သူသူမေ ● နွေကိုပက်ဖြန်းခဲ့ဖူးသည့် ရနံ့များ

သူသူမေ ● နွေကိုပက်ဖြန်းခဲ့ဖူးသည့် ရနံ့များ
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈

နွေရာသီကျောင်းပိတ်ရက်၏ အဦးအစတွင်ဖြစ်သည်။ စိတ်အားခဲထားသည့် အားလပ်ရက်ခရီး၏ ပွဲဦးထွက် နံနက်ခင်း လည်းဖြစ်သည်။ အိမ်ကလေး၏ ဟိုမှဒီမှအပေါက်များမှ အလင်းရောင်တို့ထိုးထွက်လာနေသည်။ မျက်စိနှစ်လုံး ဖွင့်သည်နှင့် တိတ်ဆိတ်ငြိမ်သက်သော ကျေးလက်ရနံ့များမှ ခရီးဦးကြိုပြုလိုက်ပါသည်။ လင်းကြက်တွန်သံတချို့တလေ ကြားရ၏။ ဒုတိယတန်း မြန်မာဖတ်စာမှ ရွှေဗဟိုရ်ကဗျာကိုပင် သတိရမိသည်။ အစစတိုးတက်လာနေသည့် ယခုအခါတွင်တော့ ကြက် သံကို ဗဟိုပြုရန်မလိုတော့ပေ။ ကျေးရွာဆိုသော်လည်း ဖုန်းမျက်နှာပြင်ကိုဖွင့်လိုက်ရုံနှင့် ကမ္ဘာကြီးကို အတိုင်းသား မြင်ကြ ရမည်မဟုတ်လော။

သူငယ်ချင်း၏ ထမင်းအိုးငှဲ့သံသဲ့သဲ့မှာ အိပ်ရာမှထရန် အချက်ပေးနေသည့်အလား။ ကျွန်မအနေဖြင့်အိပ်ရာမှ ထရပါတော့ မည်။ ညိုညက်ညက်ရောင်မြေသားလမ်း၊ အစိမ်းရောင်သစ်ပင်အုပ်များနှင့် တငြိမ့်ငြိမ့်စီးဆင်းနေသော ရေပြင်တို့မှာ ကျေး လက်ကို အပြိုင်းအရိုင်းသရုပ်ဖော်လျက်။ နံနက်စာထမင်းကြမ်းကို အဝအသိပ်စားပြီး တစ်နေ့တာ ကျေးလက်ခရီးကို အစပြု လိုက်သည်။ ပြီးလျှင် ရောက်တုန်းရောက်ခိုက် သူငယ်ချင်းဖြစ်သူ ကျေးလက်ဆရာမလေးနှင့် ကာကွယ်ဆေးအထိုးလိုက်ရန် ပြင်ဆင်ရတော့သည်။

ဆေးနှင့်ပတ်သက်သည့် ဝေယျာဝစ္စပစ္စည်းများမှာ ခြင်းကြီးတစ်လုံးနှင့်အပြည့်။ သူငယ်ချင်းမှာ ကျေးရွာမှ ဆရာမလေးများ ထုံးစံအတိုင်း ဆေးခြင်းတဖက်၊ ရေခဲပုံးတဖက်။ အပူသက်သာစေရန်အပေါ်ထပ်အင်္ကျီလက်ရှည်နှင့်ခမောက် ဆောင်းထားရ သေးသည်။ ပုံမှန်သူ့တစ်ဦးတည်းဆိုလျှင် ဆေးခြင်းကိုထိုင်ခုံရှေ့တွင်ခွထားရပြီး ရေခဲပုံးကို နောက်ခုံတွင် ကြိုးနှင့်ပတ်ချည်ပြီး မောင်းနေကျ။ ယခုမူ ကျွန်မပါ၍ ကျွန်မကနောက်မှထိုင်လိုက်ရင်း ကိုင်ရသည်။

