နေခြည် (ကြီးနီ) ● ဆည်းဆာအိုထဲက သစ်ခြောက်ပင်
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၈
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၈
စိတ်လှုပ်ရှားလွန်းနေသဖြင့် အထဲသို့တန်းဝင်မသွားသေးဘဲ ပြခန်းတံခါးဝမှ ရပ်ကြည့်နေမိလေသည်။ တဒိန်းဒိန်း ခုန်နေသော ရင်သည် အသက်ရှုမှားသွားမလား ထင်ရလောက်အောင် ပရမ်းပတာ ဖြစ်နေသည်။ အလျင်စလို ကားတိုးစီးလာရ၍တော့ မဟုတ်ပါ။ သူစီးလာသော လိုင်းကားသည် လူအတော်ကြီး ချောင်၏။ ထိုသို့ မဟုတ်လျှင် သူသည် ထင်မှတ်မထားသော သတင်းစကားကို ကြားလိုက်ရ၍လော။ မည်သည့်အရာက စိတ်ကိုမောပန်းစေသည်တော့ မသိ။ အမှန်တကယ် နွမ်းနှယ်နေသလို ခံစားရတာကတော့ အမှန်ဖြစ်နေလေသည်။ သူသည် တယ်လီဖုန်းသံနားထောင် အပြီးတွင် တောင်တက်သမားတယောက် တောင်ထိပ်ကို ရောက်လုနီးပါး ခံစားချက်မျိုးရလိုက်လေသည်။ ထို့ကြောင့် ကားတိုးစီးရန် အိမ်မှထွက်ခွာမလာမီ ကတည်းက ရေအဝသောက်ခဲ့ပြီး ဖြစ်လေသည်။ သို့သော် သူသည်ပြခန်းတံခါးဝက ရပ်ကြည့်လိုက်ရုံရှိသေးသည်။ အာခေါင်များ ခြောက်သွေ့နေသလို ဖြစ်နေရပြန်လေပြီ။ အချိန်အားဖြင့် နံနက် ၉း ၀၀ နာရီကျော်ကျော်၊ ပြခန်းဖွင့်ထားစ အချိန်သာရှိသေးသည်။ ဝတ်ထားသည့် အင်္ကျီတွင် ချွေးစကလေးများ စိုနေပြီဖြစ်ကြောင်း ပူလိုက်အေးလိုက်ဖြစ်နေသော ရင်ဘတ်အနေအထား အရ သိသည်။
ပထမဦးဆုံးကြည့်မိသည်က ပြခန်း၏ ညာဘက်အခြမ်း ဖြစ်သည်။ သူ၏ စိတ်နှလုံးကို အရှိန်အဟုန်ကြီးစွာ ကိုင်လှုပ်နေသော အမြတ်တနိုးဖန်တီးထားမှု လက်ရာသည် အခန်းနံရံ၏ ထောင့်အစွန်း ချောင်ကျကျတွင် ရှိ၏။ ထိုနေရာတွင် လူနှစ်ယောက် မတ်မတ်ရပ်လျက်ရှိပြီး သူ၏လက်ရာကို ဝေဖန်ပိုင်းခြားနေကြ၏။ တယောက်က ဤပြခန်းတွင် သူ၏ ပန်းချီကားကို ချိတ်ဆွဲခွင့် ပြုခဲ့သည့်သူ ဖြစ်လေသည်။ ကျန်တ ယောက်ကိုမှု မသိပေ။ ဤပြခန်းတွင် သူ၏ ဖန်တီးမှု လက်ရာအမြောက်ဆုံးဟု ယူဆရသည့်ပန်းချီကားများကို လဲလှယ်၍ ချိတ်ဆွဲထားခဲ့သည်မှာ လပေါင်းအတော်ကြာခဲ့ပြီ ဖြစ်သည်။
