K ငြိမ်းချမ်း- ပြန်ကာသာတွေး မြန်ပြည်အရေးတွေးကာသာပူသူ(သို့မဟုတ်) ပြည်သူ့တေးသံရှင် ...




ပြန်ကာသာတွေး မြန်ပြည်အရေး တွေးကာသာပူသူ (သို့မဟုတ်) ပြည့်သူ့တေးသံရှင် (ဒေါ်)မာမာအေး
K ငြိမ်းချမ်း
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၈

စက်တင်ဘာ ၂၅ ရက်ဆိုရင် မြန်မာပြည်သမိုင်းမှာ ဒုတိယအထင်ရှားဆုံး အရေးအခင်းကြီးတခုဖြစ်တဲ့ ရွှေဝါရောင်သံဃာ့ အရေး အခင်းကြီး ဖြစ်ပွားခဲ့တာ ၁၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါ တယ်။ ၂၀၀၇၊ စက်တင်ဘာရက်နေ့တွေမှာ ပခုက္ကူမြို့ကလေးမှာ သံဃာ နှစ်ပါးကို လက်နက်ကိုင်အုပ်စုက ဓာတ်တိုင်ကြိုးတုတ်ရိုက်ရာကနေ သံဃာတွေစုဝေးးပြီး ပတ္တနိုက္ကုဇ္ဖနကံ ဆောင်ရာမှ ရန်ကုန်၊ မန္တလေးနဲ့အခြားမြို့ကြီးတွေမှာ သံဃာ့အရေးတော်ပုံတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်အရေးအခင်းကြီးကတော့ ကမ္ဘာက စောင့်ကြည့်စုတ်သပ်နာကြည်းခံပြင်းခဲ့ကြတာ အပြင်း ထန်ဆုံးဖြစ်ခဲ့ကြတာပေါ့။ အဲဒီတုန်းက ရန်ကုန်အခြေ အနေစစ်မြေပြင်ကြီးကို DVB သတင်းဌာနက ရိုက်ကူးတင်ဆက်မှုနဲ့အတူ သီချင်းတပုဒ်ကလည်း တွဲလျက်ပါလာခဲ့ပါတယ်။ မေတ္တာပို့သနေတဲ့ သံဃာတွေနဲ့ဝန်းရံပေးတဲ့ လူထုကို စစ်မြေပြင်သဖွယ် ချေမှုန်းနှိမ်နင်းပုံတွေကို မျက်ရည်လည်အောင်ကြည့်နေရပြီး သီချင်းသံကလည်း ရင်ထဲအသည်းထဲက လိုက်ဆိုမိတဲ့အထိ ဖြစ်ခဲ့ကြတာ မှတ်မိကြဦးမယ်ထင်ပါတယ်။

အဲဒီသီချင်းကို သီဆိုခဲ့သူကတော့ မြန်မာ့သီချင်းတွေသီဆိုရာမှာ အောင်မြင်ကျော်ကြားခဲ့တဲ့အဆိုတော်ကြီး (ဒေါ်)မာမာအေး ဖြစ်ပြီး သီချင်းနာမည်ကတော့ အသည်းနာ ကမ္ဘာမကျေ အမည်ရတဲ့သီချင်းဖြစ်ပါတယ်။

“သံဃာတော်တွေ သွေးမြေကျရပြီတဲ့…တကြော်ကြော် ဟစ်ကြွေးကြတာများ…..မကြားချင်ပေါင်……. ပူလောင်ခံစား….ပင်လယ်ဖြစ်သွား….မျက်ရည်များ

တနေ့တနေ့နဲ့အသက်တွေ.........ပေးဆပ်ခဲ့ရ ကြာရှည် .….ဗမာပြည်သူဆွေ…အဆုံးထိ တိုက်မယ့် ခိုက်မယ့်ဇွဲထက်လေ…..

အာဇာနည်တွေ......ကောင်းရာရောက်မယ် .….အမှန်မသွေ ဗုဒ္ဓနှုတ်ခြွေ .….၀ိနည်းအတိုင်းလိုက်ပေ…..သပိတ်မှောက်ကံထိုက်တဲ့ နအဖတို့ဂြိုဟ်မွှေ

လက်နက်လည်း မပါပေ......မေတ္တာပို့ဝေ ...အသက်ပေးခဲ့ကြသလေ……..”

