မောင်လူပေ - စနေနဂါး


မောင်လူပေ - စနေနဂါး
(မိုးမခ) စက်တင်ဘာ ၂၉ ၊ ၂၀၁၈


ဒီနေ့ စနေနေ့။ မြန်မာ့ရိုးရာယုံကြည်မှုအရ နဂါးနေ့သားသမီးတွေရဲ့နေ့။


စနေနေတက်မွေးတာတို့၊ စနေသားက စိတ်ကြီးတယ်တို့၊ သားဦးစနေတို့ စနေသားသမီးတွေတိုင်း ကြားဖူးကြမည်။ မွေးကင်းစကလေးကို အဖေ ဓားထမ်းပြီးကျော်ရသတဲ့။ မိဘကိုမခိုက်အောင်တဲ့။ အယူသည်းခဲ့ကြသည်။ ယခုခေတ်ရောက်သည့်တိုင် တချို့လည်း အယူသည်းကြဆဲ။


နေ့နံတွေနဲ့ တိရိစ္ဆာန်တွေ တွဲပေးကြတာ ရှေးဟောင်း ဟိန္နူအယူအဆ။ဗေဒင် ဂြိုလ်တိုင်တွေက စေတီတွေပေါ်ရောက်လာတော့ တိရိစ္ဆာန်တွေလည်း ထောင့်တိုင်းမှာ နေရာယူလာသည်။ စနေဂြိုလ်စီးမှာ ကြောက်ကြလေတော့ ဂြိုလ်တိုင်ရှေ့မှာ ပန်းလှူ၊ ဆီမီးထွန်း၊ ယတြာချေ။ ဒါတွေက ဘာသာနဲ့မဆိုင်။ ဗေဒင်ပညာနှင့်သာဆိုင်၏။


နဂါး ဆိုတာ ဒဏ္ဍာရီထဲက ဇာတ်ကောင်။ ဘယ်ခေတ်ထဲက ဖြစ်တည်ခဲ့သည်မသိ။ နိုင်ငံအတော်များများရဲ့ အိပ်ရာဝင်ပုံပြင်များထဲမှာ သူကဇာတ်လိုက်လည်းဟုတ်၊ လူဆိုးလည်းဟုတ်။


လူ့သမိုင်းမှာနဂါးကို အလယ်ခေတ်ကစ၍ ဒဏ္ဍာရီအနေဖြင့် ပြောခဲ့ကြသတဲ့။ မက်ဆိုပိုတေးမီးယားခေတ်အလယ်ပိုင်းက ပုံပြင်တွေမှာလည်း တွေ့ရသတဲ့။ ထိုမှစ၍ တကမ္ဘာလုံးကို နဂါးတွေ ရောက်ရှိခဲ့ဟန်ရှိသည်။


အနောက်နိုင်ငံတွေရဲ့ ပုံပြင်ထဲမှာတော့ နဂါးကခြေလေးချောင်းပါ၏၊ ဦးချိုပါ၏၊ အတောင်ပံတွေလည်းပါ၏။ ပါးစပ်ကမီးလျှံတွေထုတ်နိုင်သည်။ ငှက်နဲ့မြွေကို ရောကျိုထားတဲ့ ဇာတ်ကောင်။ ဂူထဲမှာ ရတနာတွေစောင့်ရတဲ့ ဥစ္စာစောင့်။ မကောင်းဆိုးဝါး။ စိန့်ဟုခေါ်သော သူတော်စင်တွေနှင့် စစ်ခင်းရသူ။


အရှေ့တိုင်းက နဂါးများကား အနောက်တိုင်းနှင့်မတူ။ တရုတ်နဂါး ဆိုလျှင် မြွေထက်အဆများစွာရှည်သူ။ အတောင်ပံမပါသော်လည်း မိုးပျံပြီး ပြဒါးရှင်လုံးကိုဖမ်းနေသူ။ ခြေလေးချောင်းပါတာ၊ ခေါင်းမှာဦးချိုပါတာတူပေမင့် တရုတ်နဂါးက မကောင်းဆိုးဝါးမဟုတ်။ ကံကောင်းစေသော အရာ။ ဒါကြောင့် တရုတ်နှစ်သစ်ကူးလျှင် ကံကောင်းစေရန် နဂါးအက မပါလို့မရ။


မြန်မာ့နဂါးကတော့ မြွေနှင့်ပိုတူသည်။ မြေကြီးထဲမှာ၊ ရေအောက်မှာ နေသည်။ ရိုးရာယုံကြည်မှုကနေ ပုံပြင်ဘဝရောက်လာပုံရ၏။ပုံပြင်တွေထဲမှာ နဂါးမင်းတို့ နဂါးပြည်တို့ နဂါးမတို့ အတော်တွေ့ရသည်။ မြန်မာတို့က နဂါးကို တိရိစ္ဆာန်ထက် တန်ခိုးရှင်ဟု သတ်မှတ်ကြ၏။ တန်ခိုးရှင်ထင်ကြသည်မှာလည်း အဆိုးမဆိုသာ။ စွယ်တော်တောင် နဂါးပြည်မှာတစ်ဆူဟု ယုံကြလေသည်။


