နိုင်ငံတကာသာဂိ - နိုင်ငံတခုတည်းမှာ စီးပွားရေး နှစ်မျိုး ရှိသလား


နိုင်ငံတကာသာဂိ - နိုင်ငံတခုတည်းမှာ စီးပွားရေး နှစ်မျိုး ရှိသလား
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၈

အမေရိကန်စီးပွားရေးကို ပြောကြရင် အခြေအနေ ၂ မျိုးနဲ့ ပုံစံထုတ်ကြတယ်။

ပုံစံ ၁ - စီးပွားရေးက အရင်ကထက်ကောင်းတယ်။ စတော့ဈေးကွက်က ထိပ်ရောက်နေတယ်။ အလုပ်အကိုင်တွေလည်း ပေါများလာနေပြီ။ မိသားစုအလိုက် ဓနဥစ္စာတွေကလည်း စံချိန်တင်လာပြီ။ ပြည်တွင်းထုတ်ကုန်တွေလည်း မြင့်တက်လာတယ်။ အိမ်ဈေးတွေလည်း တက်ပြီးရင်း တက်ပဲ။ စားသုံးသူ ယုံကြည်မှုတွေ ပြန်ရလာကြတယ်။ ဒါ အမေရိကားပဲကွ ... ။ ဒါမျိုးက တခု။

ပုံစံ ၂ - တကယ်အမေရိကန်ပြည်သူတွေဟာ ဒုက္ခရောက်နေတယ်။ လုပ်ခလစာတွေဆိုတာ ငွေဖောင်းပွနှုန်းနောက် မလိုက်နိုင်ပါဘူး။ သူတို့စီးပွားရေးက တရွတ်တိုက်နေရတုန်း။ လောင်စာဆီဈေးကလည်း တက်ပြီးရင်း တက်။ ၁၉၇၀တုန်းက လုပ်သားအင်အားထက်ပိုပြီး တိုးလာတယ် မရှိပါဘူး။ ကျန်းမာရေးဆေးကုသစာရိတ်တွေကလည်း ခေါင်ခိုက်နေတယ်။ အိမ်ငှားခတွေကလည်း တက်ပြီးရင်း တက်။ လူတွေမှာ ငွေစုဆောင်းထားတာ မရှိပါ။ ပင်စင်ယူဖို့လည်း မစဉ်းစားနိုင်အားဘူး။ အမေရိကန်လူများစုဟာ မွဲသည်ထက် မွဲနေပြီဗျို့။ ဒါမျိုးက တခု ဖြစ်နေပါတယ်။

ဒီပုံစံထဲက တခုတည်းသာ မှန်ရမယ် - ၂ မျိုး ထဲက တမျိုးပဲ ဆိုတာ မဟုတ်တော့ပါ။ အခုချိန်မှာ အမေရိကန်စီးပွားရေးအခြေအနေဟာ အဲသည် ၂ မျိုးလုံး နဲ့ တိုးနေတယ်။ ၂ ခုစလုံးထဲ ပုံစံဝင်နေတယ်။ ကာယကံရှင်ကိုယ်တိုင်ရဲ့ ဘ၀၊ လက်တွေ့၊ အလုပ်၊ ပညာရေး၊ နောက်ခံ အခြေအနေကို လိုက်ပြီးတော့ သင့်စီးပွားရေးပုံစံဟာ ဖြစ်တည်နေတယ်။ ပြောချင်တာက အမေရိကားမှာ ဆင်းရဲ ချမ်းသာ ကွာခြားမှု ခြောက်ကမ္ဘားဟာ အကျယ်ကြီး ကွာဟ ခြားနားသွားပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကနဲ့ မတူတော့ဘူး။