အဖြစ်အပျက်တွေကလည်း မျက်ရည်ကျတောက်ခေါက် သီချင်းရှင်ကလည်း နာကြည်းခံပြင်းစွာသီဆိုထားတော့ စစ်အစိုးရက ဖုံးဖိဖို့ကြိုးစားလို့မရအောင် ကမ္ဘာသိဖြစ်ခဲ့ရပါတော့ တယ်။

ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ရဲ့စစ်အစိုးရကာလများမှာ အနုပညာရှင် အတတ်ပညာရှင်တွေဟာ ပြည်တွင်းမှာနေထိုင်စဉ်လည်း ဖိနှိပ်တင်းကျပ်မရတော့ ထောင်ချ၊ ထောင်က ထွက်တော့လည်း စောင့်ကြည့်မှုတွေကြောင့် တော်တော်များများ ပညာရှင်တွေ ဟာ အခြားတိုင်းပြည်တွေထိ သွားရောက်နေထိုင်ခဲ့ကြရပါတယ်။ ကျောက်စိမ်း၊ ကျွန်းသစ်နဲ့ တွင်းထွက် သယံဇာတတွေလောက် သာ ရောင်းစားပြီး တိုင်းပြည်ရတနာလို့သတ်မှတ်တဲ့စစ်ဝါဒီများကြောင့် လူရတနာ၊ ပြည့်လည်ဆွဲတွေဟာ ကိုယ့်တိုင်းပြည်မဟုတ် တဲ့ အရပ်ဒေသတွေမှာ တချို့ဆို ကွယ်လွန်ကုန်ပြီဖြစ်ပါတယ်။

စာပေ၊ ဂီတ၊ ရုပ်ရှင်အစရှိတဲ့ အနုပညာရှင်တွေထဲက ဒိုရာသန်းအေး၊ ကြေးမုံဦးသောင်း၊ မောင်စွမ်းရည်၊ တင်မိုး၊ မောင်သာရ၊ ဝင်းဖေ၊ မာမာအေးတို့ဟာ ကိုယ်မြေကိုယ့် ရေမဟုတ် ဘဲအခြားတိုင်ပြည်မှာ နေထိုင်ခဲ့ရတဲ့အချိန်ကာလတွေ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ဒိုရာသန်းအေး၊ ဆရာတင်မိုး၊ ဆရာမောင်သာရတို့ဟာ အမိမြေကိုလွမ်းဆွတ်ရင်း ကွယ်လွန်ခဲ့ကြတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်ပါတယ်။

ယခုစာအုပ်ကတော့ ပြည်သူ့အဆိုတော်ကြီး (ဒေါ်)မာမာအေး ပြည်ပမှာနေထိုင်စဉ် ရေးသားခဲ့တဲ့စာစုတွေကို စုစည်းပြီး ဒေါ်မာမာအေးရဲ့၇၅ နှစ်ပြည့် စိန်ရတုမွေးနေ့ကိုရည်ရွယ်ပြီး မိုးမခ အင်အားစုက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

