မောင်စွမ်းရည် - တသက်တာစာပေဆုရှင် သူငယ်ချင်းမောင်သာနိုး

ပန်းချီ မောင်နိုး

မောင်စွမ်းရည် - တသက်တာစာပေဆုရှင် သူငယ်ချင်းမောင်သာနိုး

(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၈

ကျွန်တော့်အဖို့ သူငယ်ချင်း မောင်သာနိုးအကြောင်းဆောင်းပါးတွေရေးရတာ ဘယ်နှခါရှိမှန်း တောင်မသိတော့ဘူး၊ တကြိမ်ကတော့ ရေးရင်းနဲ့ လက်လွန်သွားလိုက်တာ စာမျက်နှာ ၄၀နီးပါးရှိသွားလို့ မနည်းအရှိန်သက်ပြီး “မဒမ်နိုး” ဆီကိုပဲပို့လိုက်ရပါတယ်၊ ခုလဲတောင်းပြန်ပြီ၊ ဟိုးအဝေးကြီးက။ အမေရိကားမှာ ရောက်နေတဲ့ မောင်စွမ်းရည်ဟာ မောင်သာနိုးရဲ့ အရင်းအနှီးဆုံးသူငယ်ချင်းတဦးပါလို့၊ အများသိကြတဲ့အတွက် ဝမ်းသာရတယ်၊ မန်းတက္ကသိုလ် သမဂ္ဂမှာ လုပ်ကိုင်ဖက်၊ ရဲဘော်ရဲဘက်သူငယ်ချင်းဆိုလို့ လေးဦးပဲ ကျန်ရှိပါ တော့တယ်၊ မုံရွာတင်ရွှေ၊ တင်မိုး၊ မောင်ပေါက်စည်တို့ ဆုံးကုန်ကြပြီ၊ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်သိန်းနိုင်၊ မောင်စွမ်းရည်တို့ ကျန်တယ်၊ မောင်သိန်းနိုင်နဲ့ မောင်မိုးသူတို့ဆီ စာမူတောင်းကြဦးပေါ့၊

ထူးခြားတာက မန်းတက္ကသိုလ် စာပေသမားတွေဟာ လူထုတိုက်ထွက်တွေချည်းဖြစ်ကြပြီး၊ သူတို့ အားလုံးဟာ တကသိုလ် သမဂ္ဂနဲ့ ကလောင်ရှင်အသင်း၊ တက္ကသိုလ်မဂ္ဂဇင်းကော်မတီတွေမှာ အမှုဆောင်တွေ ချည်းဆိုတာပါပဲ၊ တခုတော့ရှိရဲ့၊မန္တလေးမှာက လူထုသတင်းစာ၊ လူထုဂျာနယ်ပဲ၊ စာရေးစရာ စာနယ်ဇင်းရယ်လို့ရှိတော့ အားလုံးလူထုတိုက်ထွက်တွေချည်းပဲဆိုတာ “မထူးခြားချက်” တခုလဲဖြစ်နေပါတယ်၊ စာပေသမား ဟာ စာပိုဖတ်တယ်၊ စာပိုသိတယ်၊ ဒါကြောင့် နိုင်ငံရေးလဲပိုသိပြီး သမဂ္ဂမှာပါဝင်ဆောင်ရွက်ကြပါတယ်၊ သမဂ္ဂ ဆိုတာ ကိုယ်ပါချင်တိုင်း ပါလို့မရပါဘူး၊ အဖွဲ့အစည်းတခုကိုဝင်ပြီး ကျောင်းသားထုရဲ့ အရွေးခံရမှ သမဂ္ဂမှာ ပါဝင်ဆောင်ရွက်ခွင့်ရတာပါ၊

ကျောင်းသားသမဂ္ဂဆိုတာ တက္ကသိုလ်ဖွဲ့စည်းပုံဥပဒေအရ တက္ကသိုလ်နဲ့ အတူပေါက်ဖွားလာခဲ့တာ ဖြစ်သလို၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ သပိတ်မှောက်ကိစ္စတွေဟာလဲ ဖွားဖက်တော်တွေပါပဲ၊ ဒီအချက်ဟာလဲ ခုတော့ မျက်မှောက်ခေတ် မြန်မာနိုင်ငံသမိုင်းကဏ္ဍတွေမှာ ပါဝင်နေခဲ့ပါပြီ၊ ပထမကောလိပ်သပိတ်တဲ့၊ ဒုတိယ တက္ကသိုလ်သပိတ်၊ တတိယတက္ကသိုလ်သပိတ်၊ သပိတ်သုံးလုံးလဲစုံရော လွတ်လပ်ရေးတိုက်ပွဲထဲကို တည့်တည့်ရောက်သွားပြီး လွတ်လပ်ရေးရသည်အထိ ရှေ့ရှုသွားခဲ့တော့တာပါပဲ၊ လွတ်လပ်ရေးသမိုင်းမှာ ကျောင်းသားကဏ္ဍက မသေးလှပါဘူး၊