သို့သော် သူ၏လက်ရာများသည် အနုပညာမမြောက်၍လား၊ သို့မှမဟုတ် ခံစားချက်ခြင်း ၊ ရှု့မြင်ခံစားပုံခြင်း မတူညီ၍ ပဲလား မသိ။ အသိအမှတ်ပြုခြင်း မခံခဲ့ရပါပေ။ သူသည် ပန်းချီကားတကားတင်ပြီးတိုင်း ပြခန်းပိုင်ရှင်၏ တယ်လီဖုန်းသံကို ရင်တ ထိတ်ထိတ်ဖြင့် စောင့်မျှော်ခဲ့ရသည်သာ ဖြစ်၏။ သို့သော်ငြား ရက်မှလသို့ပြောင်း၍ ပန်းချီကားတချပ် လဲလှယ်ခဲ့ရသည်ချည်း ဖြစ်၏။ သူ၏ ပန်းချီကားများကို ပြခန်းပိုင်ရှင်သည် အများအာရုံထင်ရှားသည့် နေရာများတွင် ချိတ်ဆွဲခွင့် မပေးခဲ့ပါ။ တခြား နာမည်ကျော်ပန်းချီဆရာများ၏ ကားချပ်များကိုသာ နေရာပေးခဲ့လေသည်။ ချောင်ကျကျ နေရာမှာ ရှိနေခဲ့ရ၍ စိတ်ပျက်ခဲ့ခြင်းကား မရှိ။ သူဖြစ်စေချင်သည့်အတိုင်း သူ့ပန်းချီကားတွေကို တယောက်ယောက်က အသိအမှတ်ပြုလာမည့် အချိန်ကိုသာ စောင့်စားခဲ့လေသည်။
ယခုမူ သူ့ဆန္ဒများ အကောင်အထည်ပေါ်လာတော့ လေမည်လား။ စိတ်ဝင်စားသူ တယောက်ရှိနေပြီ ဖြစ်ကြောင်းကား သေချာနေပြီဖြစ်လေသည်။
"ဟော ရောက်လာပြီ သူပဲ"
ပြခန်းပိုင်ရှင်သည် နောက်သို့လှည့်ကြည့်လိုက်ရာမှ သူ့ကိုမြင်တွေ့သွားလေသည်။ ပန်းချီကားကို စိတ်ဝင်စားနေသူသည်လည်း အကြည့်များ ပို့လွှတ်လာ၏။ ပန်းချီကားနှင့် ဖန်းတီးသူကို တွဲယှက်ကြည့်နေသည့် အနေအထားမျိုး ရှိလေသည်။ မျက်မှောင် အနည်းငယ် ကျုံ့ထားလိုက်ခြင်းက အမြင်အားလုံးကို ချုံ့လိုက်ခြင်းပင်ဖြစ်ကြောင်း သဘောပေါက်မိရပါသည်။ သူသည် ပန်းချီကားကို ရေးဆွဲစဉ်အခါက အလင်းအမှောင်ကို အားပြုခဲ့ရ၏။ စိတ်အကွာအဝေးကို ခန့်မှန်းခဲ့ရ၏။ ကြည့်လိုက်သည်နှင့် ရင်ကိုအေးမြသွားစေချင်သလား။ ပူလောင်မှုကို တိုက်တွန်းနှိုးဆော်ချင်သလား။ တစိမ့်စိမ့်ကြည့်၍ တမြေ့မြေ့ ကျွမ်းဝင်သွားစေချင်သလား။ စုတ်ချက်တိုင်းမှာ၊ အစက်အပြောက်တိုင်းမှာ သူ၏ဝိညဉ်များ ပူးကပ်ထည့်သွင်းထားခဲ့ရသည်။ ကြည့်ရှု့ခံစားသူကို ခြောက်လှန့်နိုင်စေရန် အားထုတ်ခဲ့ရလေသည်။ ယခု အနေအထားအရ အကဲဖြတ်ခံစားမည့်သူသည် သူ့ကို လူ့သဘာဝရှုထောင်ဖြင့် အပြန်ပြန် အလှန်လှန် အကဲခတ်နေခြင်း ဖြစ်လေသည်။ သူ့ မျက်နှာပေါ်တွင် ယုံကြည်မှုကိုတင်ထားလိုက်ပြီး ခပ်မှန်မှန် ပြခန်းထဲ လျှောက်ဝင်လာခဲ့လေသည်။ သူသည် ပထမဦးဆုံး တိုက်ပွဲဝင်လာသည့် စစ်သည်တဦးဟု ထင်မြင်မသွားစေရပါ။ အကယ်၍ သူ့ကို တုန်လှုပ်နေသူတဦး၊ မိမိဖန်တီးထားသည် လက်ရာကို မယုံမကြည်ဖြစ်နေသူတဦးဟု အထင်ရောက်သွားလျှင် ဖန်တီးသူကိုအထင်သေးပါက ဖန်တီးလက်ရာသည် အလိုလို တန်ဖိုးကျဆင်း သွားပေလိမ့်မည်။
"ပုံမှန်ဆိုရင် ခြောက်သွေ့နေတဲ့ ပန်းချီကားချပ်တွေကို စိတ်မဝင်စားတတ်ပါဘူး၊ ဒါပေမဲ့ ခု ပန်းချီကားချပ်ကို အပျင်းပြေ လျှောက်ကြည့်မိရာက အတွေးတမျိုးမျိုးဝင်လာစေလို့ လက်ရာ ရှင်ကိုယ်တိုင် ဘယ်လိုခံစားချက်နဲ့ ရေးဆွဲထားသလဲဆိုတာ သိချင်တာရယ်ကြောင့် ခေါ်ခိုင်းလိုက်တာပါ"
ကမ်းပေးလာသည့် လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်မိသည်။ သူ၏ ပန်းချီကားအား တစုံတရာ ခံစားချက်ရသည် ဆိုလျှင်ပင် ကျေနပ်ပြီဖြစ်သည်။ ဝတ်စားထားသည့်ပုံ၊ ဂုဏ်ဒြပ်ကိုဖော်ပြထားသည့် အရောင်အဝါ တို့ကိုကြည့်၍ လူချမ်းသာ၊ ကြေးရ တက်တဦးဖြစ်ကြောင်း ခန့်မှန်းမိပြီးသား ဖြစ်သည်။ နာမည်ကို ဦးစွာထုတ်ပြောလာ၍ ပြန်မိတ်ဆက်ပေးလိုက်ရသည်။
"ဦးကျော်လှိုင်ပါ"
"သောင်းဝေဦးပါ"
လက်တွေကတဆင့် အသိအမှတ်ပြုမှုတွေ စီးဝင်သွားစေလေသည်။ ပြခန်းပိုင်ရှင်သည် အလိုက်သိစွာ ခါးကိုညွှတ်ပြ၍ထွက်ခွာသွားလေသည်။ သူ၏ ပါဝင်ပတ်သက်မှုသည် ဝယ်သူ သဘောကျ၍ ထုတ်ပိုးပြင်ဆင် ဈေးသတ်မှတ်သည့်အခါမှသာ အကျုံးဝင်တော့မည် ဖြစ်လေသည်။
"ဒီပန်းချီကားကို ဆွဲဖြစ်တဲ့ အကြောင်းလေး..."
သူက ခေါင်တဆတ်ဆတ်ညိတ်ပြလိုက်လေသည်။ ပခုံးပေါ်လာတင်ထားသော လက်သည် ငယ်ပေါင်းကြီးဖော်ကဲ့သို့ ခံစားချက်တွေ ရင်ဖွင့်တိုင်ပင်ရန် ပေါင်းကူးတံတား ထိုးလိုက်ခြင်းဖြစ်၍ သူ့ခံစားရေးဆွဲခဲ့သည့်အတိုင်း ပြောပြရန် သို့မှမဟုတ် ရင်ဘတ်ကိုဖွင့်ချပြရန် လေးကန်နေခြင်းမျိုး၊ ဝန်လေးနေခြင်းမျိုး မရှိတော့ပါ။ အသက်အရွယ်အားဖြင့်လည်း မတိမ်းမယိမ်းအနေအထား သာဖြစ်နေပေလိမ့်မည်။ ဖြတ်သန်း ခဲ့ရသော ဘဝတွေမတူညီစေကာမူ ရင့်ကျက်ခြင်း၊ပြန်လည် နုပျိုလိုခြင်း၊ စိတ်၏စေရာကို ခံစားဝေမျှလိုခြင်းတွေသည် အသက်ခုနှစ်ဆယ်နားနီးသူတို့မှာ ဖြစ်တတ်ကြပြီ မဟုတ်ပါလား။