ပြန်ကာသာ ရှေ့နောက်တွေးလို့အမည်ပေးထားပြီး စာအုပ်မှာ ကဗျာ၊ သီချင်း၊ ဆောင်းပါး၊ ပြန်လည်အောက်မေ့ချက်တွေဖြစ်တဲ့ ပြန်ကာသာ ရှေ့နောက်တွေးအစရှိတဲ့ စာစုတွေ ပါဝင်ပါတယ်။ ကဗျာကဏ္ဍမှာ ကိုယ့်ခရီးမှာ၊ မမရှင်သို့၊ လွတ်လပ်ပြီးရင် လွတ် လပ်အောင်၊ အမိမြေသို့၊ အရှိုချင်းပေါင်း၊ အမှတ်တရ ဗိုလ်ချုပ်(၁၉၁၅-၁၉၄၇)၊ မင်္ဂလာ၊ နာဂစ် ငါ မချစ်တော့ဘူး၊ အဝိုင်းလေး က ပိတောက်ပန်းနဲ့စိန်ပန်း၊ စကားလက်ဆောင်၊ သပြေသက်သေ၊ အဖေ့ဓား၊ ငယ်စိတ်၊ ဒေါင်းသွေးပါပဲ၊ ကိုကြီးမိုးသို့၊ မုန်းတယ် မေတ္တာပို့၊ ရှစ်သူငယ် ချင်းမအတွက်၊ ရွှေရတု ဇာဂနာသို့၊ မောင်ကြီးဆရာပါသို့၊ ကိုကြီးမိုးသို့ ၂၀၁၂ တမ်းစာ၊ သစ္စာဦးကဗျာ၊ ကိုယ့်အထင်၊ နှစ်သစ်ဆုတောင်း၊ ကိုကြီးမိုးရေ၊ ဒီဇင်ဘာအလွမ်း၊ ၁၃၇၀ သင်္ကြန်ကဗျာ၊ တနှစ်အကြာပြန်လာ ပါ၊ မာမာအေး မေ့ပါဘူး၊ အမေအတွေး၊ မစိုးရိမ် အလွမ်း၊၂ နှစ်ပြည့် ကဗျာမိုး အမှတ်တရ အစရှိတဲ့ကဗျာ ၃၂ ပုဒ်ပါဝင်ပါတယ်။

သီချင်းကဏ္ဍမှာတော့ နိုင်ငံရေးသီချင်းများဖြစ်တဲ့ အသည်းနာ ကမ္ဘာမကျေ၊ သံဃာကို အလေးပြုပါတယ်၊ မဲရုံဆီသို့ ကန့်ကွက်စို့၊ သက်ရှည်ကျန်းမာဖို့ လှူကြစို့၊ သားမေမေ၊ မေတ္တာစုံရေ၊ ငြိမ်းချမ်းမြေမှာ ပျော်ပါစေ သီချင်း ၇ ပုဒ် ပါဝင်ပါတယ်။

ဆောင်းပါး ၇ ပုဒ် ပါရှိပြီး တုံးကျော် “ဘ” ဖြစ်ပါစေသော်၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြောချင်တဲ့စကားများ၊ မေတ္တစာ အပြန်ကမ်းပါရဲ့၊သုမောင်ကွယ်လွန်ခြင်း ဝမ်းနည်း မှတ်တမ်း၊ မောင်လေးရေ သွားတော့ သွားတော့၊ ၂၀၁၁ မြန်မာနှစ်သစ်ကူး မာမာအေးဆုတောင်း၊ ကျောင်းအလှူကြော်ငြာတို့ဖြစ်ပါတယ်။

စာအုပ်ရဲ့ခေါင်းစဉ်ဖြစ်တဲ့ ပြန်ကာသာ ရှေ့နောက်တွေးဆိုတဲ့ အောက်မေ့တသစာစုမှာတော့ ၁ ကနေ ၁၇ ထိပါရှိပြီး ဘဘ ဦးသုခ၊ ဥင်္ီးကြည်မောင်၊ ဒိုရာသန်း၊ ဂီတစာဆိုကိုလေးညွှန့်၊ ဗန်းမော်ညိုနွှဲ့နဲ့ ရွှေဝါရောင်အကြောင်းတွေကိုရေးသားထားပါတယ်။

မြန်မာ့သံအဆိုတော်ကြီး (ဒေါ်)မာမာအေး စာရေးတယ်ဆိုတာကို မသိတဲ့သူတွေကတော့ သူရဲ့အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ရှု ကြည့်စေချင်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ လေးမာအမည်နဲ့ ကဗျာ၊ သီချင်းများရေးသားခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ သိုးကလေးမေမေဆိုတဲ့ လုံချင်းဝတ္ထုကို ရေးသားခဲ့တာဖြစ်ပါတယ်။

ဆောင်းပါးနဲ့ပြန်လည်အောက်မေ့ခြင်း ပြန်ကာသာ ရှေ့နောက်တွေး၁မှ ၁၇အထိမှာ စကားပြောဟန်နဲ့ သီချင်းဆိုသလို ရေးသား ထားတာကို ဖတ်ရှုရမှာဖြစ်ပါတယ်။ သီချင်းဆို သလိုဆိုတာက ရှိုက်ရမယ့်နေရာမှာ ရှိုက်ပြီး၊ တရမယ့်နေရာ တဆိုထားလို့ဖြစ်ပါ တယ်။ ဒီကဏ္ဍမှာ စာချစ်သူများအတွက် ထူးခြားချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ကွယ်လွန်သူ ပြည်သူ့ ဘက်က ဗိုလ်ချုပ်ဟောင်းတယောက်ဖြစ်တဲ့ ဦးကြည်မောင်အကြောင်းပဲ ဖြစ်ပါတယ်။

