ထွန်းဇော်ဋ္ဌေး ● အဓိပတလမ်းမှ နှစ် (၁၀၀) ခြေရာများ

ထွန်းဇော်ဋ္ဌေး  ● အဓိပတလမ်းမှ နှစ် (၁၀၀) ခြေရာများ
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၈

မိုးမခ အတွဲ (၅)၊ အမှတ် (၁) ၂၀၁၈၊ မေလထုတ်မှ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

လမ်းတို့သည်ကွေ့ကောက်ကြ၏။ အဖြောင့်ချည်းသက်သက်ရှိသည်မဟုတ်။ တခါတရံ တဆစ်ချိုး ကွေ့တတ်သလို တခါတရံ ပြေပြေလေးကွေ့ကောက်သွားတတ်စမြဲ ပင်။ အချိုင့်အဝှမ်းမရှိ။ အမို့အမောက်မရှိ။ သဲဖြူခင်းထားသလို ညီညာခြင်းမျိုးကား လောက၌ရှာတွေ့ရန်မလွယ်။

တခုတော့ရှိသည်။ ဉာဏ်ပညာဘဏ်တိုက်ဆီသို့ သွားရာလမ်းသည် နှလုံးသားဖြောင့်မတ်ဖို့တော့ လိုပေလိမ့်မည်။ ကွေ့ ကောက်သောနှလုံးသားဖြင့် ပညာဘဏ်တိုက်ကိုဖွင့်ရန်မလွယ်။ ဤသည်ကို ရည်ရွယ်၍ အဓိပတိလမ်းကိုဖြောင့်တန်းအောင် ဖန်တီးခဲ့ကြသည်။

ဗိုလ်အောင်ကျော် ရင်ပြင်အလွန် ရန်ကုန်တက္ကသိုလ်ဂိတ်မှအစပြု၍ ပညာဘဏ်တိုက်ရှိရာ ဘွဲ့နှင်းသဘင် ခန်းမတိုင်အောင် ဖြောင့်တန်းနေ၏။ အကွေ့မရှိအကောက်မရှိရ။ လမ်းထိပ်မှစ၍ ဘွဲ့နှင်းသဘင်ဝင်ပေါက်ဆီ တည့်တည့်ကြီး အဓိပတိလျှောက် လာလိမ့်မည်။

ထို့နောက် ဘွဲ့နှင်းသဘင်ခန်းမစင်မြင့်ပေါ်တက်မည်။ စင်မြင့်ပေါ်ရှိထိုင်ခုံပေါ် သူထိုင်လိမ့်မည်။ တက္ကသိုလ်အဓိပတိထိုင်ရာခုံမြင့်နှင့် ဗိုလ်အောင်ကျော်ရင်ပြင်အဝရှိ အဓိပတိလမ်းအစ တဖြောင့်တည်း ရှိနေရမည်။ အဓိပတိလမ်းအလယ် ဗဟိုချက်နှင့် အဓိပတိထိုင်ရာခုံတို့  ချိန်မတ်မျဉ်း ကျရမည်။

ပညာ၏အနက်ကိုဖွင့်ဆိုဖို့ ဗိသုကာပညာရှင်တို့ ဉာဏ်ကွန့်ခဲ့ကြသည်။ ဖြောင့်မတ်သောပညာရှိတို့ နှလုံးသား အထင်းသားကြီး ပေါ်ခဲ့ပေါ့။ ဤသည်ကိုရည်ညွှန်း၍ အဓိပတိတို့လျှောက်ခဲ့ကြသည်။ အဓိပတိလမ်းဟုပညတ် ခေါ်စေသော်ဝ်…..။

ဤလမ်းမှာအဓိပတိများဖြောင့်တန်းစွာလျှောက်လှမ်းခဲ့ကြဖူးပြီ။ ကံ့ကော်ရနံ့တို့ သင်းပျံ့ခဲ့ဖူးသည်။ ပွင့်ချပ်လေးများဖြင့် တန် ဆာဆင်ခဲ့ဖူးသည်။ အရောင်အသွေးစုံစုံတို့ ဝတ်ရည်ကိုသုံးဆောင်ခဲ့ကြဖူးသည်။ တက္ကသိုလ်ကျောင်းမှာငွေလမင်းတို့ ထွန်း လင်းခဲ့ဖူးသည်။ ဂျပ်ဆင်ထိပ်မှာလရိပ်ပြာတို့ နားခိုခဲ့ကြဖူးသည်။ ပျော်ရွှင်ဖွယ်ရာ ကြည်နူးဖွယ်ရာစိတ်နှလုံးညွတ်နူးဖွယ်ရာတို့ ခြေရာထပ်မျှ လွမ်းဆွတ်ခဲ့ကြဖူး သည်ပင်။

