(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၈
နယ်ဘက်ရွာလေးတွေထဲက ချောင်းငယ်လေးတွေထဲမှာ လှေလေးတွေနဲ့ အလုပ်လုပ်ကြရတဲ့ အချိန်ကာလတွေအကြောင်း။ တခါတလေ ညနက်နေတဲ့အခ်ျိန် ဖြီးဖြီး... ဗြဲဗြဲ... ပလုပ်... ပလုပ်...ပလုပ်။ လှေဦးမှာ လူကထိုင်နေရင် လှေပဲ့မှာ သရဲက လာထိုင်နေတယ်။ လှေပဲ့မှာ လူကထိုင်နေရင် သရဲကလှေဦးမှာလာထိုင်နေတယ်။ အဲဒီလို သိပ်ခြောက်လွန်းလာရင်လည်း သရဲခြောက်တယ်ဆိုတာ ဘာကိုကြောက်ရမလဲမသိတော့ဘူး။ အဲလို သိခဲ့ရဖူးတယ်။ အဲဒီလိုမျိုးတွေ မကြာခဏ အခြောက်ခံကြရတော့ သရဲခြောက်တာဟာ ယဉ်ပါးတဲ့ပြသနာအနေနဲ့ ဝင်ရောက်လာရော။ အစကတော့ သရဲကခြောက်တယ်ဆိုတာ ကိုယ့်ကိုပဲ လာခြောက်တယ်ထင်နေတာ။ တကယ်တော့ သရဲက မလွတ်သာလို့ ကိုယ့်ကိုကြောက်ပြီးပြေးနေမှန်းလည်းမသိ ဘူး။ သူက ကိုယ့်ကိုခြောက်တယ်ထင်။ ကိုယ်က သူ့ကိုခြောက်တယ်ထင်နဲ့ ဖြစ်နေတယ်။ အဲလိုနဲ့ နှစ်ယောက်စလုံးကြောက်နေကြပုံကို သတိမထားမိခဲ့ကြဘူး။ တကယ်ရင်ထိတ်စရာတွေလိုလို၊ ရယ်မောစရာတွေလိုလိုပါပဲဗျာ။
ရုပ်သွင်ပုံပန်းချင်းယှဉ်ရင်တော့ လူထက် သရဲကပိုကြောက်ဖို့ကောင်းတယ်ဆိုတာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ တချို့သရဲတွေက အမွေးတွေအရှည်ကြီးနဲ့လို့ပြောကြတယ်။ အစွယ်ကြီးတွေလည်း ငေါထွက်နေကြတယ်လို့ဆိုတယ်။ အမွေးတွေနဲ့ တခါတလေ သူတို့တကိုယ်လုံးကို ဖုံးအုပ်ပြီးတော့တောင် ထားတတ်ကြတယ်လို့ဆိုတယ်။
တချို့သရဲတွေကျတော့လည်း သူ့တို့နားရွက်ကြီးနဲ့ တကိုယ်လုံးကို စောင်လိုခြုံပြီး ညဘက်တွေမှာ အိပ်တတ်ကြတယ်လို့ သိရပြန်တယ်။ (သဘက်)ကြီးတွေလို့လည်း သီးခြားအမည်ပေးထားတယ်။ အံ့ဩစရာကောင်းတာက အဲဒီသရဲတွေဟာ ကျွန်တော်တို့ နယ်ဘက်တောဘက်တွေမှာ ငယ်ငယ်က အတော်လေးခေတ်စားခဲ့တယ်။ ဥပမာဗျာ...အဲဒီအချိန်က နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တွေ နီးပါး နာမည်ကြီးတယ်ဆိုပါစို့။ နှစ်ပေါင်းများစွာ လူတွေကြောက်နေကြရတယ်။ သရဲတခေတ် ထွန်းကားခဲ့တယ်လို့ ဆိုရမယ်ထင်တယ်။