"အဓိက အကြောင်းရင်းခံကတော့ သစ်ခြောက်ပင်အိုက ရွက်နုထိုးလာစေချင်တဲ့ ခံစားချက်ပါပဲ၊ အခုဆိုရင် ကျုပ် အသက်အရွယ်ဟာ ခြောက်ဆယ်ကျော်ပေါ့ "
"အတူတူဆိုပါတော့ဗျာ"
ထင်ထားသည့်အတိုင်း ဖြစ်လာ၍ ကျေနပ်သွားရလေသည်။
"ကျုပ် ခံစားမိတာက သစ်ခြောက်ပင်အိုနဲ့ နေဝင်ဆည်းဆာရဲ့ အကွာအဝေးပဲဗျ၊ နေလုံးနီဟာ တောင်စွယ်တောင်တန်းတွေ ရဲ့နောက်မှာ ပြေးဝင်ပုန်းတော့မယ် "
"နေဦးဗျ သစ်ခြောက်ပင်အိုနဲ့ နေလုံးနီနီ ရှိတဲ့အရပ်ကို ကြားခံပြုထားတဲ့ အရာဟာ မြစ်တစင်းပဲလား၊ ဘာလား မသဲကွဲဘူး ရယ်"
"အဲဒီပန်းချီကားကို ရေးဆွဲကတည်းက ကြားခံအကွာအဝေးကို ရှင်းလင်းအောင် မထည့်ခဲ့တာ ခံစားချက်နဲ့ပါ၊ ခင်ဗျားဟာ မြစ်နဲ့ ခံစားတတ်သူဆို မြစ်ပြင်ပေါ်လာစေမယ်၊ နှင်းတွေဝေနေတာကို ခံစားတတ်သူဆို နှင်းတွေပေါ်လာပါလိမ့်မယ်၊ ခံစား တတ်သူရဲ့ ဆန္ဒအလျောက် သက်ဝင်လှုပ်ရှားလာစေချင်တဲ့ သဘောပါ"
"အိုး ဟုတ်တယ်ဗျို့ အခုမှ ပန်းချီကားဟာ နှင်းတွေခဲနေလိုက်၊ လှိုင်းကြက်ကွပ်တွေ ပျော်မြူးနေလိုက်ပါလား၊တကယ်တော်တဲ့ ပန်းချီဆရာပဲဗျာ၊ ဒါကြောင့် အနုပညာသမားတွေဟာ မှော်အောင်တယ်လို့ ပြောကြတာကိုး"
ထိုသို့ မြှောက်ပင့်မှု စကားရပ်သည် စိတ်ခိုင်ပါသည်ဆိုသော မိန်းမလှတယောက်သည် ငွေနောက်ပါသကဲ့သို့ ဘဝင်ရူးဖြစ်စေရန် ပါးပါးလေးပုတ်လိုက်သော စကားဖြစ်လေသည်။ သူကတော့ သတိကြီးစွာ ထား၍ အငမ်းမရ ဝမ်းသာအဲလည်းဖြစ်ခြင်းကို ရှောင်ရှားလိုက်ရလေသည်။ သို့သော် သုံးမီတာ ခန့်အထိ တက်နိုင်သော ပူဖောင်းတလုံးကဲ့သို့ ဖြစ်သွားရသည်ကိုတော့ ဝန်ခံရပေမည်။ တိမ်တွေပေါ်မှာတော့ လမ်းမလျှောက်မိရန် သတိမပြတ်ထားနေလိုက်ရလေသည်။
"ခင်ဗျား သတိထားမိမလားတော့ မသိဘူး၊ ဒီပန်းချီကားထဲမှာ အိပ်တန်းပြန်နေတဲ့ ငှက်တွေကို ထည့်မထားတာလေ၊ အမှန်တော့ ကျုပ်ပန်းချီကားဟာ ကျုပ်ရဲ့စိတ်ဝိညဉ်ပါပဲဗျာ"
"ရှင်းလင်းချက်လေးထုတ်ပြဦး သူငယ်ချင်း"
တယောက်နှင့် တယောက်သည် ပင်လယ်ဓားပြစီးရသကဲ့သို့ လှိုက်ဖိုစီးမျောမှုကို ပခုံးချင်းဖက်မိလာသည်အထိ ဖြစ်လာကြလေသည်။ တဦး၏ ခံစားချက်ကို တဦးက လိုလိုချင်ချင် လိုက်ပါခံစားပေးမှုသည် လူသား သဘာဝတွင် ရှားပါးလွန်းလှသည် မဟုတ်ပါလား။
