မောင်နောင်မွန် ● အထီးကျန်သောအပိုင်းအစများ

မောင်နောင်မွန် ● အထီးကျန်သောအပိုင်းအစများ
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၈

တယောက်တည်းထိုင်နေရသောအရသာသည် တခါတရံတော့ ကောင်းသကဲ့သို့ တခါတော့လည်း အလွန်နေရခက်လှသည်။ တွေးသည်။ ငေးသည်။ တကိုယ်တည်း ရောက်တတ်ရာရာကိုရွက်လွှင့်မည်။ ထိုအရာများသည်သာ။ စကားပြောဖော်လိုအပ် လားဟုမေးလျှင် တခါတရံတော့လိုလောက်သည်။ လူဆိုသည်က အစုအဖွဲ့နှင့်နေကြသည့် သတ္တဝါမဟုတ်လား။ ဒါပေမဲ့ တယောက်တည်းနေရသည်ကလည်း တမျိုးကောင်းနေပြန်သည်။ ပိုးအိမ်များထဲမှာရှိနေတဲ့ ပိုးကောင်လေးများဟာ တ ကောင် တည်းနေရတာရှိသည်။ နှစ်ကောင်ပူးနေရတာရှိသည်။ ထိုအထဲတွင် တကောင်တည်းနေရသည့်ပိုးကောင်ဆီမှ ပို၍နူးညံ့ကောင်းမွန်သောပိုးသားမျှင်များထုတ်ပေးသည်ဟုမှတ်ဖူးသည်။ တခါတခါတော့လည်း တယောက်တည်းနေရသည် ကိုက အကောင်းသားဟု တွေးမိသည်။

စိတ်ခံစားချက်ဆိုသည်က တက်လိုက်ကျလိုက်ဖြစ်တတ်သော ချိန်သီးတလုံးကဲ့သို့ပင်ဖြစ်သည်။ အကြောင်းအရာများဆီက တန်ပြန်သက်ရောက်မှုတို့သည် စိတ်ခံစားချက်ကို ဖွင့်ဟစေသည်။ မောပန်းလိုက်၊ ပျော်ရွှင်လိုက်အဖြစ်မျိုး။ လူတို့သည်က ခံစားချက်နှင့်အသက်ရှင်သောသက်ရှိအပေါင်းအစုဖြစ်သည်။ သတ္တလောကတခုလုံးက ထိုသို့ခံစားချက်နှင့် အသက်ရှင်ကြ သည်မဟုတ်လား။ ခံစားချက်တို့သည် သက်ရှိတို့၏ ဖြစ်ပျက်အလုံးစုံသောခေတ်စနစ်တခုလုံးကို မောင်းနှင်နေခဲ့ကြသည် ဖြစ်မည်။ မီးပွိုင့်မှမီးဝါမီးစိမ်းများကဲ့သို့ပင်။ နီလိုက်စိမ်းလိုက်ဖြစ်နေသော ရောင်စဉ်တန်းများသည်လည်း ခံစားချက်ဖြစ်မည်။

စာအုပ်များကိုခေါင်းနှစ်ကြည့်ခဲ့ဖူးသည်။ ပန်းချီကားချပ်များကို မျက်တောင်မခတ်စတန်းငေးကြည့်ဖူးသည်။ တက်နိုင်သမျှသောအမြင့်ဆုံးတောင်ကိုတက်ခဲ့ဖူးသည်။ ခြေဆန့်နိုင်သမျှဖြစ်သော ပင်လယ်ကမ်းခြေဆီသို့ ခရုကောက်ထွက်ဖူးသည်။ လူ့ဘဝဆိုသည်မှာကလည်း ကိုယ်ပျော်ရွှင်စေဖို့အတွက် အဓိကပထမဟုတ်လား။ သို့သော် တယောက်တည်းထိုင်တွေးနေ ရသည်ကို ကျွန်တော်အလွန်သဘောကျမိသည်။ အချိန်ကာလသည် လူ့ဘဝသက်တမ်းတလျှောက်အတွက် ကြားခံဒြပ်ထုတခုဖြစ်ချင်ဖြစ်နိုင်သည်။ ကျွန်တော်တို့တတွေဖြတ်ကျော်ခဲ့သော မိုင်ပေါင်းများစွာတွင် အချိန်သည် ကဗျာဖြစ်မည်။ အနုအညာပစ္စည်းတခုခုဖြစ်မည်။ ထိုအရာများသည် လူ့လောကသမိုင်းတခုလုံး ပြောင်းပြန်လှန်ပစ်ခဲ့ကြသည်ဟုတ်လား။

