လှကျောဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၁၂)



လှကျောဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၁၂)
(မိုးမခ) အောက်တိုဘာ ၇၊ ၂ဝ၁၈

ပြင်သင့်ပီဖြစ်တဲ့…”တပ်မတော်သာအမိ-တပ်မတော်သာအဖဆိုတဲ့စိတ်ဓာတ်။

ဒီနေ့သတင်းမီဒီယာတွေမှာလူအများအပြားစိတ်လှုပ်ရှားစွာပြောနေတဲ့သတင်းတပုဒ်ကတော့ ….

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ထိပ်သီးဆွေးနွေးပွဲကိုလာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျောက်ပန်းတောင်းမြို့နယ်က ပုပ္ပားဒေသမှာ ကျင်းပသွားမယ် ... ဆို တာပါပဲ။

ဒီတော့-၁၉၆၃ခုနှစ်ကတော်လှန်ရေးကောင်စီရဲ့ပြည်တွင်းငြိမ်းချမ်းရေးအတွက်စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်း ခေါ်ယူခဲ့တဲ့ကာလကိုပြန်လည် သတိရမိပါတယ်။

ဗမာ့တပ်မတော်က တော်လှန်ရေးကောင်စီအမည်ခံပြီး-၁၉၆၂-မတ်လ()ရက်နေ့မှာ-၁၉၆၀ေ ရွေးကောက် ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရထားတဲ့ ဦးနုရဲ့သန့်ရှင်းပထစအစိုးရကိုဖယ်ရှားပြီ နိုင်ငံတော် အာဏာအရပ် ရပ်ကို သိမ်းယူလိုက်ပါတယ်။ တိုင်းပြည်ပြိုကွဲမှာစိုးလို့ လို့အကြောင်းပြပါတယ်။
     
စစ်တပ်ရဲ့အာဏာသိမ်းမှုကိုပထမဆုံးနဲ့အပြင်းထန်ဆုံးကန့်ကွက်ခဲ့တဲ့ကျောင်းသားထုကြီးကို အာဃာတ ကြီးမားစွာနဲ့(လက်လွန်ခြေလွန်) --၁၉၆၂ မှာ ရာချီပစ်ခတ်သတ်ဖြတ်ရုံမက ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှု ကြီးအတွင်းအမှတ်တရသင်္ကေတကြီးဖြစ်တဲ့ ကျောင်းသားသမဂွကြီးကိုလည်း ဖောက်ခွဲဖျက်ဆီး လိုက်ပါ တော့တယ်။

ဒါကိုတပြည်လုံးပြည်သူတွေဟာကြိမ်မီးအုံသလိုတငွေ့ငွေ့နာကျည်းသွားခဲ့ပါတယ်။ နိုင်ငံတကာမှာလည်း အရှက်ကွဲပါတယ်။ (အဲဒီကာလ ဗိုလ်နေဝင်း နိုင်ငံခြားခရီးတခုမှာ ကြက်ဥနဲ့အပေါက်ခံခဲ့ရဖူးပါတယ်။)

စစ်ဘီလူးရုပ်ပုံရိပ်ပေါ်သွားတော့ ဒီပုံရိပ်ကိုပြန်အဖတ်ဆည်ဖို့ ၁၉၆၃ မှာ(ပြည်သူတွေသည်းခြေကြိုက်) ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်တာပါ။ တောတွင်းအဖွဲ့အစည်းအများအပြားကလည်း ဒီအခွင့်အရေးကို ဖမ်းဆွဲပြီးမြို့ပေါ်တက်လာကြပါတယ်။ အနိမ့်ဆုံး မိမိတို့ရဲ့မူဝါဒများကိုပြည်သူတွေကို တင်ပြခွင့်ရခဲ့ကြ ပါတယ်။

ဆွးနွေးပွဲကာလဟာသိပ်မကြာလိုက်ပါဘူး။ ဒီကာလတွင်းပြည်သူတွေရဲ့ငြိမ်းချမ်းရေးလှုပ်ရှားမှုအရှိန် ကလည်း မြင့်လာလေတော့ ၄-၅ လ အကြာ မှာ တော်လှန်ရေးကောင်စီက ဆွေးနွေးပွဲတွေကို တဖက် သတ်ရပ်ပစ်လိုက်ပါတော့တယ်။ ဒီနောက်မှာတော့ စစ်အာဏာရှင်စနစ်ရဲ့လက္ခဏာတွေ ပြတ်ပြတ်သား သား ပေါ်လာပါတော့တယ်။

