အောင်သူငြိမ်း ● နိုင်လိုမင်းထက်ဝါဒအကြောင်းနဲ့ သင်ခန်းစာ (၂၀)

 အောင်သူငြိမ်း ● နိုင်လိုမင်းထက်ဝါဒအကြောင်းနဲ့ သင်ခန်းစာ (၂၀)
(တင်မိုသီ ဆနိုက်ဒါ)
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၈


ယေးတက္ကသိုလ်က သမိုင်းပါမောက္ခ တင်မိုသီ ဒီ၊ ဆနိုက်ဒါ (Timothy D. Snyder) က စာအုပ်တအုပ်ရေးပြီး အခုသမ္မတ ထရမ့်နိုင်လာတဲ့ ရွေးကောက်ပွဲအပြီးမှာ ထုတ်ဝေခဲ့ပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာက ရောင်းရဆုံးစာအုပ်တွေထဲ မှာ ရွေးချယ်ဖော်ပြခဲ့ပါတယ်။ အခု ၄၆ ပတ်ကြာမြင့်တဲ့အထိ အရောင်းရဆုံး ဝတ္ထုမဟုတ်တဲ့စာအုပ်များ (non-fiction) ထဲမှာ တည်ရှိနေဆဲပါ။ နယူးယောက်တိုင်းမ်းသတင်းစာမှာပဲ သူ့စာအုပ်ကို အတိုဆုံးစာအုပ် ၃-ခုဖြစ်သော်လည်း ကြီးမြတ် သော အတွေးအခေါ်အဖြစ် စာအုပ် ၃-အုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်။

Timothy D. Snyder. 2017. “On Tyranny: Twenty Lessons from the Twentieth Century”. Tim Duggan Books. 126 pages.

Tyranny ကိုတော့ “မင်းဆိုးမင်းညစ်”လို့ ဘာသာပြန်ရင်လည်း ရသလို၊ နိုင်လိုမင်းထက် ဖိစီးတဲ့ဝါဒလို့ ဆိုရင်လည်း ရနိုင် ပါတယ်။ သူက သမိုင်းပါမောက္ခဖြစ်တဲ့အလျောက် အခုလိုကိစ္စကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့ သင်ခန်းစာ အချက် ၂၀ ကို လည်း အကြံပြုဖော်ပြပါတယ်။ သူက နာမည်ကျော် ယေးတက္ကသိုလ်က သမိုင်းပညာရှင်ဖြစ်ပြီး၊ ဖက်ဆစ်ဝါဒ၊ ကွန်မြူနစ် ဝါဒ၊ လူသားမျိုးတုန်းသတ်ဖြတ်မှုကြီး (Holocaust) အကြောင်းတွေကို စာအုပ်တွေ ရေးသားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မှာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် မဲပေးရွေးချယ်ခံရပြီးနောက်ပိုင်း အကြီးအကျယ် စိတ်ပျက်ရသူတွေထဲမှာ ဒီဆရာ ပါပါ လိမ့်မယ်။ အချို့ဝေဖန်သူတွေကတော့ “အမေရိကကို ဖက်ဆစ်ဝါဒ ရောက်လာပြီ”လို့တောင် ပြောဆိုဝေဖန်ခဲ့ကြသူတွေ ရှိပါသေးတယ်။

ပါမောက္ခ ဆနိုက်ဒါကတော့ ဒီစာအုပ်ကို စာသား (text) လို့ပဲ ပြောပါတယ်။ လက်ကမ်းစာစောင် (Palphlet) ပါတဲ့။ အရေး တကြီး အခြေအနေမှာ လိုအပ်ချက်အရ သူရေးပါတယ်တဲ့။ လှုပ်ရှားမှုတွေ ဆောင်ရွက်ကြဖို့ တောင်းဆိုမှုပါ။ လူတွေရဲ့ ကျိုး ကြောင်းဆင်ခြေဖြစ်ပေါ်လာအောင် တိုက်တွန်းမှုပါလို့ ပြောပါတယ်။

သူက ၂၀-ရာစုထဲက နိုင်လိုမင်းထက်ဝါဒ၊ မင်းဆိုးမင်းညစ်တွေကို ဆန့်ကျင်ရပ်တည်ဖို့ ဒီနေ့အခြေအနေနဲ့ လျော်ညီစွာ သင်ခန်းစာ အချက် ၂၀ ကို ထုတ်ပြအကြံပေးထားပါတယ်။ The Berkshireedge သတင်းစာ စာအုပ်ဝေဖန်တဲ့ကဏ္ဍ မှာ တော့ ဒီစာအုပ်ကို “နိုင်လိုမင်းထက်ဝါဒအတွက် ငတုံးများ လမ်းညွှန်” လို့တောင် တင်စားဖော်ပြထားပါသေးတယ်။
အဲဒါတွေကတော့ -

