နိုင်စွမ်း ● ပန်းချီနဲ့ပန်းပု တခုတည်းမရွေးနိုင်သူ Artist ညီထွန်း


နိုင်စွမ်း ● ပန်းချီနဲ့ပန်းပု တခုတည်းမရွေးနိုင်သူ Artist ညီထွန်း
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၈


အနုပညာရှင်တဦးမှာ ကိုယ်ပိုင်ဟန် ဖန်တီးမှုရှိဖို့လိုတဲ့အပြင် တခြားသော မရှိမဖြစ်ရှိရဦးမှာက လောကရေးအမြင်၊ ဘ၀ အမြင်နဲ့ ဖန်တီးမှုဆိုင်ရာ အတွေးစိတ်ကူးတွေပါ။ နိုင်ငံတကာ အနုပညာနယ်ပယ်ထဲကို တိုးဝင်ခြေချ အောင်မြင်နေသူ အနု ပညာရှင်တွေဟာ အဲဒီအရည်အချင်းတွေ ပြည့်စုံဖို့လိုသလို ကိုယ့်ရဲ့ Artist’s Statement (အနုပညာရှင်၏ ရှင်းလင်းချက်) ကိုလည်း လိုအပ်ရင် ရေးပြ ပြောပြဖို့လိုပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ဘာသာစကားလည်းမတူ၊ ဒေသလည်း ခြားနား၊ အယူဝါဒနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေလည်း အမျိုးမျိုး ကွဲပြားနေတာကြောင့် ကိုယ့်ကိုယ်ကိုပဲမြင်ပြီး တခြားသူကိုမမြင်ဘဲ ဖြစ်တတ်ကြပါတယ်။ Artist တွေကတော့ အဲဒီ ကွာဟချက်ကို ဖြည့်ဆည်း ဖြည့်စွက်တဲ့အနေနဲ့  လိုအပ်ရင် လိုအပ်သလို မိမိရဲ့ Artwork နဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တွေ ပြောပြရေးပြတာ ဖြစ်ပါတယ်။

AFFLICTION (ခံစားမှုဝေဒနာ) လို့ အမည်ပေးထားတဲ့ Artist ညီထွန်းရဲ့ တတိယအကြိမ်မြောက် တကိုယ်တော် အနုပညာ ပြပွဲကို 43 Art Gallery မှာ အောက်တိုဘာ ၆ ကနေ ၈ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ Artist ညီထွန်းရဲ့ ရှင်းလင်းချက်တွေက ဘယ်လိုရှိမလဲဆိုတာ မေးမြန်းတင်ပြလိုက်ပါတယ်။



တကိုယ်တော်ပြပွဲက သုံးကြိမ်ရှိသွားပြီဆိုတော့... ၂၀၁၅ ခုနှစ် ပထမအကြိမ်တုန်းက အနုပညာဖန်တီးတင်ပြမှုနဲ့ အခု တတိယအကြိမ် ဖန်တီးတင်ပြမှုတွေကြား... ဘာတွေ ကွာခြားပြီလို့ ကိုယ့်ကိုယ်ကိုသုံးသပ်မိလဲဗျ။
“ကျနော့်ရဲ့ တကိုယ်တော်ပြပွဲကို AFFLICTION title နဲ့ သုံးကြိမ်မြောက်ပြမှာပါ။ ပထမ အကြိမ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၀ ကနေ ၂၄ ရက်နေ့ အထိ Cloud 31 ဂယ်လာရီမှာ ရေဆေးကား ၃၅ ကားကို ပြဖြစ်ခဲ့ပါတယ်။ ရေဆေးဆိုပေမယ့် နည်းပညာတွေ အားပြုပြီး ရေးထားတာမျိုး မဟုတ်ဘဲ ကျနော် ခံစားရသလို… တွေးမိသလို… ချရေးဖြစ်တာပါ။ ဒုတိယ အကြိမ် တကိုယ်တော်က ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၆ ကနေ ၁၀ ရက်နေ့ အထိ ဗိုလ်အောင်ကျော် ပြခန်းမှာ လုပ်ခဲ့ပါတယ်။ ပထမ အကြိမ်နဲ့ အခု တတိယ အကြိမ် တကိုယ်တော် ပြပွဲတွေကြား ဘာတွေ ပြောင်းလဲကွာခြားသွားသလဲ ဆိုတော့ လက်ရာပိုင်းနဲ့ အတွေးအခေါ်ပိုင်း တချို့တော့ နည်းနည်း ပြောင်းလဲမှု ရှိနိုင်ပါတယ်”

