ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၂၄)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၂၄)
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂ဝ၁၈


နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလရောက်ရင်တော့ ဗုဒ္ဓဂယာဝန်းကျင်တခုလုံးက ဆောင်းခို တိဗက်များဖြင့် ပြည့်နှက်နေလေ့ရှိသည်။ အအေးကြိုက်ပါသည်ဆိုသော တိဗက်တို့ သည်ပင် ဓရံဆာလာဘက်တွင် မနေနိုင်ကြတော့။ ဗုဒ္ဓဂယာဝန်းကျင်တဝိုက်တွင် တိဗက်ကျောင်းတိုက်ကြီးတွေရှိသည်။ သည်ကျောင်းတိုက်ကြီးတွေထဲမှာ ဆောင်းတွင်း တခုလုံး ဆောင်းခိုလေ့ရှိပြီး ဆောင်း ကုန်တော့မှ မိမိတို့နေရပ်သို့ ပြန်လေ့ရှိသည်။ အိန္ဒိယအစိုးရရဲ့ကျေးဇူးတရားတွေက တိဗက်လူမျိုးတွေအပေါ်မှာ ထုထည်ကြီး မားလွန်းလှသည်။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်သည့်တိုင် လွတ်လပ်မှုရှိသည်။

၁၉၆၈ ခုနှစ်ရဲ့ တိဗက်အခြေအနေက တိဗက်လူမျိုးတွေအတွက် မေ့လို့မရတဲ့ မှတ်တမ်းတွေရှိသည်။ တိဗက်ဒေသမှာ မော်စီတုန်းပို့လိုက်သည့် တရုတ်လူဦးရေက ဆယ်သန်းဝန်းကျင်ရှိသည်ဟုဆိုပါသည်။ တရုတ်ဘက်ခြမ်းရှိ ဟိမဝန္တာ တောင် ခြေတဝိုက်တွင် စစ်စခန်းများတည်ဆောက်ထားပြီး နယ်စပ်လုံခြုံရေးကို တင်းကျပ်ထားသည်။ ပြည်မကြီးဘက်က နျူးကလီးယားဓာတ်ပေါင်းဖိုတချို့ကို တိဗက်ဒေသကို ပြောင်းရွေ့ထားပြီဆိုသော သတင်းတွေကိုလည်း ကြားနေရသည်။ သည့်အရင် နှစ်တွေတုန်းကတော့ ပြည်မကြီးကစေလွှတ်လိုက်ထားသည့်စစ်သားတွေက တိဗက်ပြည်တွင် လမ်းတွေဖောက်သည်။ တံတားတွေဆောက်သည်။ အချိန်တိုအတွင်း စစ်စခန်းတွေနဲ့ဆက်သွယ်နိုင်မည့် လမ်းသွယ်တွေဖောက်သည်။ လမ်းပဲဖောက် ဖောက် တံတားပဲဆောက်ဆောက် လုပ်သားတွေကတော့ တိဗက်လူမျိုးတွေပဲဖြစ်သည်။ နေဝင်ကနေ မိုးချုပ်သည်အထိ အလုပ်ကြမ်းများကို တနေကုန်လုပ်ကြရသည်။ မသေရုံကလေးစား၍ အရှက်ပြေရုံကလေးသာ ဝတ်ကြရသည်။ အစာရေစာ မပြည့်စုံ မဖူလုံတော့ စားလို့ရသည့် အသီးအနှံတွေ ချက်ပြုတ်စားသောက်ကြရသည်။ စားနပ်ရိက္ခာပံ့ပိုးပေးဖို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့်လည်း ဘာမှထူးမလာခဲ့။ အခွန်အမျိုးမျိုးကောက်သည်။ မပေးနိုင်သူတွေကို ဖမ်းဆီးချုပ်နှောင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေရှိရာသို့ ပို့သည်။

အို တိဗက်ပြည်သူတို့
မငိုကြွေးကြကုန်လင့်။
လွတ်လပ်ခြင်းသည် ငါတို့ရရှိမည့် ငါတို့၏ ကိုယ်ပိုင်။
နေမင်းကြီးကို သတိရပါ
ဘုန်းတော်ကြီးဒလိုင်းလားမားကို သတိရပါ။

