K ငြိမ်းချမ်း- စစ်အစိုးရအဆက်ဆက် ဖျက်ဆီးခဲ့တဲ့ ဗမာ့စီးပွားရေး

စစ်အစိုးရအဆက်ဆက် ဖျက်ဆီးခဲ့တဲ့ ဗမာ့စီးပွားရေး
K ငြိမ်းချမ်း
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၈
 

ပြီးခဲ့တဲ့၂လ ၃ လလောက်ကတည်းက ဒေါ်လာဈေးတွေ အဆမတန်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုးတွေကျဆင်းလာတာ လူတိုင်း အသိဖြစ်ပါတယ်။ ဒါကို NLD အစိုးရလည်း ဗဟိုဘဏ်ကနေ ဒေါ်လာ ချရောင်းခဲ့ပြီး တတ်နိုင်သမျှ လွတ်မြောက်ဖို့ နည်းမျိုးစုံ ကြိုးပမ်းခဲ့တာတွေလည်း မြင်နေ ကြားနေခဲ့ရပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ဝေဖန်သံအမျိုးမျိုး ထွက်ပေါ်လာပါတယ်။ ပြောချင်တာက မြန်မာ့စီးပွားရေးအကြောင်းပါပဲ။

စစ်အစိုးရအဆက်ဆက် မကောင်းခဲ့တဲ့ ဗမာ့စီးပွားရေး၊ ဒါကို ဆက်လက်တာဝန်ယူရတဲ့ NLD အစိုးရလည်း တန်ခိုးရှင်မဟုတ် တော့ သူတာဝန်ယူထားချိန် ၂နှစ်ခွဲ ကျော်ကျော်ကာလမှာ အဆင်ပြေနိုင်မယ်လို့ ဘယ် ပညာရှိမှမဟောနိုင်ပါ။ သို့သော်လည်းပေါ့လေ။ စစ်အစိုးရကာလများကလိုတော့ အထွေထွေနိမ့်ကျမှုများ ထပ် မဆိုးဖို့တော့ လက်ရှိ အစိုးရ စီးပွားရေး ပညာရှင်ကြီးများ တာဝန်ယူ တာဝန်ခံရပါလိမ့်မယ်။

ဗမာ့စီးပွားရေးကရော ယခင် ဘယ်လိုအခြေအနေရှိခဲ့ပါသလဲ။ ဗမာ့စီးပွားရေးကိုခေတ်ကာလအရပိုင်းခြားရမယ်ဆိုရင် နယ်ချဲ့ ကိုလိုနီအောက် ဗမာ့စီးပွားရေး၊ လွတ်လပ်ရေးရြ့ပီးခတ် ဗမာ့စီးပွားရေး၊ ၁၉၆၂ ကစလို့ ၂၀၁၂ထိ စစ်အစိုးရအဆက်ဆက် ဗမာ့ စီးပွားရေး၊ လက်ရှိအရပ်သား အစိုးရတပိုင်းခေတ် ဗမာ့စီးပွားရေး စသဖြင့်မြင်နိုင်ပါတယ်။

အဆင်းရဲခဲ့ဆုံး ဗမာ့စီးပွားရေးခေတ်ကတော့ လူတိုင်းအလွယ်မြင်နိုင်တဲ့ ဗိုလ်နေ၀င်းအစိုးရလက်ထက်က စခဲ့တာပါပဲ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး စာရင်း ဝင်နိုင်ငံကနေ ဗမာနိုင်ငံဟာ ထွက်ခဲ့ရတော့တယ်။ 

အာဏာရှင်စနစ်ကိုလက်ဆင့်ကမ်းခဲ့တဲ့တဲ့ နအဖလက်ထက်မှာရော ဗမာ့စီးပွားရေးကတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် သွားတော့တာပါပဲ။ နိုင်ငံထဲ ရှိရှိသမျှ သယံဇာတတွေက ကမ္ဘာအနှံ့ခြေဆန့် ရောက်ရှိ သွားသလို မြန်မာလူငယ်အများစုကလည်း နိုင်ငံအနှံ့ တရားမ၀င် အလုပ်သမားအဖြစ် များစွာရောက်ရှိသွားတဲ့အထိ ဆင်းရဲသွားခဲ့ရတာဖြစ်ပါတယ်။