၂၀၁၀က စတင်ပြီးတော့ အမေရိကန်ဟာ အကြွေးကပ်ဆိုက်တာကနေ ဖြေးဖြေးချင်း ရုန်းထွက်လာခဲ့တယ်။ စီးပွားရေးသတင်းတွေကလည်း အကောင်းဘက် လှည့်လာတယ်။ လွန်ခဲ့တဲ့ ၅ နှစ်မှာ အခြေအနေ ကောင်းစပြုလာတယ်။ သို့သော်လည်း စီးပွားရေးက ထော့နင်းထော့နင်းနဲ့ ပြီးတော့ ပညာအဆင့်အတန်းအလိုက်၊ ပထ၀ီဒေသအလိုက်၊ လုပ်ငန်းအမျိုးအစားလိုက်ပြီးတော့ ဘက်လိုက်တဲ့ တဖက်စောင်းနင်း တိုးတက်မှုသာ ဖြစ်လာတယ်။ လူတိုင်း ပျမ်းမျှ အဆင်ပြေလာကြတာ မဟုတ်ပါဘူး။ gig economy လို့ ခေါ်တဲ့ အချိန်ပိုင်း ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ စီးပွားခွင်ဟာ ထင်မြင်ထားသလို အဆင်အပြေချည်း မဟုတ်ဘူး။ (UBER ကားမောင်းတဲ့အလုပ်မျိုး)။ သူတို့တွေ ထင်ထားသလို မိသားစု စားဝတ်နေရေးကို လုံးဝကြီး ဖြေရှင်းမပေးနိုင်ပါဘူး။

စီးပွားရေးသတင်းရေးသူတွေက သူတို့ဘာသာ ဘက်လိုက်ပြီး စီးပွားရေးတွေ ကောင်းတယ် ဟုတ်နေတယ်လို့ မှတ်ချက်တွေကို မရိုးမသား ရေးသား ဟောပြောနေကြတာ ဖြစ်ပါတယ်။ တကယ်တန်းကတော့ ကျနော်တို့တတွေ အားလုံးကို မြင်အောင် လွှမ်းချုံကြည့်ပြီးတော့ အခုလို မတူကွဲပြားဖြစ်နေရတဲ့ မျဉ်းပြိုင်စီးပွားရေးအခြေအနေကို လေ့လာသုံးသပ်ဖို့ လိုပါတယ်။

ပုံစံခွက် ဝေဖန်ရေးအဖြစ်နဲ့ဆိုရင်တော့ globalization ကြောင့်၊ automation ကြောင့်၊ ပြီးတော့ service industry လို့ခေါ်တဲ့ ၀န်ဆောင်မှုလုပ်ငန်းခွင်ဘက် အလေးသာလာမှုကြောင့် (စားပွဲထိုး၊ သူနာပြု၊ ဈေးရောင်း၊ ကားမောင်း၊ ထမင်းချက်၊ မီးသတ်၊ လုံခြုံရေးစောင့်၊ ကွန်ပြူတာစက်ခလုပ်တွေ နှိပ်၊ စတဲ့ ၀န်ဆောင်မှု ဆားဗစ်တွေထဲ ပိုဝင် လုပ်လာကြတာကို ပြောတာပါ)။ ဆိုပြီး ပြစ်တင်ကြပါတယ်။ ဒီထက်ပိုပြီးတော့ သမိုင်းအရွေ့ အချိန်အရွေ့ကို ထည့်စဉ်းစားကြည့်ကြဖို့ ပြောချင်တာပါ။

သည်နေရာမှာ သီအိုရီ ၄ ခုကို ထုတ်ဖော်ဆွေးနွေးကြည့်ချင်ပါတယ်။

(၁) အကြွေးသံသရာက အားလုံးကို ပြောင်းလဲလိုက်တယ်။ 
ငွေကြေးကပ်ဆိုက်ခဲ့တာဟာ အလွန်ကြီးကျယ်တဲ့အတွက် ဘယ်အချက်က ဘယ်လောက် အရေးပါခဲ့သလဲဆိုတာ လူတွေက ခုထိ စဉ်းစားဆင်ခြင်လို့ မတတ်နိုင်သေးဘူး။ ပုံမှန်အားဖြင့် ကောက်ချက်ဆွဲချင်ရင်တော့ လူတွေက လုပ်ခလစာနည်းပါးတော့ အိမ်ဈေးတက်လာတဲ့အခါ အိမ်ပေါင်ငွေချေးလုပ်ခဲ့ကြတယ်။ အိမ်ဈေးတွေ တက်လာပြန်တော့လည်း အိမ်တွေကို ဘဏ်တွေဆီမှာ အတိုးနဲ့ ပြန်ချေးတာတွေ ဈေးကစားတာတွေ လုပ်ခဲ့ကြတယ်။ ဒါဟာ အဓိကအကြောင်းထဲမှာ ပါခဲ့ပါတယ်။

