(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၈
၁။
လွမ်းဆွေးလိုမှုဟာ ကိုက်ခဲနေတဲ့ဝေဒနာ မြုံနေတဲ့ အနာကို ပြန်ဆွမိခဲ့သလိုပါပဲလို့ ကျနော်ပြောလိုက်မိတယ်။ နှုတ်ကနေလည်း စကားလုံးတွေအဖြစ် လွှတ်ခနဲ ခုန်ပေါက်ထွက်ကျသွားခဲ့တာပေါ့။ စကားကို တစ်လုံးချင်းရွေးပြောနေရတဲ့ လူမမာတစ်ယောက်လို မဟုတ်ဘူး။ အာပေါင်အာရင်းသန်သန်နဲ့ ဟောပြောနေတဲ့ တရားဟောဆရာလိုလည်းမဟုတ်ပဲ ရနေရောက်နေတဲ့ ခံစားချက်ကိုလိုက်ပြီး သူ့အလိုလိုထွက်ကျလာတဲ့ ဝါကျတွေ။ ပါဒတစ်ကြောင်းချင်းချိတ်ဆက်သွယ်တန်းထားသလို စာပိုဒ်ထဲကထွက်ကျလာတဲ့ တကယ့်အဖြစ်အပျက်တွေ။ အဲဒီကဗျာထဲကပြောနေတဲ့ အကြောင်းတွေကို ကျနော် စိတ်ထဲက လိုက်လံဖမ်းဆုပ်ကြည့်မိတာ။ မြင်ကွင်းဟာ လက်ရှိဘဝထဲရောက်လာလိုက် အတိတ်ထဲမှုန်ဝါးသွားလိုက်နဲ့ တပြိုင်နက်တည်းမှာကို ဖြစ်ပေါ်နေတယ်။
ငါ့မြို့နဲ့ ရှစ်ဆယ့်ရှစ်တဲ့။ ကဗျာဆရာ နရီမင်းရဲ့ ကဗျာရှည်နှစ်ပုဒ်ဟာ စာအုပ်အဖြစ်တွဲလျက် ထွက်ရှိလာပါတယ်။ ကဗျာရှည်တွေမို့လည်း ဒီနေရာမှာ တစ်ပုဒ်ချင်းသွားတာ ပိုအဆင်ပြေမယ်ထင်ပါတယ်။ အဲဒါဆို ကျနော်စဉ်းစားနေမိတယ်။ အလွမ်းဓာတ်ဆိုတာမျိုးဟာ ဘယ်အချိန်မှာမဆို ပေါ်လာတတ်တာပဲလားလို့ပေါ့။ အလွမ်းဟာ အရိပ်လိုပဲ ခန္ဓာကိုယ်ကနေ ဖျတ်ခနဲထွက်ကျလာတာမျိုးလား။ ကျနော် တကယ်မသိပါဘူး။ တစ်ခုခုကို ထိတွေ့ကိုင်တွယ်နေရင်းပဲဖြစ်ဖြစ် တစ်နေရာရာကိုငေးမောနေရင်းပဲဖြစ်ဖြစ် အဲဒီအလွမ်းစိတ်ဆိုတာ ပေါ်လာတတ်တယ်လို့တော့ ထင်မိပါတယ်။ အလွမ်းဓာတ်ဟာ မူးယစ်စေတဲ့အရာ ထိရှတဲ့ခံစားချက်မျိုးပေါ့။ စိတ်ဆိုတာကလည်း တစ်နေရာကနေ အခြားဘယ်နေရာကိုမဆို ဖျတ်ခနဲကူးလူး ရောက်ရှိနေတတ်တာပဲပေါ့။
ကျွန်တော့်ရဲ့ လူအဖြစ်ကို
ခုလို ရေးခြစ်ခဲ့ပါတယ်။
ပျော်စရာမကောင်းခဲ့ပါဘူး၊
ကြေကွဲဆို့နင့်ဖွယ်ပါ။
အများကြီး ပေးခဲ့ပေမဲ့
ဘာမှ ဟုတ္တိပတ္တိ ပြန်မရဘဲ
ကမ္ဘာမြေကနေ ထွက်ခွာသွားရသူတွေအတွက် ဆိုပါတော့။
