ဒီနိုဗို ● အတွေး



ဒီနိုဗို ● အတွေး
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၈
မိုးမခ အတွဲ (၅)၊ အမှတ် (၁) မေ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။


“ခင်ဗျား ဘာတွေ တွေးနေလဲ” လို့ ဆရာဝန်က မေးတော့ ကျွန်တော့်မှာ လန့်သွားတယ်။ အဲဒီလိုမျိုး တယောက်ယောက်က ဘာတွေ တွေးနေလဲလို့ မေးလိုက်ရင် ကျွန်တော့်မှာ ဘာတွေတွေးနေမိလဲ မသိတော့။ မမေးရင်တော့ ကိုယ့်အတွေးနဲ့ ကိုယ် သိနေသလိုပဲ။ ဘာတွေတွေးနေလဲလို့ ဆန်းစစ်လိုက်တာနဲ့ တွေးနေတဲ့အတွေးတွေက လူမိမှာစိုးတဲ့ အလစ်သုတ်သမားလို လှစ်ခနဲ ရှောင်ထွက်သွားလေ့ရှိတယ်။ ဘယ်လိုမှ အစဖော်မရ။

“ခင်ဗျား တခုခုတော့ တွေးနေတယ် မဟုတ်လား”

ကြည့်၊ ဆရာဝန်ကတော့ ပုလိပ်စစ် စစ်နေခဲ့ပြီ။ သူ့မှာလည်း ဒီလို စစ်ဆေးပိုင်ခွင့် ရှိတယ် မဟုပ်လား။ သူက ဆရာဝန်လေ။ ကိုယ်က လူနာမဟုတ်လား။ ဆရာဝန်က ရောဂါရှာဖွေဖို့လူနာကို ဒီလိုပဲ မေးခွန်းတွေမေးရတာ ထုံးစံပဲလေ။ ဒါပေမယ့် သူက ရောဂါကို မမေးပဲ ကျွန်တော့် အတွေးတွေကိုပဲ မေးနေခဲ့တယ်။ ရောဂါမရှာပဲ ကျွန်တော့်အတွေးတွေကို လိုက်ရှာနေသလိုပဲ။

“ခင်ဗျား ဘာတွေ တွေးနေလဲ သိမှ ခင်ဗျား စိတ်ကို ကျွန်တော်ခန့်မှန်းလို့ရမှာပေါ့”

ဟော၊ ဒီဆရာဝန် ကျွန်တော် ဘာတွေ တွေးနေလဲ သိနေပုံပဲ။ ခက်ပြီ။ ကျွန်တော်ကလည်း အတွေးထဲမှာဆို စည်းမရှိ ကမ်း မရှိ တွေးတတ်တာ၊ စကားနဲ့ ဖွင့်ပြောလို့မကောင်းတဲ့အရာတွေ၊ အပြင်လောကမှာ မဖွယ်မရာလို့ သတ်မှတ်ထားတဲ့အရာတွေ၊ ညစ်တီးညစ်ပတ်တွေ၊ မကြံကောင်း မစည်ရာတွေ အကုန်လုံး ကျွန်တော့်အတွေးထဲမှာ ပါတယ်။ သူတပါးကို မနာလိုဝန်တို တာမျိုးဆို မကောင်းမှန်းသိပေမယ့် အတွေးထဲက ဘယ်လိုမှထုတ်လို့မရ။

“အတွေးဆိုတာတော့ အကောင်းရော အဆိုးရော ပါမှာပေါ့ဗျာ၊ ဘာမှရှက်စရာမလိုပါဘူး၊ ပွင့်ပွင့်လင်းလင်း ထုပ်ပြောလိုက် စမ်းပါ”
ကြည့်၊ ဒီ ဆရာဝန် ကျွန်တော့် အတွေးတွေကို ရိပ်မိနေသလိုပဲ။ ကျွန်တော့် မျက်လုံးကို အသေအချာ စိုက်ကြည့် နေလိုက်တာ။ မျက်တောင် တောင် မခတ်။ ကျွန်တော် သူ့မျက်လုံးကို မကြည့်ရဲလို့ အောက်စိုက်ထားလိုက်တယ်။ မျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက်လို့ ကြားဖူးတယ်လေ။ သူက ကျွန်တော့် ပြတင်းပေါက်ကနေ ကျွန်တော့် စိတ်ကို ချောင်းမြောင်းနေပုံပဲ။ ဒီလိုတော့ ဘယ်ရမလဲ၊ ကျွန်တော့်မှာ ကိုယ်ပိုင်ဆိုလို့ ဒီ စိတ်နဲ့ ဒီ အတွေးတွေပဲရှိတာ။ ဒါကို တခြားသူ အမြင်ခံလို့ ဖြစ်မလား။