ငွေကြေးကပ်ဆိုက်တာအလွန်မှာ မိသားစုတွေဟာ သူတို့ဓနအခြေအနေမှန်ကို ပြန်ပြီး အသိဝင်လာကြတယ်။ လုပ်ခလစာဆိုတာ ဆယ်စုနှစ်ချီပြီး တိုးတက်လာတယ်လို့ မရှိဘူး။ ငွေချေးပြီး သုံးစွဲရတာ လွယ်ခဲ့တော့ သူတို့ဘ၀မှန်ကို သူတို့က မေ့ထားပြီး အသုံးအစွဲတွေ ကြီးခဲ့ကြတယ်။ ဒါကို အမှန်အတိုင်း သိဖို့ ၀န်ခံဖို့ဆိုတာ အလွန် ၀န်လေး ပင်ပန်းတဲ့ ကိစ္စဖြစ်ပါတယ်။ အခုတော့ လူလတ်တန်းစားတွေ အောက်ခြေလူတန်းစားတွေဟာ အမှန်အတိုင်းမြင်လာကြပါတယ်။ သူတို့တွေ ပင်ပင်ပန်းပန်း နာရီပေါင်းများစွာ အလုပ်လုပ်နေသော်လည်း သူတို့ လူနေမှုအဆင့်အတန်းက မြင့်လာတယ်ရယ်လို့ မရှိဘူး။ ကျဆင်းသည်ထက် ကျဆင်းနေတာပဲ။ အကြွေးတွေနဲ့ နစ်နေကြရတာပဲ တဲ့။

(၂) အလုပ်သမားသမဂ္ဂတွေ ကျဆုံးကုန်တယ်။
လူလတ်တန်းစားတွေ လုပ်ခလစာတွေ ကျန်းမာရေး ပင်စင် ခံစားခွင့်တွေ အခွင့်အရေးကာကွယ်မှုတွေအတွက် အလုပ်သမားသမဂ္ဂတွေဆိုတာ ရှိကြတယ်။ ခုတော့ သမဂ္ဂတွေလည်း အကျဘက် ရောက်ကုန်တယ်။ သမဂ္ဂတွေက အလုပ်သမားလစာကို တိုးတက်စေသလို ကုန်ပစ္စည်းဈေးတွေကိုလည်း တက်လာစေပါတယ်။ 

သို့သော် ၁၉၅၀ ကစပြီး သမဂ္ဂတွေ အားနည်းလာတယ်။ ၂၀၁၇ အမေရိကားမှာ ၁၀.၇ % သော အလုပ်သမားနဲ့ လခစားတွေမှာပဲ သမဂ္ဂ အကာအကွယ် ရှိတော့တယ်။ ၁၉၈၃ တုန်းက သူ့ထက် ၂ ဆ အင်အားကောင်းခဲ့တယ်။ ပုဂ္ဂလိကစက်ရုံအလုပ်ရုံတွေမှာဆိုရင် သမဂ္ဂ၀င်အလုပ်သမားဆိုတာ ၆.၅% ပဲ ကျန်တော့တယ်။

အစိုးရကကော နိုင်ငံရေးပါတီတွေ (ရီပတ်ဘလစ်ကန်ပါတီ အထူးအားဖြင့်) က အလုပ်သမားအခွင့်အရေးထက် အလုပ်ရှင် ဓနရှင် အခွင့်အရေးကို ဦးစားပေး ကာကွယ်တယ်။ အခွန်အတုတ်တွေ လျော့ပေးတယ်ဆိုတာ အလုပ်ရှင် ဓနရှင်တွေကို ဖြစ်ပါတယ်။ လုပ်ခ၀င်ငွေ အခွန်လျော့ကောက်တယ်ဆိုတာ လုပ်ငန်းရှင်တွေဆီက အခွန်ထက် ဆီနဲ့ရေလို ကွာပါတယ်။ သည်တော့ လုပ်ခလစာတွေ တိုးလာဖို့ဆိုတာ အခွင့်အလမ်း သိမရှိတော့ဘူး။