တကယ်တော့ စစ်တပ်က ဒီဆွေးနွေးပွဲအပျက်မှာ အကျိုးအမြတ်တွေအတော်များများရလိုက်ပါတယ်။ အင်အားတစုံတရာအားနည်းတဲ့အဖွဲ့အစည်း တွေကို မြို့ပေါ်မလိမ့်တပတ်ခေါ်တင်ပါတယ်။ အဓိကခေါင်းဆောင်တွေကို ရာထူးကြီးတွေ(သံအမတ်)ပေးပြီး ကျန်အောက်ခြေတွေကို စီးပွားရေး အခွင့် အရေးတွေပေး ဖျက်ဆီးပစ်ပါတယ်။ ခေါင်းမာသူများကိုတော့ ထုံးစံအတိုင်း ဖမ်းဆီးထောင်ချနောက်ဆုံး ကိုးကိုးကျွန်းထိပို့ပစ်ပါတယ်။

ထို့အတူ မြေပေါ်နိုင်ငံရေးသမားများအားလုံးနီးပါး အဖွဲ့အစည်းပေါင်းစုံကလူတွေအတော်များများ ဖမ်းလိုက် ရုံမက ၁၉၆၃-နိုဝင်ဘာလမှာတော့ အဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းပစ်လိုက်ပါတော့တယ်။ တောတွင်းပြန်သွားသူများကိုလည်း နောက်ကဒလကြမ်းလိုက်တိုက်ပါတယ်။ နည်းသဏ္ဍန်မျိုးစုံနဲ့ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ပါတယ်။ မဆလခေတ်မှာတော့ လူမျိုးစု အားလုံးနီးပါးလက်နက်ကိုင်ပုန်ကန်ကြပါတယ်။

၁၉၇၀ ခုနှစ်များမှာပေါ်ခဲ့တဲ့အလုပ်သမားအရေးအခင်းတခုကိုသတ်ဖြတ်နှိမ်နှင်းပြီးနောက် ကျန်အလုပ် သမားများကိုလာမိန့်ခွန်းပြောတဲ့ ရန်ကုန်တိုင်းမှူး ဗိုလ်မှူးကြီးခင်အုန်းက မင်းတို့ ငါတို့အစိုးရကိုမကြိုက်ရင် ပဲခူးရိုးမသွား။ (မှတ်ချက်-ထိုကာလက ဗမာပြည်ကွန်မြူနစ်ပါတီအခြေစိုက်ရာဒေသ) ငါတို့လိုက်တောင် ပို့ပေးလိုက်ဦးမယ်။ ဒီနေရာမှာလာပြောလို့ကတော့ ကျည်ဆံပဲရမယ်....လို့ခြိမ်းခြေက်ပြောဆိုခဲ့ဖူးပါတယ်။

ဒီနည်းနဲ့ (စစ်တပ်အကြိုက်) ပြည်တွင်းစစ်ကြီးဟာ သက်ဆိုးရှည်ခဲ့ရပါတယ်။

၁၉၉၀ ခုနှစ်နောက်ပိုင်းများမှာလည်း(စစ်အာဏာရှင်စနစ်ကိုဆက်လက်ကိုင်စွဲထားတဲ့) နဝတ-နအဖဟာ (ရှစ်လေးလုံးအရေးအခင်းကြီးရဲ့စိတ်ဓာတ်ကိုလှည့်ပြောင်းဖို့နဲ့နိုင်ငံတကာရဲ့ ပိတ်ဆို့မှုအမျိုးမျိုးကို လျှော့ချ ဖို့) အပစ်အခတ်ရပ်စဲရေးဆိုတဲ့ အမည်သစ်နဲ့ နည်းနာဟောင်းကို ပြန်အသုံးချလာပြီး လူမျိုးစုအဖွဲ့တွေကို တစစီဖဲ့ထုတ်စားပစ်-ပြည်သူ့စစ်တွေ-နယ်ခြားစောင့်တွေလုပ်ခိုင်းနဲ့ ပြည်တွင်းစစ်ရှည်ကြာစေရေး လုပ် ဆောင်နေတာ တွေ့လာနေရပါတယ်။ အခြေခံအကျဆုံးဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများကိုတော့ နောက် တက်လာမယ့်အစိုးရနဲ့ကျမှပြောကြပေါ့လို့ ...အပစ်အခတ် ရပ်စဲရေးလုပ်ထားတဲ့အဖွဲ့များကို ချွေးသိပ်ထားပါ တယ်။ (အဲဒီကာလအဖြစ်အပျက်များကို-ဗိုလ်ထက်မင်း-ဆောင်းပါးများမှာ အသေးစိတ်တွေရေးထားတာ တွေ့နိုင်ပါတယ်။) အပစ်အခတ်ရပ်ထားတဲ့အဖွဲ့နဲ့ဒေသတချို့ကိုအခုနှစ်များအတွင်း ပြန်တိုက်နေတာ တွေ့ နေရပါတယ်။

