ခင်နှင်းဝေ/Myanmar Now - ကမ္ဘာ့သန့်ရှင်းရေးနေ့အထိမ်းအမှတ်အဖြစ် မန်းတွင် စုပေါင်းအမှိုက်ကောက်

ကမ္ဘာ့သန့်ရှင်းရေးနေ့အထိမ်းအမှတ်အဖြစ် မန်းတွင် စုပေါင်းအမှိုက်ကောက်
ခင်နှင်းဝေ/Myanmar Now
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၈




(ဓာတ်ပုံများ - ခင်နှင်းဝေ/Myanmar Now)

မန္တလေးတွင် တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့် မြို့တော်ဝန် ဦးဆောင်ပြီး ကမ္ဘာ့သန့်ရှင်းရေးနေ့ အထိမ်းအမှတ် အဖြစ် ယနေ့နံနက်ပိုင်းတွင် စုပေါင်း အမှိုက်ကောက်ခဲ့ကြသည်။

မြန်မာပြည်တွင် တစ်ရက်လျှင် အမှိုက်တန်ချိန်ပေါင်း ရှစ်သောင်းကျော် ထွက်နေကြောင်း၊ ကမ္ဘာကြီး ပူနွေးလာခြင်းနှင့် ရာသီဥတု ဖောက်ပြန်လာခြင်းသည် အမှိုက်နှင့် ဆက်စပ်နေသောကြောင့် အမှိုက်ကို စနစ်တကျ စွန့်ပစ်ရန် အရေးကြီးကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းခဲ့သည်။

အမှိုက်နှင့် ပတ်သက်ပြီး ပညာပေး လုပ်ငန်း အရေးကြီးကြောင်း Clean Mandalay Campaign လှုပ်ရှားမှုအဖွဲ့မှ ဥက္ကဋ္ဌ ကိုသန့်စင်က ပြောသည်။

"မြို့တော်စည်ပင်သာယာရေး ကော်မတီကလည်း အမှိုက်နဲ့ပတ်သက်လို့ အသိပညာပေးတွေ စနေပါတယ်။ ကျွန်တော်တို့ Clean Mandalay Campaign ကလည်း ကျောင်းတွေမှာ အသိပညာပေးတွေ ပြုလုပ်နေတယ်" ဟု ကိုသန့်စင်က ပြောသည်။

အမှိုက်ကောက် လှုပ်ရှားမှုကို ကျောင်းသားကျောင်းသူများ၊ အရပ်ဖက်အဖွဲ့အစည်းဝင်များ၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား တစ်ထောင်ကျော် ပါဝင်ခဲ့သည်ကို တွေ့ရသည်။

မန္တလေး မနော်ရမ္မံကွင်း အလက ၁၉ ကျောင်း၊ အနယ်နယ် အရပ်ရပ်မှ ခရီးသည် အဝင်အထွက် များပြားသည့် ကျွဲဆည်ကန်ကားကြီးဝန်းတို့တွင်လည်း အမှိုက်ကောက် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။








Comments