အဲဒီစတေးတပ်ဟာ ကဗျာစာအုပ်ထွက်ပြီးမကြာခင် အွန်လိုင်းပေါ် တက်လာခဲ့တယ်။ ကျနော် အစကနေပြန်ပြောကြည့်ပါမယ်။ လွန်ခဲ့တဲ့ လေးငါးခြောက်လလောက်တုန်းက ကဗျာတစ်ပုဒ်အကြောင်းကို ပြန်ကောက်နေသလို ကျနော် ကြိုးစားပြီးပြန်ပြောကြည့်မယ်။ အဲဒီတုန်းက ကျနော်ကိုယ်တိုင် ကဗျာတစ်ပုဒ်ကို အွန်လိုင်းပေါ်မှာ ပူပူနွေးနွေးဖတ်နေရတဲ့အချိန်ပေါ့။ တစ်ပိုင်းစီခွဲတင်နေတဲ့ ကဗျာတစ်ပုဒ်ကို အချိန်ပိုင်းအတွင်းမှာပဲ ကျနော်ဆက်တိုက်ကြီးကို လိုက်လံဖတ်မိနေခဲ့တယ်။ ဒီလို နည်းပညာခေတ် အသံထက်မြန်တဲ့ဒစ်ဂျစ်တယ်ခေတ်ထဲ အချိန်နဲ့အမျှမြန်ဆန်တဲ့အပြောင်းအလဲတွေကြားမှာ ကဗျာကိုလတ်ဆတ်စွာမြင်ရနိုင်တဲ့ ကြားခံမီဒီယံတစ်ခုပေါ် ကျနော်ရောက်နေခဲ့တာပဲ မဟုတ်လား။
၂။
မင်းကို မွေးခဲ့တဲ့နေရာ
မင်းပြန်မလာတော့ဘူးလားလို့
လှမ်းလှမ်းပြောနေတဲ့ သူသယ်ချင်းတွေအတွက်
ဆယ်လ်မွန်သီချက်းကိုညည်းရင်း
ငါ့မြို့ကိုငါ ပြန်လာခဲ့တယ်။
.........(နရီမင်းရဲ့ ငါ့မြို့ကဗျာမှ..)
အဲဒီလို အစနဲ့ ကဗျာဆရာဟာ ကဗျာကိုရေးပြီးပြီးချင်း မိနစ်ပိုင်းအကြာမှာပဲ အွန်လိုင်းပေါ် တင်ခဲ့တယ်။ ချက်ချင်းပဲ ကျနော့်မျက်စိရှေ့ကို ကဗျာစာသားတွေအဖြစ် ရောက်လာခဲ့ပါတယ်။ အဲဒါ လွန်ခဲ့တဲ့ လအနည်းငယ်ဆီလောက်ကပေါ့လေ။ စိတ်ထဲမှာလည်း အရောင်လွင့်ပြယ် ဓာတ်ပုံစာအုပ်ဟောင်းကို ပြန်ကြည့်နေရသလိုပဲ အဖြစ်အပျက်တွေကတော့ မှတ်ဉာဏ်မှာ အစဉ်မပြတ် ပေါ်လာခဲ့တယ်။ ဟိုးအတိတ်က နေရာဒေသတစ်ခု အဖြစ်အပျက်ဟောင်းတွေဆီ ပြန်ရောက်သွား ပြန်လွမ်းနေမိတယ်။ အဲဒါ ကျနော် ကဗျာတစ်ပုဒ်ကို ဖတ်နေတဲ့အချိန်မှ ဟုတ်ရဲ့လား။ တယ်လီဖုန်းမျက်နှာပြင်ကို စိုက်ကြည့်ရင်း စာကြောင်းတွေကို တစ်ကြောင်းချင်း တစ်ပိုဒ်ချင်း လှန်လှောဖတ်နေမိတာမှ ဟုတ်လို့လားပေါ့။ အလွမ်းဟာ လက်ကိုင်ဖုန်းထဲကထွက်လာပြီး ကျနော့်ကိုယ်ထဲ ဝင်လာခဲ့ပါတော့တယ်။ အဲဒါပါပဲ။ အခုလည်း ဒီကဗျာကို စတင်ဖတ်ရှုခဲ့ရတဲ့အချိန်အပိုင်းအခြားတစ်ခုထဲက ကျနော်ရရှိဖူးတဲ့ ခံစားချက်ကို ပြန်ရေးကြည့်နေတာပေါ့။
ငါ့မြို့ဟာ
ငါစပြီး ဝင်လာကတည်းကိုက
တစ်စုံတစ်ရာမှားယွင်းနေတယ်လို့
ခံစားရတယ်။
တောက်တောက်ပြောင်ပြောင် အဆောက်အအုံသစ်တွေ
အစီအစဉ်မကျ ပြွတ်သိပ်နေလို့လည်း
ဖြစ်နိုင်ပါတယ်။
......... (နရီမင်းရဲ့ ငါ့မြို့ကဗျာမှ..)
