လင်းသစ္စာဦး ● မစင်ကြယ်ခြင်း နေ့ရက်တွေ

လင်းသစ္စာဦး ●  မစင်ကြယ်ခြင်း နေ့ရက်တွေ
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၈

ကြည့်နေရင်း ဝေးဝေးသွားတယ်
ဝေးတာဟာ စိတ်နဲ့လား ကိုယ်နဲ့လား
ဒီလားတွေဟာ ဝန်တင်လို့မှမရတာ
မရတာကို သိသိကြီး ထီးနဲ့လကိုချူနေ
နေပူတာဟာ မိုးမရွာလို့ပဲ
ဒီလို လွယ်လွယ်ကောက်ချက်ချခဲ့ကြလို့
ငါတို့ခေတ်တွေ လွယ်လွယ်
ငါတို့ဘဝတွေ လွယ်လွယ်
ငါတို့အတွေးတွေ လွယ်လွယ်
ငါတို့တိုင်းပြည် လွယ်လွယ်
လွယ်လွယ်တေးသွားဟာ ခုထိ မဆုံးနိုင်တော့ဘူး. . .

ဖက်ပေါ်ဆူးကျလည်း
ငါတို့ပြည်သူတွေ ဝေလာဝေး
မတွေးဘူး  ထမင်းတနပ်ထက်ပိုပြီး
မတွေးဘူး တမိသားစုထက်ပိုပြီး
ဒီလိုမတွေးကြလို့
ဝေးခဲ့ကြရတာ မဟုတ်လား
သီပေါမင်းနဲ့ မြန်မာ့ထီးနန်း ဝေးခဲ့ရသလို
နတ်သျှင်နောင်နဲ့ ဓာတုကလျာ ဝေးခဲ့ရသလို
အဝေးသံသရာကြီးဟာ
ဒီနေ့ထိလည်လို့ 
လည်တဲ့ဘီးကို တနေ့ ဘာလာစင်မလဲ
စင်စင်ကြယ်ကြယ်တွေးကြည့်တယ်
အဖြေတွေ ဘယ်တော့မှ မစင်ကြယ်ဘူး ....

လင်းသစ္စာဦး

Comments