မန္တလေးကောလိပ်ဆိုတာ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ လက်ခွဲပညာရေးဌာနာတခုပါပဲ၊ မန္တလေးတက္က သိုလ်အက်ဥပဒေဆိုတာလဲ ရန်ကုန်တက္ကသိုလ် အက်ဥပဒေအတိုင်းပါပဲ၊ ကျောင်းသားတိုင်းဟာ ကျောင်းသား သမဂ္ဂဝင်ပြီး သမဂ္ဂဝင်ကြေးကို ကျောင်းဝင်ကြေးနဲ့အတူ တပါတည်းပေးဆောင်ရပါတယ်၊ တက္ကသိုလ်ရုံးကပဲ ကောက်ခံထားပြီး ကျောင်းသားသမဂ္ဂအသုံးစရိတ်ကို တက္ကသိုလ်ကပဲ လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ၊ ထုတ်ပေးရပါတယ်၊ ကျောင်းသားသမဂရွေးကောက်ပွဲကိုလဲ တက္ကသိုလ်ပါမောကကြီးတွေကပဲ သမဂ္ဂအမှုဆောင်ဟောင်းများနဲ့ ရွေးကောက်ပွဲကော်မတီဖွဲ့ပြီး သမဂ္ဂအမှုဆောင်သစ်ကို ရွေးချယ်ပေးရပါတယ်၊ ခု သမဂ္ဂရှိသေးရဲ့လား၊ အဲသလို ရွေးကောက်ပွဲ လုပ်ပေးသလားမသိပါ၊ ကျွန်တော်တို့ခေတ်တုန်းကတော့ သမဂ္ဂ အမှုဆောင်ရွေးကောက်ပွဲဟာ တစ်နှစ်တာကျောင်းသားလှုပ်ရှားမှုတွေမှာ အကြီးဆုံးလှုပ်ရှားမှုကြီးပါပဲ၊

မောင်သာနိုးက ၁၉၅၀ ခုနှစ်မှာ စစ်ကိုင်းမြို့အစိုးရအထက်တန်းကျောင်းမှာ ၁၀တန်းကျောင်းသားပါ၊ ၁၉၅၀ ခုနှစ် လူထုဂျာနယ်ဟောင်းတခုမှာ မောင်သာနိုးက လူထုဂျာနယ်စာပေပြိုင်ပွဲမှာ ကဏ္ဍသုံးမျိုး (ကဗျာ၊ ဝတ္ထု၊ ဆောင်းပါရယ်လို့) ရှိတဲ့အနက် ဆောင်းပါးကဏ္ဍမှာ ဝင်ပြိုင်တာတွေ့ရပါတယ်၊ ဆောင်းပါးပြိုင်ပွဲခေါင်းစဉ် က “မတ်က်စ်ဝါဒကို အစိုးရကျောင်းများတွင် သင်ကြားသင့်ကြောင်း” တဲ့၊ မောင်သာနိုးက ဒုတိယဆု ချိတ် ပါတယ်၊ ပထမဆုချိတ်သူက တက္ကသိုလ်ကျောင်းသားကြီးတဦးပါ၊ နောင်တော့ တောခိုသွားတယ်လို့ တင်မိုး ပြောပြပါတယ်၊ မောင်သာနိုးဟာ အဿဇိ (၂) ဆိုတဲ့ ကလောင်နာမည်နဲ့ ဘာသာရေးဆောင်းပါးတွေပဲ ရေးပြီး မောင်သိင်္ဂါအမည်နဲ့ ကဗျာတွေလဲရေးနေသူဖြစ်တယ်လို့ တင်မိုးကပြောပါတယ်၊ တင်မိုးကလဲ ၁၉၅၀ လောက် ကပဲ မန္တလေးမှာ ကိုရင်လးရှင်က္ကိုန္ဒကဘဝနဲ့ စာသင်ရင်း လူထုဂျာနယ်မှာ ကန်မြဲနန်းမြင့်နွယ် အမည်နဲ့ ကဗျာတွေ ရေး၊ ကလောင်သွေးနေပြီဆိုကိုး။