1. Do not obey in advance. (ကြိုတင်ပြီးတော့ နာခံမှု မပေးလိုက်ပါနဲ့)
အာဏာရှင်စနစ်အတွက် အာဏာတွေကို လူတွေက အခမဲ့ပေးလို့ သူတို့ရသွားတာပါ လို့ စာရေးသူက ရေးပါတယ်။ “၁၉၃၈ ခုနှစ်၊ မတ်လမှာ သြစကြီးယန်းတွေဆီက နာခံမှုကို ကြိုတင်မျှော်လင့်ထားရင်း နာဇီခေါင်းဆောင်မှု ဖြစ်လာ တာပါ… ဒေသခံ သြစတြီးယန်းတွေက ဂျူးတွေကို ဖမ်းပြီး၊ သူတို့ သြစတြီးလျ လွတ်လပ်ရေး အမှတ်တံဆိပ် ကြေး ပြားတွေကို ပြောင်လက်အောင် ပွတ်တိုက်ခိုင်းပါတယ်။ အရေးကြီးတာက နာဇီမဟုတ်ကြတဲ့ ပြည်သူတွေက ဒီမြင်ကွင်းကို စိတ်ဝင်တစားနဲ့ ကျေနပ်ပြီး ကြည့်နေကြတာပါ။ ဂျူးတွေ ပိုင်ဆိုင်မှုစရင်း ကောက်ကြတဲ့ နာဇီတွေကလည်း တတ်နိုင်သမျှ သူတို့ခိုးဝှက်ကြပါတယ်။ အရေးကြီးတာက နာဇီမဟုတ်တဲ့ ခိုးဝှက်ကြသူတွေထဲမှာ အခြားသာမန်ပြည်သူများလည်း ပါဝင်နေကြတာပါ” လို့ စာရေးဆရာက ရေးပါတယ်။

2. Defend institutions. (အဖွဲ့အစည်းစနစ်များကို ကာကွယ်ပါ)။
သူက ပြောပါတယ်။ ဒီမိုကရေစီ၊ သမ္မတနိုင်ငံတော်တွေဟာလည်း ကျဆုံးတတ်တဲ့အထဲ ပါပါတယ်။ အမေရိကန် ပြည်ထောင်စုကို တည်ထောင်ခဲ့ကြသူ ဗိသုကာခေါင်းဆောင်ကြီးများက ဒီအချက်ကို မြင်ခဲ့ကြပါတယ်။ ဂရိနိုင်ငံ တော်၊ အေသင်နိုင်ငံတော်၊ အင်ပိုင်ယာတွေဟာ ကျဆုံးခဲ့ကြပါတယ်။ အလားတူပဲ ဒီမိုကရေစီ၊ သမ္မတနိုင်ငံ တော်တွေဟာလည်း ကျဆုံးနိုင်ခြေရှိပါတယ်။ လူတွေက မှားယွင်းနိုင်ခြေရှိတဲ့ သတ္တဝါမျိုးပါ။ ဒါကြောင့် အထိန်း အထေ (check-and-balance institutions) အဖွဲ့အစည်းစနစ်တွေကို ထူထောင်ထားကြတာ ဖြစ်ပါတယ်။ ဒါကို ကာကွယ်ဖို့ လိုအပ်ပါတယ်။

3. Beware the one-party state. (တပါတီစနစ် နိုင်ငံတော်မျိုးမဖြစ်အောင် သတိထားပါ)။
အမေရိကန်မှာတော့ ၂-ပါတီ စနစ်ပါ။ ဒါပေမယ့် ရွေးကောက်ပွဲ မဲဆွယ်ရန်ပုံငွေ နဲ့ မဲပေးမှုစနစ်တွေက ပြဿနာ ရှိနေဆဲပါ။

4. Take responsibility for the face of the world. (ကမ္ဘာကြီးရဲ့ မျက်နှာစာအတွက် ကိုယ့်တာဝန်ယူပါ)။
လူတယောက် လက်နက်ချလိုက်တာဟာ ကျန်တဲ့သူအပေါ်မှာပါ ရိုက်ခတ်မှု ရှိပါတယ်။ သူက (ဗာစလပ် ဟာဗဲ) ရဲ့ ဥပမာလေးကို ညွှန်းပါတယ်။ ကုန်စုံဆိုင်ရှေ့မှာ နာခံမှုအနေနဲ့ ကိုယ်ယုံကြည်-မယုံကြည်ကြည် ထွက်ကပ်ရတဲ့ “ကမ္ဘာ့အလုပ်သမားများ သွေးစည်းညီညွတ်ကြ” ဆိုတဲ့ ဆိုင်းပုတ်လိုပါပဲ။ လွတ်လပ်စွာ ပြောဆိုခွင့်ဟာ အဓိက ကျပါတယ်။

5. Remember professional ethics. (မိမိပညာရပ် ကျွမ်းကျင်မှုဆိုင်ရာ ကိုယ်ကျင့်တရားတွေကို သတိရပါ။)
ဒီနေ့ကာလ သတင်းမီဒီယာတွေ ရင်ဆိုင်နေကြရတဲ့ အခက်အခဲလို့ ထင်ပါတယ်။