(၃) လုပ်အားရှင်ထက် ငွေအားရှင်ကို အမြတ်ပိုပေးလာကြတယ်။
ရီဂင်၊ ကလင်တန်၊ ဘွတ်ခ်ျ၊ ထရန့် အစိုးရလက်ထက်တိုင်းမှာ အမြတ်ခွန်ဥပဒေကို ပြင်ကြ ပြောင်းကြပါတယ်။ လုပ်အားရှင်ထက် အရင်းရှင် ငွေရှင်တွေကို မျက်နှာသာပိုပေးတဲ့ အမြတ်ခွန်ဥပဒေတွေ ပြင်ဆင်ရေးဆွဲကြတယ်။ အမြတ်ခွန် (၀င်ငွေခွန်မဟုတ်ဘဲ အတိုးအမြတ်ပေါ်က အခွန်) နှုန်းတွေ ကျဆင်းလာတယ်။ ၀င်ငွေခွန်မှာလည်း ၀င်ငွေအမြင့်ဆုံးလူတွေကို ကောက်တဲ့ အခွန်နှုန်းတွေ လျော့ချလိုက်ပါတယ်။ လူတွေမှာ ဆင်းရဲနဲ့ ချမ်းသာကြားက ၀င်ငွေကွာဟမှု ကြီးမားလာတာကို အစိုးရတွေက ဘာမှ အရေးယူတာ မလုပ်ခဲ့ကြဘူး။ Income inequality ဆိုတာ လူတန်းစားတွေကြား အဓိက ပြသနာဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၆၀ အတွင်း ကုန်ထုတ်တိုးတယ်၊ အလုပ်တွေ တိုးလာတယ်။ အမြတ်အစွန်းတွေထဲကနေ အလုပ်သမားတွေကို ခွဲဝေပေးမှုကတော့ နည်းနည်း လာတယ်။ လုပ်ခလစာတိုးလာမယ့်အစား ငွေရှင် လုပ်ငန်းရှင်တွေရဲ့ အမြတ်သိမ်းပိုက်မှုကသာ တိုးတိုးချဲ့လာခဲ့တယ်။  မိသားစုတခုချင်းမှာ ၀င်ငွေတိုးလာတယ်ဆိုတာ အရင်က တဦးတည်းရှာတဲ့ ၀င်ငွေမဟုတ်တော့ပဲ မိသားစုတခုလုံး အပြင်ထွက် အလုပ်လုပ်နေကြရလို့ ၀င်ငွေတွေ တိုးလာတာဖြစ်တယ်။ တဦးတည်း ၀င်ငွေမဟုတ်တော့ဘူး၊ နှစ်ဦးပေါင်း ငွေရှာတဲ့ မိသားစုဝင်ငွေ ဖြစ်လာလို့ တိုးတက်လာသယောင် ဖြစ်တာပါ။ မောင်တထမ်း မယ်တထမ်းတွေ ဖြစ်လာလို့ပေါ့။

(၄) အမေရိကန် လူလတ်တန်းစားဆိုတာ အလကားဖြစ်သွားပြီ။
ဒါကတော့ ပြင်းပြင်းထန်ထန် ရေးလိုက်တာ စာသားဖြစ်ပါတယ်။ အမေရိကန်စီးပွားပျက်ကပ်တွေ၊ ကမ္ဘာစစ်တွေကနေ ဓာတ်ပြုဖြစ်ပေါ်လာတဲ့ အမျိုးအစားစုံ ပေါင်းစပ်ထားတဲ့ လူတန်းစားအင်အားစုတခု ဖြစ်ပါတယ်။ လူလတ်တန်းစားပေါ့လေ။ ဒါက အမေရိကန်ရဲ့ မောင်းနှင်အားလို့ ၀ိဂြိုဟ်ပြုခဲ့ကြတယ်။