မောင်သာနိုး တက္ကသိုလ်ရောက်တဲ့နှစ် ၁၉၅၀မှာ မောင်စွမ်းရည်က မြင်းခြံ အထက (၁) ပဉ္စမတန်းမှာ စာသင်ဆဲ။ ပထဝီ၊ သမိုင်းမှာ သင်ရတော့ မြေပုံထဲမှာ မန္တလေးနဲ့ စစ်ကိုင်းတည်နေရာကို ဒုတ်ထောက်ရှာရဆဲ၊ မီးရထားလမ်းနဲ့ သွားရင်ဘယ်လို၊ ကားလမ်းနဲ့သွားရင်ဘယ်နည်း၊ သင်္ဘောနဲ့သွားရင် ဘယ်ပုံ ဆိုတာတွေ ခရီး စဉ်ကို အလွတ်ပြောတတ်ရပါတယ်။ ခရီးစဉ်ကိုကြိုသင်ထားပေမဲ့၊ ၁၉၅၆ ခုနှစ်ကျမှ မန်းတက္ကသိုလ်ကို ရောက်ပါ တယ်၊ မောင်သာနိုးကလဲ ၁၉၅၃ အောက်တိုဘာကျောင်းသားသပိတ်အရေးမှာ ခေါင်းဆောင်ခဲ့လို့တဲ့ အဖမ်းခံ၊ ထောင်ချခံနေခဲ့ရာက ၁၉၅၆ ကျမှ လွတ်လာတာပါ၊ လူထုဦးလှနဲ့ ဒို့ဘုရင်ဦးဘရင် ဆိုသူ မန္တလေးမြို့မိ မြို့ဖ လူကြီးနှစ်ဦးကိုလဲ သူတို့အမှုတွဲ ပုဒ်မ ၅နဲ့ဆွဲပြီး မန္တလေးနန်းမြို့ရိုးတွင်းက ထောင်ကြီးထဲကိုဆွဲထည့်ထားသတဲ့။ ဖမ်းမိန့်ထုတ်သူတွေက သူတို့ကိုယ်တိုင် ဗိုလ်နေဝင်းဖမ်းတာခံရပြီး ဝဋ်လည်တော့မှ လူထုဦးလှထံ ဘာမှုမှမရှိပဲ ဖမ်းထည့်ထားခံတာကို ကန်တော့တောင်းပန်ကြောင်း မောင်သာနိုးကို ပြောပြဖူးပါသတဲ့။ လူထုဦးလှက “ငါကလဲ အကြာကြီး ကန်တော့ခံရအောင် အကြာကြီး ဆုတွေပေးလိုက်တာပေါ့” လို့ နောက်ဆက်တွဲပြောလိုက်သတဲ့။ ကိုသာနိုး တက္ကသိုလ်ရောက်တော့ လူထုမှာ ညအယ်ဒီတာဝင်လုပ်ပြီး သတင်းတွေကို ရေဒီယိုက လိုက်ကူးရတာ၊ ဘာသာပြန်ပေးရတာတွေ လုပ်ရသတဲ့၊ ဆရာဦးဆန်းထွန်း (ဆန်းထွန်း (မန်းတက္ကသိုလ်)) တို့နဲ့အတူပေါ့။

တက္ကသိုလ်ကို ၁၉၅၆ မှာရောက်လာတော့ ကျွန်ုပ်နဲ့ ကြည်အောင် တနှစ်တည်းပေါ့၊ နောက်တနှစ် ၁၉၅၇ မှာ မောင်သိန်းနိုင်(မုံရွာ)နဲ့ တင်မိုး(မောင်ဘဂျမ်း - ရေစကြို) တို့က မြန်မာစာဂုဏ်ထူးကိုယ်စီနဲ့ ၁၀တန်းအောင်ပြီး တက္ကသိုလ်ရောက်လာခဲ့ကြတာပါ၊ ၁၉၅၈မှာထင်ပါတယ်။ မြင်းခြံကိုသာလှက သမဂ္ဂဥက္ကဌ၊ ကိုသာနိုးက အတွင်းရေးမှူး၊ မောင်မိုးသူက ဒုတိယဥက္ကဌ (ပြန်ကြားရေးမှူး)၊ ခင်မောင်ဝင်း(ကသာဝင်းကြွယ်)က ဘဏ္ဍာရေးမှူး၊ မောင်စွမ်းရည်(မြင်းခြံဝင်းဖေ)က ပြန်ကြားရေးဗျူရိုရဲ့ အတွင်းရေးမှူးစသဖြင့် အရွေးခံကြပါတယ်၊ အဲဒီနှစ် ရန်ကုန်ရော မန္ကလေးမှာပါ တပ်ဦးဟောင်း တပ်ဦးသစ် ကွဲ ပါတယ်။ အဓိကအားဖြင့်တော့ D.S.O ခေါ် ဒီမိုကရက်တစ် ကျောင်းသားများအဖွဲ့နဲ့ S.U.F ခေါ် ကျောင်းသားညီညွှတ်ရေးတပ်ဦးအဖွဲ့ရယ်လို့ နှစ်ဖွဲ့ပဲ ရှိခဲ့တာပါ၊ ဒီနှစ်မှ ကျောင်းသားညီညွှတ်ရေးတပ်ဦး(တပ်ဦး) အဖွဲ့က နှစ်ခြမ်းကွဲပြီး တပ်ဦးသစ် ပေါ်ပေါက်ခဲ့တာပါ၊ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်စွမ်းရည်တို့အဖွဲ့က မဲအပြတ်အသတ်နဲ့နိုင်ပါတယ်၊