ကမုကထစ်မျိုးစုံနှင့်ကျေးရွာ၏ လမ်းကျဉ်းများထက် ကျွန်မတို့၏ဆိုင်ကယ်လေးမှာ ၅ နှစ်သားကလေးငယ်လေးကဲ့သို့ ခုန် ပေါက်ပြေးလွှား၍နေသည်။ ကျွန်မတို့သူငယ်ချင်းနှစ်ဦးမှာလည်း တဦးပေါ်တဦးမှီတည်နေသည့် ကြည်နူးစိတ်ဖြင့် တက်ကြွ သွက်လက်နေကြသည်။ ချောင်းရိုးတလျှောက် လမ်းကျဉ်းကလေးအတိုင်း မောင်းနှင်လာကြပြီး မြောင်းကူးကွန်ကရစ် တံတားငယ် အများအပြားအပေါ်မှလည်း ဖြတ်သန်းကြရ၏။ အချို့တံတားများမှာ ပြေပြေပြစ်ပြစ် ရှိသော်ငြား အချို့မှာတော့ သံပုရာသီးအားထက်ဝက် ခြမ်းပြီးချထားသည့်နှယ် လုံးလုံး ခုံးခုံးကြီးဖြစ်၍နေသည်။  ထိုအခါမျိုးတွင် သူငယ်ချင်းတဦးတည်း သာ မောင်းတက်ပြီး ကျွန်မကလမ်းဆင်းလျှောက်မှရသည်။

ကျွန်မအမြင်တွင် ထိုမျှခက်ခဲကြမ်းတမ်းသည့်လမ်းများတွင် ရွာခံဆိုင်ကယ်တချို့မှာတော့ နံဘေးမှဖြတ်မောင်းသွားကြ သည်မှာ လေအလျဉ်ကဲ့သို့ပင်။ မြို့ပြမှဆိုင်ကယ်မောင်း သူများထက်ပင် ပိုမိုကျွမ်းကျင်နေကြသည်ဟု ဆိုချင်လာမိသည်။ ထိုသို့မောင်းနှင်မှုမျိုးကို ယခုရွာတွင်မှမဟုတ်၊ အခြားရွာတရွာတွင်လည်း တွေ့ခဲ့ဖူးပါသည်။ စီးလည်းစီးခဲ့ဖူး၏။ ထိုခဏတွင် ဆိုင်ကယ်နှင့် လေယာဉ်ပျံ၊ မြန်မာပြည်နှင့် နိုင်ငံတကာစတန့် မဝေခွဲနိုင်လောက်အောင် အချိန်နှင့် တပြေးညီမြန်ဆန် လွန်း လှသည်။

ချောင်းဘေးကပ်လျက် လမ်းကျဉ်းလေးအတွင်း ဘီးတစ်ရာ အပြင်မရှိသည့် ၄" ၊ ၅" ပြားအရွယ် မြောင်းကူးတံတား ပေါ်ဖက် တွင်ပင် ဆိုင်ကယ်ပေါ်မှအဆင်းမခံ၊ မရရအောင် မောင်းသည့် အာဂလူသားများဖြစ်သည်။ အနည်းငယ်တိမ်းစောင်း သွား သည်နှင့် ချောင်းထဲဇောက်ထိုးကျမည့်အရေး။ အုတ်ခဲတလုံးစီအား အရှည်လိုက်စီပြီး ဆိုင်ကယ်ဘီးရာတခုစာ အသွား တမြောင်း အပြန်တမြောင်းလုပ်ထားသည့်လမ်းမျိုး ရှိသေးသည်။ ထိုလမ်းများဆိုလျှင်လည်း မယိမ်းမယိုင်ဖြောင့်မတ်စွာ မောင်းနိုင်ကြပေ၏။ သံပုရာခြမ်းကဲ့သို့ တံတားများလာလျှင်လည်း လူနှစ်ယောက်ကို တင်မောင်းနေရသော်ငြား ခေါင်းမခါကြ။ ကျွမ်းကျင်မှုအပြည့်ဖြင့် မောင်းတက်လိုက်ကြသည်ချည်း။ နောက်မှလိုက်ရသည့် ကျွန်မသည်သာ အန္တရာယ်ကင်းဂါထာ များရွတ်ဆို ရင်း လတ်တလောယမမင်းအား လျှောက်တင်နိုင်မည့် ကုသိုလ်အစုစုကို စာရင်းပြုစု ဆင်ခြင်နေမိပါသည်။