ဒီကဗျာစာအုပ်ထွက်တုန်းက ကျနော်ပြောခဲ့တဲ့ စတေးတပ်တစ်ခုထဲမှာလိုပဲ။ ငါ့မြို့ကဗျာထဲက ဇာတ်ကြောင်းပြော အဖြစ်အပျက်တွေ အတိတ်ထဲ ဓားနဲ့လိုက်ထစ်နေသလို ပင်စည်ကနေဖွာကျနေတဲ့သစ်စတွေ၊ လွတ်ကျသွားတဲ့ဖန်ခွက်ကိုတစ်စစီပြန်ကောက်ဆက်နေသလို နမိတ်ပုံတွေ။ ကျနော်တို့ကိုယ်တိုင် အဲဒီသွေ့ခြောက်နေမှုမှာ အသားမကျ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရတယ်လို့ ကျနော်ရေးခဲ့မိပါသေးတယ်။
ဘုရားကို သွားတဲ့လမ်းဟာ
ဘုရားလမ်းပေါ့
ငါငယ်တုန်းက
ဘုရားလမ်းက ညဖက်ဆို လူပြတ်တယ်
လုတာယက်တာတွေ ရှိတယ်
လမ်းသရဲတွေ ညည
ဘုရားလမ်းမှာ ချိန်းချိန်းပြီး
တစ်အုပ်နဲ့တစ်အုပ် ရိုက်ကြသတဲ့
အဲဒီခေတ်က
စိုင်းထီးဆိုင်ရဲ့ ပလက်ဖောင်းမင်းသားသီချင်းထဲကလို
ဘရားသားကြီး ဇေပါတယ်ခေတ်ပေါ့
......... (နရီမင်းရဲ့ ငါ့မြို့ကဗျာမှ..)
၃။
ခေတ်တွေ။ အဲဒီခေတ်ထဲ တစ်ဦးချင်းဖြတ်သန်းလာခဲ့ကြတဲ့ အဖြစ်တွေ။ ကဗျာဟာ ခေတ်ရဲ့ပါးကို တဖြန်းဖြန်းရိုက်ပြီး ဆက်ပြောနေတယ်။ အဲဒီလို ငါ့မြို့ကဗျာရှည်ကို အွန်လိုင်းပေါ် လွတ်လပ်လှိုင်းစာမျက်နှာပေါ်တစ်ပိုင်းစီဖတ်ခဲ့ရစဉ်တလျှောက်လုံးမှာလည်း ကဗျာဓာတ်ဟာ ကျနော့်ကို နှောက်ယှက်နေခဲ့တာပဲ။ အကြောင်းအရာတစ်ခုကိုပြောတော့မယ် ရေးတော့မယ်ဆိုရင် ငါ့မြိုထဲ ကဗျာစာသားတွေက ခုန်ထလာတယ်။ နောက်ဆုံး ဘယ်လိုမှရုန်းမရ ကိုယ်တိုင်လည်း ဇာတိအလွမ်းကိုပြန်ရ အတိတ်ကိုပြန်တူးဆွမိတဲ့စာတွေ ရေးဖြစ်သွားခဲ့သေးတယ်။ ထားပါ။ အခု ငါ့မြို့ကဗျာအကြောင်းပြောချင်လာတော့ အဲဒီကိုယ်ရေးခဲ့တဲ့ စာတွေအကြောင်း ခေါင်းထဲရောက်လာခဲ့တယ်ပေါ့။ ကျနော့်မှာ ငါ့မြို့နဲ့ပတ်သက်ပြီးပြောစရာစကားတွေအားလုံး