ခင်ဗျားရဲ့ ပြပွဲအမည်က စိတ်ဝင်စားစရာကောင်းနေပါတယ်။ ပြပွဲအမည်နဲ့ အခုလို စီးရီးလိုက် ဖန်တီးတင်ပြမှုအကြောင်း ရှင်းပြပေးပါဦး။
“ဝေဒနာလို့အမည်ပေးတဲ့ အကြောင်းက ကျနော်တို့ လူဖြစ်လာရခြင်းဟာ ဝေဒနာတွေခံစားရဖို့ပါ။ ချစ်ခြင်း၊ မုန်းခြင်း၊ ရီမယ်၊ ငိုမယ်၊ ခံစားမယ်၊ ပေါက်ကွဲမယ်၊ ပူလောင်မယ်၊ ငြိမ်းအေးမယ်၊ အားလုံးဟာ ဝေဒနာတွေချည့်ပါပဲ။ ဒါကြောင့် ၃၁ ဘုံမှာ ကျင် လည်နေသမျှကာလပတ်လုံး ဒီဝေဒနာနဲ့ မလွတ်ကင်းနိုင်ပါဘူး။ ဒါကြောင့် ဒီ title လေးကို တောက်လျှောက် သုံးဖြစ်တယ်။ စဉ်ဆက်မပြတ် တွေးဖြစ်တယ်…၊ ရေးဖြစ်တယ်…၊ ပန်းပုထုတော့လည်း  ဒီအတွေးပဲရှိတယ်”



ညီထွန်းရဲ့ ပန်းချီလက်ရာတွေကို သုံးသပ်ရရင်… သူဟာ အရောင်ကို သုံးတဲ့နေရာမှာ ပြေလွင်လန်းဆန်း တက်ကြွတဲ့ မူရင်း အရောင်တွေ သုံးစွဲဖန်တီးတာဖြစ်နေပေမယ့်… ပန်းချီကားထဲက Figure တွေကတော့ လေးလံဖိစီးမှုနဲ့ မွန်းကျပ်မှုတွေ ပါဝင် နေတာ တွေ့ရပါတယ်။ တချို့ပန်းချီကားတွေမှာဆို အရောင်သုံးစွဲ ဖန်တီးမှုက ကြည်လင်အေးမြနေတယ် လို့ သိမ်သိမ်မွေ့မွေ့ ခံစားရပေမယ့် ပန်းချီကားထဲက Figure က အဲဒီသိမ်မွေ့မှုရဲ့သားကောင်ပမာ ဖြစ်နေရတာကိုလည်း တွေ့ရပြန်ပါတယ်။ ဒီလို ခံစားမှုကို ၀ိရောဓိ ဖြစ်စေတဲ့ ဖန်တီးမှုရဲ့နောက်ကွယ်က ဘာပါလိမ့်။

ခင်ဗျားရဲ့ ပန်းချီကားတွေမှာ အရောင်က ကြည်လင်ဆွဲဆောင်နေတယ်၊ ပန်းပုလက်ရာတွေမှာ သွယ်နွဲ့ပျော့ပျောင်းတဲ့ ဖန် တီးမှုကို တွေ့ရတယ်။ ဒါပေမယ့် ရုပ်လုံးပုံပေါ်လာတဲ့အခါမှာတော့ တခုခု တစုံတရာကနေ တိုးထွက် တွန်းထိုး ရုန်းကန် နေရတာကိုလည်း တွေ့ရတယ်။ အဲဒီလို ဖန်တီးမှုရဲ့နောက်ကွယ်က ခံစားမှုတွေအကြောင်း ပြောပြပါဦး။
“ကျနော်က ကျနော့်ရဲ့စိတ်ခံစားမှုကို ရှေ့တန်းတင်ပုံဖော်ပါတယ်။ အဓိကက မြင်နေရတဲ့ အမြင်တွေရဲ့နောက်က ဖြစ်တည် နေနိုင်တဲ့ ခံစားမှုပေါ့။ နောက်ဆုံးဗျာ… ကချေသည်တွေရေးဖြစ်တော့လည်း ကကြိုးကွက်တွေ၊ နရီတွေ၊ စည်းတွေ မတွေးဖြစ် တော့ဘူး။ သူတို့ရဲ့ ကန့်လန့်ကာနောက်ကွယ်က ခံစားမှုတွေကို တွေးဖြစ် ရေးဖြစ်တယ်။ ဝေဒနာရှုထောင့်က မြင်မိတယ်၊ ခံစားမိတယ်။ သဏ္ဌန်တွေ ပေါ်ချင် ပေါ်မယ်၊ ပျောက်ချင် ပျောက်မယ်…၊  ဘယ်ဝါဒ ဘယ်အစ်ဇင်ကိုမှ ဆုပ်ကိုင်မထားဘူး။ စိတ်ထဲပေါ်သမျှ ချရေးမယ်၊ စိတ်ရဲ့ဆာလောင်မှု အာသာပြေရင် ရပ်မယ်။ ဒီလောက်ပါပဲ”

၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ဖွား၊ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် ဇာတိသား ညီထွန်းဟာ ပန်းပုပညာ အဓိကဘာသာရပ်နဲ့ ရန်ကုန်ယဉ်ကျေးမှု အနုပညာတက္ကသိုလ်မှာ တက်ရောက်ခဲ့သူပါ။ သူ လေ့လာဆည်းပူးခဲ့တဲ့ အနုပညာ ရပ်တွေနဲ့ပတ်သက်ပြီး ပြောပြဖို့မေးမြန်းတဲ့အခါ ...