အဲဒီလို အထွေထွေအကျပ်အတည်းတွေ ရောပြွန်းနေတဲ့ ဗမာနိုင်ငံဟာ အာရှမှာအချမ်းသာဆုံး ကမ္ဘာ့အလယ် တင့်တောင်း တင့်တယ် ရွှေထီးဆောင်း ရွှေခြေချင်း၊ ရွှေကြယ်သီးတွေတပ်ခဲ့ကြတယ်ဆိုတာ အသက် ၅၀ မကျော်ရင် မသိနိုင်လောက်တော့ပါ ဘူး။ ဘာကြောင့်ဆိုတိုင်းပြည်ဟာ အဆင်းရဲ တွင်းနက်ခဲ့တာ နှစ်ပေါင်း ၆၀ နီးပါးဆိုတော့လေ။

ဒါတွေသိဖို့ ခေတ်အဆက်ဆက်ဗမာ့စီးပွားရေးအကြောင်းလည်း သိဖို့လိုပါတယ်။ ဒီစာအုပ်ကတော့ ဗမာ့စီးပွားရေးအကြောင်းကို ခေတ်အလိုက်ပိုင်း ခြားပြီး လုံးဝအပြည့်အစုံကြီးမဟုတ်တောင် အကျဉ်းရုံးတော့ တင်ပြထားပါတယ်။ Sean Turnell မူရင်း အင်္ဂလိပ်လိုရေးသားတဲ့ Banks Money Lenders and Microfinance in Burmaစာအုပ်နဲ့အခြားမြန်မာနိုင်ငံနဲ့ဆိုင်တဲ့စာအုပ်တွေ ကို မှီငြမ်းခဲ့ရတယ်လို့စာအုပ်မှာ ရေးသားထားပါတယ်။ စာရေးဆရာကိုကိုလေးက ဗမာ့စီးပွားရေးသမိုင်းအမည်ဖြင့် ဘာသာပြန် ဆိုကာ ယဉ်မျိုးစာပေကနေ ၂၀၁၇ခုနှစ်မှာ ထုတ်ဝေဖြန့်ချိထားပါတယ်။

စာအုပ်မှာ အခန်း(၁) ခေတ်သစ်ဗမာပြည်အတွက် အရေးပါသောအဖြစ်အပျက်များနှင့် အချိန်ကာလများ အခန်း(၂) ဗမာ့ စီးပွားရေးသမိုင်း အခန်း(၃) ကိုလိုနီခေတ် စုပေါင်းသမ၀ါယမလုပ်ငန်း အခန်း(၄) ကိုလိုနီခေတ် ဗမာပြည်ဗဟိုဘဏ် အခန်း(၅) ကိုလိုနီခေတ်စီးပွားရေးဘဏ်နှင့်နိုင်ငံခြားငွေ လဲလှယ်သောဘဏ်များ၊ အခန်း(၆)ငွေကြေးဘုတ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး ဗမာပြည်အတွက်ယူနီယံဘဏ် ပြန်လည်ဖွဲ့စည်းခြင်း အခန်း(၇) ပါလီမန်ဒီမိုကရေစီ ခေတ်စိုက်ပျိုးရေးဘဏ် နှင့်စီးပွားရေး ဘဏ်များ အခန်း(၈) တိုင်းပြည်စီးပွားရေး အလုံးစုံပျက်စီးရေး အခန်း(၉)နဝတနှင့် နအဖ ခေတ်ကာလ မြန်မာ့စီးပွားရေး အခြေအနေ အခန်း(၁၀)ပု ဂ္ဂလိက ဘဏ်များ ပြိုလဲကျခြင်း စတဲ့ အခန်း ၁၀ ခန်း ပါဝင်ပါတယ်။

စစ်အစိုးရနဲ့ NLD အရပ်သားတပိုင်းအစိုးရကတော့ ကိုယ့်လူမျိုးအချင်းချင်းအုပ်ချုပ်တဲ့ကာလများ ခဏထားလို့၊ နယ်ချဲ့ကိုလိုနီ လက်ထက်မှာရော ဗမာ့စီးပွားရေး အခြေအနေတွေကိုသိဖို့ စာအုပ်ရဲ့ ကနဦးကာလများကို အရင်လေ့လာကြည့်ကြပါဦးစို့။