ခြံကျယ်ကျယ်ကြီးတွေရှိတဲ့နေရာဆို ညဘက်တယောက်တည်း လမ်းဖြတ်မလျှောက်ရဲကြဘူး။ လျှောက်လို့ကတော့ လည်ဂုတ်ပဲ ခွစီးတတ်သလိုလို၊ခဲလုံးတွေနဲ့ ပစ်ပေါက်တတ်သလိုလို၊နောက်ကနေ ကျောပဲလှမ်းပုတ်လိုက်တတ်သလိုလိုနဲ့ ခြောက်တယ်လို့ဆိုကြတယ်။ ကျွန်တော်ကတော့ တခါမှ သရဲအကောင်မမြင်ခဲ့ဖူးဘူး။ ကျွန်တော့်ရဲ့ ဦးလေးအရွယ်လူကြီးတွေ ပြော ပြလို့သာ သိရတာပါ။ မင်းတို့ခေတ်မှာ အတော်လေး "ပပျောက်" ကုန်ပြီလို့ ပြောပြန်သေးတယ်။ ငါတို့ခေတ်က သရဲအရမ်း ပေါတယ်။ သစ်ပင်ကြီးကြီးအောက်ကို ညဘက်တော့မသွားလိုက်နဲ့ သစ်ပင်ပေါ်ကနေ လူတဖက်စာလောက် ရွှံ့တုံးကြီးတွေ ပစ်ချတတ်တယ်လို့လည်း ဆိုပြန်တယ်။ နောက် ညဘက်လူပြတ်လပ်တဲ့နေရာတွေဆို အရမ်းခြောက်တယ်ပေါ့။ တယောက်ယောက်က လက်ထဲမှာ သားစိမ်း၊ ငါးစိမ်းတွေဆွဲလာရင် နောက်ကနေ ခြေသံတွေ တဗြောဗြောနဲ့ လိုက်လာတတ်တယ်။ ပြေးကရောပဲ။ သရဲပေါတဲ့ခေတ်ကိုး။ ကလေးတွေဆို ညဘက် တယောက်တည်း သေးထွက်မပေါက်ရဲကြဘူး။
ကျွန်တော်ဟိုတုန်းက မဂ္ဂဇင်းတခုထဲက ဖြစ်ရပ်လေးတခုကို အခုထိ မှတ်မိနေသေးတယ်။ ရွာထဲက လူကြီးတယောက် သေလွန်သွားပြီးတဲ့ သုံးလလောက်အကြာမှာပေါ့။ သူ့အိမ်က ကျန်ခဲ့တဲ့မိသားစုထဲက သူ့သမီးတယောက်ကို အိမ်မက်ပေးတယ်။ အဲဒီလူကြီးက သူဟာ အခု သရဲဘဝမှာ ရောက်နေရတယ်ပေါ့။ သူ့အတွက် အလှူအတန်းကုသိုလ်လေးတခုပြုပြီး ရေစက်ချ အမျှဝေပေးပါလို့ဆိုတယ်။ အဲဒီအခါကျ သူသာဓုခေါ်မယ်ပေါ့။ အဲဒါဆို သူသရဲဘဝက ကျွတ်လွတ်နိုင်ပြီလို့ဆိုတယ်။ နောက်ပြီး သူတကောင်တည်း မကပါဘူးတဲ့။ သူမသေခင်က သူနဲ့အတူ ရွာထဲကသောက်ဖော်စားဖက် သူငယ်ချင်းတယောက်လည်း သေပြီးတဲ့နောက် သရဲဖြစ်နေတယ်တဲ့။ အဲဒီ သူ့သူငယ်ချင်းသရဲက သူ့လိုတောင် နေထိုင်ဖို့သစ်ပင်လေးတပင်တောင် မရှိဘူးတဲ့။ ရွာထဲက ရှိသမျှ သစ်ပင်ကြီးကြီးတွေက သူ့အပိုင်နဲ့သူ ပြည့်နေကြတယ်တဲ့။ သူ့ဆီနေစရာ လာရှာတုန်းက သူက လည်းတနေရာပဲရှိတော့ မပေးနိုင်ခဲ့ဘူးပေါ့။ ဒိထက်ဆိုးတာက သူ့သူငယ်ချင်းသရဲက အစာရေစာလည်း ဝလင်အောင်မစား ရပြန်ဘူးတဲ့။ သူ့ကိုစတွေ့ချိန်က ပိန်ချုံးပြီး အရိုးပဲကျန်နေတော့ သရဲချင်းတောင် ကြောက်လန့်သွားမိသေးတယ်တဲ့။ အဲဒီတော့ သူငယ်ချင်း သရဲအတွက်ပါ ထည့်ဝင်အမျှဝေပေးဖို့ သူ့သမီးကို သရဲက အိမ်မက်ထဲမှာ တောင်းဆိုသေးတယ်တဲ့။ ဒီလို နဲ့ နောက်တော့ သရဲနှစ်ကောင်လုံး ကျွတ်လွတ်သွားတယ်ပေါ့။ ဒါက နှစ်ပေါင်းအတော်လေးကြာမြင့်ခဲ့ပါပြီ။