မြန်မာပြည်မှနဂါးဖြစ်ရတာ မသက်သာလှ။ လူတွေစိတ်ထင်ရာလုပ်သမျှ ခံရရှာသည်။ မန်းလေးတောင်မှ မြွေကြီးနှစ်ကောင်ပင်လျှင် ရသေ့ကြီးဦးခန္ဓီခေတ်မှစ၍ မဆလတခေတ်လုံး ထုံးသုတ်၍သာ မြွေဖြူဘဝမှာ နေခဲ့ကြရသော်လည်း မည်သည့်ပုဂ္ဂိုလ်က အိပ်မက်ရသည်မသိရပဲ နဂါးဘဝပြောင်းက အစိမ်းရောင်ဖြစ်ခဲ့ရသည်။ ပုဆိုးစိမ်းဝတ်သူများက ယတြာချေတာဟုလည်း ဆိုကြသည်။ နဝတ၊ နအဖခေတ်တွင် မြွေဘဝမှ နဂါးဘဝသို့ ရာထူးတိုးခံခဲ့ရသည်ထင့်။


မြန်မာနိုင်ငံအလယ်ပိုင်းရှိ အလွန်ပူပြင်းရာ မင်းဘူးနယ်ရှိ ရွှံ့မီးတောင်မှာလည်း ရှေးခေတ်လူတွေက မီးတောင်မှန်းမသိကြ၍ နဂါးပွက်သည်ထင်ကာ နဂါးပွက်တောင်ဟု ခေါ်ကြရမှ နဂါးအမည်တွင်ရရှာသည်။ မဆလတခေတ်လုံး ရိုးရိုးသာတည်ရှိခဲ့ပြီး နဝတခေတ်မှစ၍ လုပ်စားသူတို့လက်ရောက်ကာ နဂါးမောင်နှမဇာတ်ရောက်ခဲ့သည်။ ကံဆိုးရှာသောနဂါးမောင်နှမမှာ ရွှံ့ပူတွေနှင့် လူးနေရတော့၏။ ဒါပေသည့် လုပ်စားတို့က နတ်နန်းအခိုင်အမာ၊ နဂါးတိုက်ဖို့ နွားနို့သည်အဆင်သင့်နှင့် ထားပါ၏။ သူတို့ကတိုက်သည်တော့မဟုတ်။ ခရီးသွားများက ဝယ်တိုက်ကြတာ။ ကလေးတွေ နွားနို့မှန်မှန်မသောက်ရသော်လည်း ထိုနဂါးမောင်နှမကား နွားနို့ကို မုန်းလောက်အောင် သောက်နေကြရရှာ၏။ နဂါးအရုပ်စိမ်းစိမ်းကြီးတွေကိုတိုက်တာဆိုတော်သေး။ ခဏကြာလျှင် စွန့်ပြီး ကလေးတွေကိုတိုက်လို့ရသည်။ နို့တွေကို ရွှံ့ကန်ထဲ သွန်ချကြတော့ ပြန်ယူ၍မရတော့။ ဤလို အလွန်တရာမှ ရှင်းပြရန်ခက်လှသော ရိုးရာဆိုသည်တို့ကို လာလုပ်ကြသူများထဲမှာ အုပ်ချုပ်သူမင်းများထဲက တစ်ပါးဖြစ်သော -ပ်ချုပ်ကြီးနှင့်သူ့ကတော်ပါ ပါလေသည်။ -ပ်ချုပ်ကြီးဇနီးမောင်နှံ နဂါးကိုနွားနို့တိုက်နေသောပုံကို ပုံကြီးချဲ့ကာ ပြသထားသေး၏။ သူတို့လည်း နဂါးကို ကြောက်ရရှာသူတွေဖြစ်မည်။ နဂါးမျက်စောင်း အကြောင်းသုံးပါးမရွေးဟုလည်းဆိုကြလေတော့ အရှေ့အိမ်မှ နဂါးကြီး၏ မျက်စောင်းဒါဏ်ကြောက်ကြသည်ထင့်။ အခုတော့ နဂါးကိုနွားနို့မတိုက်တော့ပဲ ငါးတွေလွှတ်နေလေသည်။