“ကိုလိုနီခေတ် ဗမာပြည်တွင် သီးသန့်ငွေနှင့် သီးသန့်ငွေကြေးစနစ် မရှိပေ။ ဗမာပြည်သည် ဗြိတိသျှကိုလိုနီ အိန္ဒိယနိုင်ငံကြီး ၏ အရှေ့ဘက်အစွန်မှ ပြည်နယ် တစ်ခုမျှသာဖြစ်ခဲ့သည်။ ဗမာပြည်အစိုးရသည် အိန္ဒိယအစိုးရ၏လက်အောက်ခံ အစိုးရ မျှသာ ဖြစ်ခဲ့သည်။

ဗမာပြည်၏ငွေကြေးစနစ်သည် ကာလကတ္တားနှင့်ဒေလီမြို့ရှိဘဏ်ကြီးများ၏ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။

၁၉၃၅ အက်ဥပဒေအရ ဗမာပြည်သည် အိန္ဒိယနိုင်ငံမှ သီးခြားခွဲထွက်ပြီး ဗြိတိသျှတို့၏သီးခြားကိုလိုနီနိုင်ငံဖြစ်လာသောအခါ ဗမာပြည်၏ငွေကြေးစနစ်သည် ကိုယ်ပိုင် ငွေကြေးစနစ်ဖြစ်လာသည်။ သို့သော် ဗမာပြည်တွင် ထိုအချိန်က သီးခြားငွေကြေး စနစ်တည်ထောင်ရန် အင်အားမရှိခဲ့ပေ။ထို့ကြောင့် ၁၉၃၅ခုနှစ်ဗမာပြည်အက်ဥပဒေကို တရားဝင်ထုတ်ပြန်ခြင်းမပြုမီ ၁၉၃၄ ခုနှစ်ကတည်းက အိန္ဒိယဘဏ်သည် ဗမာပြည်၏ဗဟိုဘဏ်ကိုလွှမ်းမိုးချုပ်ကိုင်ခဲ့ရသည်။” စာ-၇၅(ကိုလိုနီခေတ် ဗမာပြည်မှ ဗဟိုဘဏ်) ဗြိတိသျှအိန္ဒိယ ရူပီးငွေစက္ကူများသည် လူသုံးများလာခဲ့သည်။  ထိုခေတ်က ဗမာပြည်တွင် ငွေကြေး အများဆုံး လည်ပတ်သောအချိန်ကာလသည် နိုင်ငံခြားတင်ပို့နိုင်သော ဆန်စပါးနှင့် ကောက်ပဲသီး နှံများပေါ်ချိန်ဖြစ်သည်။ (စာ-၈၀)

ဗမာပြည်၏ဆန်စပါးနှင့် ကောက်ပဲသီးနှံဈေးကွက် ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ ငွေကြေးဈေးကွက်၊ ငွေကြေးစနစ် လည်း ခိုင်မာလာခဲ့သည်။ ဗမာပြည်၏ စီးပွားရေးအချက်အချာမြို့တော်ဖြစ်သော ရန်ကုန်မြို့ကိုဗဟိုပြုပြီး ဗမာ့ငွေကြေး ဈေး ကွက်သည် အဓိကမြို့ကြီးခုနစ်မြို့ပြန့်ပွားလေသည်။ ထိုခေတ်က ရန်ကုန်မြို့နှင့်စီးပွားရေးအရ ဆက်စပ်နေခဲ့သော မြို့ကြီး ခုနစ်မြို့မှာ ၁။ ကာလကတ္တား ၂။ဘုံဘေ ၃။မဒရပ်မြို့ ၄။ကရာချိမြို့(ယခု-ပါကစ္စတန်နိုင်ငံမြို့တော်)၊ ၅။(Cawnpore ) ၆။လာဟိုးမြို့(Lahore) တို့ဖြစ်ကြသည်။ (စာ-၈၁)