စာထဲရောက်သွားပြီးခဲ့ပြီလိုလို အဆမတန်ထပ်ပွားလာသလိုလည်း ဖြစ်နေမိပြန်တယ်။ အခုလည်း စာရွက်သားတွေဟာ တဖျပ်ဖျပ်ခတ်နေသလိုမျိုး အတိတ်မြို့တစ်မြို့ထဲ ဝင်ရောက်ခဲ့ပြန်တာပါပဲ။ အကြောက်တရားတွေဖုံးထားတဲ့ ခေတ်ကြီးထဲက မြို့တစ်မြို့ဆီကိုပေါ့။
အဲဒီဆိုင်းဘုတ်နေရာမှာပါပဲ
ငါသူ့လို ကိုးတန်းကျောင်းသားအရွယ်က
တင်ပါးကြီးကြီး ရေကူးဝတ်စုံနဲ့
မှောက်ခုံကြီးလုပ်နေတဲ့
ခင်သီတာထွန်းပုံနဲ့
ရုပ်ရှင်ပိုစတာကြီးကို
ကားကြီး ရုတ်တရက် ဘရိတ်အုပ်တဲ့အခါ
ကယားဝတ်စုံနဲ့ ကောင်မလေးက
ရှေ့ငိုက်လာပြီး
သူ့ရင်ဘတ် ငါ့ကျောကိုလာထိလို့
ငါ့ပခုံးလာကိုင်တဲ့အခါ
အဟေး ပျော်တော့ပျော်စရာပေါ့လေ
လူငယ်ဘဝရဲ့ အစောဆုံးရက်တွေ၊ အဲဒီခေတ်ဆိုးကြီးထဲ အသက်ရှင်နေထိုင်ခဲ့ပုံတွေ။ နောက်ပြီး တစ်စစီပြန်ကျဲနေတဲ့ ငယ်ဘဝအစအနတွေကို ပြန်ကောက်ဆက်လို့ ရုပ်ရှင်တစ်ကားကို ရိုက်ပြနေသလို။ ရုပ်ရှင်ထဲမှာ လွမ်းမောဖွယ်တည်နေရာများ တကယ့်အဖြစ်အပျက်များရောပြွန်းနေတာ။ အစပိုင်းမှာမြင်ရတာကတော့ ကဗျာဆရာရဲ့ ငယ်ဘဝနောက်ခံမြင်ကွင်းတွေချည်းပါပဲ။ ငယ်ဘဝအကြောင်းအရာတွေနဲ့ အတူ လွင့်မျောလာတဲ့ ခေတ်နောက်ခံကားချပ်ဟာ တိမ်တွေလိုလွင့်နေခဲ့တယ်။ တဖြေးဖြေး တစစ စုပေါင်းရာကနေ ရွာချလာခဲ့တယ်။ အနာဖေးမှာ ပြန်စို့နေတဲ့ သွေးစလို မြင်ကွင်းတွေလည်း ပါလာခဲ့တာပဲပေါ့။ ဘာမှမတတ်နိုင်ပါဘူး။
သုံးလပတ် စာမေးပွဲဖြေတော့
သူကငါ့နားမှာ
ငါရေးပြီးသမျှသူ့ကိုပြတယ်
ရီပို့ကတ်ထွက်လာတော့
အတန်းထဲမှာ သူက ၁ချိတ်ပြီး
ငါက ၂ပဲချိတ်တယ်
အဲဒီသူငယ်ချင်းက
အခုမြို့မှာဘလူမိုက်ခေါင်းဆောင်တဲ့လေ
......... (နရီမင်းရဲ့ ငါ့မြို့ကဗျာမှ..)