အဖက်ဖက်က နိမ့်ကျနေချိန်မှာ သည်ကဗျာကလေးက တိဗက်ပြည်သူတွေအတွက် ခွန်အားတွေဖြစ်စေခဲ့ဘူးသည်။ ငြိမ်း ချမ်းခြင်းနှင့် လွတ်လပ်ခြင်းတို့သည် ဘယ်နေ့ ဘယ်ရွေ့ဟု သတ်မှတ်၍မရသေးသည့်တိုင် တနေ့နေ့တော့ရောက်လာလိမ့် မည်ဟူသော မျှော်လင့်ချက်ဖြင့် နာကျင်မှုတွေကို ကုစားခဲ့ရဖူးသည်။ အကြောက်တရားဆိုသည်မှာ လူသားတို့၏ အကြီးမား ဆုံးအန္တရာယ်ဖြစ်သည်။ ကြောက်စိတ်က အရာရာအားလုံးကို လက်လွှတ်ဆုံးရှုံးစေပါသည်။ သည်ယုံကြည်ချက်ဖြင့် အထိန်း အချုပ် အကန့်အသတ်တွေများသည့်ကြားမှပင် လာဆာမြို့တွင် တိဗက်လူငယ်တွေက ဆန္ဒပြပွဲတွေကို မကြာမကြာ ကျင်းပ လေ့ရှိသည်။ ဘာသာတရားလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာရောင်းဝယ်ဖို့၊ လွတ်လပ်စွာ သွားလာဖို့ တောင်းဆိုကြသည့် ဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဖြိုခွင်းတတ်သည်။ တိဗက်အရေးနဲ့ပတ်သက်လို့ ဘေဂျင်းရဲ့ နိုင်ငံရေးဂုဏ်သိက္ခာက အထိနာနေသည့်တိုင် နဂါးကြီးကတော့ မျက်စောင်းတဝင့်ဝင့်။ မှောင်မိုက်သောညတွေက လက်တ ကမ်းမှာ။ နည်းနည်းတော့ အသက်ရှူချောင်သွားသည်ဟု ဆိုရပါလိမ့်မည်။ ၁၉၇၆ ခု စက်တင်ဘာလ ၉ ရက်နေ့တွင် မော်စီ တုန်းသေပြီဆိုသောသတင်းက တိဗက်ပြည်သူတွေကို အတိုင်းမသိ ပျော်ရွှင်စေခဲ့ပါသည်။ မော်စီတုန်း အသဲအသန် နာမကျန်းဖြစ်နေသည်မှာ ကြာလေပြီ။ သို့သော် သူ့တာဝန် များကို သူ့ဇနီး Chiang Ching က စီမံချယ်လှယ်နေခြင်းဖြစ်သည်။ ယခုတော့ ဆယ်စုနှစ်တခုကျော်ကြာ တိဗက်ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖျက်စီးခဲ့သည့် ခေါင်းဆောင်ကြီးလည်း သေဆုံးသွားလေပြီ။ အောင်ပွဲခံလို သည့် စိတ်ကို မျိုသိပ်ထားနေရသော်လည်း တိဗက်ပြည်သူတို့ရဲ့မျက်နှာတွေက ပြုံးလို့ရွှင်လို့။ တချိန်ကမက်ခဲ့တဲ့ အိပ်မက် တွေဟာ တကယ့်လက်တွေ့ဘဝမှာ အမှန်တကယ်ဖြစ်လာမလား မဖြစ်လားဘူး လားဆိုတာ ကတော့ အချိန်ကဆုံးဖြတ်ပေးသွားပါလိမ့်မည်။ ခပ်လှမ်းလှမ်းမှာရှိသည့် ဘုရားကျောင်းထဲကနေလွင့်ပျံလာသော ကြေးစည်သံသဲ့သဲ့ကို ကြားနေရသည်။ စည်းချက်မှန်မှန်ထွက်ပေါ်လာသည့် ကြေးစည်သံကိုကြားရတာ နွမ်းနွမ်းလျလျရှိလိုက်တာ။ တိဗက်ပြည်သူတွေရဲ့ ရင်ထဲမှာတော့ မည်သို့ရှိပါလေစ။