“ကျနော်က ယဉ်ကျေးမှု တက္ကသိုလ် ၁၉၉၃ မှာ စဖွင့်တော့ ပန်းပုမေဂျာနဲ့ တက်ဖြစ်တယ်။ ၁၉၉၇ ခုနှစ်မှာ ကျောင်းပြီးတယ်။  ရန်ကုန်မန္တလေး ယဉ်ကျေးမှု တက္ကသိုလ်တွေမှာ နည်းပြဆရာ အဖြစ် ပြန်လုပ်တာ ၇ နှစ်ကျော် ၈ နှစ်နီးပါး ကြာခဲ့ပါတယ်။ ပန်းချီနဲ့ ပန်းပုက စီးပွားရေးလုပ်ငန်းအရကြည့်မယ်ဆိုရင်… ကွာခြားချက် ရှိနိုင်ပါတယ်။ ဒါပေမယ့် Art ဆိုတဲ့ ခေါင်းစဉ် အောက်မှာတော့ အတူတူပါပဲ။ ခံစားမှု၊ ဖွဲ့စည်းမှု၊ လုပ်ချက်၊ မက်ဆေ့ဂ်ျပေးမှုတွေ အားလုံးအတူတူပါပဲ။ နည်းပညာ ကွာခြား ချက် တခု…၊ အဲဒါတော့ ရှိတယ်” လို့ ပြောပြတယ်။


ဒါဆိုရင် ပန်းချီနဲ့ပန်းပု တခုကိုပဲရွေးရမယ်ဆို သူ ဘာကိုရွေးမှာပါလဲလို့မေးတော့ - “ပန်းချီပန်းပု နှစ်မျိုးထဲက တမျိုးကိုပဲ ရွေးဖို့ဆိုတာ ကျနော့်အတွက်တော့ မဖြစ်နိုင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်ခုက ကျနော့်အတွက် တခုတည်း၊ တသား တည်းဖြစ်နေလို့ပါပဲ။ ပြောချင်တာက ပန်းချီဆရာ၊ ပန်းပုဆရာဖြစ်ချင်တာမျိုး ကျနော့်မှာမရှိပါဘူး။ ကျနော် တကယ်ဖြစ်ချင် တာက အနုပညာရှင် (Artist) တဦးဖြစ်ချင်တာပါ။ အနုပညာတွေကို ဆန်းသစ်တီထွင် ဖန်တီးနိုင်မယ့်သူဖြစ်ဖို့ ရည်ရွယ်ပါ တယ်” လို့ ပြောတယ်။

အနုပညာအပေါ် သူ့ရဲ့ယုံကြည်ချက်ကိုလည်း မေးဖြစ်ပါသေးတယ်။ သူက - “ကျနော် ယုံကြည်တဲ့ အနုပညာက “အနုပညာ သည် ကျနော့် အတွက်ပါ။ ဘယ်သူ့ အတွက် ဘယ်ဝါ့ အတွက်မှ မရည်ရွယ်ပါ။ ရင်ဘတ်ချင်း တူတဲ့သူ ကြည့်ူရှုခံစားပါလိမ့်မယ်၊ အတွေးချင်းတူတဲ့သူ ကျနော်ပြောချင်တဲ့ မက်ဆေ့ဂ်ျကို မြင်ပါလိမ့်မယ်” လို့ ပြောတယ်။



Artist နဲ့ Painter ကြား ဘယ်လို ကွာခြားတယ်လို့ ယူဆထားသလဲလို့ သူ့ကို ထပ်မေးကြည့်ပါတယ်။

သူက - “ပန်းချီရေးတဲ့လူကို ပန်းချီဆရာပါလို့သတ်မှတ်ပြီး၊ ပန်းပုထုတဲ့ လူကို ပန်းပုဆရာလို့ သတ်မှတ်တယ်။ ပန်းပု ထု တိုင်း၊ ပန်းချီရေးတိုင်း artist မဖြစ်ဘူးလို့ ကျနော်ယူဆတယ်။ အနုပညာပစ္စည်းတခု ပေါက်ဖွားလာဖို့က ရေးတတ် ထုတတ် ရုံနဲ့ ပြီးတဲ့ကိစ္စမျိုး မဟုတ်ဘူး။ ဒါကြောင့် ကျနော်က ဆရာဆိုတဲ့ ခေါင်းစဉ်အောက်မှာ မနေချင်ဘူး၊ ဖန်တီးမှုအားကောင်းတဲ့ အနုပညာရှင်တယောက်ပဲ ဖြစ်ချင်တာပါ။ ကျနော် စိတ်ကျေနပ်ဖို့ ထွက်ပေါက်တခုအနေနဲ့ရော၊ ၀ါသနာအနေနဲ့ပါ ဘဝ တလျှောက်လုံး အနုပညာဖန်တီးမှုတွေ လုပ်သွားမှာပါ” လို့ ပြောတယ်။


0