ခေတ်ကြီးတစ်ခေတ်လုံး လွဲခဲ့သမျှတွေဟာ ကိုယ်တိုင် နောက်ပြန်ကြီး ပြန်စီးသွားသလိုလို ကဗျာထဲမှာ အတိတ်အကြောင်းတွေဟာ တစ်ကွက်စီ ထင်ရှားလာတယ်။ ကဗျာဟာ အတိတ်ထဲသွားနေရုံတင်မဟုတ်ဘူး။ လက်ရှိဘဝကိုလည်း မွန်းကျပ်မှု အစေးမကပ်မှုတွေနဲ့ လှမ်းလှမ်းထောက်ထားရဲ့။ ကဗျာဆရာရဲ့ မြို့ဆီ ပြန်ရောက်သွားရာကနေ ဆွဲထုတ်လိုက်တဲ့အစဟာ ဖတ်သူကို ဖတ်လို့မဆုံးစေတော့ဘူး။ ကဗျာထဲ ကဗျာဆရာပြောတဲ့မြို့ကိုလည်း မြင်နေရတယ်။ ကဗျာဝိဥာဉ်ရဲ့ လှုပ်နေတဲ့ အသက်ဓာတ်ကိုလည်း မြင်အောင်လိုက်ကြည့်နေမိတော့တယ်။ ပြီးတော့ အတိတ်မြို့တစ်မြို့ထဲ ကိုယ်တိုင်ပြန်ရောက်သွားသလို ခေတ်ကိုတစ်လွှာချင်းလွှာချလိုက်သလို တစ်ခန်းပြီးတစ်ခန်း တစ်ကြောင်းပြီးတစ်ကြောင်း ဇာတ်ကြောင်းပြောပုံစံနဲ့ ပြန်ပြောပြသွားခဲ့တယ်။ ကျနော်ကိုယ်တိုင် ကဗျာနောက် ဒလိမ့်ကောင့်ကွေး ဖြေးဖြေးညင်သာ ပုံစံအစုံနဲ့ တလျောက်လုံး တကောက်ကောက်လိုက်ပါနေခဲ့မိပြန်တာပဲပေါ့။ ကဗျာဟာ မြို့တစ်မြို့အကြောင်းကိုရင်းရင်းနှီးနှီး ပခုံးဖတ်ပြောပြနေတဲ့မိတ်ဆွေတစ်ယောက်ကို တွေ့လိုက်ရသလိုပဲ။ ကျနော့်ကို အတိတ်ထဲပြန်ခေါ်သွား အတိတ်မြို့ဆီ ကိုယ်ပါလိုက်မျောပါသွားခဲ့မိတာပါပဲ။
၎။
တစ်ခါက ငါ
အဲဒီဈေးကြီးထဲ ခေါက်တုံ့ခေါက်ပြန် သွားရင်း
ပိုက်ဆံတစ်ကျပ်လောက် ကောက်ရမလား
စိတ်ကူးယဉ်ခဲ့ဖူးတယ်။
ကြားရတဲ့သတင်းက ရိုးစင်းလွန်းရင်
ငါတို့ ဇာတ်လမ်းတွေ ထွင်ပြောကြတယ်
......... (နရီမင်းရဲ့ ငါ့မြို့ကဗျာမှ..)
ကျနော်တို့ဟာ မုဆိုးလက်ထဲက သေနေတဲ့ သားကောင်တွေလား။ ကျနော်တို့တစ်ခေတ်လုံးဟာ ပိုက်ကွန်ထဲတပြုံကြီးအမိခံနေတဲ့ ငါးတွေလိုလား။ ကျနော်တို့ဟာ ကိုယ့်ရဲ့လူ့အဖြစ် ဖြစ်ရှိမှုကိုတောင်မှ အမြဲလိုက်ဖမ်းနေကြရတတ်ပါတယ်။ ငါ့မြို့ဟာ အက်ဆေးတစ်ပုဒ်မဟုတ်ဘူး။ နောက်ပြီးပုံပြင်တစ်ပုဒ်လည်း မဟုတ်ပြန်ဘူး။ တစ်ခေတ်လုံးကို လိုက်မွှန်းနေတဲ့ ဓားတစ်လက်ကို ကဗျာအဖြစ်မြင်နေရတာပါ။ ဒါကဗျာတစ်ပုဒ်ဆိုတာကတော့ သေချာနေခဲ့ပါတယ်။ အဲဒါကိုပဲ အနှစ်နှစ်အလလပျောက်ရှခဲ့တဲ့ပစ္စည်းတစ်ခု ပြန်တွေ့နေရသလို ကျနော်ဖတ်နေမိတာ။ ကျနော်ပြောချင်တာ ဝမ်းသာအားရဆိုတဲ့ စကားလုံး နဲ့အတူ နာကျင်ကြေကွဲရဆိုတဲ့ စကားလုံးမျိုးပေါ့။ နာကျင်စရာကိုမှ အရသာရှိနေမိတယ်။ ဒဏ်ရာကစို့နေတဲ့သွေးကို လျက်ပြီး အရသာခံနေမိတယ်။ ဒီကဗျာတွေကို ဇာတိအလွမ်းနဲ့ ဗျာဒိအရမ်းဆိုပြီး ဆရာမိုးဧအောင်က စာအုပ်ရဲ့နောက်ပိုင်းမှာရေးထားပါတယ်။
ငါဟာ
ဘုရားကိုမျက်နှာမူပြီး
ဘုရားရှိရာကိုပြေးတယ်
ဘုရားကို ကျောခိုင်းပြီး
ဘုရားနဲ့ဝေးရာကိုလည်း ပြေးခဲ့တယ်။
လူတော်တော်များများက
ဗုဒ္ဓဘာသာဆိုတာ
ကံ ကံ၏အကျိုးကို ယုံကြည်တာရယ်လို့
မသိကြဘူး
များများဆုတောင်းကြရင်း
အကြောက်တရားဆီကနေ
ဝေးဝေးကိုပြေးဖို့ပဲ တွေးတယ်ထင်ပ
......... (နရီမင်းရဲ့ ငါ့မြို့ကဗျာမှ..)