သရဲအကြောင်းတွေကတော့ ဒီလိုပဲ။ ဟိုတုန်းကဆိုရင် မကြာခဏဆိုသလို ကြားနေရတတ်တယ်။ တခါတလေ မြို့ပေါ်က သင်္ချိင်းကုန်းတခုခု နေရာပြောင်းရင် သရဲတွေကိုပါ နေရာပြောင်းရွှေ့ပေးရတယ်ဆိုပဲ။ တခါတလေ ကားနဲ့သရဲတွေကိုတင်ပြီး ရွှေ့တဲ့အခါ ကားဘီးတွေတောင် "ပြား" သွားတတ်လို့ အမိန်နဲ့ (ဘာအမိန့်လဲတော့မသိ) အကောင်ရေပြန်လျှော့ပြီးမှ ကားမောင်းထွက်လို့ရတယ်ပြောတယ်။ ကျွန်တော်လည်း အဲဒီလိုအဖြစ်အပျက်မျိုး ကြုံသိချင်တာနဲ့ တခါတလေတော့ သွားကြည့် ဦးမယ်လို့ကြံတိုင်း တခါမှမရောက်ခဲ့ဖူးဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ သိပ်မကြားမိတော့ပါဘူး။
တကယ်တော့ ကျွန်တော်က သရဲသိပ်ကြောက်တတ်တယ်။ အပေါင်းအသင်းတွေဆုံလို့ သရဲအကြောင်းပြောကြရင် စိတ်ထဲ က အလိုလိုကြောက်လာရော။ အာ့ကြောင့် ဘယ်လိုပဲ သရဲအကြောင်းစိတ်ဝင်စားစား သရဲ၊ စုန်းကဝေဝတ္ထုတွေနဲ့ ဂမ္ဘီရဝတ္ထုတွေ ဘယ်တော့မှမဖတ်ခဲ့ဘူး။ အဲဒီလိုဗျ။
တခါတလေ အပေါင်းအသင်းတွေနဲ့ သရဲအကြောင်းပြောပြီးရင် ညအိပ်တဲ့အခါ အိမ်မက်ထဲမှာ သရဲကပါလာပြန်ရော။ တခါတော့ အိမ်မက်ထဲမှာ သရဲနဲ့ကျွန်တော် "စစ်တုရင်" ကစားခဲ့တယ်။ သရဲက စစ်တုရင်အကောင်ကို အဖြူရောင်ယူမယ်ပြော တယ်။ ကျွန်တော်က လက်မခံဘူး။ ကျွန်တော်အဖြူယူမယ်ပေါ့။ အပြင်မှာ အပေါင်းအသင်းတွေနဲ့ ကစားလည်း အဖြူပဲယူခဲ့ တာကိုး။ ဒါပေမဲ့ သရဲကလက်မခံဘူး။ ငါတို့က အမှောင်လောကထဲက ကောင်တွေကွလို့ဆိုတယ်။ ဒါကြောင့် သူ့ကို အဖြူနဲ့ ကစားခွင့်ပေးပါပေါ့။ ကျွန်တော်က ငြင်းတယ်။ ဒါဟာ ဘာမှမဆိုင်ဘူး။ သရဲက အမှောင်လောကထဲက အကောင်မဟုတ်သ လို၊ ကျွန်တော်ဟာလည်း အလင်းလောကထဲက အကောင်မဟုတ်ဘူး။ အလင်းအမှောင်လောကကို သရဲကဘယ်လိုခွဲပြီး ယူဆထားလို့လည်းမေးတော့ သရဲလည်းခဏတော့ ပြန်မဖြေတတ်ခဲ့။ ဟိုကြည့် ဒီကြည့်နဲ့။ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ စာအုပ်တအုပ်ပဲ သွားဖတ်ကြည့်တော့မလိုနဲ့။