ဗမာပြည်ဘဏ်ကို အိန္ဒိယဘဏ်မှ အသေးစိတ်လေ့ကျင့်သင်ကြားပေးခဲ့သောကြောင့် လုပ်ငန်းစတင်လုပ်ကိုင်သည်နှင့် တက်တက်ကြွကြွလုပ်ဆောင်နိုင်ခဲ့သည်။ ရန်ကုန်မြို့တွင်ချက်လက်မှတ်ဖြင့် ငွေသွင်း ငွေထုတ်ပြုလုပ်သောစနစ်ကို စနစ်တကျ အကောင်အထည်ဖော်နိုင်ခဲ့သည်။

ဗြိတိသျှအိန္ဒိယဘဏ်၏မားမားမတ်မတ် ရပ်တည်ပေးမှုကြောင့် ဗမာပြည်ဘဏ်(The Imperial Bank)သည် ငါးနှစ်တာ ကာလအတွင်း ဘဏ်ခွဲတစ်ရာအထိ ခွဲဖြန့်နိုင်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် မန္တလေးဘဏ်ခွဲကို စတင်ဖွင့်လှစ်ခဲ့သည်။ ပုသိမ်ဘဏ်ခွဲကိုလည်း ၁၉၂၁ ခုနှစ်တွင်ထပ်မံဖွင့်လှစ်ခဲ့သည်။

၁၉၂၄ ခုနှစ်တွင် မြင်းခြံဘဏ်ခွဲတစ်ခုထပ်ပြီး ထပ်ပြီး ဖွင့်လှစ်ခဲ့သည်။
ဗမာပြည်ဘဏ်ကို အိန္ဒိယဘဏ်က ငွေပင်ငွေရင်းထောက်ပံ့ခဲ့သလို ရန်ကုန်မြို့မော်လမြိုင်မြို့နှင့်စစ်တွေမြို့စသော စီးပွားရေးအရ အချက်အချာအကျ ဆုံးမြို့ကြီးသုံးမြို့ကိုဆက်သွယ်ပြီး ဘဏ်လုပ်ငန်းကွန်ရက်ကို ဖြန့်ချိရန်အတွက် ဘင်္ဂလားဘဏ်က အကူအညီပေးခဲ့သည်။

၁၉၂၀ ပြည့်လွန်ကာလများတွင် ဗမာပြည်၏စီးပွားရေးသည် နိုင်ငံတကာစီးပွားရေးပုံစံဖြစ်လာသည်။ စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ဘဏ်လုပ်ငန်း စတင်ဖွံ့ဖြိုးလာခဲ့သည်။ (စာ-၈၅)


ဒါတွေကတော့ အခန်း(၄) (ကိုလိုနီခေတ် ဗမာပြည်မှဗဟိုဘဏ်)က ကောက်နုတ်ဖော်ပြခဲ့တဲ့ အချက်အလက်အချို့ဖြစ်ပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာမဟုတ်တဲ့ နယ်ချဲ့ကိုလိုနီတွေအုပ်ချုပ်ခဲ့တဲ့ အချိန်အခါသမယဖြစ်ပါတယ်။ သေနတ်ကိုင်ပြီး အုပ်ချုပ် တာချင်းအတူတူ အင်္ဂလိပ်လက်ထက်စီးပွားရေးက အိမ်စောင့်အစိုးရ၊ နအဖ အစိုးရထက်တောင် ဖွံ့ဖြိုးတာကို ဖတ်ရှုရမှာဖြစ်ပါတယ်။

တိုင်းပြည်မငြိမ်သက်အောင်ဖန်တီး တိုင်းပြည်မငြိမ်သက်ဖြစ်တော့မှ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရပထမကာလဖြစ်တဲ့ ဗိုလ်နေ၀င်းလက်ထက်ရောတိုင်းပြည်စီးပွားရေး ဘယ်လိုအနေအထားရှိခဲ့ပါသလဲ။ ဆိုရှယ်လစ်စနစ်ကြီးကို စစ်သားစိတ်နဲ့ဘယ်လိုအကောင်အထည်ဖော်ဖို့ကြိုးစားခဲ့သလဲဆိုတာ ဆက်ဖတ်ကြည့်စေချင်ပါတယ်။

