုက်ပေးကြသူများဖြစ်သော ကိုအောင်ထက်- DVB၊ ကိုဈာန် - DVB၊ ကိုကိုကိုလတ်၊ နှင်းစုကြည်နှင့် ရန်နောင်- ဗိုလ်တထောင်တို့ ကို
လည်းကောင်း၊ အတွင်းသရုပ်ဖော်အတွက် ကိုအောင်ထက်၊ အိုင်ကွန် အိတ်ခ်ျ၊ ကာတွန်း သီဟ(စခန်းသစ်)၊
ကဗျာဆရာ မင်းညွန့်လှိုင်၊ ကိုကိုကိုလတ်နှင့် ကာတွန်း ထိပ်ထားလေးတို့ကိုလည်းကောင်း၊ အတွင်းစာစီ နေကြယ်နှင့် မျက်နှာဖုံး Moe Z Dzai ၊ မအားလပ်သည့်ကြားမှ သွားရောက်လှူဒါန်းပေးသူ ဦးကျော်မိုးလွင်၊ ဒေါ်ထိုက်စုကြည်တို့ကို အထူးကျေးဇူးတင်ကြောင်းနှင့် ဤကောင်းမှုအတွက် သာဓုခေါ်ရန် ပြောကြားခဲ့ပါသည်။

မေတ္တာကွန်ရက်အဖွဲ့မှလည်း ဤစာအုပ်ကို ကူညီဖြန့်ချိပေးခဲ့ကြသော အမေရိကားမှ ဆရာတော် ဦးကုသလ(ဇေတဝန်ကျောင်းတိုက်)၊ ကိုဘိုဘို(ဝင်းဘို)၊ ခွန်ထွန်းကျော်၊ စောဌေးအောင်၊ စောဘိုလုကု၊ ကိုသန်းထွန်းအောင်၊ ကိုဇော်ခနိုင်၊ ကိုမောင်မောင်သိန်း၊ ကနေဒါမှ ကိုတင်နွယ်၊ ကိုတင်ကိုကို၊ ကိုဌေးအောင်၊ ကိုထွန်းထွန်းဦး၊ ကိုတင်ထွန်း၊ ကိုမြင့်ဝေ၊ ကိုဂွတို၊ အင်ယု၊ မေသူမြင့်မြင့်တို့နှင့် စာအုပ်ဝယ်ယူ ဒါနပြုကြသူ အမေရိကားနှင့်ကနေဒါမှ မြန်မာမိတ်ဆွေအားလုံး၏ အလှူသာဖြစ်၍ ဝမ်းမြောက်စွာ သာဓုခေါ်ပါရန် ပြောကြားခဲ့ပါသည်။

မေတ္တာကွန်ရက်နှင့် ကဗျာဆရာကျော်ဟုန်းတို့မှ စာအုပ်ထုတ်ဖြန့်ဝေပြီးတိုင်း အနည်းဆုံး ၁၀ သိန်းကျပ် လှူဒါန်းနိုင်ရန် လျာထားကြောင်း၊ လှူဒါန်းမှုကို မြန်မာပြည်တွင်းရှိ လူမှုရေးလိုအပ်ချက်ဖြစ်သော

၁) မိဘမဲ့နှင့် ဆင်းရဲနွမ်းပါး ကလေးများ၏ ပညာရေး ကူညီနေသည့် ပရဟိတအဖွဲ့များ၊
၂) ဆင်းရဲနွမ်းပါး လူနာများအတွက် ကူညီကုသပေးသော ပရဟိတကျန်းမာရေးအဖွဲ့ များ
၃) မှီခိုမဲ့ ဘိုးဘွားများကို စောင့်ရှောက်သည့် ပရဟိတအဖွဲ့များသို့ စုံစမ်း၍ အလှည့်ကျပေးပို့ လှူဒါန်းနိုင်ရန်
ရည်ရွယ်ထားကြောင်း ပြောပါသည်။

လူရည်ချွန် ကုသိုလ်ဖြစ်ဆေးခန်းသည် အနယ်နယ် အရပ်ရပ်မှ ဆေးဝါးကုသစရိတ်မတတ်နိုင်သူ လူနာများ၏ အထွေထွေရောဂါများကို အခမဲ့ကုသပေးနေသည့်အပြင် ဘီပိုး၊ စီပိုး အသည်းရောဂါများကို စောင့်ကြည့် စစ်ဆေးပေးခြင်း၊ ကင်ဆာရောဂါများကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကု ရောဂါများကိုလည်း ဝိတိုရိယဆေးရုံဖြင့် ချိတ်ဆက်ကာ အခမဲ့ကုသပေးနေသော ဆေးခန်းဖြစ်ကြောင်း သိရပါသည်။ ၎င်း လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းမှာ ၆၄/၈၈ လူရည်ချွန်ဖြစ်ခဲ့သည့် ဆရာဝန်ကြီးများစုပေါင်းဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ပြီး အဖွဲ့ဝင် ဆရာဝန်နှင့်သမားတော် အထူးကုများက ပညာဒါန၊ ငွေအလှူဒါနတို့ပါ ထည့်ဝင်၍ ကုသပေးနေကြောင်း သိရပါသည်။

လူရည်ချွန် ကုသိုလ်ဖြစ်ဆေးခန်းသည် ကျန်စစ်သားလမ်း၊ အောင်ဇေယျမြို့ တော်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့၌ တခုတည်းရှိသော အထွေထွေရောဂါ အခမဲ့ကုဆေးခန်းဖြစ်သည်။

အနယ်နယ် အရပ်ရပ်မှ အလှူရှင်များလှူဒါန်းမှု၊ လူနာရှင်တို့၏ သဒ္ဓါကြေးအလှူ၊ ဆရာဝန် သူနာပြုများ၏ အဖွဲ့ဝင်ကြေးတို့ဖြင့် လည်ပတ်နေသည်မှာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း ၊ ယခုအခါ ဆေးခန်းမြေနေရာ ဝယ်ယူနိုင်ရေးပါ ကြိုးပမ်းနေစဉ်ကာလဖြစ်၍ စေတနာရှင်များကလည်း အထက်ပါလိပ်စာအတိုင်း လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းသို့ ဆက်သွယ် လှူနိုင်ပါကြောင်း မေတ္တာကွန်ရက်အဖွဲ့ မှ တိုက်တွန်းလှုံ့ ဆော်ထားကြောင်း သိရပါသည်။ ။

Comments