“ခင်ဗျား အခုလို စကားတခွန်းမှ မပြောရင် ပတ်ဝန်းကျင်နဲ့ ကင်းကွာနေမှာပေါ့”

ပြဿနာပဲ၊ ပတ်ဝန်းကျင်နဲ့ ခပ်ကင်းကင်း နေချင်လို့ပဲ စကားမပြောတာလေ။ စကားပြောလိုက်ရင် ကျွန်တော့် အတွေးတွေ လူသိကုန်မှာပေါ့။ စကားဆိုတာ ပြောခါစသာ စဉ်းစဉ်းစားစား ပြောလို့ရတာ။ ပြောရင်း ပြောရင်း အရှိန်ရလာရင် အလို အလျောက်ထွက်သွားတတ်တာမျိုး။ ဘယ်လိုပဲ ထိန်းထိန်း လျှာချော်ပြီးထွက်သွားရင် ဘယ်လိုလုပ်မလဲ။ စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ ဆိုတာ အလကား ပေါ်လာတာမှ မဟုပ်တာ။

နောက်တခုက စကားပြောလိုက်ရင် ကျွန်တော့်အတွေးတွေက ရပ်သွားတယ်။ စကားပြောပြီးသွားရင် စိတ်ထဲမှာ တခုခု ဆုံးရှုံးသွားသလိုမျိုး ဟာတာတာနဲ့။ ဦးတည်ရာ မဲ့သွားတတ်တယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ၊ အဲဒီ အတွက် အတတ်နိုင်ဆုံး စကားမပြောပဲ နေတယ်။ ခက်တာက လူတွေက စကားမပြောပဲ မနေနိင်ဘူး။ လာလာပြောကြတယ်။ ပြန်မပြောပြန်တော့ အထင်လွဲတယ်။ မကောင်းပြောကြတယ်။ ဒီလူ တခုခုတော့မှားနေ ပြီ ဆိုပြီး သတ်မှတ်လာကြတယ်။ နောက်ဆုံး အခုလို ဆရာဝန်ဆီ အပို့ခံရသည်အထိပဲ။

“ခင်ဗျားကို ခေါ်လာတဲ့လူတွေက ခင်ဗျား လုံးလုံး စကားမပြောတာ တစ်လလောက်ရှိပြီဆို ဟုပ်လား”

တစ်လလား၊ နှစ်လလား ကျွန်တော်လည်း မပြောတတ်၊ ဒါမျိုးကလည်း ပြက္ခဒိန်တွေ ဘာတွေမှာ မှတ်ထားမှသာ သိနိင်တာမျိုး မဟုပ်လား၊ ကျွန်တော့်စိတ်ထဲမှာတော့ အချိန်ကာလဖြတ်သန်းနေတယ်ဆိုတာပဲ ခံစားရတယ်။ ဘယ်လောက်အချိန်ကြာသွားပြီလဲဆိုတာ အမှတ်အသားမရှိ။ အတွေးတွေက ဟိုရောက်သည်ရောက်ဆိုတော့ အချိန်ကာလက ဖဲကြိုးဝါတချောင်းလို တွန့်လိမ်ကောက်ကွေးနေတတ်တယ်။ အတိတ်အဖြစ်အပျက်တွေကို ပြန်စဉ်းစားကြည့်တဲ့အခါ ဘယ်ဟာက အရင်၊ ဘယ်ဟာက နောက်လဲဆိုတာ မခွဲခြားနိင်။ ပိုဆိုးတာက တချို့ဟာတွေက တကယ်ဖြစ်ခဲ့တာလား၊ ဖြစ်စေချင်ခဲ့တာလား၊ ဖြစ်တယ်လို့ ထင်ခဲ့တာလား၊ မကွဲပြား။

“ထားပါတော့ဗျာ၊ ခင်ဗျား မပြောချင်လဲနေပါ၊ အခု ကျွန်တော် ခင်ဗျားကို ဘောပင်ပေးမယ်။ အဲဒီ ဘောပင်နဲ့ စိတ်ထဲရှိတာ တခုခု ချရေးကြည့်ပါလား”