၁၉၆၄ ခုနှစ်မတ်လ၄ရက်နေ့တွင် ခပေါင်းတောင်သူလယ်သမားနှီးနှောဖလှယ်ပွဲတွင် တော်လှန်ရေးကောင်စီဥက္ကဌဗိုလ်ချုပ်ကြီးနေ၀င်းက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်တည်ဆောက်နေခြင်းကို အရာရှိဆိုးများ ငွေရှင်ကြေးရှင်များက ဖျက်နေကြ သည်။ ဗမာချင်း ရက်ရက်စက်စက်မလုပ်ချင်ပါ။ လက်တွဲလုပ်ကြရန်တောင်းပန်လိုသည်ဤသို့ဖိတ်ခေါ်၍မရလျှင် ရှေးက ဘုရင်များ မြို့တည် နန်းတည်ရာတွင် စတေးကြသကဲ့သို့ဆိုရှယ်လစ်စနစ်တည်ထောင်ရာတွင်လည်း စတေးရမည်ဆိုလျှင် စတေးမည်” ဟုထည့်သွင်းပြောကြားသွားသည်။ (စာ-၂၁၇)

၁၉၆၃ခုနှစ် မတ်လ၁၉ရက်နေ့တွင် လုပ်ငန်းများအားလုံး ပြည်သူပိုင် ပြုလုပ်ခြင်း၊ အက်ဥပဒေပုဒ်မ ၃ အရ အပ်နှင်းထားသော အာဏာများကို သုံးစွဲလျက် အမိန့်အမှတ်၃၉ဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆိုင်ခန်းပေါင်း ၃ ထောင်ကျော်ကို ပြည်သူပိုင် သိမ်းယူ လိုက်သည်။ (စာ-၂၁၇)

ကောင်းလိုက်တဲ့ စီးပွားရေးပေါ်လစီ၊ မူဝါဒတွေ။ မလိုက်နာရင် ဘာဖြစ်မယ်ဆိုတာတော့ တွေးသာကြည့်ကြပေတော့။ စတေးရမည်ဆိုလျှင် စတေးမည်လို့လည်း ဘ၀ရှင်မင်းတရားကြီးက ဆိုထားတယ်မဟုတ်လား။ အဲဒီဘ၀ရှင်မင်းတရားကြီးရဲ့ မြန်မာ့ဆိုရှယ်လစ်စနစ်ကို အကောင်အထည်ဖော်ဖို့ အစိုးရအဖွဲ့ဝင်များကိုလည်း စာအုပ်မှာထည့်သွင်းဖော်ပြထားပါတယ်။

တော်လှန်ရေးကောင်စီသည် နောင်တွင် တစ်ပါတီအာဏာရှင်စနစ်ကို ထူထောင်ရန်ဆုံးဖြတ်ထားသောကြောင့် အစိုးရအဖွဲ့ လျင်မြန်စွာဖွဲ့ပြီး ၀န်ကြီးဌာနတာဝန်များကိုခွဲဝေပေးလိုက်သည်။ ၁။ဗိုလ်ချုပ်ကြီး နေ၀င်း(ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ အခွန်တော်၊ တရားရေး၊ အမျိးသားစီမံကိန်း) ၂။ဗိုလ်မှူးချုပ်အောင်ကြီး( ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စက်မှု လက်မှုပစ္စည်းထောက်ပံ့ရေး) ၃။ဗိုလ်မှူးချုပ် တင်ဖေ(လယ်ယာစိုက်ပျိုးရေး၊ သစ်တောရေး၊ သမ၀ါယမကုန်စည် ဖြန့်ဖြူးရေး၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ၄။ဗိုလ်မှူးချုပ်သန်းဖေ(ပညာရေးနှင့်ကျန်းမာရေး) ၅။ဗိုလ်မှူးကြီးကျော်စိုး (ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့ဝန်ကြီးဌာန၊ သာသနာရေး၊) ၆။ ဦးသီဟန် (နိုင်ငံခြားရေး၊ အလုပ်သမားရေး အိမ်ယာဆောက်လုပ်ရေး၊ သတ္တုတွင်းဌာန၊ ပြည်သူ့လုပ်ငန်း ပြန်လည်ထူထောင်ရေး) ၇။ဗိုလ်မှူးကြီးစောမြင့်( ပြန်ကြားရေး၊ ယဉ်ကျေးမှု) ၈။ဒု ဗိုလ်ကြီး ဘနီ (လမ်းပန်းဆက်သွယ်ရေး)

