ခင်ဇော်မိုး ● မြို့တမြို့အလွမ်း

 ခင်ဇော်မိုး ● မြို့တမြို့အလွမ်း
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၈

လူတိုင်းမှာ စူးရှနာကျင်စွာ လွမ်းရတဲ့ အကြောင်းအရာတစ်ခု ဒါမှမဟုတ် တခုထက် ပိုပြီးလည်း ရှိချင်ရှိတတ်ပါလိမ့်မယ်။ အခုလို ကောက်ချက်ချလိုက်ကတည်းက ကျွန်မဆီမှာ နင့်နေအောင်လွမ်းရတဲ့အကြောင်းအရာရှိပါတယ်လို့ဝန်ခံချင်နေကြောင်း စာဖတ်သူသိပြီးသားဖြစ်နေလောက်ပါပြီ။ ဟုတ်ပါတယ်။ ကျွန်မ အော်ဟစ်ပေါက်ကွဲ ပစ်ချင်နေသည်ထိ အလွမ်းတွေ ပြည့်သိပ်ကြပ်ခဲနေတာ။ ဒီမြို့ကလေးမှာ တချိန်က ကျွန်မရဲ့ပျော်ရွှင်မှုတွေ ကိန်းဝပ်ခဲ့ဖူးတယ်။ ကျွန်မရဲ့ရယ်မော သံတွေ၊ ငိုရှိုက်သံတွေ ဒီမြို့ကလေးမှာ အသေအချာ ရှိခဲ့တာပါ။ မမျှော်လင့်ဘဲ ဒီမြို့ကလေးထဲ ခေတ္တခဏ ရောက်ခဲ့ တဲ့အခါ အရာရာဟာ သူစိမ်းဆန်လွန်းနေတယ်။ ပြန်လည်မွမ်းမံထားတဲ့၊ ကတ္တရာစေးတွေသုတ်လိမ်းထားတဲ့ လမ်းမကြီးကလည်း ကျွန်မကို မသိတော့သလိုပါပဲ။ ပြင်ဆင်ခြယ်သထားတဲ့ စတိုးဆိုင်တွေကလည်း ဟန်အပြည့် မာန်အပြည်နဲ့ ခပ်စိမ်းစိမ်းပါပဲ။ ကတ္တရာလမ်းက စိမ်းစိမ်း။ အရင်က ခြေရာထပ်အောက်သွားခဲ့ဖူးတဲ့ စတိုးဆိုင်တွေက ခပ်စိမ်းစိမ်း။ ဒီတော့လည်း အရာ ရာဟာ ဝမ်းနည်းသိမ်ငယ်စရာ ဖြစ်နေသလားပါပဲ။

တစုံတဦးကို ဒါမှမဟုတ် တစုံတခုကို မွတ်သိပ်စွာလွမ်းမိတဲ့အခါ အားလုံးဟာ အကြောင်းအရာကွဲပြားခြားနားစွာနဲ့ လွမ်းဆွတ်နေကြမှာပဲလို့မှတ်ယူရင်း ကျွန်မကိုယ်ကျွန်မ နှစ်သိမ့်လိုက်ရတာပေါ့။ ကျွန်မ ဒီမြို့ကလေးပေါ်ကအကြောင်းအရာတွေကိုလွမ်းဆွတ်သတိရနေသလို၊ အဝေးရောက်နေသူက ကိုယ့်ဇာတိ၊ ကိုယ့်မြို့၊ ကိုယ့်ရွာ ကလေးကို လွမ်းကြရသူတွေ ရှိမှာပါပဲ။

မြို့အထွက် လမ်းဟာ ဘာ့ကြောင့်ဝမ်းနည်းမှုတွေ ပြည့်သိပ်နေရတယ်ဆိုတာ တဦးတယောက်ကို မေးပစ်ချင်လောက် အောင်ပါပဲ။ စိတ်အလိုကျသာ လိုက်လျောပစ်ရရင် ဆိုင်ကယ်ကိုရပ်ပြီး ရွက်ဝါတွေအဆက်မပြတ်ကြွေလွင့်နေတဲ့သစ်ပင်တပင်အောက်မှာ ခဏဖြစ်ဖြစ် ငိုလိုက်မိမှာ။ အဲဒီလိုမျိုး ရေရာမှုအတိအကျမရှိတဲ့ လွမ်းဆွတ်နှမြော ခြင်းမျိုး ဖြစ်ဖူးကြပါသလား။ ကတ္တရာလမ်းဘေးနှစ်ဖက်က ပုပြတ်ပြတ်သစ်ပင်ငယ်အချို့ကလည်း ကျွန်မစိတ်တွေလို နွမ်းရော်နေတယ်။ ဖေဖော်ဝါရီလ ဆန်းရောက်နေပြီမို့ လေရူးတွေလည်း ဝေ့တိုက်နေပြီဖြစ်ဖြစ်သလို မြူ ကလည်း မှုန်လိုဟန်နဲ့။ ဘာရယ်မသိဘူးရှည်လျားတဲ့မြို့အထွက်လမ်းကြီး ကုန်ဆုံးမှာကိုလည်း ကျွန်မ နှမြောလာမိပြန်တယ်။