တိဗက်မိသားစုတွေ အိမ်နီးချင်းတိုင်းပြည်တွေမှာ နိုင်ငံရေးခိုလှုံကြတော့ မိသားစုတွေ တကွဲတပြားဖြစ်သွားသည်။ တချို့က နီပေါမှာ။ တချို့က အိန္ဒိယမှာ။ တချို့မိသားစုဝင် တွေကတော့ တိဗက်ပြည်ထဲမှာပင် ကျန်နေခဲ့သည်။ ဓရံဆာလာမှာတုန်း ကတော့ တိဗက်ပြည်ကနေ ထွက်လာတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီဖြစ်သည့် တိဗက်တွေနှင့် စကားပြောဖြစ်ခဲ့ဘူးသည်။ ကိုယ်ကပြောသည်ဆိုတာထက် သူတို့က ပြောတာများပါ သည်။ တခါမှာတော့ တိဗက်လူရွယ်တယောက်က သူမြန်မာပြည်ကို သွားချင်တယ်။ ကူညီပါဟု အကူအညီတောင်းပါသည်။ ဘာကြောင့် မြန်မာပြည်ကို သွားချင်ရတာလဲ ဟုအကြောင်းကို သေချာမေးတော့မှ သူ့ဘဝအကြောင်းကို ရင်ဖွင့်ရှာသည်။ သူတိ ဗက်ပြည်ကနေ ထွက်လာတာ နှစ်နှစ်ဆယ်ကျော်ပြီတဲ့လေ။ မိသားစုတွေ အကုန်လုံးက တိဗက်ပြည်ထဲမှာ ကျန်ခဲ့ပြီး သူတယောက်တည်း အိန္ဒိယဘက်မှာ သောင်တင်နေခြင်း ဖြစ်သည်။ သူ့မိဘတွေ အသက်ကြီးပြီ။ အသက်ရှင်သေးလား၊ ဒါမှမဟုတ် သေများသွားပြီဆိုတာတောင် သူမသိရဘူးတဲ့။ သူ့မိဘတွေနဲ့ မသေခင် ပြန်တွေ့ချင်သေးတယ်။ တိဗက်ပြည်ကို ပြန်ချင်တယ်။ ဟိုမှာ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သူ့မိသားစုနဲ့အတူ တိဗက်ပြည်ထဲမှာပဲနေချင်တယ်။ သူ့အကြံအစည်က မြန်မာပြည်ထဲကိုဝင်မယ်။ ပြီးရင် နယ်စပ်ဖြတ်ကျော်ပြီး တိဗက်ပြည်ထဲ ကို ပြန်ဝင်မယ်။ သူ့ကိုကူညီပါလို့ သူကတောင်းဆိုခဲ့ဘူးသည်။  သူ့ကို ကူညီချင်ပေမယ့်လည်း မြန်မာပြည် ကနေ တိဗက်ကို ထွက်ဖို့ဆိုသည်မှာ ထင်သလောက်မလွယ်ကူတာမို့ မကူညီနိုင်ကြောင်း သူ့ကိုပြောတော့ သူ့မျက်နှာချက်ချင်း ညှိုးငယ်သွား သည်။ အခင်မင်ကတော့ မပျက်။

ပြီးခဲ့တဲ့လတုန်းက အွန်းလိုင်းပေါ်ကနေ သူနဲ့စကားပြောဖြစ်သေးသည်။ မေးကြည့်တော့ အခုချိန်ထိ ဓရံဆာလာမှာပဲရှိသေး သည်ဟု ပြောပါသည်။ သူ့ကို စာနာသနားနေမိသည်။ အိမ်ပြန်ချင်ပေမယ့် မပြန်နိုင်ရှာသေးတဲ့ ဘဝတူတွေ။ ကိုယ့်တိုင်းပြည်က ကိုယ့်လူမျိုးတွေလည်း အချိန်ထိ အိမ်မပြန်နိုင်ကြသေးသူတွေဟာ ကမ္ဘာတလွှားမှာ သန်းနဲ့ချီပြီး ရှိနေသေးတာပဲမဟုတ်လား။ သစ်ပင်အရိပ်ထက် ဆွေရိပ်မျိုးရိပ်က ပိုအေးကြောင်း နီတီဆရာက ဆိုပါသည်။ ဝမ်းရေးထက် လွမ်းရေးခက်နေကြသည့် ဘဝတွေက သိပ်အဝေးကြီးမဟုတ်။ ကျနော်တို့ လက်တကမ်းမှာပင် ရှိနေကြပါသည်။