၁၉၆၂ ခုနှစ်မတ်လ၈ရက်နေ့တွင် ကုန်သွယ်ရေးဌာနတာဝန်ခံဗိုလ်မှူးချုပ် အောင်ကြီးသည် ကုန်သည်အသင်း ၁၃သင်းမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ယခုလက်ရှိ အတည်ဖြစ်နေသော သွင်းကုန်စနစ်သစ်ကို ၂နှစ်ရပ်ဆိုင်းထားမည်။ စိစစ်ပြီးနောက် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ယခင်အတိုင်းသွင်းကုန်လိုင်စင်များကို ပြန်ချပေးမည်။ သို့သော် နိုင်ငံခြားသား များကို သွင်းကုန်လိုင်စင်ထုတ်ပေးတော့မည် မဟုတ်ပါ။ (OGL)လုပ်ငန်းတွင်လည်း နိုင်ငံခြားသားများကိုခြောက်လ လုပ်ကိုင်ခွင့်ပြုမည်။ ခြောက်လကျော်ပါက လုပ်ပိုင်ခွင့်ရှိတော့မည်မဟုတ်ဟု စီးပွားရေးပြုပြင်ပြောင်းလဲမှု ခြေလှမ်းသစ်ကို စတင်ခဲ့သည်။ (စာ-၂၁၂)

အဲလို စီးပွားရေး မူဝါဒသစ်တွေနဲ့ တိုင်းပြည်ကို အမဲစဖျက်တော့တာများကို ဖတ်ရှုရမှာဖြစ်ပါတယ်။ တိုင်းပြည်ကို လူ ၈ ယောက်လောက်နဲ့ ထိန်းကြောင်းဖို့ ဥာဏ်ကြီးရှင်ကြီးက ပြည်သူတွေအပေါ် ဘယ်လိုစေတနာတွေ ထားခဲ့သလဲဆိုတာ ဆက်ဖက်ကြည့်ကြပါစို့။

မတ်လ၂၂ရက်နေ့တွင် ပြည်သူပိုင်သိမ်းခြင်းခံခဲ့ရသောဆိုင်ရှင်များအား အလုပ်သမားဌာနနှင့် စက်မှုလက်မှုတာဝန်ခံ ဗိုလ်မှူးကြီးသန်းစိန်က တွေ့ဆုံပြီး “ကဲ မင်းတို့ ဘာလုပ်နိုင်ကြသလဲ”ဆိုပြီး “အရှင်းရှင်ကြီးများသည် စစ်အစိုးရပြုတ်ကျပြီးရော ဆိုပြီး ၎င်းတို့၏ စည်းစိမ်ဥစ္စာ အပြုတ်ခံကာလုပ်ဆောင်ကြသည်။ သို့ရာတွင် စစ်အစိုးရမှာ ပြုတ်ကျမသွားဘဲ တိုးတက်လျက်ရှိနေသည်ကိုတွေ့ရသောအခါ မျက်ရည်ကျပြီး ဒုက္ခရောက်ကုန်သည်။” ဟု အနိုင်ရသူ အဖြစ် ဂုဏ်ယူဝင့်ကြွားစွာပြောဆိုခဲ့သည်။ (စာ-၂၁၇)

ကဲ သေနတ်ကြီး ခါးချိတ်ပြီး အုပ်ချုပ် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတွေကို မင်းတို့ ဘာတတ်နိုင်သေးလဲဆိုကာ စီမံခန့်ခွဲပြီး တိုင်းပြည်ချောက်ထဲဆွဲချခဲ့တဲ့သမိုင်းကြောင်းများပါပဲ။ အာဃာတနဲ့ပြန်လည် ဖတ်ရှုဖို့မဟုတ်တောင် နောက်လူများ သင်ခန်းစာ ယူနိုင်ဖို့တော့ ဗမာ့စီးပွားရေးအကြောင်းများကို ဆက်ဖတ်ရမှာဖြစ်ပါတယ်။