ခဏကြာမှ ငါတို့က ဘုရားမရှိ၊တရားမသိ၊ဘာလောကသဘာဝရဲ့ ကျင့်ဝတ်တွေမှ မသိတဲ့ကောင်တွေပါကွာ။ အဲဒါကြောင့် အမှောင်လောကထဲကလို့ ဆိုလိုတာပါ။ အဲဒီအချိန်မှာ ကျွန်တော်လည်း အသံထွက်အောင် ရယ်လိုက်မိတယ်။ ခင်ဗျားသိပ်မှားသွားပြီသရဲရေ။ ခင်ဗျားက ကျွန်တော်တို့လောကသားတွေကို သိပ်အထင်ကြီးတာပဲကိုး။ တကယ်တော့ ခင်ဗျားပြောတဲ့ လောကဓမ္မကျင့်ဝတ်တွေ၊ဘုရား၊တရားတွေဆိုတာ ကျွန်တော်တို့အနီးအနားမှာရှိပေမဲ့ ခင်ဗျားသိပ်တော့ အထင်မကြီးပါနဲ့ ဗျာ။ ခင်ဗျား လူ့လောကထဲက တနေ့တခြားဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ခင်ဗျားမကြားမိဘူးလား။ ခင်ဗျား သတင်း စာမဖတ်ဘူးလား။ Facebookလည်း မသုံးဘူးထင်ပါတယ်။ အခုကာလတွေပေါ့ဗျာ။ ကျွန်တော့်စိတ်ထဲ အမှန်အတိုင်းပြောရရင် အခုခင်ဗျားတို့သရဲတွေတောင် အရင်ကာလထက် အကောင်ရေနည်းလာတယ်လို့ ကျွန်တော်ထင်တယ်။ ဟုတ်တယ်မလား။ သိပ်လဲမခြောက်လန့်ကြတော့ဘူး မဟုတ်လား။ ကျွန်တော်တို့ လူသားတွေကိုများ ကြောက်သွားခဲ့တာ လားဗျာ။ အဲဒါဖြစ်နိုင်တယ်မလား။
သရဲလည်း ခေါင်းကို အောက်စိုက်နေတော့တယ်။ ပြီးမှ ဒါဆိုကျုပ်က အမည်းကောင်နဲ့ကစားရတော့မှာလားလို့ဆိုတယ်။ ဟုတ်တယ်။ အမည်းနဲ့ပဲကစားဗျာ။ ကျွန်တော်ပြောတာကို လက်ခံပါ။ ကျွန်တော်အဖြူနဲ့ ကစားပြီး စတက်တော့မယ်နော်။ ခင်ဗျားရဲ့ စိတ်ထဲမှာလည်း ငါဟာ အလင်းရောင်လောကထဲကမို့ အမည်းနဲ့ကစားရတယ်လို့ သဘောထားပေါ့ဗျာ။ ဟုတ်ပြီလား။ ရော့ ကျွန်တော် အဖြူပွန်းတကောင်စတက်ပြီ။ အဲဒီတော့မှ သရဲကလည်း အနက်ပွန်းတကောင် လိုက်တက်တယ်။ ကျွန်တော်ကလည်း ရော့ဗျာနောက်တကောင်၊ဒီအကောင်က "မြင်း" အကောင်ဗျာ။ ကျွန်တော်က မြင်းသန်တယ်။ သရဲကလည်း ရော့ဗျာနောက်တကောင်၊ဒီအကောင်က "ဘစ်ရှော့" အကောင်ဗျာ။ ကျွန်တော်က ဘစ်ရှော့သန်တယ်။ ရော့ဗျာ။ ရော့ဗျာ။ ရော့ဗျာ။ ရော့ဗျာ...။ ချက်။ ဟ...သရဲက လာချက်နေပါလား။ "ဟေ့လူသရဲ ခင်ဗျားချက်တာ ဘုရင်ကြီးမှ မဟုတ်တာ" ဘုရင်မကြီးလေ။
ပြည်သစ်ဟန်
Comments