၁၉၆ဝ ပြည်နှစ်ကတည်းက တိဗက်အဝေးရောက်ပြည်သူတွေဟာ မိခင်တိုင်းပြည်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ သည်။ တခါတရံမှသာ နယ်စပ်ဖြတ်ကျော်ကုန်ကူးနေကြသည့် နီပေါကုန်သည်တွေဆီကနေ ထူးခြားသည့် သတင်းအစအန ကလေးတွေကို ရတတ်သည်။ နယ်ခြားစည်းတလျှောက်မှာ ကျင်လည်ကျက်စားတတ်ကြသည့် သည်ကုန်သည်ပွဲစား အများစုမှာ လုပ်ဖော်ကိုင်ဖက်တချို့က တရုတ်အရာရှိများနှင့် အနည်းနဲ့အများဆိုသလို ငြိတာစွန်းတာလေးတွေရှိခဲ့ဘူးသည်။ သူတို့အားလုံးက ယဉ်ကျေးမှုတော်လှန်ရေးသမိုင်းကို စေ့စေ့ငှငှမဟုတ်သည့်တိုင် တီးမိခေါက်မိတော့ ရှိပါသည်။ ယဉ်ကျေးမှု တော်လှန်ရေးတဲ့လား။ တားဆီးပိတ်ကာထားသည့် အမှောင်ထုက ပျော်ရွှင်စရာကောင်းသည့် ပစ္စုပ္ပန်နှင့် အတိတ်ဖြစ်ရပ်များ ကို ခြားနားစေခဲ့သည်။

ကံကြမ္မာကို ရိုးမယ်ဖွဲ့နေ၍မဖြစ်။ အဝေးရောက်တိဗက်များအနေဖြင့် ကိုယ်နေထိုင်ရာ နေရာလေးတခုမှာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိအောင် ကြိုးစားနေထိုင် တတ်ကြသည်။ အိန္ဒိယ၊ နီပေါ၊ ဘူတန်စသည့် အိမ်နီးချင်းတိုင်းပြည်များတွင်သာမက ဆွစ်ဇာလန်၊ ကနေဒါ၊ ပြင်သစ်၊ အင်္ဂလန်နှင့် အမေရိကန်တိုင်းပြည်များတွင်လည်း တိဗက်လူမျိုးများကို ခေါ်ယူစောင့် ရှောက်ထားကြသေးသည်။ တိဗက်အဝေးရောက် အစိုးရက ခတ္တမန္ဒူ၊ ဇူးရစ်၊ နယူးယောက်၊ ဝါရှင်တန်ဒီစီ၊ တိုကျိုနှင့် လန်ဒန်မြို့ကြီးများ တွင် ရုံးခွဲများဖွင့်လှစ်ပြီး တိဗက်လူမျိုးများကို အကူအညီပေးလေ့ရှိသည်။ တိဗက်လူမျိုး အများဆုံးနေ ထိုင်ရာတိုင်းမှာ အိန္ဒိယနိုင်ငံဖြစ်သည်။ ၁၉၆၄-ခုနှစ်တွင် အိန္ဒိယဝန်ကြီး ချုပ်နေရူး သေဆုံးပြီးနောက် အင်ဒီရာဂန္ဒီက အာဏာရလာသောအခါ တိဗက်လူမျိုးများကို ယခင်အတိုင်း ဆက်ပြီးကြည့်ရှုစောင့်ရှောက်ပေးခဲ့သည်။ အစတုန်းကတော့ ဓရံဆာလာဆိုတာ လူသူအရောက်နည်းသည့် အရပ်ဒေသတခုပင်ဖြစ်သည်။ တိဗက်လူမျိုးများ ဓရံဆာလာကိုရောက်စက အဆောက်အဦပြည့်စုံမှုမရှိသေး။ အနေအစား ဆင်းရဲသည့်တိုင် လွတ်လပ်မှုအပြည့်ရှိသည်။ ယခုတော့ ဓရံဆာလာက အဝေးရောက် တိဗက်တို့အတွက် နိဗ္ဗာန်ဘုံကလေးတခုပင်ဖြစ်သည်။