"ငှက်ကလေးတွေက အိပ်တန်းပြန်ဖို့ ပြန်စရာနေရာ ရှိကြတယ်လေဗျာ၊ ခင်ဗျားတို့ကျုပ်တို့မှာ နေလုံးကြီးတောင်တန်းနောက်မှာ ပျောက်ကွယ်သွားသလိုမျိုး ဘဝနေဝင်ချိန်ဟာ ဘာမှရေရာ သေချာမှုမရှိတော့တဲ့ နောက်ဘဝကို သွားကြရတော့မှာ မဟုတ်လား၊ သံယောဇဉ်တွေနဲ့ ပြန်မှီခိုခွင် ရခဲ့မယ်ဆိုတောင် အသစ်ဘဝဟာ အဟောင်းကို လုံးလုံးမေ့ထားခဲ့ကြရမှာပဲ၊နောက်တနေ့ နေထွက်တာဟာ နေ့သစ်ပဲဗျ အိပ်တန်းရယ်လို့ မရှိကြပါဘူး၊ သမုဒယက ဆက်နွယ်နေလို့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဘဝတွေ အဖန်ဖန် လည်ခဲ့ရတာပဲလေ"
"ဟုတ်လိုက်လေဗျာ၊ ဆက်ပါဦး"
"သစ်ခြောက်ပင်အိုကိုကြည့်ပါ၊ အစပထမ နေလုံးနီနဲ့ နီးနီးကလေးလို့ ထင်ရလိမ့်မယ်၊သေချာ ဆုံးဖြတ်ပေးပါ"
ပန်းချီကားသည် အမှန်တကယ် ခြောက်ခြောက်သွေ့သွေ့ပင် ဖြစ်လေသည်။ အနည်းငယ် ဆေးသားစိုနေသည်မှာ နေလုံးနီအဖြစ် ရေးဆွဲထားသည့် အရာသာ ပါသည်။ ၎င်းသည်လည်း အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်နေရသောကြောင့် ဖြစ်လေသည်။ သာမန်အားဖြင့် ကြည့်မည်ဆိုလျှင် ဖုန်းဆိုးမြေထဲက ကန္တာရတခုနှင့် တူနေသည်။ အထီးကျန်နေသူသာ ရုတ်ချည်းကြည့်မိပါက ပို၍ အိုမင်းရင့်ရော် သွားစေမည်လားမသိပေ။ သူ၏ မိန်းမသည်ပင် ထိုပန်းချီကားကို ရေးဆွဲနေစဉ်ကာလတလျှောက် သူသည်ရင်ရော်အိုမင်း သွားကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ ဖူးလေသည်။ သူကတော့ ပို၍ ရင့်ကျက်လာခြင်းဟုသာ ခံယူထားသည်။
"ဟုတ်တယ်ဗျ ၊ ကြည့်ရင်း ကြည့်ရင်း နေလုံးနီဟာ သစ်ခြောက်ပင်အိုနဲ့ မိုင်ပေါင်းရာချီ ဝေးဝေးသွားနေသလိုပဲ၊ စိတ်ထဲ ဖမ်း ဆုပ်ဖို့ အတော်ခက်ခဲတာပဲ"
သူက ကျေနပ်စွာ ပြုံးမိရလေသည်။ ဦးကျော်လှိုင်သည် ပန်းချီကားကို ကြည့်နေစဉ်ခဏအတွင်း ပို၍ ရင့်ရော်သွားသလို ထင်မိလိုက်၍ ဖြစ်လေသည်။
"မြက်ရိုင်းပင်တွေက ကျိုးကြေနေကြတယ်လေဗျာ"
