အောင်ထက်ဦး/Myanmar Now - ဘားအံထောင်ဖောက်ပြေးသူများထဲမှ ထက်ဝက် ပြန်မိကြောင်း ပြည်နယ်ရဲမှူးပြော

အောင်ထက်ဦး (Myanmar Now) ● ဘားအံထောင်ဖောက်ပြေးသူများ ထဲမှ ထက်ဝက် ပြန်မိကြောင်း ပြည်နယ်ရဲမှူးပြော 
 (မိုးမခ) စက်တင်ဘာ ၁၉၊ ၂ဝ၁၈

၄၁ ဦး ထောင်ဖောက်မှုစစ်ဆေးရန် ကရင်ပြည်နယ်၊ ဘားအံသို့ စုံစမ်းရေးအဖွဲ့ လွှတ်ထားကြောင်း အကျဉ်းဦးစီးဌာနက ပြောသည်။
 

 
Google Map ကောင်းကင်မြင်ကွင်းမှ တွေ့ရသော ဘားအံအကျဉ်းထောင်

(ရန်ကုန်) — ကရင်ပြည်နယ်၊ ဘားအံထောင်မှ ထွက်ပြေးလွတ်မြောက်သွားသူ ၄၁ ဦးအနက်မှ ပြန်လည်ဖမ်းမိထားသူ ၂၁ ဦး ရှိပြီဖြစ်ကြောင်း ပြည်နယ် ရဲမှူးကြီးအောင်မြတ်မိုးက စက်တင်ဘဘာ ၁၈ နံနက်ပိုင်းတွင် ပြောသည်။

၄၈ နာရီကျော်ကြာရှာဖွေမှုပြုလုပ်ရာတွင်  ကျော်မိန်လှ၊  ကံမြင့် (ခေါ်) ဇော်ကြီး တို့ကို အသေဖမ်းမိသည်ဟု သိရသည်။

"သေတာ နှစ်ယောက်ရှိတယ်။ အဖမ်းအဆီးနဲ့ ဒဏ်ရာရပြီး သေတာ"ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

စက်တင်ဘာ ၁၆ နံနက်ပိုင်း အကျဉ်းသား အလုံးအရင်း ထွက်ပြေးလွတ်မြောက်မှုနှင့် ပတ်သက်သည့် စုံစမ်းမှုများအကြောင်းကို ရဲမှူးကြီးက အသေးစိတ် ပြောကြားခြင်း မရှိပေ။

အကျဉ်းသားထွက်ပြေးမှု ယခင်က ရှိခဲ့ဖူးသော်လည်းလူအင်အား အလုံးအရင်းဖြင့် ထောင်ဖောက်ပြေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ဒုညွန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။

'ဘာမှ မသိရသေးဘဲနဲ့ သံသယနဲ့ ရေးနေတာ၊ ပြောနေတာကတော့ သိပ်သဘာဝမကျဘူး။    အဲဒါကို တိတိကျကျ သိရအောင်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ သွားနေပါပြီ' ဟု ၎င်းက ပြောသည်။

စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးမှသာ ယခုကိစ္စနှင့် ဆက်စပ်မှုများကို တိတိကျကျပြောနိုင်မည်ဖြစ်ကြောင်း၊ လတ်တလော သတင်းစားရှင်းလင်းပွဲပြုလုပ်ရန် အစီစဉ်မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

ထောင်ဖောက်ပြေးသူများထဲတွင်  လွတ်မြောက်ရန် လပိုင်းသာ လိုတော့သည့်သူများလည်း ပါဝင်နေသည်ဟု ၎င်းက ဆိုသည်။

ထွက်ပြေးမှုကို ဦးဆောင်ပြီး အသေပြန်ဖမ်းမိသူဟု အာဏာပိုင်တို့က သတင်းထုတ်ပြန်ထားသည့် ဘားအံ ဒေသခံ ကျော်မိန်လှသည် လွန်ခဲ့သည့် ၃နှစ်က ကျေးလက်ဒေသရှိ သူ၏ နေအိမ်တွင် စတင် ထိန်းသိမ်းခံရခြင်း ဖြစ်ပြီး လူသတ်မှု၊ လက်နက်မှု၊ မူးယစ်မှုများဖြင့် သေဒဏ်၊ ထောင်ဒဏ် ကျခံထားရသူဖြစ်သည်။ 

Comments