ဘုန်းတော်ကြီးဒလိုင်းလားမားက အဝေးရောက်တိဗက်များကို သူ့သားသမီးများပမာ ကြည့်ရှုစောင့်ရှောက်ထားသည်။ အဝေးရောက်တိဗက်လူ့အဖွဲ့အစည်းအတွင်း ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကျေနပ်အားရမှုမရှိသူတွေရှိပေမယ့်လည်း အဝေးရောက်အစိုးရကတော့ ဘုန်းတော်ကြီးရဲ့လမ်းညွှန်မှုဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးတတ် သည်။ လူအားလုံးက လက်ခံနိုင်ငံသော စနစ်ဆိုသည်မှာ ဒီကမ္ဘာ ပေါ်မှာ မရှိသေးကြောင်းကိုတော့ အဝေးရောက်တိဗက်များက နားလည်ထားသည်။ ၁၉၆၃ ခု မတ်လ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းထွက်လာပြီးနောက် ရွေးကောက်ပွဲကျင်း ပပြီး မဲစနစ်ဖြင့် ခေါင်းဆောင်အသစ်ရွေးချယ်မှုတွေပြုလုပ်နိုင်ခဲ့သည်။ တိဗက်လူငယ်ငါးရာကျော်တက်ရောက်သည့် တိဗက် လူငယ်ညီလာခံကြီးကို ကျင်းပနိုင်ခဲ့သည်။ ပြင်ပရောက်လာသည့်တိဗက်လူငယ်များ၏ ပညာရေးအတွက် အဓိကဆွေးနွေးတိုင်ပင်ကြခြင်းဖြစ်သည်။

တိဗက်အဝေးရောက်အဖွဲ့အစည်းအနေနဲ့ ခေတ်နဲ့အညီပြုပြင်ပြောင်းလဲ ပြင်ဆင်မှုတွေ အပေါ် ရှေးရိုးစွဲတိဗက်ခေါင်းဆောင်တချို့က ဝေဘန်မှုတွေရှိခဲ့သည့်တိုင် ဘုန်းတော် ကြီးကို မလွန်ဆန်ဝံ့ကြ။ တိဗက်တမျိုးသားလုံးနဲ့ ဆက်စပ်နေသည့်ကိစ္စမို့ နားလည်ပေးနိုင်တာလည်း ဖြစ်ပါလိမ့်မည်။ လူငယ်တွေ တွေ့မြင်ချင်သည်က ပုံစံခွက်ထဲက ယဉ်ကျေးမှုက တားဆီးပိတ် ပင်ထားသည့် လူ့အဖွဲ့အစည်းမျိုးမဟုတ်။ ကိုယ့်အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေသည့်ပြဿနာတွေကို မှန်မှန်ကန်ကန်ချဉ်းကပ် ကိုင်တွယ် ဖြေရှင်းနိုင်မည့် ခေါင်းဆောင်မျိုးကို ရွေးချယ်လိုကြသည်။

၁၉၇၅ ခုနှစ် ဓရံဆာလာတွင် ကျင်းပသည့် အဝေးရောက်တိဗက်လူငယ်ညီလာခံအပြီး တိဗက်လူငယ်ခေါင်းဆောင်နှစ်ယောက်ကို ရွေးချယ်နိုင်ခဲ့ကြသည်။ တယောက်က တရုတ်အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ မွေးဖွားကြီးပြင်းလာခဲ့သည့် တိဗက် ပြည်မကြီးထဲက။ သူ့မှာ လွတ်လပ်မှုနှင့် လွတ်လပ်ရေးတိုက်ပွဲတွေအကြောင်း အတွေ့အကြုံမရှိ။  ဘုန်းတော်ကြီးဒလိုင်းလားမားကိုပင် တကြိမ်တခါမျှ တွေ့မြင်ဖူးခြင်းမရှိသူ။ နောက်တယောက်က တိဗက်ပြင်ပကမ္ဘာမှာ မွေးဖွားရှင်သန်ကြီးပြင်းလာခဲ့သူ။ တိဗက်ရဲ့ပြည်တွင်း ရေးကို အပ်ကျမတ်ကျနားလည်ခြင်းမရှိသူ။ ကွန်မြူနစ်ဝါဒကို လုံးစေ့ပတ်စေ့ နားလည် ခြင်း မရှိသူ။ တိဗက်ပြည်ကို တခေါက်တလေမျှ ရောက်ဖူးခြင်းမရှိသူ။ လိုအပ်မှုတွေရှိသည့်တိုင် သူတို့ဉာဏ်စွမ်းရှိသရွေ့ အဝေး ရောက် တိဗက်ပြည်သူများကို စုစည်းနိုင်ခဲ့ပါသည်။ သူတို့ရဲ့အတွေးအမြင်တွေကို အချင်းချင်းမျှဝေနိုင်ခဲ့ကြပါသည်။ သူတို့ လျှောက် လှမ်းရမည့်လမ်းကို ဖော်ဆောင်နိုင်ခဲ့သည်ပင်ဟု ဆိုရပါလိမ့်မည်။