ဒါမျိုးတော့ လာလုပ်လို့ဘယ်ရမလဲ။ ဒီလောက်တော့ သိပါသေးတယ်။ အတွေးတွေ လေထဲပျံ့ကုန်မှာစိုးလို့ စကားမပြောတာလေ။ စာရွက်ပေါ်ချရေးမှတော့ အထုပ်အထည်နဲ့ မိတော့မှာပေါ့။ ငယ်ငယ်က ရေးဖြစ်ခဲ့တဲ့ ရည်းစားစာတွေဆို တွေ့တာနဲ့ အလျင်အမြန် မီးရှို့ပစ်ရတယ်။ ကိုယ့် ခံစားမှုကို လူမြင်သူမြင်ချပြရတာ အတော် ကသိကအောက် နိင်တဲ့အလုပ်။ အရင်က ဝါသနာပါလို့ ရေးဖြစ်ခဲ့တဲ့ တကိုယ်ရေ အက်ဆေးလေး တွေတောင် သော့အထပ်ထပ် ခတ်ပြီး သိမ်းထားရတယ်။ အဲဒီထဲမှာ ကျွန်တော့် အတွေးတွေ တစွန်းတစ ပါ နေတယ်မဟုပ်လား။ အဲဒီကနေ ခြေရာခံပြီး ကျွန်တော့်အတွေးနယ်ထဲ လိုက်လာရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော့်အတွေးတွေကို တွေ့သွားခဲ့ရင် လူတွေကျွန်တော့်ကို အတော်လေး ရွံရှာ စက်ဆုတ်ကြမှာ အမှန်ပဲ။ သူတို့လုံးဝ မထင်မှတ်ထားတဲ့ သူတယောက် ဖြစ်နေတာ သိရပြီး ကျွန်တော့်ကို ရှောင်ခွာသွားကြလိမ့်မယ် ဆိုတာ ကျွန်တော် အတတ်ပြောရဲတယ်။

ကုန်ကုန် ပြောရရင် ကျွန်တော် ပေါင်းနေတဲ့ မိန်းမ တောင် ကျွန်တော့်ကို နားလည်တော့မှာ မဟုပ်ဘူး။ ကျွန်တော်ဟာ သူသိထားတဲ့ သူ့ယောက်ျားမဟုပ်ပါဘူးလို့ အကြောက်အကန်ငြင်းပြီး ကွာရှင်းခွင့်တောင်းမှာ သေချာတယ်။ ကျွန်တော့် သားလေးနှစ်ယောက်တောင်မှ သူတို့အဖေဟာ လေးစားစရာ ဖခင်တယောက် မဟုပ်မှန်းသိသွားကြပြီး ဒီ အဖြစ်ကို လက်ခံနိင်ကြပါ့မလား မသိ။

ဒီ့အတွက် ကျွန်တော့်မှာ ကိုယ့်အတွေးတွေကို ဘယ်သူမှ မရိပ်မိအောင် သိုသိုသိပ်သိပ်နေရတယ်။ ကိုယ်ဘာ တွေ တွေးနေလဲဆိုတာ မျက်နှာမှာမပေါ်အောင် ကြိုးစား လေ့ကျင့်ရတယ်။ စကားနဲ့ မပြော စာနဲ့ ချမရေး ပေမယ့်လည်း မျက်နှာအမူအယာကလည်း စကားအများကြီး ပြောတယ် မဟုပ်လား။ ဖြစ်နိင်ရင် ကျွန်တော့် မျက်နှာမှာ ခံစားမှု မပေါ်အောင် မျက်နှာသေကြီးနဲ့ နေရတယ်။ မရယ်မပြုံးနဲ့၊ ဝမ်းသာတဲ့ပုံလည်း မပြ၊ ဝမ်းနည်းတဲ့ ပုံလည်း မပြ၊ စိတ်လှုပ်ရှားမှုကင်းတဲ့ မျက်နှာမျိုး ဖြစ်အောင်နေရတယ်။ ကျွန်တော့်ရဲ့ မျက်နှာ သေကြီးကို ကြည့်ပြီး ဆရာဝန်လည်း စိတ်လျှော့လိုက်ပုံရပါတယ်။ ဆေးလိပ်ကိုမီးညှိပြီး ကုလားထိုင်နောက် ကျောကို မှီကာ ဖွာနေခဲ့တယ်။ ပြီးမှ သတိရသွားပုံနဲ့ ကျွန်တော့ကို ဆေးလိပ်ကမ်းတယ်။

“ဆေးလိပ်သောက်တတ်လား၊ သောက်ပါဦး”

ကျွန်တော်လည်း တလိပ်ယူပြီး ဖွာလိုက်တယ်။ ဖြစ်ပုံက ဆရာဝန်နဲ့ လူနာ စားပွဲရဲ့ တဖက်တချက်မှာ ထိုင်ပြီး ဆေးလိပ်ကိုယ်စီ ထိုင်ဖွာလို့။ သူက ကျွန်တော့်ကို ဘာမှလည်း မမေးတော့၊ ဘာမှလည်း မရေးခိုင်းတော့၊ ဒီတိုင်း ထိုင်ပြီး ကျွန်တော့် အမူအယာကို အကဲခတ်နေခဲ့တယ်။ ကျွန်တော်လည်း သူ့ကို ဘာမှ မမေး၊ သူမေးတာလည်း မဖြေ၊ ဒီတိုင်း ထိုင်ပြီး ဆေးလိပ်ထိုင်ဖွာနေလိုက်တယ်။ မှန်ထဲမှာ ကိုယ့် ပုံရိပ်ကိုယ် ကြည့် ငေးနေကြသလိုမျိုး။

