မောင်ကြူးရင့် - ''နေ့ဟာလင်းလျက်ချက်ချင်းမှောင်သွားတယ်''



မောင်ကြူးရင့် - ''နေ့ဟာလင်းလျက်ချက်ချင်းမှောင်သွားတယ်''
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၈

ဆရာဝန်အယ်ဒီတာကဗျာဆရာကို
လက်ထိပ်တန်းလန်ဲးနဲ့မြင်ရတော့
ထိတ်လန့်တုန်လှုပ်သွားတယ်

တချိန်တုန်းကအပြစ်မရှိပဲပြစ်မှုမမြောက်ဘဲ
လက်ထိပ်တန်းလန်းနဲ့ငါ့ကိုဖမ်းသွားတာကိုအမှတ်ရတယ်

ဖွတ်ထွက်တဲ့တောင်ပို့ဟာ ဖွတ်ထွက်တဲ့တောင်ပို့ပါပဲ
လောကပါလတရားရဲ့လောကနတ်ရုပ်ဟာ ခေါင်းတခြမ်းပဲ့နေပြီလား
ဂေါက်သီးကိုဂေါက်တံနဲ့ ကျင်းဝင်အောင်ရိုက်မှာလား
ကျင်းဝင်အောင်မရိုက်ပဲဘေးချော်ရိုက်မှာလား
ပန်းတိုင်ဟာမရောက်ခင်ကထဲကပျောက်ဆုံးနေပြီလား

ကမ္ဘာမှာနိုင်ငံရေးသမားဆိုသူတွေရဲ့ပစ်မှတ်ဟာ
သတင်းသမားတွေပါပဲ
သတင်းသမားတွေဟာ အသတ်ခံရတယ်
သတင်းသမားတွေဟာ ပြန်ပေးဆွဲခံရတယ်
သတင်းသမားတွေဟာ အဖမ်းခံရတယ်
သတင်းသမားတွေဟာ ဖိနှိပ်ခံရတယ်
သတင်းသမားတွေဟာ ခြိမ်းခြောက်ခံရတယ်
သတင်းသမားတွေဟာ ခွဲခြားဆက်ဆံခံရတယ်
သတင်းလွတ်လပ်ခွင့်ဟာ ဘာလဲဘယ်လဲ
လူ့အခွင့်အရေးဟာ ဘာလဲဘယ်လဲ
ဒီမိုကရေစီဟာ ဘာလဲဘယ်လဲ
ဒီကဗျာရေးနေစဉ်မှာပဲ
နေ့ဟာ လင်းလျက်ချက်ချင်းမှောင်သွားတယ်


မောင်ကြူးရင့်
၁၁ . ၁၀ .၂၀၁၈

Comments