တိုင်းပြည်က ဆင်းရဲသွားသည်မှန်သော်လည်း ဦးနေ၀င်းနှင့်အပေါင်းအပါများက ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ပုဂ္ဂိုလ်ကြီးများဖြစ်ခဲ့သည်။ ၁၉၆၃ခုနှစ် ဘဏ်များကို ပြည်သူပိုင်သိမ်းချိန် ဦးနေ၀င်း အစိုးရ ရရှိခဲ့သော ငွေကြေးပမာဏမှာ အောက်ပါအတိုင်းဖြစ်သည်။

နိုင်ငံခြားဘဏ်များမှ- ကျပ်သန်းပေါင်း လေးရာလေးဆယ့်လေး ဒမနှစ်သန်း (K444.2 million) ဗမာနိုင်ငံသားပိုင်ဘဏ် များမှ ရသော ငွေပမာဏ- ကျပ်သန်းပေါင်းတစ်ရာကိုးဆယ့်နှစ် ဒမကိုး (k192.9 million)

နိုင်ငံခြားဘဏ်များမှာ(Loans) ကျပ်ငွေသန်းပေါင်း (353.2 million)ရရှိပြီး ဗမာနိုင်ငံသားပိုင်ဘဏ်များမှ ကျပ်ငွေသန်း ပေါင်း(161.8 million)ရရှိလိုက်သည်။ နောင်တွင်သိရသည်မှာ ဘဏ်များက လျော်ကြေး တောင်းရာ နိုင်ငံခြားဘဏ်များသို့ လျော်ကြေးငွေ ကျပ်ငွေ တစ်မလေးသန်း(k 1.4 million) ပြန်လျော်ခဲ့ပြီး ပြည်တွင်းဘဏ်များကို လျော်ကြေး 2.7 သန်း ပြန်ပေးခဲ့ရသည်ဟုသိရသည်။(စာ-၂၃၂)

ဇာတ်သိမ်းမှာတော့ ဦးနေ၀င်းရဲ့မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ထူထောင်ဖို့အားထုတ်ခဲ့တဲ့ ဆိုရှယ်လစ်စနစ်ကြီးကြောင့်ပဲ အများသိတဲ့ အတိုင်း မြန်မာ့စီးပွားရေးနဲ့အတူ မြန်မာပြည်ကြီးလည်း အကြွေးပေါင်းစုံတင်ကာ လူမွဲစာရင်းဝင်သွားတော့တာပါပဲ။

နဝတ၊ နအဖလက်ထက် ဗမာ့စီးပွားရေးကရော ဘယ်လို ရှိခဲ့သလဲဆိုရင် သူတို့ရဲ့ဖခင်ကြီး ဦးနေဝင်းအတိုင်း ဦးနေဝင်းပုံစံကို ပိုမိုပုံတူကူးချခဲ့ရာကနေ ဦးနေ၀င်းထက်ဆိုး အခြေအနေဆိုက်ရောက်သွားရတာပါပဲ။ ဦးနေ၀င်းက BEDC ကိုထူထောင်ပြီး ဗိုလ်သန်းရွှေက ဦးပိုင်စီးပွားရေးလီမိတက်ကို အမည်ပြောင်းတည်ထောင်၊ ဗိုလ်နေ၀င်းက ပြည်သူပိုင်သိမ်းဆိုပြီး နာမည် လှလှတပ်၊ ဗိုလ်သန်းရွှေက တပ်ပိုင်ဆိုကာ တပြည်လုံးမွဲပြာကျအောင် လုပ်ဆောင်ခဲ့ကြတာပါပဲ။