အဲဒီလိုနဲ့ အတော်ကြာသွားတယ်။ ကျွန်တော်လည်း ကိုယ့်အတွေးနဲ့ကိုယ် မျောလို့။ သူလည်း ကျွန်တော့်လိုပဲ ထင်ပါရဲ့။ သတိရလိုက်တဲ့အချိန်ကျတော့ အတော်နောက်ကျနေခဲ့ပြီ။ ကျွန်တော့်အတွေးတော်တော်များများက ကျွန်တော် ဖွာထုပ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေကြားမှာ ပျံ့လွင့်လို့။ စကားလုံးလေးတွေက မီးခိုးငွေ့တွေ လို အထက်ကို တရွေ့ရွေ့တက်နေကြတယ်။ လတ်တလော ကျွန်တော် တွေးနေတဲ့အရာတွေအားလုံး ကို စကားလုံးတွေအဖြစ် ကျွန်တော့်မှာ မြင်နေရတယ်။ ဆရာဝန်ကို ကြည့်လိုက်တော့ သူက မီးခိုးငွေ့တွေကို လိုက် ကြည့်ပြီး အဲဒီ စကားလုံးတွေကို ဖတ်ရှုနေပုံပဲ။ ကျွန်တော် အရမ်း တုန်လှုပ်သွားတယ်။ ကျွန်တော် လူမမြင်အောင် အထပ်ထပ် သိမ်းဆည်းထား တဲ့အတွေးတွေဟာ အခုတော့ လေထဲမှာ ပေါ့ပါးပျံ့လွင့်လို့နေခဲ့ ပြီ မဟုပ်လား။ အရပ်ရှစ်မျက်နှာက လူအပေါင်းဟာ မကြာမှီမှာ ကျွန်တော့်အတွေးတွေကို ထုတ်ခြင်းခတ် ဖတ်ရှု နိင်တော့မယ် မဟုပ်လား။ ကျွန်တော် အလန့်တကြား ဆေးလိပ်ကို ထိုးချေလိုက်တယ်။ ဒါဟာ ဆရာဝန်ရဲ့ ဥာဏ်နီဥာဏ်နက်ပဲ။ ကျွန်တော့်အတွေးတွေကို ဒီနည်းနဲ့ မလိမ့်တပတ် သူ ဖတ်ရှုလိုက်တာပဲ။ သတိ လက်လွတ် ဖြစ်သွားမိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင် နောင်တ ရလို့မဆုံး။ တော်ပြီ နောက်ဆို ကျွန်တော် ဆေးလိပ်လုံးဝ မသောက်တော့။ သံန္ဒိဌာန် ချလိုက်မိတယ်။

မရတော့။ သိပ်နောက်ကျသွားခဲ့ပြီ။ ကျွန်တော့်အတွေးတွေက ကျွန်တော် ရှူထုပ်လိုက်တဲ့ လေနဲ့အတူ ပတ်ဝန်းကျင် အနှံ့ပျံ့နှံ့လို့နေတယ်။ ဘယ်လိုမှ တားဆီးလို့မရ။ ကျွန်တော် ဘာမှ မတွေးပဲ နေကြည့်တယ်။ ခဏပဲ ခံတယ်။ မရ။ အသက်မရှုပဲ အောင့်ထားမိတယ်။ ခဏပဲ ခံတယ် မရ။ ကျွန်တော် သေလောက်အောင် စိတ်ညစ်မိတယ်။ ဆရာဝန်ကို ကြည့်လိုက်တော့ သူက ကျွန်တော့်ကို ပြုံးစစ နဲ့ ကြည့်နေတယ်။ အခုတော့ ကျွန်တော့်အတွေးတွေ အားလုံး သူ မြင်ခွင့်ရခဲ့ပြီ မဟုပ်လား။ ကျွန်တော်လည်း ဒေါသဖြစ်ဖြစ်နဲ့ သူ့ကို ခုန်အုပ်ဖို့ ကြိုးစားလိုက်တယ်။ အချည်းနှီးပါပဲ။ သူက ကျွန်တော့် အတွေးတွေကို သိနေတဲ့သူ မဟုတ်လား၊ အသာ အယာပဲ ရှောင်ပြီး ခလုတ်တချက်နှိပ်လိုက်တယ်။ လုံခြုံရေးနှစ်ယောက် ရောက်လာပြီး ကျွန်တော့်လက်တွေကို ဝတ်စုံတခုထဲ အတင်းထိုးထည့်ကာ ချုပ်လိုက်ကြတော့တယ်။

ဒီနိုဗို
ဇွန် ၅၊ ၂၀၁၆
0