အင်္ဂလိပ်စာအားနည်းတဲ့ ကျောင်းသားတွေကို ကျောင်းသားခေါင်းဆောင် ကိုသာနိုးက အချိန်ပို ခေါ်ပြီး စာသင်ပေးပါတယ်။ အင်္ဂလိပ်စာဌာနမှူး မစ္စတာမူနီက စာသင်ခန်း ပေးတဲ့အပြင်၊ သူကိုယ်တိုင်လာပြီး နောက်နားက ရပ် နားထောင်ပါတယ်၊ နံရံကပ်စာစောင်တွေမှာ အင်္ဂလိပ်လိုရေးရင်လဲ နံရံကပ်စာစောင်မှာ လာဖတ်ပါတယ်၊ ကျောင်းအုပ်ဆရာကြီး ဥိးကိုလေး(စာရေးဆရာဇေယျာမောင်) ကိုယ်တိုင်လဲ လာဖတ်ပါတယ်၊ နံရံကပ်စာစောင်က မြန်မာစာဌာနအနီး စင်္ကြန်မှာ သင်ပုန်းနဲ့ ထောင်ထားတာပါ၊ မြန်မာစာဆရာများကတော့ ကျောင်းသားတွေရေးတာကို အထင်ကြီးလေ့မရှိတာကြောင့် တကြောင်း၊ "ထောင်စာလေးတွေ" ရေးတာကို မဖက်ရဲတာ ကြောင့်တကြောင်း လာဖတ်တာ မရှိပါ၊ မောင်သာနိုးက တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းတွေမှာလဲ အင်္ဂလိပ်စာ စာတည်း တာဝန်ယူဖူးပါတယ်၊ မောင်သိန်းနိုင်၊ တင်မိုးတို့က မြန်မာစာ စာတည်းပါ၊ ကြည်အောင်က အင်္ဂလိပ်စာ စာတည်းလုပ်ဖူးပါတယ်၊ မောင်စွမ်းရည်က မဂ္ဂဇင်းအတွင်းရေးမှူး တာဝန်ယူပြီး (မြန်မာစာ စာတည်းတာဝန်ကို ပါ တွဲဖက်ပြီး) တာဝန်ယူခဲ့ရဖူးပါတယ်။