န၀တလက်ထက်စတင်စဉ်ကတည်းက ဆိုရှယ်လစ်စီးပွားရေးတည်ဆောက်မှုနှင့် ဆိုင်သော ဥပဒေအားလုံးကို ပယ်ဖျက်ခဲ့ပြီး ဈေးကွက်စီးပွားရေးကို ဖော်ဆောင်သော ဥပဒေများကိုတစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့သည်။ သို့သော် အမေရိကန်၊ ဗြိတိန် အစိုးရနှင့် အနောက်ဥရောပအုပ်စု၏ အသိအမှတ်မပြု ၀ိုင်းပယ်ထားခြင်းခံရသောကြောင့် တရုတ်နိုင်ငံနှင့်ယိုးဒယားနိုင်ငံကို သာ အားကိုးခဲ့ရသည်။ ဆိုရှယ်လစ်စနစ်ကို ဖျက်သိမ်းပြီး ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်တည်ဆောက် ခဲ့သော်လည်း ထူးထူးခြားခြား တိုးတက်အောင်မြင်မှု မရခဲ့ပေ။ (စာ-၂၈၃)

ဗိုလ်သန်းရွှေနဲ့အပေါင်းအပါများဟာ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါဟုကြွေးကြော်ကာ တရုတ်နိုင်ငံအတွက်ရည်စူးခဲ့တဲ့ ဈေးကွက် စီးပွားရေးစနစ်အမည်ပြောင်းကာ မြန်မာနိုင်ငံတွင်းက သယံဇာတအကုန်ကို နယ်စပ်လမ်းကတဆင့် ရောင်းချခဲ့ကြပါတယ်။ 

ဘယ်သူတွေ အကျိုးစီးပွားဖြစ်ခဲ့ကြသလဲဆိုတော့ တရုတ်နိုင်ငံရယ် စစ်ဗိုလ်ချုပ်ကြီးများရယ် ၎င်းတို့ရဲ့လက်ဝေခံ ခရိုနီသူဌေးကြီး များသာ ကျိကျိတက်ချမ်းသာခဲ့ကြပြီး တိုင်းပြည်ကတော့ ကြွေးမြီနွံထဲက ရုန်းမထွက်နိုင်ခဲ့တာ အခုထိပဲဖြစ်ပါတယ်။

ခု အရပ်သားအစိုးရလက်ထက်မှာရော ယခင်စစ်အုပ်စုများ ခြယ်လှယ်ထင်ရာစိုင်းသလို ဗမာ့စီးပွားရေးကို ဘယ်လိုပုံဖော်ကြမလဲ ဆိုတာ တကမ္ဘာလုံးက စောင့်ကြည့်နေကြပါတယ်။ ကာကွယ်ရေး နယ်စပ်ရေးရာ၊ ပြည်ထဲရေးအစရှိတဲ့ ဌာနာ ၃ ခုကို တပ်မတော်အောက်ထားရှိတာကလွဲလို့ စီးပွားရေးအပိုင်းတွေကို လွတ်လွတ်လပ်လပ် အကောင်အထည်ဖော်လို့ရမယ်လို့မျှော်လင့်ထားကြလို့ဖြစ်ပါတယ်။ တချိန်ချိန် ဗမာ့စီးပွား ရေးအကြောင်း ပြောဆိုဆွေးနွေးကြရင်တော့ ယခုစာအုပ်ဟာ အထောက် အထားတခုအဖြစ် အသုံးဝင်ဖို့ သေချာသလောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့အစိုးရတွေ အဆက်ဆက် တိုင်းပြည်စီးပွားရေး ပျက်စီး၊ ကောင်းမွန်စသဖြင့် ပြန်လည်စိစစ်ကြမယ် ဆိုရင်လည်း ယခုစာအုပ်ဟာ ဗမာ့စီးပွားရေးကို ကောင်းကောင်း မီးမောင်းထိုး ပြနိုင်လောက်အောင် အချက်အလက်ပြည့်စုံပါ တယ်လို့ ညွှန်းဆိုလိုက်ရပါတယ်။

စာရေးသူ- Sean Turnell
ဘာသာပြန်ဆိုသူ- ကိုကိုလေး
စာအုပ်အမည်- Banks Money Lenders and Microfinance in Burma
                  - -  ဗမာ့စီးပွားရေး သမိုင်း
အမျိုးအစား-  နိုင်ငံရေး
ထုတ်ဝေသည့်တိုက်- ယဉ်မျိုးစာပေ
ထုတ်ဝေသည့်ကာလ- ၂၀၁၇၊ စက်တင်ဘာ
တန်ဖိုး- ၃၅၀၀ကျပ်

0