တကယ်ဆိုရင် ဒီလောက်လွမ်းဆွတ်ဖို့ကောင်းလွန်းတဲ့ နေရာမှာ ကျွန်မ စိတ်လိုလက်ရ လွမ်းဆွတ်ငေးမောနေချင်တယ်။ လမ်းတဖက်က သစ်ရွက်ဝါတွေက မြေပေါ်  မကြွေဘဲ လမ်းတဖက်ဆီကို ဖြတ်ပြီးမျောလွင့်နေကြတယ်။ ကျွန်မဆိုင်ကယ်ကို ရပ်တန့်ပစ်ပြီး စကားတခွန်းမှမဆိုဘဲ မွတ်မွတ်သိပ်သိပ်ငေးမောပစ်လိုက်ရင် ခရီးသွား အဖော် သူငယ်ချင်းမလေးက အရူးတယောက်ကို ကြည့်သလို ကျွန်မကိုကြည့်ရှာမှာပဲ။

ဒီနေရာမှာ ဆရာမောင်သာနိုးရဲ့"တောမှော်ရုံလမ်း" စာအုပ်ကလေးထဲက ကဗျာဆရာ ရောဘတ်ဖရော့စ်ရဲ့ "မိုးနှင်းကျ ညနေခင်း တောတန်းနဘေးရပ်မိခြင်း" ဆိုတဲ့ ကဗျာတပုဒ်ကို သွားပြီးသတိရမိတယ်။ အဲဒီကဗျာလေးကိုလည်း တိုးတိုးရွတ် လိုက်မိတယ်။ ကဗျာလေးက ....

ဘယ်သူ့တောတန်းလဲ ငါသိတယ် ထင်ပါတယ်၊
သူ့အိမ်ကတော့ ရွာထဲမှာပါပဲ။
နှင်းဖွေးဖွေး သူ့အပင်တွေကိုကြည့်ရင်း
ဒီမှာ ငါ ရပ်နေတာကိုတော့ သူမြင်မှာမဟုတ်ဘဲ။

နှစ်ရဲ့ အမှောင်ဆုံးညနေခင်းမှာ၊
ရေခဲ ရေအိုင်နဲ့ တောတန်းရဲ့အကြား၊
အနီးအနား လယ်သမားအိမ်လဲမရှိဘဲ ရပ်နေတာ၊
ဆန်းတယ်လို့ ငါ့မြင်းခမျာ၊ ထင်ရှာရော့လား။

ဟုတ်မှဟုတ်ရဲ့လား၊ မေးလိုဟန်ထင်ရဲ့၊
သူ့ခမျာ ကကြိုးခြူလေးတွေ လှုပ်ရှာတယ်။
တခြားအသံဗလံဆိုလို့ ပေါ့ပါးပါးလေနဲ့
ငှက်မွှေးလို မိုးနှင်းတို့ လွင့်မျောသံပဲရှိတယ်။

ညို့ဆိုင်း၊နက်ရှိုင်း၊ တောတန်းကဖြင့် လှပေသား။
ဒါပေမဲ့ ငါ့မှာတည်ရမယ့် ကတိတွေနဲ့ပါလား။
မအိပ်ခင် သွားရဦးမယ့် ခရီးမိုင်တွေနဲ့ပါလား။
မအိပ်ခင် သွားရဦးမယ့် ခရီးမိုင်တွေနဲ့ပါလား။  ။

ကဗျာလေးက ရိုးရှင်းလှပတယ်။ ကဗျာဆရာရဲ့ဖော်ကြူးပြလိုမှုက ကွင်းဆက်ထိထိမိမိ။ သေသေသပ်သပ်။

လွမ်းဆွတ်ခြင်းဟာ ဘယ်လောက်လှပသလဲ။ လွမ်းဆွတ်ရခြင်းဟာ သိမ်ငယ်စရာမဟုတ်ပါဘူးလို့ ကျွန်မ တီးတိုးဆိုမိတယ်။ ကဗျာဆရာ ရောဘတ်ဖရော့စ်လိုပဲ ကျွန်မ လည်း လွမ်းမိတာပဲမဟုတ်လား။ သေချာတာတော့ ကဗျာဆရာကိုအားကျပြီး ကျွန်မလိုက်လံရှာဖွေလွမ်းမိတာမဟုတ်ဘူး။ ကျွန်မအလွမ်းဟာ ကဗျာဆရာနဲ့ထပ်တူကျ တာမျိုး၊ ကဗျာဆရာက ကျွန်မအတွက်ဖွဲ့ဆိုထားတာမဟုတ်ပေမယ့် ကျွန်မကို ထေ့ငေါ့ရေးဖွဲ့လိုက်သလိုပါပဲ။