ရိုးရာအယူအဆအရ နတ်နဲ့နဂါး မလှည့်စားနဲ့ဟူ၏။ လှည့်စားခံရသူက နဂါးသာတည်း။ သူ့ကိုဗန်းပြကာ ပန်းရောင်းကြ၏။ အမွှေးတိုင်၊ဖယောင်းတိုင်ရောင်းကြ၏။ ရွတ်ဖတ်ဆုတောင်းပေးသူပါ ပါသေးတော့။ မြန်မာပြည်မှ SMEအသစ်တွေထဲမှာ နဂါးစီးပွားရေးကိုပင် ထည့်လို့ရသေးသည်။


ပုဂံတစ်ဖက်ကမ်းရှိ တန့်ကြည့်တောင်မှာလည်း နဂါးရှိသည်။ ကျောက်စွယ်တစ်ခုကို အစိမ်းသုတ်ကာ နဂါးဖြစ်နေ၏။ နဂါးက တောင်ကိုပတ်သည်ဆိုကာ ကျောက်နဂါးကို လိုက်ပြသူလည်းရှိသည်။ နဂါးရှိရာမှာ နွားနို့သည်ရှိသည့်အတိုင်း ထိုကျောက်နဂါးလည်း နွားနို့နှင့်မကင်း။ နဂါးကလေးတွေလည်း ဖြစ်နိုင်တာပါပဲ။ ကလေးကနွားနို့ကြိုက်သည်။ နဂါးက နွားနို့ကြိုက်လျှင် နဂါးကလေးသာဖြစ်ပေမည်။


ဘာသာအယူအဆအရ အပ္ပါယ်လေးပါးကို မရောက်ရေးအတွက် နေ့တိုင်းဆုတောင်းကြသူများက တိရိစ္ဆာန်ဘဝရောက်နေရသူ နဂါးကို တန်ခိုးရှိသည်ဆိုကာ နတ်စာရင်းသွင်းကြတော့ နဂါးသည် အထက်ဘုံကလား အောက်ဘုံကလား ပြောရခက်လှချေ၏။


မြန်မာပြည်တွင် နဂါးနှင့်တွဲကာ ပြေးမြင်ရသူ တစ်ဦးလည်းရှိသေးသည်။ နဂါးဦးစံလင်းပင်တည်း။ ထိုဆရာကြီးက ခေါင်းလောင်းဆယ်သည်ကို အကြောင်းပြုသော်လည်း နဂါးနှင့်တွဲကာ နာမည်ရသည်။ သူ့ခေါင်းလောင်းကြီးဆယ်မရသည်မှာ နဂါးမင်းက ခေါင်းလောင်းကိုပူဇော်ပသနေသောကြောင့်ဖြစ်သည်ဆိုကာ နဂါးကိုတရားခံရှာရာမှအစပြု၍ ဤသို့ အမည်တွင်သည်။ ရန်ကုန်မြစ်ဝမှာ နဂါးဖြစ်ရသည်မှာလည်း မစားသာ။ ရန်ကုန်မြစ်၏ နောက်ကျိလှသော ရေညစ်များသာ သောက်ရရှာပေမည့်နဂါးမင်းပင်။ အခုတော့ ခေါင်းလောင်းသံလည်းတိတ်၊ နဂါးလည်းဘယ်ရောက်သည်မသိ၊ ခေါင်းလောင်းဆယ်ဖို့အလှူခံရရှိငွေတွေ ဘုံးသည်ဆိုကာ ပြသနာတက်နေလေသည်။ (ခေါင်းလောင်းသံ တညံညံပေးတော့ ရန်ကုန်မြစ်ဝကို ပြေးမြင်မိရင် သတိရနေတယ်နဂါးရေ။)


ဒီနေ့တော့ စနေမို့ နဂါးအကြောင်းတွေးတာ အတော်များပြီ။ ရေးချင်တာက အရှေ့အိမ်ကတရုတ်နဂါးကြီးအကြောင်း။ အချီးနှင့်ပင် လိုရာမရောက်။ အဲသည်လို လိုရာမရောက်အောင် ရေးတတ်သောမောင်လူပေ၏ ဟိုရောက်ဒီရောက်စာတွေကို သည်းခံဖတ်ပေးကြသော သူငယ်ချင်းမိတ်ဆွေအပေါင်းကိုလည်း ကျေးဇူးတင်ပါ၏။ နဂါးနေ့ဖြစ်တဲ့ စနေနေ့မှာ ချစ်တဲ့ သူငယ်ချင်းရောင်းရင်းမိတ်ဆွေအပေါင်း ကျန်းမာချမ်းသာကြပါစေ။ စနေဂြိုလ်ထဲရောက်နေတဲ့ မြန်မာပြည်ကြီးလည်း ဂြိုလ်ဆိုးများရန်မှ ကင်းဝေးကြပါစေ။


ချစ်တဲ့
မောင်လူပေ
0