အခုကာချုပ်မင်းအောင်လှိုင် တနေ့တမျိုးမရိုးနိုင်အောင်ပြောနေတာတွေလည်း တွေ့နေရပြန်တယ်။ ညငိမ်းချမ်းရေးအခြေအနေလည်း နည်းနည်းကောင်းလာရင် ပျက်လိုပျက်စီး ဝင်ဝင်ပြောလိုက်တာတွေကို ကြားနေရပါတယ်။

သြာ်-ငြိမ်းချမ်းရေးရသွားမှာအတော်ကြောက်ရှာပါလား...လို့ကောက်ချက်ဆွဲမိပါတယ်။

အခုလည်း-(စစ်အာဏာရှင်စနစ်ရဲ့အသက်ဗူး-၂၀၀၈ ဖွဲ့စည်းပုံကိုအသေဆုပ်ကိုင်ထားတဲ့) စစ်တပ် က-၂၁ ရာစုပင်လုံလို့ အမည်တပ်ထားတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဝင်ပါလာပြန်ပါပြီ။

ဒီနေ့ကာလအခြေအနေနဲ့ အရင့်အရင်ကအခြေအနေတွေနဲ့တူတာတွေလည်းရှိမတူတာတွေလည်း ရှိပါ တယ်။ စစ်တပ်ရဲ့ပုံရိပ်ပြည်တွင်းပြည်ပ အဖက်ဖက်မှာ ကျဆင်းနေတာကတော့တူပါတယ်။ ဒီပုံရိပ်ပြန်ကောင်းဖို့စစ်တပ်ကကြိုးပန်းလာတဲ့ လုပ်ရပ်တွေလုပ်ဖို့ လိုအပ်လာတဲ့အချိန်ကာလဖြစ်တာလည်း တူပါတယ်။

မတူတဲ့အချက်တွေကတော့-စစ်တပ်ရဲ့လုပ်ရိုးလုပ်စဉ်နည်းလမ်းတွေဟာ လူထုတွင်းမှာရော၊ စစ်တပ်နဲ့ဆွေး နွေးဖက် (အထူးသဖြင့် (လူမျိုးစု လက်နက်ကိုင်အဖွဲ့များ) အတွင်းမှာရော ပွင့်ကျပြီးဖြစ်နေတဲ့အချက်ပါ။ အထူးသဖြင့်ငြိမ်းချမ်းရေးမလိုချင်သူများဟာ ဘယ်သူတွေဆိုတာ ပွင့်ကျပြီးဖြစ်နေလို့ပါ။

ဒီပြည်တွင်းစစ်ကြီးရှိနေမှုကိုအကြောင်းပြုပြီး စစ်တပ်ကနိုင်ငံရေးအာဏာရော၊ စီးပွားရေးအာဏာရော လုံးဝ ချုပ်ကိုင်ပြီး မိမိတို့သာအမိမိမိတို့သာအဖ-ဆိုတဲ့အခွင့်ထူးခံစိတ်နဲ့အခွင့်အရေးဟူသမျှ၊ စီးပွားချမ်းသာ မှန်သမျှ-လုယက်ယူငင်ပြီး၊ တတိုင်းပြည်လုံးကို ဆင်းရဲတွင်းနှစ် စစ်ကျွန်သွင်းခဲ့တဲ့အဖြစ်ကိုကြည့်ပါ။ ဒီပြည်တွင်းစစ်ကြီးရှိနေမှစစ်တပ်အနေနဲ့ဒီမတရားတဲ့အခွင့်အရေးတွေဆက်ရနေမှာပါ။ ဒီတော့ ဒီပြည်တွင်း စစ်ကို ဒီစစ်တပ်က ရပ်စေချင်ပါ့မလား။

     တကယ်တော့ ဒီစိတ်ဓာတ်မျိုးစစ်တပ်ကတလျှောက်လုံးရှိနေခဲ့တာပါ။ ဒါပေမဲ့ အရင့်အရင့်ကစစ်တပ်က နည်းသဏ္ဍန်အမျိုးမျိုးသုံးပြီး တိုင်းပြည်ကို လှည့်စားပြနိုင်ခဲ့ပါတယ်။ အရင်နဲ့အခုအလွန်ကြီးမားတဲ့ကွာခြားမှုကတော့ နည်းပညာတွေဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီရနိုင်တာပါပဲ။