ကျေးရွာလမ်းတချို့မှာ တောင်ကုန်းတောင်ဆင်းများကဲ့သို့ နိမ့်ချည်မြင့်ချည်ဆိုလျှင်လည်း ကဗျာဆန်သေး၏။ ယခုမူ အခွက်တခါ အပြန့်တခါနှင့် မုန့်လင်မယားဒယ်အိုးပေါ် ဆိုင်ကယ် မောင်းရသည်နှင့် တူလှသည်။ ကျွန်မတို့သည် ချောင်းရိုး အတိုင်း မောင်းနှင်ရာမှ ရွာအတွင်းဘက်သို့ လှည့်ပတ်မောင်းနှင်လာပြီး တရွာနှင့်တရွာအကြား နယ်နိမိတ်ရှိ လယ်ကွင်းပြင် အဝသို့ ရောက်လာကြပါသည်။

ထိုလယ်ကွင်းပြင်အားဖြတ်မောင်း၍ တစ်ဖက်ရွာသို့ဝင်ရမည်ဖြစ်သည်။ လယ်ကွင်းပြင်တွင် တာရိုးတလျောက်  ရွာသူရွာသား များစည်ကားနေပြီး တယောက်တလက်ဖြင့် လမ်းခင်းနေ ကြသည်။

ကျွန်မတို့ဆိုင်ကယ်မြင်သည်နှင့် ဆရာမလေးဆိုင်ကယ်လာပြီဆိုကာ လုပ်လက်စကိုရပ်၍ လမ်းရှင်းပေးကြ၏။ အသံချဲ့စက် သံ ဆူဆူကလေးမှာ လုပ်အားပေးကြသည့် ရွာသူရွာသားများ ကို ညာသံပေးနေသည့်အလား။ နွေရာသီဖြစ်၍ နံနက် ၉ နာရီခန့်နေမှာ အလွန်ပူနေပြီ ဖြစ်သော်လည်း ဝါးခမောက်အောက်မှ ရွာသားများ၏အပြုံးမှာ လတ်ဆက်တက်ကြွနေကြလျက်။ တရွာနှင့်တရွာကြား ဖြောင့်ဖြူးစွာဆက်သွယ်မည့် ပေါင်းကူးလမ်းကလေးအစား မျှော်လင့်ချက်တို့ဖြင့် ဝင်းပနေကြပေသည်။ ထိုသို့သောလမ်းလေးတွင် ၎င်းတို့ကိုယ်တိုင် အုတ်တချပ်သဲတပွင့် အဖြစ် ပါဝင်ကပြရခြင်းအား ကျေနပ်ပျော်ရွှင်နေကြပုံပါ။

ဤနေရာတွင် ကျေးလက်ရနံ့သည် ကျွန်မ၏အနံ့ခံအာရုံသ်ို့ တဖန်တိုးဝင်လာပြန်ပါသည်။ ဟုတ်ပါသည်။ ကျေးရွာတွင် တယောက်တလက်လမ်းခင်းကြသည်။ တယောက်တလက် အလှူအတန်းပြုကြသည်။ တယောက်တလက် ဝိုင်းဝန်း လုပ်ကိုင်ကြသည်။ တယောက်တလက် စောင့်ရှောက်ကြသည်။ တယောက်တလက်နှင့် လုပ်ကြကိုင်ကြရခြင်းအပေါ် အတိုင်းထက်အလွန်နှစ်လိုကြသည်။ ကျွန်မ၏ခဲအိုအကြီးမှာလည်း တယောက်တလက်ယဉ်ကျေးမှုကိုနှစ်လိုသူ ကျေးလက် သားတဦးပင်။ မြို့မှအလှူဆိုလျှင် မသွားလို၊ အကြောက်အကန်ငြင်းတတ်သူ။ "မြို့မှာက ရွာလိုမဟုတ်ဘူး၊ ခေါ်ချင်သလို မခေါ်ချင်သလို၊ ရွာမှာဆိုရင် တယောက်တလက် လုပ်လိုက်ကြ စားလိုက်ကြနဲ့ ပျော်ဖို့ကောင်းတယ်" ဟု ဆိုဖူးသည်။ ယခုမူ ခဲအိုစကားများဖြင့် ဖော်ပြခဲ့သလို ပွင့်လင်းလွတ်လပ်၍ ဟန်ဆောင်မှုကင်းသော ကျေးလက်ရနံ့ကို နဖူးတွေ့ ဒူးတွေ့ ရှုရှိုက်လိုက်ရပြီဖြစ်သည်။ လောကသည် သူ့အရပ်နှင့်သူဇာတ်နေချင်စဖွယ် အရောင်အသွေးလင်ဦးမည်သာ။

တာရိုးတလျှောက်လမ်းအတိုင်း အတန်ငယ်မောင်းပြီးသည့်နောက် လယ်ကွင်းတဝက်တပျက်တွင် တာလမ်းဆုံးသွားခဲ့သည်။ ဆက်မောင်း၍မရတော့။ မိန်းမသားနှစ်ဦးအနေဖြင့် ရွှံစိုင်ရွှံ့ခဲများဖြင့်ဖုထစ်နေသော လယ်ကွင်းပြင်ကို ဖြတ်ကူးရန်မှာ ပင် လယ်တမျှ ကျယ်ပြောလွန်းလှသည်။ ဓမ္မတာတခုလိုစိတ်တွင် ပန္နက်ဆွဲပြီးဖြစ်သော ဤလမ်းဤခရီး ဤတာဝန်မှာ သူငယ် ချင်းအတွက်တော့ သမရိုးကျပုံစံတခုသာ။ သူငယ်ချင်းမှာ ငြီးတွားခြင်းကင်းစွာ ဆိုင်ကယ်စက်ဖွင့်ပြီး တဖြည်းဖြည်းချင်း တွန်းသွားသည်။ ကျွန်မက နောက်မှခြင်းတောင်းဆွဲရင်း လိုက်လျှောက်ရသည်။

ရုတ်တရက် မမျှော်လင့်သောမြောင်းပေါက်သည် ဆိုင်ကယ်အား ဆွဲချလိုက်၏။ သူငယ်ချင်းလည်း ဟန်ချက်ပျက်ပြီး ထိုးကျ သွားပါသည်။ အနီးအနားလယ်ကွင်းထဲမှ လူအချို့ အပြေးလာပြီး ဆွဲတင်ပေးမှရသည်။ ထိုနားမှစ၍ တစ်ဖက်ရွာအထိ ရွာ သားတဦးက ယူမောင်းပေး၍ အဆင်ပြေသွားပါသည်။ ကျွန်မတို့နှစ်ဦးမှာ တဖက်ရွာသို့ ရောက်သော်လည်း မဝင်သေး ဘဲ ရှေ့တရွာသို့ ဆက်မောင်းရပါသည်။

လမ်းခရီးတွင် သစ်တုံးများအားခုတ်ဖြတ်ပိုင်းစိတ်ထားသည့် ထင်းပုံကြီးအားတွေ့သည်။ မြို့တွင်နေသော်ငြား ကျွန်မတို့ အိမ် မှာ မီးသွေးထက်စာလျှင် အကုန်အကျသက်သာသည့် ထင်းကိုသာ အားထားချက်ပြုတ်လာခဲ့ဖူးသည့်အိမ်ဖြစ်၍ ထင်းပုံကြီး အား မြင်လျှင်မြင်ချင်း စိတ်ထဲတွင် အလိုလိုပျော်နေမိသည်။ ယခင်ကဆိုလျှင် နှစ်စဉ်နှစ်တိုင်းမိုးမကျမီ ထင်းဝယ်လှောင် ထားရသည်မှာ အလုပ်တခု။ ထင်းစင်တွင် တမိုးတွင်းစာ ထင်းပုံကြီးစီရီထားပြီးပြီဆိုလျှင် တာဝန်တခု ပေါ့သွားသလို ခံစားရ သည်။ ချက်ပြုတ်ရန် အသင့်ဖြစ်နေသောထင်းပုံကြီးအားကြည့် ရင်း ကျေနပ်ခဲ့ဖူးသည်။ ထိုသို့ကျေနပ်ခဲ့ရဖူးသည့်နှစ်များမှာ များလွန်းလှ၍ ပါရမီရင့်နေခဲ့သည်လားမသိ၊ ယခုထင်းမသုံးတော့သည့်တိုင် ထင်းပုံကြီးအားမြင်သည့်အခိုက် အလိုလို ပျော်မိဆဲပင်။