ကျောင်းသားခေါင်းဆောင်အနေနဲ့ ထောင်အကျဆုံးကတော့ မန္ကလေးမှာ ကိုသာနိုးပါ၊ ဒုတိယ၊ တတိယ လိုက်သူများကတော့ မောင်မိုးသူနဲ့ မောင်သိန်းနိုင်ပါ၊ မောင်စွမ်းရည်က ထောင်ဇာတာ မပါပါ၊ အဖမ်းခံရမယ်လို့ အလိုက်ခံရဆဲ ထောင်မကျပဲ ပြေးရင်းလွှားရင်း အိမ်ထောင်ကျသွားခဲ့ပါတယ်၊ နောင်အခါ အလိုက်ခံရဆဲမှာ တော့ အလွတ်ကျောင်းတွေ ပြည်သူပိုင်သိမ်းလိုက်လို့ အလွတ်ကျောင်းဆရာက အစိုးရကျောင်းဆရာဖြစ်သွား တဲ့ မောင်စွမ်းရည်၊ မြန်မာပြည်မြောက်အစွန် စစ်ကိုင်းတိုင်း ရေဦး မြောက်ဖက် တန့်ဆည်ကိုပို့လိုက်လို့ ရဲတွေ မျက်စပြတ်သွားခဲ့ပါသတဲ့။ ကံကောင်းပေစွ။ နောင် တင်မိုးနဲ့ ဆရာစောလူတို့က မောင်စွမ်းရည်ကို ဥရောပကတဆင့် အမေရိကားကိုခေါ်ထုတ်လို့ အဖမ်းခံ လွတ်ခဲ့ရပါတယ်၊ အမေရိကားရောက်တော့ ကျန်ရစ်တဲ့ သူငယ်ချင်း တွေကို လွမ်းတယ်၊ မောင်မိုးသူရဲ့ သား “အာဂျလာ” ကို “မင်းအဖေခေါ်ကွာ ”ဆိုတော့ အဖေကငြင်းသတဲ့။ ဒါနဲ့ တင်မိုးနဲ့ မောင်စွမ်းရည်တို့က မောင်သာနိုးကို ဖိတ်ခေါ်တယ်၊ I O War အပြည်ပြည်ဆိုင်ရာစာရေးသားမှုအစီအစဉ်ကို သူငယ် ချင်းရဲ့သမီး ဝင်နီ-ရွှေစင်ဦးက ဖုန်းနဲ့ ဖိတ်ခေါ်တယ်၊ “မင်းသား” က “မင်းသမီး” မပါရင် မလာဘူးတဲ့၊ ငြင်းတယ်၊ မင်းသမီးကို ကိုယ့်စရိတ်ကိုယ်ခေါ်ရင် ရစေမယ် ဆိုတော့မှ လာတယ်၊ ဒါကြောင့် အိုင်အိုဝါမှာရော စောလူ အိမ်မှာရော မောင်သာနိုးနဲ့ သူငယ်ချင်းဆုံးယောက် ပျော်ပျော်ကြီးပြန်ဆုံကြရပါတယ်။

ကျွန်တော်တို့က ပြည်တွင်းကို ပြန်လာခွင့်မရတာ ၁၀နှစ်လောက်ကြာခဲ့ပြီဆိုတော့ သူငယ်ချင်းတွေကို လွမ်းတာပေါ့၊ နောက်တခါ ကိုသာနိုးနဲ့တွေ့ဖို့ အခွင့်အလမ်းရပြန်ပါတယ်၊ ကိုရီးယား(တောင်)က ဖိတ်ကြားတာ ပါ၊ မောင်စွမ်းရည်နဲ့ အဖော်တဦး ... တဲ့၊ အမေရိကားမှာရှိတဲ့ မောင်သာရကို မခေါ်ပဲ ပြည်တွင်းက စာရေးဆရာကို ခေါ်ခွင့်ရလို့ ခေါ်ချင်တယ် ... လို့ အကြောင်းပြန်တော့ ကိုသာနိုးကို ဇနီးပါ ခေါ်ခွင့်ရပါတယ်၊ ကိုသာနိုးသာ ကိုရီး ယားကိုရောက်သွားတယ်၊ ကျွန်တော်က ခရီးသွားလက်မှတ် အဆင်မပြေ ဖြစ်သွားခဲ့လို့ မသွားလိုက် ရတော့ပါ၊ ဒါပေမဲ့ ဖုနးဆက်ပြီးတော့ လွမ်းစကား မန်းစကားတွေ အားရအောင်ပြောလိုက်ကြရပါတယ်၊ ကျုပ်တို့ ဆရာ နိုးဟာ အနောက်နိုင်ငံက “ထင်းရူးပင်ရိပ်” ကိုရော အရှေ့နိုင်ငံက “မိုးမခပင်ရိပ်” ကိုရော ရောက်ရှိဖူးသွားလို့ ကျွန်တော်တို့က ကိုယ်တိုင်ရောက်ရတာထက် ဝမ်းသာပါတယ်၊ ဆရာနိုးက အရှေ့၊ အနောက် ကဗျာတွေကို ဘာသာပြန်သူဖြစ်လို့ပါ။

ကိုသာနိုးက အင်္ဂလိပ်စာထူးချွန်တယ်လို့ သူပြောလူပြောနဲ့ ကြားဖူးရုံပဲရှိခဲ့တာပါ၊ နောက်တော့ ကျွန်တော်တို့သူငယ်ချင်းတစုရဲ့ ကဗျာတွေကို သူပဲ ဒိုင်ခံပြီး အင်္ဂလိပ်လို ဘာသာပြန်ပေးခဲ့တာပါ၊ ကျွန်တော်ရဲ့ “ အနီနှင့်အပြာ” ကဗျာများစာအုပ်ကို ဘာသာပြန်ပေးဖို့ ကျွန်တော်ကိုယ်တိုင် မပြောခဲ့ရပါ။ အားနာလို့ပါ၊ သူငယ်ချင်းတင်မိုးက သူဖာသာပြောပြီး အင်္ဂလိပ် မြန်မာနှစ်ဘာသာတွဲကို သူကိုယ်တိုင်ထုတ်ပေးခဲ့ရှာတာပါ၊ ဒါနဲ့ အားမရသေးတဲ့ တရုတ်၊ ရုရှားတို့ကို အားကျလို့တဲ့ “မြန်မာမဂ္ဂဇင်း” တစောင်ကို အင်္ဂလိပ်လို ထုတ်ချင်သေးတာလို့ ကိုသာနိုးကို အပူကပ်ခဲ့ပါသေးတယ်။ တင်မိုးက အိမ်ထောင်ကျပြီး ရန်ကုန်ခေတ္တပြောင်းသွားရလို့ မလုပ် ဖြစ်တော့ပါ၊ ထုတ်ပေးမယ့်လူ ရှိပါတယ်။

