သျှင်မိုးပြေး ● ကိုယ်ထွက်ခွာတဲ့အခါ


သျှင်မိုးပြေး ● ကိုယ်ထွက်ခွာတဲ့အခါ
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၈
ခွင့်မပြုပေမယ့် အငြင်းမခံရတဲ့ကောင်ပေါ့
အရာရာ အရင်အတိုင်း အကောင်းအတိုင်း
ကျန်ရစ်ခဲ့ဖို့ ဆန္ဒပြုပါတယ်။

အိပ်စက်ခြင်းတွေထဲက ပြေးထွက်ခဲ့တဲ့အခါ
စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ ကံကော်ခုံတန်းလေး
နှင်းဆီလမ်းကလေး ရယ်မောပျော်ရွှင်ခြင်း ခဏတာလေးတွေက
နေထွက်လာတဲ့အခါ ပျောက်ကွယ်ရတဲ့
နှင်းပမာ
အိပ်မက်ပမာ
ဆိတ်ငြိမ်တိုးတိတ် အေးချမ်းမှုတွေဟာ
စံပယ်တွေ ပြန်မလာတဲ့မြို့လေးထဲ ပျောက်ကျသွား
မင်းသိဖို့  မပြောပြနိုင်တဲ့အကြောင်းရာများစွာကို
မင်းသိဖို့  ထပ်ပြီးမပြောပြနိုင်တဲ့အခါ
တိတ်ဆိတ် နက်ရှိုင်းခြင်းကမ်းပါးထဲ
ငါဟာ ဇောက်ထိုးမိုးမျှော် ကျွံဝင်နစ်ဆင်းခဲ့တဲ့
အရေးမပါတဲ့ မျက်ရည်တွေပါ။

မေတ္တာတရားကို ဘ၀ထဲက ခပ်ထုတ်ခဲ့ရတဲ့
လူတစ်ယောက်မှာ နာကျင်ပိုစရာ
ဘာကိုများ မင်းက ရှာဖွေတွေ့ ရှိတော့မှာလဲ။

ကိုယ့်ရင်ကို ကိုယ်ခွဲပြီး ကျိန်ခဲ့
မင်းဟားတိုက် ရယ်မောဖို့ 
မင်းတားဆီး ဆွိ့အဖို့ 
မင်းမှာ အကြောင်းပြ အဖြေမရှိဖို့ ထိုက်တန်တဲ့
စောင့်ဆိုင်းခဲ့ခြင်းတွေ
ယုံကြည်မှုတွေ
မျှော်လင့်ချက်တွေ အတင်းပုံအောခဲ့တဲ့ကောင်ပေါ့။
တဘက်သတ်ဆန်တဲ့ ခုံရုံးပါပဲ။
ပြိုကျခဲ့တဲ့ ကမ်းဟာလဲ တဘက်တည်းပါပဲ။
မင်းစိတ်ညစ်ညစ်နဲ့ နှုတ်ဆက်လိုက်တဲ့ ထပ်တူမကျမှုတွေဆိုတာ
တန်ဖိုးထားခံရခြင်းရဲ့ အဝေးက ငါ့မျှော်လင့်ချက်တွေပါပဲ။

ဆန္ဒတွေကို အဝေးကြီး ဖြေလွှတ်လျော့ချပြီးမှ
ဖြတ်ချခံလိုက်ရတဲ့ စွန်ကလေးလို
ဘေးထွက်ဆိုးကျိုးများတဲ့ ပျော်ရွှင်မူတွေကို
အလန့်တကြား အရင်နှုတ်ဆက်မိတဲ့ကောင်ပေါ့
ဒါတွေအတွက်နဲ့တော့ မင်းကို ထူးပြီးမခံစားစေဖို့
အကြိမ်ကြိမ် ငါဆုတောင်းမိပါရဲ့။

ပုန်းနေတဲ့ သေခြင်းတရားကိုမေ့ပြီး
ခေါ်သံတစွန်းတစကို ငြိမ်ငြိမ်လေး စောင့်နေခဲ့ပါသေးတယ်။
တိတ်တဆိတ်နဲ့  တွန်းဖွင့်ထားတဲ့ ဥပေက္ခာနဲ့ 
ရိုးရိုးလေးပဲ မင်းကခွင့်ပြုခဲ့တာပါပဲ။
ပျော်စရာမရှိတဲ့အရပ်ကလာတဲ့ ပျော်စရာမရှိတဲ့ခရီးသွားပါ
တောင်းဆိုခွင့်မရှိတဲ့ တစ္ဆေတစ်ကောင်လို
ရပ်နားခွင့်မရှိတဲ့ တာဝေးပြေးရထားလို
အလိုက်သင့်လေး ထိတွေ့မှုကို
တုန်ခါနှုတ်ဆက်ရသလို
နာကျင်မှုနဲ့အတူ မင်းကို ကျေးဇူးတင်ရပါတယ်။

သျှင်မိုးပြေး
မေ ၂၈၊ ၂၀၁၈

Comments