သို့စေကာမူ အဓိပတိပွင့်ချပ်လွှာ၏ အောက်ကြမ်းခင်းကိုကားမခွာ စေလို။အကြည့်စိမ်းတို့ဖြင့် ညှာတာ စိတ်ကင်းမဲ့စွာရက်ရက် စက်စက် ခွာကြည့်မည်ဆိုလျှင်…..။ ပန်းပွင့်တို့၏ နွမ်းလျလျတီးတိုး ငြီးသံကို ကြားရနိုင်ပါသည်။ ထို့ထက်အာရုံပါးမည်ဆိုလျှင် ပန်းတပွင့်သွေးထွက်နေသည်ကိုပင် မြင်တွေ့ရပေလိမ့်မည်။ ချစ်ခြင်းဖြင့်ဖွဲ့စည်းထားသောပန်းတို့၏ ရှိုက်သံသဲ့သဲ့ကိုပင် ခံစားရပေလိမ့်မည်။ ဤသည်ပင်...ကိုအောင်ကျော်ထုံကူးပေးခဲ့ ခြင်းလေလော။ကိုအောင်ဆန်း၏ဝိညာဉ်ပူးကပ်ခြင်း ပေလော။ အတတ်မသိနိုင်။

ထိုထက်ပို၍အာရုံစုစည်းနိုင်ပါကကိုဘဟိန်း၏ ချိုမြမြအပြုံးပွင့်ဖတ်နုနုကိုပင် အရှေ့မြောက်လေမှတဆင့် ခံစားရနိုင်ပါလိမ့် မည်။ သည့်ထက်နက်နက်ရှိုင်းရှိုင်းပွင့်ဖတ်လွှာအောက်ကြမ်းခင်းကိုဆက်လက်တူးဖေါ်မည်ဆိုပါလျှင်…..
ကိုဘဦး၏ အုပ်ပေါင်းစနှင့် ပန့်ရှုးခြေရာများ။ ကိုအောင်ဆန်း၏ ပိန်းတန်းဖိနပ်ကျောက်ဖြစ်ရပ်ကြွင်း။ ကိုအောင်ကျော်၏ ဦးခေါင်းခွန်ပရိုင်းမိတ်။ သူ့ဘေးမှာကိုဘဟိန်း၏ကဗျာအပိုင်အစများ။ ထို့နောက် မြင်းခွာသံများ၊ ဒါတွေအားလုံးကို ကျွန်ုပ်တို့ ချစ်မြတ်နိုးစွာထွေးပွေ့ထားဖို့တော့ လိုပေလိမ့်မည်။

၁၉၆၂။ ဂျူလိုင် ၇ ရက်။ ပြီးတော့ ၈ ရက်။ မိုးနှင်းမြူလား…။ ယမ်းငွေ့လား…။ ပရဝုဏ်တခုလုံး အမှောင်ထုကျခဲ့။ ကျောက်စာ တိုင်များပြိုကျ။ ကျောင်းသားထုတို့ကွန်းခိုရာသမဂ္ဂလည်းအုပ်ပုံတမျှ။ ကြေကွဲဖွယ်ရာဗကသ။ ထိုညက ဂျပ်ဆင်ထိပ်မှ မရဏခေါင်းလောင်းသံတိုးတိုးလေး မှတပါး ကြေကွဲစိတ်နဲ့ အားလုံးတိတ်ဆိတ်ပေါ့ …။

“ဘယ်သူ့အတွက်ထိုးတာလဲ”….။

သမဂ္ဂအတွက်လား။ ပွင့်ဖတ် ပွင်ချပ်ပြန့်ကျဲ ပန်းတပွင့်ကိုသွေးထွက်အောင်နန်းရှိုက်လိုက်ကြ ပြီ။ ကိုဗဆွေလေး၊ ကိုတင်ထွန်း၊ ကိုလှရွှေ….။ ဝန်းကျင်တခုလုံးအနိဋ္ဌာရုံလက်သဲကြမ်းတို့ကုတ်ခြစ်။ သွေး..။ မျက်ရည်…။

သူတို့သွေး…။ မျက်ရည်များ…။ ကျွန်ုပ်တို့ ပခုံးပေါ်ပြုတ်ကျခဲ့ပေါ့။ သို့ဖြင့် ၇၄ ၊၇၅ ၊ နှင့် ၇၆ ကံ့ကော်ပွင့်ဖတ် များသွေးညှီနံ့စွဲခဲ့ပြီ။ ပွင့်ချပ်များလောင်ကျွှမ်းခဲ့ကြသည်။ ဝတ်မှုန်တို့လည်း ကျိန်စာမိခဲ့။ လတ်ဆတ်ဆဲကံ့ကော်မြစ်တို့ ယမ်းဆိပ်သင့်ခဲ့ပြီ။ အဆိပ်သင့်ဝတ်ရည်ချိုတို့ အဓိပတိလမ်းပေါ်စီးဆင်းပေါ့။