မြန်မာလိုက အင်္ဂလိပ်လို ဘာသာပြန်ရုံတင်မက အင်္ဂလိပ်လိုက မြန်မာလို ဘာသာပြန်ပေးပါဆိုတာကိုလဲ တင်မိုးနဲ့ ကြည်အောင်တို့က အမြဲပူဆာခဲ့ကြပါတယ်။ တင်မိုးက ဘာသာပြန်မဂ္ဂဇင်းတောင် ထုတ်ချင်သေး သတဲ့၊ အိုမာခယမ် ရဲ့ “ရူဘာအယက်” ကိုတော့ ကြည်အောင်က ဘာသာပြန်ခိုင်းလို့ပါ၊ တင်မိုးက ကိုသာနိုးကို ဘာသာပြန်ခိုင်းခဲ့ဖူးတာက “ဇိုယာနဲ့ ဂူရာ” ရုရှားဝတ္ထုပါ၊ နောင် ဦးကိုလေး(ဇေယျာမောင်) ဘာသာပြန်လို့ ဘာသာပြန်ဆုရတဲ့စာအုပ်ပါ။ ကိုသာနိုးက ထောင်ကျသွားလို့နဲ့ တူပါရဲ့၊ အဲဒီကာလ ဘာသာမပြန်ဖြစ်ခဲ့ပါ၊ ရန်ကုန်ရောက်တော့ တိုင်းမ်၊ နယူးစ်ဝိခ်တို့က သတင်းတချို့ကို ကိုသာနိုးက ဖတ်လာပြီး ဘီအိုစီကောလိပ် လဖက်ရည်ဆိုင်မှာ ကျွန်တော်တို့ကို ဘာသာပြန်ပြီး ပြောပြလေ့ရှိပါတယ်။ တင်မိုး နားမထောင်ပဲ အိပ်ငိုက်နေရင် ကိုသာနိုးက “ဟေ့လူ ကိုဘဂျမ်း ခင်ဗျားအတွက် ပြောပြနေတာလေ၊ နားထောင်ဦး ” လို့လှမ်းအော်လေ့ရှိပါ တယ်၊ ကိုသာနိုးက ကျွန်တော်တို့အတွက် ပါရမီဖြည့်ရင်းက နိုင်ငံခြားကဗျာတွေ ဘာသာပြန်တဲ့အလုပ်ကို စတင်မိခဲ့တာလို့ ထင်ပါတယ်၊ နောက်တော့ “ထင်ရူးပင်” ကြီးတပင်နဲ့ “မိုးမခပင်” ကြီးတပင် စိုက်ထူမိခဲ့ပါရောလား၊ မိုးမခပင်ကြီး စိုက်ထူမိတော့ တင်မိုးနဲ့ ကြည်အောင်တို့ မရှိရှာတော့ပါ၊ လူငယ်ကဗျာဆရာတွေကတော့ ဖတ်ကြပါတယ်၊

ကိုသာနိုးက တက္ကသိုလ်ရောက်စမှာ မြန်မာဘာသာနဲ့ ကဗျာလေးတွေရေးနေပါသေးတယ်၊ ကြည်အေးရဲ့ လေးချိုးသံချိုဆန်ဆန် ကဗျာလေးတွေရေးခဲ့တာပါ၊ (မြန်မာလိုရေးထားတဲ့ ငယ်လက်ရာ ကဗျာလေး တွေ ပြန်ရှာပြီး စာအုပ်ထုတ်ဖို့ကောင်းပါတယ်၊ )။ နောက်ပိုင်း လူထုမှာရေးခဲ့တဲ့ “မလင်းပြာ” ကဗျာကလဲ အတော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ဖူးပါတယ်၊ ကျွန်တော်တို့ သုံးယောက်ရေးကြတာတွေက ရိုးရာဆန်လွန်းလှတယ်လို့ ထင်ပါတယ်၊ ကိုသာနိုးက ရိုးရာပုံစံကို ခေတ်ဆန်အောင်ရေးထားတာမို့ ကျွန်တော်တို့ အလွတ်ရခဲ့ဖူးပါတယ်၊ ကျွန်တော်နဲ့ တင်မိုးတို့က ရွေးကောက်ပွဲအတွက် လက်ကမ်းစာစောင်တွေမှာ ကဗျာရေးကြတော့လဲ ကိုသာနိုးက ဘာသာပြန်ပေးခဲ့တာတွေရှပါတယ်၊ သိမ်းထားပေမဲ့ ပြေးရ၊ လွှားရ၊ ပုန်းရ၊ လျှိုရတာတွေများလို့ ဘာမှ အစရရှာမရတော့ပါ၊