ဘဘဦးကြည်မောင်ရဲ့နိုင်ငံရေးဖြတ်သန်းမှု၊ ယုံကြည်ချက်၊ ရပ်တည်ချက်များကို ရေးသားထားတဲ့ စာအုပ်စာတမ်းတွေ ရှိပြီးဖြစ် သော်လည်း ဒေါ်မာမာအေးရေးသား ပြောဆိုထား တာက ဦးကြည်မောင်ရဲ့လူမှုဘ၀စိတ်နေစိတ်ထား၊ အနုပညာချစ်စိတ် ကြီး မားခဲ့ပုံများကို ရေးသားထားတာဖြစ်ပါတယ်။

“ဦးကြည်မောင်ဟာ အနောက်တိုင်းမှာ တင်ဆက်ပုံမျိုးဖြစ်တဲ့ “အော်ပရာ”ပုံစံမျိုး ပြဇာတ်နှစ်ခု တင်ဆက်ပြသဖို့ ကြိုးစားခဲ့ဖူး သူဖြစ်ပါတယ်။ နောက်ခံတီးလုံးက နိုင်ငံတကာ ဓာတ်ပြားများထဲက အသံတွေချည်းဖြစ်ပါတယ်။ ပထမတစ်ခုနာမည်က “ကောဠိယ မြို့တံခါး” တဲ့ရှင့်။ ကပြသူများက စကားမပြောဘဲ အမူအရာဟန်နဲ့သာ သရုပ်ဆောင် ကပြခဲ့ကြပါတယ်။ ဇာတ်လမ်းက ရာဇ၀င်လို့ပြောရမှာပါပဲ။ ဂဏစနစ်နဲ့စုပေါင်းအုပ်ချုပ်ကြတဲ့လစ္စ၀ီမင်းတွေ ညီညွတ်ကြလွန်းလို့ တခြားတိုင်း ပြည်သားပုဏ္ဏားက တစ်ပါးနဲ့ တစ်ပါး စိတ်ဝမ်းကွဲအောင် ကြားဝင်ဂုံးချောတာမှာ မြို့တံခါးဖွင့်နိုင်သွားတာကြောင့် ကိုယ့်တိုင် ပြည် သူများလက် ပါရတဲ့အကြောင်း အဆင့်မြင့် ပြသခဲ့ခြင်းပါ။”
နောက်ပြဇာတ်နာမည်က ‘တရားလိုသက်သေ မနန်းမေ’ပါတဲ့ရှင့်။ တရားခွင်တခုက ဆွဲချ(ရှေ့နေ)နဲ့သက်သေထွက်ဆိုတဲ့ အမျိုးသမီး အဓိကတင်ဆက်သွားတာပါ။ အဲဒီကျတော့ လေယူလေသိမ်း စကားအတင်အချတွေနဲ့ချည်း ကပြသွားတဲ့ ဇာတ် မျိုးပါ။ နောက်ခံတီးလုံးကလည်း လေသံမာရင် မာသလိုမြင့်သွား၊ နွဲ့ရင် နွဲ့သလိုအေးသွား ဖြစ်စေတဲ့ အနောက်နိုင်ငံက ဂီတသံတွေနဲ့ပဲ အတိအကျ ပံ့ပိုးထားပါတယ်။ အသံတွေကို စကားအကိုက် နာရီအကိုက် ချိန်ထားပြီး အသံသွင်းထားတဲ့ အတွက် ကတဲ့သူတွေက အပိုစကား အပိုသရုပ်ဆောင်ဖြည့်လို့ မရနိုင်ပါဘူး။