ပြန်ရှင်းပြရမယ်ဆိုရင် အရင်းရှင်ခေတ်ဦး အစောပိုင်း၊ လူတိုင်း ခြိုးချန်ချွေတာနေခဲ့ကြရတုန်းက ... လူအများစုဟာ ဆင်းရဲကြပ်တည်းကြတယ်။ စိုက်ပျိုးရေးတို့ စက်ရုံတို့မှာ လူတော်တော်များများ အသက်မွေးကြရတယ်။ တချို့ကတော့ လက်သမားလို စက်ပြင်လို ကျွမ်းကျင်ရာအလုပ်အကိုင်တွေ လုပ်တယ်၊ ဈေးရောင်း ကုန်သည်လုပ်ကြတယ်။ အဲသည်အပေါ်မှာက အခွင့်ထူးခံ သေဌေးလူနည်းစု လူတန်းစား ရှိတယ်။ နောက်တော့ စက်မှုတော်လှန်ရေးနောက်မှာ စက်မှုလုပ်ငန်းရှင်ကြီးတွေ ရှိတယ်။ အဲသည်ကနေ ဒီခေတ်ကြီးကို ပြန်ချိန်ထိုးကြည့်လိုက်မယ် ဆိုရင် ... အခုလည်းပဲ ဆင်းရဲသားအလုပ်သမား လူတန်းစား၊ လူလတ်တန်းစား၊ ကျွမ်းကျင်ပညာရှင်လူတန်းစား၊ ပြီးတော့ ပရမစ်လို့ ထိပ်ကို တက်လေ ကျဉ်းသွားလေ လူနည်းစု လူချမ်းသာတွေ လို့ ပြောရမှာပေါ့။

အမေရိကန်ရဲ့ Great depression စီးပွားပျက်ကပ်က ခုနင်က လူချမ်းသာတွေကို ရှင်းပစ်လိုက်တယ်။ မွဲကုန်ကြတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ စစ်သား ၁၆ သန်း အိမ်ပြန်လာကြတယ်။ ပညာရေး အသက်ပြန်ဆက်ကြတယ်။ လုပ်ငန်းခွင် ၀င်ကြတယ်။ စက်ရုံအလုပ်ရုံတွေက လုပ်ခလစာများများပေးပြီး စီးပွားရေးတခုလုံးကို မြှင့်တင်ခဲ့ကြတယ်။ တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ ပြင်ပကမ္ဘာက ပြိုင်ဘက်အင်အားနည်းတော့ လုပ်တိုင်းဖြစ် ထင်တိုင်းပေါက်ခဲ့ကြတာပေါ့။ အမေရိကန်လူလတ်တန်းစားတွေ ကောင်းစားခဲ့ကြတယ် ဆိုနိုင်ပါတယ်။

အခုပြောချင်တာက အမေရိကန်က ခေတ်ကို ပြောင်းပြန်သွားနေတယ် ဆိုချင်တာပါ။ စစ်ကြီးအပြီး လူလတ်တန်းစား ကြီးပွားတိုးတက်မှု၊ ဓနဥစ္စာ ဝေမျှ ခွဲခြမ်း စားသုံးမှုကနေ စစ်ကြီးမတိုင်မီက အမြတ်ကြီးစား လက်ဝါးကြီးအုပ် အဆင့်ခွဲခြားမှုကို ပြန်များ ဦးတည်နေသလား စဉ်းစားဖို့ပါ။ လုပ်ခလစာတွေ အားလုံးလူတန်းစားတိုင်းမှာ တိုးလာတယ်လို့ မရှိတာကိုး။

အမေရိကန်လက်ရှိစီးပွားရေးအခြေအနေဟာ တိုးတက်တယ်ဆိုပြီး ချိနဲ့နေတယ်။ ကျယ်ပြန့်တယ်ဆိုပေမယ့် ကျဉ်းမြောင်းလှတယ်။ မြင့်တယ်ပြောပြီးတော့လည်း ကျဆင်းနေပြန်ကော။ စီးပွားရေးအမြတ်အစွန်းတွေကို ဘယ်လို မျှဝေသုံးစွဲ ဖြန့်ကျက်ကြပုံကို လေ့လာကြည့်ပြီးတော့ နောက်လာမည့် အနာဂတ်ကို ဟောကိန်း ထုတ်ကြရမှာ ဖြစ်ပါကြောင်း။

ကိုးကား - Barry Ritholtz -  Why America Has a Two-Track Economy (Bloomberg)





0