ခြေရာဟောင်းပေါ် ခြေရာသစ်တို့ထပ်။ အလှဥယျဉ်ထဲမှာနှစ်သက်ရာပန်းကိုမရွေးချယ်နိုင်တော့။ ကိုတင် မောင်ဦးကမူ မရ ဏပန်းကိုဆုတ်ကိုင်ရင်း သမဂ္ဂသစ္စာတရားအကြောင်း ကိုယ်ထင်ပြခဲ့သည်။ ကိုတင်မောင်ဦး၏ခြေရာများအဓိပတိလမ်းမှာ မိတ္တူပွားခဲ့ပေါ့။

ကိုဗဆွေလေး၊ ကိုတင်ထွန်း၊ ကိုသက်၊ ကိုလှရွှေတို့ ကိုင်းကူးကိုင်းဆက် သမိုင်းဆက်ခဲ့ကြ။ ၈၈ ကျောင်းသားထုလည်း သူတို့ကိုအားပြုပြီး ထကြွခဲ့ဖူးသည်ပင်။

အိုးဝေတွန်သံသဲ့သဲ့ကြားရသည်။ မခွပ်သောဒေါင်းနှင့် မပြောင်းသောခေတ်မရှိခဲ့။ ခွပ်ဒေါင်းနဲ့ ခေတ်ပြောင်းခဲ့ကြဖူးပြီ။ သစ် ပုတ်ပင်ကိုလည်း သက်သေတည်လို့ရသည်။ ဂျပ်ဆင်ကိုလည်း အမှတ်အသားပြုလို့ရသည်။ အဓိပတိလမ်းတွင် ခြေရာများစွာ ဂုဏ်ပြုတဆိပ်ခပ်ခဲ့ဖူးပြီ။

သေချာသည်။ ဂဠုန်စော၊ သည်လမ်းပေါ်မလျှောက်ဘူးပါ။ ဗိုလ်စိန်လွင်လည်းသည်လမ်းတွင် ခြေမလှမ်းခဲ့ဘူးပါ။ ဗိုလ်သန်း ရွှေလည်း သည်လမ်းဖြောင့်ပေါ် ခြေမချခဲ့ဖူးဘူး။

တန်ခွန်တိုင်လိုဖြောင့်စင်းသောအဓိပတိလမ်းတွင် ကွေ့ကောက်သူတို့ လျှောက်မရ။ အဖြောင့်လမ်းတွင် လူဖြောင့်တွေ သာလျှောက်ခဲ့ကြသည်။ နှလုံးဖြောင့်သူတို့၏ခြေရာများ….။

သည်လမ်းတွင် ကိုဘဦးနှင့်လည်းဂုဏ်ယူခဲ့ရဖူးသည်။ ကိုအောင်ကျော်နှင့်လည်း ဝင်းပခဲ့ရဖူးပြီ။ ကိုအောင်ဆန်းနှင့်လည်း ဝံ့ကြွားခဲ့ရသည်။ ကိုဘဟိန်းနှင့်လည်း လွမ်းမောစရာ ဖြစ်ခဲ့ရဖူးသည်။

၆၂ မျိုးဆက်အတွက်လည်း တက်ခေါက်ခဲ့ရဖူးသည်။ ကိုလှရွှေနှင့်လည်း ကိုင်ဆက်ခဲ့ကြသည်။ ကိုတင်မောင်ဦးနှင့်လည်း ကိုင်းကူးခဲ့ကြသည်။ ဘုန်းမော်အတွက်လည်း ကြေကွဲခဲ့ရဖူးသည်။ စိုးနိုင်အတွက်လည်း အမျှဝေခဲ့ရဖူးသည်။ ဤကား အဓိပတိလမ်းတူးဆွခြင်း အနှစ်တရာခြေရာများပင်။

အဓိပတိလမ်းမှာအစိမ်းကြွေတို့ ခြေရာတွေရှိသည်။
အဓိပတိလမ်းမှာဂုဏ်ယူဖွယ်ရာခြေရာတွေရှိသည်။
အဓိပတိလမ်းမှာအဓိပတိတို့၏ ခြေရာတွေရှိသည်။

ထွန်းဇော်ဋ္ဌေး
(ရန်ကုန်တက္ကသိုလ် ရာပြည့်ကို ကြိုဆိုခြင်း)
0