အဲဒီပြဇာတ်နှစ်ထုပ်ကို နိုင်ငံတော်ရဲအဖွဲ့က တည်ထောင်ထားတဲ့ကာလပေါ်တီးဝိုင်းနဲ့ ရဲပြဇာတ်အဖွဲ့က လူတွေနဲ့ သူ ကိုယ် တိုင်သင်ကြားပေးပြီး ကခိုင်းခဲ့တာပါရှင်။ ရဲပြဇာတ် အဖွဲ့မှာ အဆိုတော် ရုပ်ရှင်နဲ့ပြဇာတ်မင်းသားမြင့်စိုးတို့လည်း ရှိနေပါ တယ်။ ဇာတ်ဟန်တွေပါမှာစိုးလို့ မကခိုင်းပါဘူး။ တကယ့်အစိမ်းသက်သက်တွေကိုပဲ ကခိုင်းခဲ့ပါတယ်။ ပြင်ပကနာမည်ကြီး ပြဇာတ် မင်းသမီး၊ မင်းသား ရုပ်ရှင်မင်းသမီးမင်းသား အဆိုတော်တွေလည်း အများအပြားပေါ်ပေါက်နေတဲ့ကာလမှာ ဖြစ်ပေမယ့် အကူအညီတောင်းခြင်း စေခိုင်းခဲ့ခြင်း လုံးဝမရှိခဲ့ပါဘူး။ သူ့သဘောကတော့ သူများအချိန်တွေကို မတရား မလိုချင်ဘူးတဲ့။ ဒီအလုပ်လုပ်စားတဲ့သူကို ဘာတစ်ပြားမှ မချီးမြှင့်ဘဲနဲ့ မေတ္တာနဲ့ချည်းခိုင်းလို့ ဘယ်ဖြစ်မှာတုန်း၊ လူ တစ်ယောက်အောင်မြင်ဖို့ရာ အများကြီး အချိန်တွေ ရင်းထားခဲ့ရတာကို နားလည်ပေးရမှာပေါ့တဲ့ရှင်။ (စာ-၁၂၃)
အနောက်တိုင်းစစ်ဌာနချုပ်ကို ဦးလေးတာဝန်ယူရတဲ့အခါမှာတော့ ပုသိမ်မြို့ အခုတည်ရှိနေတဲ့နေရာမှာ ဘာအဆောက် အအုံမှ မရှိပါဘူးရှင်။ အဲဒါကိုမှ စောစောကရေးခဲ့တဲ့ ဗိသုကာပညာရှင်များ ဦးစီးရေးဆွဲစေပြီး သူကိုယ်တိုင် ကြပ်မတ် ကြီးကြပ်ဆောက်လုပ်ခဲ့ပါတယ်။ ကျမတို့မြင်နေကျ စစ်တပ်ဆိုတာ ရိုးရိုးတန်းလျားတွေ မဟုတ်လား။
အနောက်တိုင်းက နေသားတကျ အလှအပလည်းဖြစ်စေနိုင်တဲ့ အဆောက်အဦးမျိုးတွေမို့ ကွာမှာပါပဲ။ သူ့ရဲဘော်တွေ ဘယ်လိုနေသင့်ထိုင်သင့်တယ်ဆိုတဲ့စေတနာမျိုးပေါ့ရှင်။ တိုင်းပြည်ဘဏ္ဍာချွေတာစေချင်လို့တဲ့။ သူများလို သီးခြားအ၀ယ် တော်ပွဲစားတွေ မသုံးခဲ့ပါဘူး။ (စာ-၁၂၅)
ဦးလေးဟာ သူနိုင်ငံ့တာဝန်က အနားယူလိုက်ချိန်မှာ ကျမရောက်သွားတော့ အပြီးအပိုင်တားခဲ့တယ်။ ‘ကိုယ့်ကြောင့် မင်းတို့ အငြိုးခံရနိုင်တဲ့အတွက် နောက်လာမတွေ့ပါနဲ့’ လို့ပြောခဲ့ပါတယ်။ ကျမကလည်း လိုက်နာခဲ့တယ်။
တစ်ခါမှာ ဦးလေး အပါအ၀င် တပ်မတော်အငြိမ်းစားလူကြီးများကို ဆိုင်ရာကခေါ်သွားခဲ့ကြောင်းနဲ့ပြန်ရောက်တဲ့အကြောင်း ကျမတပည့်တစ်ယောက်က လာပြောတယ်။ ဘာမှမ သိဘဲနေခဲ့ရတဲ့ကျမ ချက်ချင်းထလိုက်သွားပါတယ်။ တကယ်ဆို ကျမအိမ်နဲ့ ဦးလေးအိမ်ဟာ ၅မိနစ်သာလျှောက်ရင် ရောက်တာပါ။ မလာရအမိန့်ကြောင့် ခါတိုင်းတစေ နာထောင်ခဲ့သော် လည်း ဒီတစ်ချီ ဇွတ်သွားတွေ့မိတယ်။ တွေ့တော့လည်း ၀မ်းပန်းတသာပြောနေတာပါပဲ။ “ဦးလေး နိုင်ငံရေး လုပ်တော့မှာ လား၊” ကျမအမေးစကားဟာ ဒါပါပဲ။
မလုပ်သေးပါဘူး။ ခုဟာက ကိုယ်တို့မိတ်ဆွေတစ်စု တစ်လတစ်ကြိမ် စုပြီး တိုင်းပြည်အကြောင်း တိုးတာဆုတ်တာတွေ ပြောရင်း ထမင်းစားကြတာပါ။ ဘာလို့မေးတာလဲ တဲ့။
ကျမက ဦးလေးနိုင်ငံရေးလုပ်ရင် ကျမလည်း ပါဝင်မယ်လို့ ပြောတာကို အပြောမခံဘူး။ “ကိုယ့်အလုပ် ကိုယ်လုပ် ကြိုးစား၊ ကိုယ့်ဘဝကြောင်း မပျက်စေနဲ့။ ပြန်တော့ နောက် မလာခဲ့နဲ့တဲ့”။ သူဟာ ဂီတချစ်တဲ့သူလေ။ ကျမကို ဒီကိစ္စမှာ မပါစေချင် ဘူး။ (စာ-၁၃၀)