"ကြေကွဲမှုဆီကိုလား၊ မှန်ကွဲစတွေလို့လား မသိတော့ဘူး၊ ပန်းချီကားရဲ့ အထီးကျန်ဆန်ခြင်းကို ထိရှသွားစေတာတော့ အမှန်ပဲ၊ ဘာမှ အမြင်ကြည်လင်စရာမရှိပါဘဲ ဒီပန်းချီကားကို မျက်လုံးထဲစွဲနေပြီဗျာ၊ ဈေးသတ်မှတ်ဖို့သာ ပြင်ပါတော့"
ဦးကျော်လှိုင်၏ သဘောကျ ကျေနပ်သံအဆုံးမှာ လှိုက်ဖိုခြင်းကို ပထမဦးဆုံး သမီးရည်းစားအဖြေရသည်ကဲ့သို့ မက်မူးစွာ ခံစားမိလိုက်ရလေသည်။ နောက်ဆုံးတော့ သူ့ပန်းချီကားကို လိုလားနှစ်သက်စွာ အခန်းနံရံတွင် ချိတ်ဆွဲမည့် သူတယောက်ကို ရရှိခဲ့ပြီ ဖြစ်လေသည်။ သူသည် ငယ်စဉ်ကတည်းက ပန်းချီပညာကို အလွန်နှစ်သက် ဝါသနာထုံခဲ့သည်။ အချိန်အားရတိုင်း လေ့ကျင့်ခဲ့လေသည်။ သို့သော် ပါရမီမပါ၍ထင် ထွန်းပေါက်ခြင်းကား မရှိခဲ့ပါ။ အရွယ်ရောက်၍ အိမ်ထောင့်တာဝန်တွေနှင့် မအားလပ်သော်လည်း ရသမျှ အားလပ်ချိန်ကို ပန်းချီဆွဲခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။ အသက်အရွယ်ရလာ၍ ပင်စင်နားကာ မြေးထိန်းရသည့် ယခုတိုင် ဝါသနာကို မဖျောက်နိုင်ဘဲ ပိုးမသေပဲ ရှိနေခဲ့တာ ဖြစ်သည်။ ထို့ကြောင့် သားဖြစ်သူ၏ သူငယ်ချင်းပြခန်းတွင် ချိတ်ဆွဲပြသနေခဲ့ခြင်း ဖြစ်သည်။ သားဖြစ်သူ မျက်နှာကြောင့် နေရာ တနေရာ ပေးထားကြောင်းကိုကား သူသည် ရိပ်မိသိရှိပြီး ဖြစ်ပါသည်။
မသိချင်ယောင်ဆောင်၍ သူ့မျှော်လင့်ချက်ကို အသက်ဆက်ရှင်စေခဲ့ခြင်းသာ။
" လေးစားပါတယ်ဗျာ၊ ခင်ဗျားလို ပြောင်မြောက်တဲ့ လက်ရာရှင်မျိုး တသက်တော့ ဒီတခါ အတွေ့ဖူးပါပဲ"
သူသည် ကလေးတယောက်ကဲ့သို့ ခုန်ပေါက်ပြေးလွှားပစ်လိုက်ချင်လေသည်။ တောင်ထိပ်သို့ ခြေချမိပြီဖြစ်သော တောင်တက်သမား တယောက်၏ ခံစားချက်အပျော်မျိုး ခံစားဖူးပြီ ဖြစ်လေသည်။ ပြခန်းထဲမှ အလျင်စလို ပြေးထွက်လာခဲ့မိလေသည်။ ဦးကျော်လှိုင်ကို နှုတ်ဆက်ရန်၊ ပန်းချီကား ဈေးပြောရန်တို့ကိုပင် မေ့လျော့ထားခဲ့လေပြီ။
တသက်တာလုံး ပန်းချီအနုပညာနှင့် ပတ်သက်၍ သူ့အား အထင်မကြီးခဲ့သော သူငယ်ချင်းများ၊ မိန်းမလုပ်သူနှင့် သူ၏ သား မြေးများကို အားရပါးရ ဝံ့ကြွားစွာ စကားဆိုနိုင်လေပြီ။ သူ၏ ပန်းချီကားကို အထင်ကြီးလေးစားသူတယောက် လောကတွင် ပေါ်ပေါက်လာခဲ့ပြီ မဟုတ်ပါလား။
နေခြည် (ကြီးနီ)
Comments