ဥပမာ ... လွှတ်တော်ကိုလာတက်တဲ့တပ်မတော်ကိုယ်စလယ်ဗိုလ်ချုပ်တဦးကသတင်းယူ-ဗီဒီယိုရိုက်နေတဲ့ သတင်းထောက်ကို ပယ်ပယ်နယ်နယ်ပျစပျစ်နစ်နစ်ဆဲလိုက်တဲ့သတင်းခွေသတင်းကွန်ရက်မှာ တက်လာ တဲ့ကိစ္စကိုကြည့်ပါ။

ဒီလိုလူမြင်ကွင်းကြီးမှာ ဒီလောက်ရိုင်းစိုင်းရမ်းကားသူများဟာလူမြင်ကွယ်ရာတွေမှာ-မိမိတို့အောက်ခြေ ရဲဘော်များကိုပဲဖြစ်ဖြစ်၊ လက်နက်မဲ့ပြည်သူများ (အထူးသဖြင့် ဗမာစကားမတတ်ရှာတဲ့လူမျိုးစုများ) ကိုပဲ ဖြစ်ဖြစ် ဘယ်လောက်ရမ်းကားကြမယ်ဆိုတာမတွေးဝံ့စရာပဲ။ ဒါဟာ ဒီစစ်တပ်ကြီးကိုရိုက် သွင်းပေးထားတဲ့ တပ်မတော်ကအမိတပ်မတော်သာအဖဆိုတဲ့အတွေးအခေါ်ရဲ့ဖော်ပြချက်တရပ်ဆိုတာ ပြည်သူတွေကြား ပွင့်ကျသွားစေပါတယ်။
    
ဒါ့ကြောင့် စစ်တပ်အနေနဲ့ဘယ်လိုနည်းပရီယာယ်တွေပဲသုံးသုံး မဆလ-နဝတ-နအဖခေတ်တွေလောက် တော့ လွယ်တော့မှာမဟုတ်တော့ဘူးဆိုတာ သတိပေးပါရစေ။ အပြောတမျိုးအလုပ်တမျိုးလုပ်ဖို့ မလွယ် တော့ပါဘူး။

နာက်မတူတဲ့အချက်တရပ်ကတော့ ဆွေးနွေးရာမှာ အရင့်အရင်ကလိုစစ်တပ်နဲ့တော်လှန်ရေးအဖွဲ့အစည်း နှစ်ဖက်မဟုတ်တော့ပဲ အတော်အရေးကြီးတဲ့ အခန်းကပြည်သူလူထုရဲ့တခဲနက်ထောက်ခံမှုနဲ့တက်လာတဲ့ နိုင်ငံရေးပါတီ (ဒီချုပ်)ရဲ့အစိုးရပါဝင်လာနိုင်တာပါပဲ။ ဒီချုပ်အနေနဲ့အမျိုးသားစည်းလုံး ညီညွှတ်ရေးကို ဦးထိပ်ထားပြီး စစ်တပ်နဲ့ရင်ကြားစေ့ရေးကို အတော်အလေးထားပေမယ့် ပြည်သူတွေရဲ့လိုအင်ဆန္ဒကို လည်း ထည့်သွင်းစဉ်းစားရမှာပါ။ ပြည်သူလူထုဟာ အလွန်အမြင်ရှင်းပြီး အလွန်လည်းလက်တွေ့ကျစွာ စဉ်းစားနိုင်သူများပါ။ 

ဒီချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးသမားများတော်လှန်ရေးသမားများအပေါ်မှာလည်း အင်မတန် အမြင်ရှင်းပါတယ်။ ပြည်သူတွေအကျိုးစီးပွားပေါ်ရပ်တည်နေသူမှန်သမျှအပေါ် သဘောထားမှန်မှန်ထားနိုင် ပေမယ့် ပြည်သူတွေရဲ့ခံစားမှုအပေါ်မစာနာနိုင်သူများကိုတော့သမိုင်းအမှိုက်ပုံတွင်းပစ်လိုက်ဖို့လည်း
ဝန်မလေးပါဘူး။ 

ဒါ့အပြင် ပြည်သူတွေအနေနဲ့မိမိတို့ဆန္ဒကိုဖော်ပြနိုင်တဲ့အခွင့်အရေး (ရွေးကောက်ပွဲများ)လည်း ရရှိထားပါ တယ်။ ဒါကိုလက်ရှိအာဏာရနိုင်ငံရေးသမားများသတိချပ်စေလိုပါတယ်။
နောက်မတူတော့တဲ့အချက်တရပ်ကတော့တ်ာလှန်ရေးအဖွဲ့အစည်းအတော်များများ တူရာတူရာ တပ်ပေါင်းစုဖွဲ့ပြီး အင်အားတောင့်တင်းမှုပါ။