ခု ကောက်နုတ်ဖော်ပြခဲ့တာတွေကတော့ (ဒေါ်)မာမာအေးရေးသားတဲ့ ပြန်ကာသာ ရှေ့နောက်တွေးဆောင်းပါးတွေထဲက စစ်ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထူထောင်သူတဦးဖြစ်တဲ့ ဘဘ ဦးကြည်မောင်အကြောင်းတွေ ထဲကဖြစ်ပါတယ်။ ရှေးဖြစ်နောက်ဟောင်းတွေဆိုသော်လည်း မသိမီလိုက်တဲ့လူငယ်များအတွက် သမိုင်းဆိုင်ရာအချက် အလက် များ ဖြစ်စေပါတယ်။

စာအုပ်မှာ ပါဝင်တဲ့စာစုအများစုကတော့ (ဒေါ်)မာမာအေးဟာ ၁၉၉၀ ကျော်ကာလတွေမှာ အမိမြေကို ပြန်လည်ခြေချခွင့် စစ် အစိုးရက တားဆီးပိတ်ပင်ခြဲ့ပီးနောက် ရေခြားမြေခြားမှ အမိမြေရဲ့သတင်းတွေမြင်နေကြားနေရာက ပြန်လည်ခံစားတုန့်ပြန်မှု အနုပညာများလို့လည်း ဆိုနိုင်ပါတယ်။ အမိမြေအပေါ်ထားတဲ့ ၇၅နှစ်အရွယ် တေးသံရှင်ကြီးရဲ့ကဗျာတပုဒ်နဲ့ စာအုပ်ညွှန်းဆိုမှုကို ရပ်နားလိုက်ရပါတယ်။

ကဗျာအမည်က လွတ်လပ်ပြီးရင် လွတ်လပ်အောင်ဖြစ်ပါတယ်။

အမေ ဗမာ
ကိုယ်လည်း ဗမာ
ကိုယ့်နားမှာလည်း ဗမာ
အားလုံး တို့ ဗမာ
ဗမာတွေ စု
သာဓုခေါ်လို့ချည်း မပြီး
လွတ်လပ်ပြီးရင် လွတ်လပ်
ကျောချင်းကပ် ရင်ချင်းကပ်
တို့အချစ်တွေ ပေါင်းစပ်
မျိုးချစ်စိတ်နဲ့ ရပ် ။ ။

Comments