ငါ့မြို့ထဲက နေရာတော်တော်များများကိုတော့ မြို့သားတစ်ယောက်အနေနဲ့မှသာ ပိုသိတော့မှာပါပဲ။ ဒါပေမယ့် လူတွေရဲ့အကျင့်စရိုက်တွေ အဲဒီခေတ်ရဲ့ရုပ်ပုံကားချပ်တွေကတော့ ဘယ်နေရာရောက်ရောက် အတူတူပဲ ရှိနေကြမယ်ထင်ပါတယ်။ အဲဒီခေတ်ကိုဖြတ်သန်းဖူးရင် အဲဒီအကြောင်းတွေ ပိုသိမှာပေါ့ဆိုတဲ့အတိုင်း ကဗျာဟာ ခေတ်ကိုပါဝင်ဝင်ပြောနေတာ။ အဲဒီခေတ်ကလူတွေအကြောင်းကိုပါ တစ်ထိုင်တည်း ညည်းညူပြနေတာ။ ကဗျာဆရာပြောသလိုပဲ ပျော်စရာတော့ ကောင်းမှာမဟုတ်ပါဘူး။ ပျော်စရာဆိုတာထက်စာရင်လည်း နာကျင်ဖွယ်အမှတ်တရများ လွမ်းမောဖွယ်အကြောင်းအရာများသာ အစားထိုးနေရာယူနေတော့မှာပေါ့။ ကဗျာထဲက မြို့ရဲ့အထင်ကရနေရာတွေ အဲဒီနေရာတွေနဲ့ဆက်စပ်ပြီး လက်ရေးတိုနဲ့အမြန်ရေးမှတ်ထားတဲ့ အမှတ်ရချက်တွေ။ နောက်ခံပုံရိပ်တွေ နောက်ပြီး စိတ်ထဲစွဲထင်ကျန်ရစ်နေသေးတဲ့ အတိတ်ရဲ့ စကားလုံးမြင်ကွင်းတွေ။ အဲဒီလို ရင်ခုန်လှိုက်မောမှုတွေနဲ့အတူ ကဗျာကို ဆက်တိုက်ကြီး ပြောပြသွားဖို့ဆိုတာ ထင်သလောက်မလွယ်ကူတတ်ပါဘူး။
ဘုရားပွဲပြီးရင်
လယ်ကွင်းတွေရဲ့တစ်ဖက်ခြမ်း
တိုက်တန်းလျားမှာနေတဲ့
ငါ့သူငယ်ချင်းတစ်ယောက်ကတော့
အဲဒီဘက်က လေလာရင်
ချီးစော်သေးစော်ကို နံဟောင်နေတာပဲတဲ့
......... (နရီမင်းရဲ့ ငါ့မြို့ကဗျာမှ..)