အခန်းဝရံတာဆီမှလေပူတချက်ကိုမှုတ်ထုတ်လိုက်သည်။ ပူလောင်သောလေထုထဲသို့အတူတူရောနှောထွက်သွားသောထွက်လေထဲတွင် ငယ်ရည်းစားကိုသတိရသောစိတ်ပါချင်နေမည်။ ပုံသဏ္ဌန်အတိအကျမရှိသော ရှင်သန်ရပ်တည်ခွင့်တရပ် ပါလျှင်ပါနိုင်သည်။ တွေးတောနေရသောအခိုက်အတံ့သည်က ရုန်းကန်နေရသောအခိုက်အတံ့များပိုပင်ပန်းသယောင်ပင်ဖြစ် သည်။ ယခုအချိန်တွင် ကျွန်တော်အတွက် စကားပြောဖော်လိုနေလေသည်။

စကားပြောဖော်ဆိုသော်လည်း ကျွန်တော်ဆီတွင် ပြောစရာစကားမရှိချေ။ ဘာပြောရမည်နည်း။ ဘာအကြောင်းကို ပြောကြ ရမည်နည်း။ ယခုထက်ထိမသိသေးချေ။ ကျွန်တော်ကိုယ်တိုင်က လူမှုဆက်ဆံရေးတွင် ညံ့ဖျင်းသောကြောင့်ဖြစ်မည်ထင်သည်။ နှုတ်ခမ်းဖျားဆီမှထွက်လာသောလေသံများကိုပင် ကျွန်တော်အလိုမကျဖြစ်မိသော အခိုက်အတန့်များရှိသည်။ သို့အ တွက်ကြောင့်ပင် ကျွန်တော်ဆီတွင်စကားပြောဖော်များ တဖြည်းဖြည်းရှားပါးလာသည်။ ကျွန်တော့်ဆံပင်များ တဖြည်းဖြည်း ဖြူ လာသည်။ ကျွန်တော်နှလုံးသား တဖြည်းဖြည်းပါးလျလာသည်။

ဆေးပညာတွင် အထီးကျန်ခြင်းသည် အလွန်အန္တာရာယ်ရှိသော စိတ္တဇရောဂါဖြစ်သည်။ သတ္တဝါတိုင်းတွင် ခန္ဓာရလာ ကတည်းက ရောဂါဘယသည်က ရလာမည်ဟုတွေးနေဆဲဖြစ်သည်။ ထိုင်နေရင်းစိတ်ထဲတွင် မာကိုပိုလို၏ ကမ္ဘာသစ်ခရီးကိုစိတ်ထဲဝင်ကြည့်ဖူးသည်။ ရွှေငွေနှင့် ကြွယ်ဝမှုများသည် သူကို စွန့်ဦးတီထွင်သူဖြစ်စေခဲ့သည်မဟုတ်လား။ စိတ္တဇသည် နာမ်ဆိုသော် ခန္ဓာကိုယ်သည် ရုပ်သဘောဖြစ်မည်။ ဇီဝသက်ရှိများအတွက်အခြေခံလိုအပ်ချက်က ရေနှင့်လေဆိုသော အခါတွင် စိတ်သည်တခါတခါ အရိုင်းဆန်တတ်ပြန်သည်။

အခန်းထဲမှ သစ်သားကုလားထိုင်လေးသည် လေတိုက်လိုက်တိုင်း သစ်ရွက်များနှင့်အတူလှုပ်ယမ်းနေသည်။ တခုခုကို ဆုံးရှုံမည်စိုးနေသော လူတယောက်၏ တတ်နိုင်သမျှသောအဖတ် ဆယ်မှုမျိုးကို ပတ်ဝန်းကျင်တွင်မြင်တွေ့ရသည်။ အခန်းထဲတွင် မီးအိမ်သဲ့သဲ့လေးလင်းနေသည်။ တခါတခါ သက်ပြင်းများကို ဘရန်ဒီနှင့်အတူ မျောချလိုက်သံကြားရသည်။

ဒီအခန်းလေးထဲတွင် အထီးကျန်နေမှုကလည်း ဒီအခန်းလေး၏ လွတ်မြောက်မှုပင်ဖြစ်နေသည်။

မောင်နောင်မွန်

Comments