6. Be wary of paramilitaries. (တရားမဝင် လူအုပ်စုလက်နက်ကိုင်တွေကို စိုးရိမ်ပူပန်ပါ။)
အနောက်တိုင်း အယူအဆမှာတော့ နိုင်ငံတော် (state) သာလျှင် လက်နက်ကိုင်ခွင့် (အကြမ်းဖက်ခွင့်) ကို တရားဝင် အသုံးပြုခွင့် ရှိပါတယ်။ ဒါပေမယ့်ဒါကို ဥပဒေတွေနဲ့ ပြဌာန်းထိန်းချုပ်ထားရပါတယ်။ ဒါပေမယ့် လူစု လူဝေးနဲ့ အကြမ်းဖက်မှုတွေ များလာမယ် ဆိုရင်တော့ ပြဿနာပါပဲ။

7. Be reflective if you must be armed. (သင် လက်နက်ကိုင်ရတဲ့အခါ အထူးသတိထားပါ)။
အရင် တချိန်တုန်းက နာဇီရှပ်ညိုတွေ၊ ဆိုဗီယက်ယူနီယံက လက်မရွံ့ထောက်လှမ်းရေးတွေက ပြုမူခဲ့ကြပုံတွေကို သူက ပြန်သတိပေးပါတယ်။

8. Stand out. (ထွက်ပြီး ရပ်တည်ပါ)
တစုံတယောက်ကတော့ မတရားရင် မတရားဘူး။ မဟုတ်ရင် မဟုတ်ဘူးလို့တော့ ထွက်ပြောကြရမှာပါ။ အမေရိကန်မှာ လူမဲလူဖြူ ခွဲခြားမှုတွေ ရှိနေတုန်းက ဘတ်စကားနေရာ ဖယ်မပေးနိုင်ဘူးလို့ ငြင်းခဲ့တဲ့ Rosa Parks (ရိုဆာ ပက်ခ်) လို အမျိုးသမီးမျိုး လိုအပ်ပါတယ်။

9. Be kind to our language. (ကျနော်တို့ရဲ့ စကားလုံးတွေအပေါ် ကြင်နာပါ)
သူဆိုလိုတာကတော့ သူများတွေ ပြောနေတိုင်း လိုက်မပြောပါနဲ့။ တွေးပါ။ ကိုယ်စကားနဲ့ကိုယ်မြင်တာပဲ ပြောဖို့ပါ။ (ခုခေတ်က လွယ်လွယ်နဲ့ ရှယ်နေကြတဲ့ခေတ် မဟုတ်ပါလား)

10. Believe in truth. (အမှန်တရားအပေါ် ယုံကြည်ပါ။)

11. Investigate. (စုံစမ်းစစ်ဆေးမှု ပြုပါ)။

12. Make eye contact and small talk. (မျက်စေ့ချင်း ဆိုင်ကြည့်ပါ။ နည်းနည်းပြောပါ။)

13. Practice corporeal politics. (အာဏာထိုင်ခုံကြောင့် သင့်ကိုယ်ခန္ဓာ နူးညံ့လာမယ်၊ ဆံပင်တွေတောင် ပျော့ ပြောင်းလာမယ်။ သင်ကြုံဖူးတဲ့ နေရာတွေသွားပါ။ မသိသေးတဲ့ သူတွေနဲ့ မိတ်ဖွဲ့စကားပြောပါ။ သူတို့နဲ့ အတူ ချီတက်ပါ..) လို့ ဆနိုက်ဒါက အကြံပေးပါတယ်။

14. Establish a private life. (မိမိရဲ့ ပုဂ္ဂလိက ဘဝကို ထူထောင်ပါ)

15. Contribute to good causes. (ကောင်းမြတ်တဲ့ ကိစ္စများအတွက် ဖြည့်ဆည်းထည့်ဝင်ပါ)။

16. Learn from peers in other countries. (အခြားနိုင်ငံက မိတ်ဆွေတွေဆီက သင်ခန်းစာယူပါ)။

17. Listen for dangerous words. (အန္တရာယ်ရှိတဲ့ စကားလုံးများကို သေချာနားထောင်ပါ။)

18. Be calm when the unthinkable arrives. (ကြိုတင်မျှော်လင့် တွေးမထားတဲ့ ဖြစ်ရပ်တွေ ကြုံလာရတဲ့အခါ တည်ငြိမ်ပါ)။

19. Be a patriot. (မျိုးချစ်စိတ်ထားပါ။)

20. Be as courageous as you can. (သင်တတ်နိုင်သမျှ သတ္တိရှိပါ။)

ဘာရယ်မဟုတ်ပါဘူး။ ထရမ့်ကလည်း ထင်တာတွေလုပ်နေတော့ တင်မိုသီ ဆနိုက်ဒါလို ပညာရှင်တွေလည်း စိတ်ပျက်ရ တာပေါ့။

Comments