အိန္ဒိယနိုင်ငံတွင် ဘုန်းတော်ကြီးဒလိုင်းလားမားက တိဗက်ကလေးငယ်များပညာရေးအတွက် TCV ကျောင်းများကို ဖွင့်လှစ် ပေးထားသည်။ TCV ဆိုသည်မှာ Tibetan Children’s Village ဟု အဓိပ္ပါယ်ရပါသည်။ TCV ကျောင်းများက တိဗက် ကလေးငယ်များ၏ပညာရေးကို ထိထိရောက်ရောက်ဖြည့်ဆီးပေးနိုင်ခဲ့သည်။ “လူငယ်တွေဟာ တိဗက်အနာဂတ်အတွက် တန်ဖိုးဖြတ်လို့မရတဲ့ရတနာတွေဖြစ်တယ်”လို့ အိန္ဒိယဝန်ကြီး ချုပ်နေရူးက ဘုန်းတော်ကြီးဒလိုင်းလားမားကို လျှောက်ထားဖူး သည်။ ကမ္ဘာပတ်နေ သော ကမ္ဘာကျော်ဘုန်းတော်ကြီးမို့ ပညာရေးရဲ့အရေးပါပုံကို အပြည့်အဝယုံကြည်ထား ပါသည်။ ပညာရေးအတွက် ဘုန်းတော်ကြီးရဲ့ကြိုးပမ်းဆောင်ရွက်ချက်တွေက အားရကျေနပ်စရာကောင်းပါသည်။ အဝေးရောက် တိဗက်လူငယ်တွေကို ရောက်ရာအရပ်မှာ ပညာသင်စေသည်။ ပညာသင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးသည်။ TCV ကျောင်း တွေကနေ တိဗက်စာ၊ အင်္ဂလိပ်စာနှင့် ဟိန္ဒီဘာသာစကားတွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းသည့် လူငယ်တွေပေါ်ထွက်လာခဲ့သည်။ အဆင့်မြင့်ပညာရပ်များအတွက် ဆွီဒင်၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ အမေရိကန်စ သည့် ကမ္ဘာ့တိုင်းပြည်ကြီးများသို့လည်း ပညာသင်များ စေလွှတ်ပေးခဲ့သည်။ နော်ဝေနိုင်ငံက တိဗက်လူငယ်များကို ခေါ်ပြီး စိုက်ပျိုးရေးပညာတွေ သင်ပေးသည်။

နိုင်ငံခြားပညာသင်များကို ဘုန်းတော်ကြီးက အမှာစကားပါးသည်။ “ငါတို့တတွေဟာ မိသားစုကြီးတခုအတွက်သာ အလုပ် လုပ်နေကြတာမဟုတ်ဘူး။ ပြိုပျက်သွားခဲ့ရတဲ့ တိုင်းပြည်တခုကို ပြန်လည်တည်ဆောက်ရေးအတွက် ကြိုးစားနေ ကြခြင်းဖြစ် တယ်။ အခုမင်းတို့တတွေ လွတ်လွတ်လပ်လပ် ပညာသင်ခွင့်ရကြတယ်။ လူတိုင်းဟာ ဒီလို အခွင့်အရေးတွေ ရနေကြတာ မဟုတ်ဘူးဆိုတာကို နားလည်ပါ။ မင်းတို့တတွေရဲ့ ပညာရေးအတွက် တိဗက်ပြည်သူအားလုံးက ပေးဆပ်နေကြတယ်။ မင်းတို့လိုချင်တဲ့ ပညာရေးတွေ ပြီးပြည့်စုံတဲ့တနေ့ကျရင် မင်းတို့လို အဆင့်မြင့်ပညာတွေ သင်ခွင့်မရတဲ့ ဒီမှာ ကျန်ရစ်ခဲ့ကြ တဲ့သူတွေရဲ့ ဘဝကို သတိရပါ။ သူတို့အတွက် ဘယ်လိုပေးဆပ်မလဲဆိုတာကို သတိရပါ”။ ကိုယ်လိုချင်တာရလျှင် လာရာ လမ်းကြောင်းကို မေ့တတ်ကြသည့်လူငယ်တို့၏ သဘောသဘာဝကို ဘုန်းတော်ကြီးက သတိပေးလိုက်ခြင်းလည်းဖြစ် သည်။