တင်မိုးနဲ့ ကျွန်တော်က ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာ အခြေခံပညာကျောင်းသုံး မြန်မာဖတ်စာ တွေလုပ်ဖို့ အတူ ပူးတွဲ ရုံးတက်ရဖူးပါတယ်။ အဖွဲ့ဥက္ကဌက မြန်မာစာပါမောက္ခဖြစ်တဲ့အတွက် မြန်မာစာဌာနမှာ လာပြီး အလုပ်လုပ်ကြရတာပါ၊ ကိုသာနိုးလဲ တောင်ငူဆောင် (တောင်ပိန္နဲပင်အောက် လဖက်ရည်ဆိုင်ကို လာနေကျပါ။ တခါတော့ ကိုသာနိုးမလာခင် မြန်မာစာဆရာတယောက်ရှေ့မှာ ကိုသာနိုး အင်္ဂလိပ်စာ ထူးချွန်ပုံကို ပြောပြနေကြပါတယ်၊ ကျောင်းသားတွေကိုပြောပြနေတာပါ၊ မြန်မာစာဆရာတယောက်က အနီးမှာရှိတာပါ၊ သူက ဘိလပ်ပြန်ပါ၊ ဘာသာဗေဒသွားသင်ယူတာ၊ စာမေးပွဲကျလာသူပါ၊ သူက “မောင်သာနိုး ဘာသာဗေဒ ဇီးရိုး”လို့ ဆောင်းပါးရေးဖူးသူပါ၊ သူက “ခင်ဗျားပြောနေတာ နားခါးတယ်ဗျာ၊ မောင်သာနိုးလောက်တော့ လူတိုင်းတတ်ပါတယ်၊ ခင်ဗျားတို့ကသာ အင်္ဂလိပ်စာညံ့လို့ပါ၊ ခင်ဗျားတို့ကိုယ်တိုင်ပဲ အင်္ဂလိပ်စာမကျွမ်းပဲ သာနိုး အင်္ဂလိပ်စာကျွမ်းတယ်လို့ ခင်ဗျားတို့က ဘယ်လိုသိသလဲ ... တဲ့”။ တင်မိုးနဲ့ အဲဒီ မြန်မာစာဆရာနဲ့က ရင်းနှီးပါ တယ်၊ အိမ်နီးချင်းပါ၊ သူက ဒါမျိုးတွေပြောနေကျပဲဆိုပြီး ရယ်မောနေတာပါ၊ ကျွန်တော်ကတော့ ဒီလိုပြန်ပြောပါတယ်။