နံနက် ၁၀ နာရီခွဲခန့်တွင်မှ ဂိတ်ဆုံးရွာသို့ ရောက်၏။ ထိုရွာရှိ ကာကွယ်ဆေးထိုးရမည့်တအိမ်တွင် ခေတ္တနားကြပြီး သူငယ် ချင်းလည်း ထိုအခါမှပင်ဆေးပုံးအား စဖွင့်ရပါတော့သည်။

ဆေးထိုးဆေးတိုက်လုပ်ရမည့်ကာလမှာ မိနစ်ပိုင်းမျှသာဖြစ်သော်လည်း သွားရသည့်ခရီးမှာမသေးလှ။  နုနုဖတ်ဖတ်လသား ကလေးများနှင့် သဲသဲလှုပ် မေမေ တဦး  နှစ်ဦး လာထိုးကြသည်။ အပ်ထိုး၍မှ အင့်ခနဲ့မအော်သည့် သတ္တိခဲ လသားကလေးများ နှင့် ကြုံသလိုလုပ်ကိုင်စားသောက်ကြရသည့်မိခင်များ လာထိုးကြသည်။ ရွာထဲလည်ဆော့ရင်း ထိန်းကျောင်းရသော ၈ နှစ် သား အစ်ကို၏လက်တွင် အာဟာရချို့ချို့တဲ့တဲ့ဖြင့် လိုက်ပါလာသည့် လသားကလေးတဦးလည်း လာထိုးသည်။

ကလေးများအားလုံး ဆေးထိုးအပြီးတွင် ကျော်မောင်းခဲ့သည့်ရွာသို့ နောက်ကြောင်းပြန်လှည့်ကာ ကိုယ်ဝန်ဆောင်များနှင့် လသားကလေးများကို ဝင်ရောက်ကြည့်ရှုပေးရပါသေးသည်။ သူငယ်ချင်းမှာ နားကြပ်နှင့် စမ်းသပ်ပေးပြီး ကျွန်မမှလည်း ဘေးမှ လိုအပ်သည့်ဆေးများအား အထုတ်ကလေးများနှင့် ထုတ်ပေးရပါသည်။ မျက်စိထဲတွင် သူငယ်ချင်း၏ပြုမူလှုပ်ရှားမှု များအား သူရဲကောင်းတဦးအလား ရှုမြင်ရင်းတစိမ့်စိမ့် ကြည်နူးနေမိပါသည်။ မိမိကိုယ်ကိုလည်း ထိုသူရဲကောင်း၏ နံဘေး ခစားခွင့်ရသည့် ဖိုးကံကောင်းတဦးပမာ မှတ်ယူလိုက်ပါသေးသည်။

အချိန်သည် စကားတခွန်းမျှဆိုလိုက်ပြီဖြစ်သည်။ နွေဥတု၏ နေမင်းမှာ ကျွန်မတို့ ဦးခေါင်းဗဟိုတည့်တည့်သို့ ထိုးလို့လာပါပြီ။ မုသားမထွက်သော အစာအိမ်သည်လည်း တဂွမ်းဂွမ်းနှင့် မြည်သံပေးလျက်။ ကျွန်မတို့ အိမ်ပြန်ကြရပါတော့မည်။ အပြန် လမ်းတွင် သစ်ငုတ်တိုတချို့ကို တွေ့သည်။ လုပ်အားပေးသမားများလည်းအလုပ်သိမ်းသွားကြပြီဖြစ်၍ ရှင်းလင်းတိတ်ဆိတ် သွားပါတော့သည်။

မည်သို့ဆိုစေ ရနံ့တခု၏ရင်ငွေ့မှာ ကျွန်မအပေါ် လွှမ်းခြုံထားမြဲဖြစ်သည်။

သူသူမေ
0