တိဗက်ပညာသင်လူငယ်များသည် နော်ဝေနိုင်ငံတွင် စိုက်ပျိုးရေးပညာများသင်ယူပြီး နောက် အိန္ဒိယသို့ပြန်သွားလေသည်။ ရေခံမြေခံကောင်းသည့် အိန္ဒိယမြေကို တိဗက်လူ ငယ်တို့၏ စိုက်ပျိုးရေးပညာဖြင့် ကျေးဇူးပြုကြလေပြီ။ တိဗက်နှင့် အိန္ဒိယပြည်သူတို့ စားသုံးဖို့အတွက် နည်းပညာဖြင့် စိုက်ပျိုးရေးကဏ္ဍကို ချဲ့ထွင်ပေးခဲ့သည်။ စက်ရုံ အလုပ်ရုံများတွင် တိဗက်ပြည်သူတို့၏ ကာယအား၊ ဉာဏအားများဖြင့် အင်အားဖြည့် ပေးခဲ့သည်။ လူသားအားလုံးသည် အခြေအနေ နှင့်အချိန်အခါပေါ်မူတည်၍ ရှင်သန်လှုပ်ရှားရုန်းကန်နေကြရခြင်းဖြစ်ပါသည်။ ဘယ်နေရာမှာပဲနေနေ ကိုယ်နေထိုင်ရာ ပတ် ဝန်းကျင်ကို နေထိုင်ရသည့်အခိုက်အတံ့ကလေးမှာ ကိုယ်တတ်ကျွမ်းသည့်ပညာဖြင့် အလုပ်အကျွေးပြုနိုင်သည်ဆိုလျှင်ပင် သူ၏တာဝန်ကျေပြွန်သည်ဟုပင် ဆိုနိုင် ပါလိမ့်မည်။

တိဗက်ပြည်ရဲ့ လွတ်လပ်သောတိဗက်ပြည်အဖြစ်ကြိုးပမ်းချက်ကို အမေရိကန်က ကြိုဆိုအားပေးပါသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားကတော့ သူ၏အကြမ်းမဖက် သောနည်းကို အပြည့်အဝယုံကြည်ဆုပ်ကိုင်ထားသူဖြစ်သည့်အလျှောက် တိဗက် ရှေ့ရေးနှင့်ပတ်သက်လာလျှင် မည်သည့်အကြမ်းဖက်နည်းကိုမျှ ယုံကြည်လက်ခံသူမ ဟုတ်။ တိဗက်ပြည်ပြန်လည် ရရှိရေးအတွက် ပြောက်ကျားနည်းအပါအဝင် နည်းအမျိုးမျိုးဖြင့် တိုက်ပွဲဝင်ခဲ့ကြဘူးပါသည်။  တိဗက်လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အားလုံးကို လက်နက်ကိုင်တော်လှန်သည့်လမ်းစဉ်ကို စွန့်လွှတ်ကြဖို့ ဘုန်းတော်ကြီးဒလိုင်းလားမားက မေတ္တာရပ်ခံလိုက်ပါသည်။ ထို့ကြောင့် ၁၉၇၁-ခုနှစ်တွင် တိဗက်လက်နက် ကိုင်အဖွဲ့များအားလုံး လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင်စွန့်လွှတ်လိုက်ကြပါတော့ သည်။

အချိန်တော့ စောင့်ရပါလိမ့်မည်။ သို့သော် နောက်ဆုံးတနေ့ကျလျှင် နူးညံ့သည့် ချစ်ခြင်းမေတ္တာတရားကသာလျှင် အရာရာ အားလုံးကို အောင်မြင်နိုင်ကြောင်း အပြည့်အဝယုံကြည်ထားသူဖြစ်သည်။  ၁၉၃၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှာ ဖွားမြင်ခဲ့သည့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီးဒလိုင်းလားမားသည် ယခုအခါ အသက်အရွယ် ၈၂ နှစ်ထဲသို့ ရောက် လာပြီဖြစ်သည်။ သူဖြစ်ချင်မြင်ချင်သော တိဗက်ပြည်သည် သူ့လက်ထက်မှာလည်း ဖြစ်ချင်ဖြစ်မည်။ ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မည်။  ဘုန်း တော်ကြီးကတော့ သူ့ယုံကြည်ချက်တွေကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားဆဲပင်ဖြစ်သည်။

ဆက်ပါဦးမည်။

ကိုသစ် (သီတဂူ)
၁ဝ၊ ၁၂၊ ၂ဝ၁၈
0