“ဒီမှာ ကိုယ့်လူ ကိုသာနိုး မကြာခင်ကပဲ အင်္ဂလိပ်ဘာသာ ဝပ်ကင်းပီးပဲဒေးလီးသတင်းစာမှာ အင်္ဂလိပ် လိုဆောင်းပါးတပုဒ် ရေးလိုက်တာ တွေ့မိသလား” လို့မေးတော့ “သောက်ဂရုစိုက်ပြီး မဖတ်ဘူး” တဲ့ ဒီတော့ ကျွန်တော်ကပြောရတယ်၊ “မောင်သာနိုးအင်္ဂလိပ်လိုရေးတာ ကောင်းလှချေလား” လို့ “ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်လို ဘိလပ်ပြန်တွေက ချီးကျူးတယ်ဗျ၊ ဆရာမောင်ထင်ကလဲ ချီးကျူးတယ်၊ ဒေါ်ခင်မျိုးချစ် အင်္ဂလိပ်စာတတ်တယ် ဆိုတာကိုတော့ ခင်ဗျားမငြင်းနိုင်ဘူး၊ သူတို့မောင်နှံက "မောင်သာနိုးကို မတွေ့ဖူးသေးဘူးတဲ့။ သူ့အင်္ဂလိပ်လိုရေးတာ သိပ်ကောင်းတာပဲကိုးကွယ့်၊ သူ့ကို ချီးကျူးဂုဏ်ပြုချင်လို့ ထမင်းစား ဖိတ်ပေးပါတဲ့၊ ကျွန်တော့်ကိုဖိတ်ခိုင်းတာပါ၊ ခင်ဗျားကို မြန်မာစာတော်လှချေရဲ့ အင်္ဂလိပ်စာ တော်လှချေရဲ့လို့ တခါမှ မကြားဖူးဘူး၊ ခင်ဗျားလဲ အင်္ဂလိပ်လိုရော မြန်မာလိုရော မရေးတတ်လို့ မရေးဘူး၊ ဘိလပ်ပြန်ကြီးရယ်လို့ ဖိတ်ခေါ်ပြီး ချီးကျူးတယ်လို့လဲ မကြားပေါင်ဗျာ” လို့ ပြောတော့ “ခင်ဗျားတို့မန္တလေးသားတွေ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေကြရစ်တော”့ ဆိုပြီး ထသွားပါတယ်၊ “ခင်ဗျားကိုတော့ ဘယ်သူကမှ ချိုတယ်ရော၊ ချဉ်တယ်ရော မပြောကြပါလား” လို့ “မောင်သာနိုး ဘာသာဗေဒဇီးရိုး” လို့ ခင်ဗျားပြောခဲ့တယ်၊ “ခင်ဗျားဆိုရင် ဘာသာဗေဒ မိုင်းနပ်စ် ဇီးရိုး ဖြစ်မှာပေါ့” လို့လဲ လှမ်းအော်လိုက်ပါတယ်၊ ကိုသာနိုးရဲ့ အင်္ဂလိပ်စာအရေးအသားကို ချီးကျူးချင်လို့ ဆိုပြီး ဒေါ်ခင်မျိုးချစ်က ဖိတ်ကြားခိုင်းလို့ ကျွန်တော်ကိုယ်တိုင်ဖိတ်ကြားပေးခဲ့ရတာပါ။

မြန်မာစာဌာနမှာ ဘာသာသိပံ္ပ သင်ကြားပို့ချမှု မရှိပါ၊ သဒ္ဒဗေဒကို ဆရာဦးရွှေသွင်က သင်ပေးခဲ့ဖူးပါတယ်။ ဦးဖေမောင်တင်ရဲ့ စာအုပ်ကိုပဲ ဘာသာပြန်ခဲ့ရပြီး သူ့ကိုယ်ကိုယ် အသစ်ပြုစု မသွားခဲ့ပါ၊ ဘာသာသိပံ္ပ ပညာသင်လွှတ်ဖို့ စီစဉ်ရာမှာလဲ ဗိုလ်နေဝင်းက မြန်မာစာကို မြန်မာလူမျိုးထက်တတ်သူ မရှိဘူး၊ မသွားနဲ့လို့ ပိတ်လိုက်ပါတယ်၊ ဘာသာသိပံ္ပဆိုတာ ဗိုလ်နေဝင်း ဘာမှန်း မသိခဲ့ရှာပါ၊ မသိပေမဲ့ မစုံစမ်းပဲ ပိတ်လိုက်တော့ ပညာရေးမှာ နစ်နာတာပဲရှိမှာပေါ့၊ ဗမာပြည်မှာ တိုင်းရင်းသားဘာသာစကားတွေ အမျိုးမျိုးရှိတယ်။ ဘာသာသိပံ္ပနည်းကျ လေ့လာဖို့ကောင်းတယ်။ ပြင်သစ်၊ ဂျပန်၊ အင်္ဂလန်၊ ပညာရှင်တွေက မြန်မာစကား မြန်မာစာပေ တိုင်းရင်းသားစကားတွေကို စနစ်တကျလေ့လာသွားကြတာတွေရှိပေမဲ့ မြန်မာပညာရှိက လေ့လာတာနည်းပါသေးတယ်၊ ကျွန်တော်တို့တော့ သူငယ်ချင်း မောင်သာနိုးရေးသလောက်တောင် တော်တော်နားလည်အောင် မနည်းမနော လိုက်ဖတ်နေရတာပါ၊ ဘာသာသိပံ္ပ လေ့လာမှု တိုးတက်ပါစေသော်။

(မျိုးသန့်ထွန်းကတဆင့် မောင်နိုင်၊ ကွမ်းခြံလမ်းမဂ္ဂဇင်း ..အတွက်)
မောင်စွမ်းရည်
၂၀၁၈၊ သြဂုတ် ၂၆၊
0