ကျွန်မလည်းပဲ ကဗျာဆရာရောဘတ် ဖရော့စ်လို ခဏပဲဖြစ်ဖြစ်ငေးမောချင်မိသား။

ဒါပေမဲ့ ကဗျာဆရာလိုပဲ သွားရမယ့်ခရီးမိုင်တွေနဲ့။ ကျွန်မလွမ်းဆွတ်နေမိတဲ့ အကြောင်းအရာတွေနဲ့အတူ တဦးတယောက်ဟာ ကျွန်မလွမ်းနေကြောင်းသိမှာ မဟုတ် ပေမယ့် ကဗျာဆရာလိုပဲ ကျွန်မဟာ လိုလိုလားလားလွမ်းဆွတ်နေချင်သေးတဲ့ သူပေါ့။ ပြီးတော့ ကျွန်မဝန်းကျင်မှာ ကဗျာထဲကလို လေတိုးသံနဲ့ ငှက်မွှေးလို နှင်းမြူလွင့် သံတို့မဟုတ်ဘဲ  အင်ဂျင်အော်သံတွေနဲ့ဟူးဟူးရားရား လေဝေ့သံတွေနဲ့ပေါ့။ နောက် ကကြိုးခြူလေးကိုလှုပ်မယ့် မြင်းကလေးမပါရှိပေမယ့် ကျွန်မလွမ်းဆွတ်နှမြောခြင်း တွေကို နားလည်နိုင်ခြင်းမရှိရှာတဲ့ သူငယ်ချင်းမလေး ပါရှိတယ်။တရကြမ်း တိုးဝေ့သွားကြတဲ့ လေတွေလို အလွမ်းဟာ ကသောကမျော ခုန်ပေါက်နေတာပဲ။

ကဗျာဆရာ ရောဘတ် ဖရော့စ်ဟာလည်း လွမ်းဆွတ်ခြင်းမှာ စိတ်ကျေနပ်တဲ့ထိ လွမ်းခွင့်မရရှာခဲ့ဘူး။ သူက သူ့မြင်းကလေးရဲ့စိတ်ခံစားမှုအမြင်ကို အလေးထားပြီး ကျွန်မကတော့ သူငယ်ချင်းမလေးရဲ့ စိတ်ခံစားမှုအမြင်ကို ထည့်တွက်စဉ်းစားခဲ့ရတယ်။
ပြီးတော့ အတွေးနဲ့လွမ်းဆွတ်နေရင်း သက်ပြင်းတွေကို လေပြင်းတွေထဲ ရောထုတ်ချလိုက်ရခြင်းကိုပဲ စွမ်းသာခဲ့တယ်။

အလွမ်းနဲ့ဆက်စပ်ပြီး အလွမ်းတွေပြည့်သိပ်နေတဲ့ ကျွန်မမိတ်ဆွေတွေကိုလည်း သတိရလာတယ်။ လွမ်းပုံ၊ နှမြောပုံချင်းတော့ ဘယ်ထပ်တူကျမလဲ။

မိတ်ဆွေတယောက်ဆိုရင် ကျောင်းသားဘဝ၊ ကျောင်းသားသပိတ်မှာ တောခိုရင်း ပြည်ပကိုရောက်သွားခဲ့သတဲ့။ ပြန်ခွင့်ရချိန်ကို လည်တဆန့်ဆန့်၊ စိတ်အားတင်း လို့ မျှော်ရင်း၊ မိသားစုကိုလွမ်းရင်း၊ နာနာကျင်ကျင် ခက်ခက်ခဲခဲရှင်သန်ခဲ့ကြရသတဲ့။ မြန်မာပြည်ကို လွမ်းရတာ၊ မိသားစုကိုလွမ်းရတာ၊ ပွဲတော်တွေကိုလွမ်းရတာ၊ သူငယ်ချင်းတွေကိုလွမ်းရတာ ဘဝမှာ အကောင်းဆုံးသော ရသအပိုင်းအစတွေဖြစ်ပါသတဲ့။

အလွမ်းကို၊ လွမ်းရတာကို စွဲလမ်းနေတတ်ပါပြီတဲ့။ လွမ်းရတာဟာပဲ တခါတလေ ပီတိလိုလို၊ ပျော်ရွှင်စရာလိုလို ထင်နေမိတယ်တဲ့။ သူတို့ဘယ်ထိ နာကျင်မှုတွေထဲမှာ အမြစ်တွယ်ခဲ့ရတယ်ဆိုတာ အလွမ်းဟာပြယုဂ်ပဲပေါ့။

ကျွန်မဟာ ကဗျာဆရာ ရောဘတ်ဖရော့စ်လို ညနေခင်းတစ်ခုကို ခဏလေးတောင် ငေးမောလွမ်းဆွတ်ခွင့်မရပေမယ့် ပြည့်သိပ်ကြပ်ခဲခဲ့ရတဲ့ မြို့တမြို့အထွက်က အလွမ်းတွေအကြောင်းကို နှမြောတွန့်တိုတတ်စွာနဲ့ အက်ဆေးတပုဒ်ကိုတော့ အမှတ်တရ ထားခဲ့ချင်ပါသေးတယ်။

ခင်ဇော်မိုး

Comments