(ဥပမာ-မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်မှု)။ 

သတင်းမီဒီယာတွေပွင့်လင်းလာလို့မိမိတို့ရဲ့နစ်နာချက်တွေကိုလည်း အချိန်မီပြည်သူတွေထံ တင်ပြနိုင် လိုက်ပါတယ်။ (ဥပမာ-ပလောင်လွတ်မြောက်ရေးအဖွဲ့ခေါင်းဆောင်တဦးက-မိမိတို့နအဖခေတ်ကတည်းက လက်နက်စွန့်ခဲ့ဖူးပြီဖြစ်ကြောင်း။ စစ် အစိုးရဖက်က ကတိမတည်လို့ပြန်လက်နက်စွဲကိုင်ရတာဖြစ်ကြောင်း တတိယပင်လုံညီလာခံမှာပြောသွားတာ ကြားဖူးပါတယ်။)

ဒါတွေကိုအခွင့်ကောင်းအဖြစ်သဘောထားပြီးဒီအဖွဲ့အစည်းတွေဟာ ညီညီညွှတ်ညွှတ်ပျော့ပျော့ပျောင်း ပျောင်းနဲ့ ရနိုင်သမျှအခွင့်အရေးတွေရရှိရေးအတွက် ကြိုးပမ်းနိုင်ပါတယ်။ (ဒါ အရင်ကလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမရခဲ့ဘူးတဲ့ အခွင့်အရေးများပါ။)
    
ဒါတွေဒါတွေကြောင့် စစ်တပ်အနေနဲ့မိမိတို့ရဲ့သမရိုးကျစဉ်းစားနည်း(တပ်မတော်သာအမိတပ်မတော်သာ အဖ)ပေါ်အခြေခံပြီး အခွင့်ထူးဟူသမျှ (နိုင်ငံရေး-စီးပွားရေးအာဏာ) ဆက်လက်ကိုင်စွဲရေး (၀ါ) စစ်အာ ဏာရှင်စနစ်ကာကွယ်ရေးကိုသာ အဓိကမထားကြတော့ဖို့ ပန်ကြားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့.....

.... တကယ်တော့ဒီနေ့ကျွန်တော်တို့တိုင်းပြည် ရင်ဆိုင်နေရတဲ့ဒုက္ခဆင်းရဲအဖုံဖုံဟာ စစ်အာဏာရှင်စနစ်က မြစ်ဖျားခံတာပါ။ တပ်မတော်သားများ သိရှိ နားလညိဖို့ကတော့ စစ်အာဏာရှင်စနစ်ဟာ ပြည်သူလူထု အတွက် ဒုက္ခတွေသယ်လာရုံမက တပ်မတော်သားအများစုအပေါ်လည်း ဒုက္ခတွေကျရောက် စေတယ်ဆို တာပါပဲ။ တကယ့်လက်တဆုပ်စာ လူတစုလေးသာချမ်းသာနေတာပါ။ ဒါတောင် တသက်လုံး စံစားသွားရ တာမဟုတ်ပါဘူး။ ရှေ့ကသွားနှင့် ကြပြီဖြစ်တဲ့ စစ်အာဏာရှင်ကြီးများရဲ့ဘဝဇာတ်သိမ်းကိုကြည့်ပါ။ ဒါကြောင့် အခုအချိန်မှာ ပြည်သူလူထုနဲ့အတူလက်တွဲပြီး ဒီမိုကရေစီရရှိရေးတိုက်ပွဲထဲ ပူးပေါင်းပါဝင်လာ ကြပါ။

အရေးကိစ္စပေါ်လာရင်လည်း ပြည်သူတွေကို ရန်သူတွေလိုသဘောမထားပဲ၊ မိမိတို့လွတ်မြောက်ရေး၊ ချမ်း သာဝပြောရေးဟာ ပြည်သူတွေဘဝ လွတ်မြောက်ရေးနဲ့ တဆက်တစပ်တည်းရှိတယ်ဆိုတာ သတိပြုကြပါ။ ပြည်သူသာအမိပြည်သူသာအဖ ..ဆိုတာ သတိရကြပါ။

(စစ်မှုထမ်းဟောင်းများသို့ပန်ကြားချက်-မေခရေဒီယို--၂၀၀၇)
ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော-သတင်းဌာနနှင့်အင်တာဗျူးများ။ 
(နေရီရီစာပေထုတ်)-နှာ-၁၇၃)

လှကျော်ဇော
-၁၀-၂၀၁၈။>

Comments