၅။
ငါ့မြို့ကဗျာထဲမှာ ငယ်ဘဝ အပိုင်းအစတွေကို အရောင်စုံအောင်မြင်နေရတယ်။ မြို့ရဲ့အထင်ကရနေရာတွေထဲက ခေတ်ရဲ့နိမိတ်ပုံတွေလှုပ်ခတ်နေတယ်။ တစ်ချိန်တုန်းက အမှတ်မထင်အကြောင်းတွေဟာ စွဲစွဲထင်ထင် မှတ်ဥာဏ်မှာပေါ်နေခဲ့ပါတယ်။ တစ်ချို့လူတွေရဲ့ မှတ်ဉာဏ်မှာ ကျော်သွားတတ်တဲ့အဖြစ်တွေကို တစ်ကဒ်ချင်းပြန်ရိုက်ပြနေသလို ခင်မောင်ရင်ရိုက်တဲ့ ''နှမလက်လျှော့ နေလေတော့" ရုပ်ရှင်ကားကိုကြည့်ခွင့်ရတဲ့ခေတ်ထဲက ဥာဏ်ရည်အတိမ်အနက်တွေဟာ လှိုက်မောစရာ အပြည့်ပါပဲ။ ဂျိန်းဂျွိုက်ရဲ့ ဒဗ္ဗလင်နာထဲကလို အားလုံးဟာ ငါ့မြို့ရဲ့ မြို့သူမြို့သားတွေဆိုလည်း ဟုတ်ပါလိမ့်တယ်။ ချစ်ခြင်းမေတ္တာဟာ တစ်နေရာထောင့်တစ်ထောင့်ကနေ လိုက်ပါနေတယ်။ မိဘနဲ့ သားသမီးကြားက ဖြစ်နေကျ အယူ အဆတိုက်ပွဲတွေ မြင်နေရတယ်။ မျိုးဆက်တစ်ခုနဲ့တစ်ခုမှာတော့ အယူအဆဆိုတာ တိုက်ယူရတဲ့စစ်ပွဲတစ်ခုပမာ တစ်ထိုင်တည်းနဲ့ ဘယ်တော့မှ မပြီးပြတ်တတ် အဖေနဲ့သားကြားက စဉ်းစားတွေးခေါ်မှုတွေကလည်း ဘယ်ခေတ်မှာမဆို တူညီမှာ မဟုတ်ပါဘူး။ ဖတ်နေရင်းနဲ့ လွမ်းလိုက် တွေးနေရင်းနဲ့ ပျော်သွားလိုက် လိုက်ကြည့်နေရင်းက နာကျင်ရလိုက်နဲ့ ငါ့မြို့တစ်မြို့ပါပဲ။ အဲဒါတွေ သားသိပါတယ်အဖေရာလို့ ကျနော်တို့ကိုယ်တိုင်ပြောသလိုပဲ အဲဒီထိပ်တိုက်တွေ့မှုဟာ အစဉ်အဆက်ရှိနေဦးမှာပါပဲ။
ငါမြတ်မြတ်နိုးနိုးစုထားတဲ့
ရှားပါးစာအုပ်တွေ ခြစားသွားတဲ့အခါ
အိမ်ကတိုင်တစ်တိုင် အတွင်းက ခြလှိုက်စားသွားလို့
အခေါင်းပွကြီးပဲ ကျန်တဲ့အခါ
အဖေ့စကားဟာ အမှတ်ရစရာ ဖြစ်လာတယ်
အဖေက သူသေခါနီးအထိ
ဘာကောင်မှ မဖြစ်တဲ့ သူ့သားကို
အကောင်ကြီးတစ်ကောင် ဖြစ်မယ်ထင်ပြီး သေသွားတာ။
သူ့သားဟာ
အစောကြီးကတည်းကကို
ဘာကောင်မှ မဖြစ်ချင်တော့တာ
အဖေ သိမသွားခဲ့ဘူး။
......... (နရီမင်းရဲ့ ငါ့မြို့ကဗျာမှ..)
ကဗျာဟာ ခေတ်အဆက်ဆက် ဆေးမဆိုးထားပဲ တာရှည်ခံနေတဲ့ သစ်သီးပေါ့။ အဲဒါကို ကဗျာဆရာကိုယ်တိုင် စိုက်ပျိုးထားခဲ့ရတယ်။ အသီးကိုခူးဆွတ်ခဲ့ပြီးမှတော့ ခွဲလို့လက်ရှခဲ့တဲ့ ဒဏ်ရာမှာ ဖတ်သူနဲ့သာသက်ဆိုင်ပါလိမ့်မယ်။ ပြီးတော့ ငါ့မြို့ကဗျာရှည်ထဲမှာ ကဗျာဆရာကိုလည်းမြင်ရတယ်။ နောက်ထပ် တစ်ယောက်ယောက်ကိုလည်း မြင်နေရတယ်။ နောက်ပြီး အဲဒီတစ်စုံတစ်ယောက်ဟာ ကျနော်တို့ကိုယ်တိုင် ဖြစ်နေကြပြန်ရော။ ကျနော့်မှာ အခြားပြောစရာရှိပါသေးတယ်ဆိုရင်တော့ ကဗျာကိုဖတ်ကြည့်ပါတော့လို့သာ ဆက်ပြောရမှာပါပဲ။ ငါ့မြို့ဟာ အားလုံးကို တစ်ထိုင်တည်းပြောသွားသလို ကဗျာဆရာပြောနေတဲ့အကြောင်းအရာတွေဆီကနေ ကိုယ့်အဖြစ်တွေနဲ့အစားထိုး ပြန်လွမ်းလို့ရနေနိုင်တာပါပဲ။ ကိုယ်စီဘဝထဲမှလည်း အဲဒီလိုမျိုး အဖြစ်အပျက်တွေဟာ ရှိခဲ့ဖူးမှာပါ။ ဒါဟာ တကယ့်ကို လွမ်းစရာပါ။ နာကျင်စရာတွေပါ။ ဘယ်လိုမှ ပြန်မရချင်တော့တဲ့ အတိတ်တွေပါ။ အဲဒါကိုပဲ ကဗျာအဖြစ်နဲ့ ပြန်တွေ့ရလိမ့်မယ်လို့ အစတုန်းက ကျနော်မထင်ခဲ့ဖူးပါဘူး။ ဒါပေမယ့် ဒီကဗျာမှာတော့ ကျနော့်အပြည့်ပြန်ရခဲ့တယ်။ ငါ့မြို့ကဗျာဟာ အားလုံးဆက်တွေးမိနေဦးမယ့် အတိတ်က ဖြစ်ရပ်များကို မှတ်သားထားခြင်းလို့လည်း ထင်မိပါတယ်။
လူ့ဘဝဆိုတာ
မှတ်တိုင်မှာ ထိုးရပ်လာမယ့် ဘတ်စ်ကားကို စောင့်နေရသလို
မသေခင် တစ်ခုခုလုပ်နေရတာပဲလို့
သူ့သားက အစောကြီး ရှာတွေ့ခဲ့တယ်ဆိုတာ
အဖေ သိမသွားခဲ့ဘူး။
ဆုံးရှုံးမှုက တစ်သက်စာ ကြီးမားခဲ့တယ်။
အဖေက ငါ့ကို မရလိုက်သလို
ငါဟာလည်း အဖေ့ကို မရလိုက်ပါဘူး။
အဆိုးဆုံးက
ငါ့မြို့ဟာ ငါ့ကို မရလိုက်သလို
ငါဟာလည်း ငါ့မြို့ကို
ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလေ။
......... (နရီမင်းရဲ့ ငါ့မြို့ကဗျာမှ..)
ငါ့မြို့ကြောင့် ကျနော်နောက်ထပ်ပြောဖြစ်သွားခဲ့မယ်ဆိုရင် နောက်ထပ် ငါ့မြို့ကဗျာတစ်ပုဒ်မဟုတ်ပဲ အဲဒီခုနှစ်တွေ အတိတ်တွေထဲ ကျနော်ခုန်ချလိုက်ပြီဖြစ်ကြောင်း တစ်စစီအစထုတ်ရမယ့် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါလိမ့်မယ်။ ငါ့မြို့ကတော့ ကျနော့်စာကြည့်ခန်းမှာ ကဗျာကောင်းတစ်ပုဒ်အဖြစ် ကျန်နေခဲ့တော့မှာပါ။ ကျနော် ဆက်ပြီး တွေးနေမိတယ်။ ကိုယ်စီဖြတ်သန်းခဲ့ရတဲ့ ခေတ်ထဲက ကျနော့်ရဲ့ နှစ်သုံးဆယ့်ငါး အတိတ်နွံအိုင်ထဲမှာ မပျော်မပါးကူခပ်ခဲ့တဲ့ ငါးဘဝအကြောင်း ငါ့အကြောင်းတွေပဲပေါ့။ ကျနော် ဆက်ရေးဖြစ်နေဦးမယ်လို့လည်း ထင်ပါတယ်။ ငါ့မြို့ကဗျာကနေ တနင့်တပိုးပွားလာတဲ့ ကျနော်အလွမ်းတွေကို ပြန်တူးဆွလို့ အတိတ်တွေကို ကျနော့် အကြောင်း အဟောင်းကြီးတွေကို ပြန်လွမ်းလို့ပေါ့..။ ကဗျာအကြောင်းကတော့ ဒီထက်လည်းပြောစရာမရှိ ဖတ်သူအနေနဲ့သာဖတ်သွား ကဗျာထဲဝင်ရောက်သွားရုံပါပဲ။ အမှန်တကယ်လည်း ကျနော်ကိုယ်တိုင် ကဗျာကို academicဆန်ဆန် သရုပ်ခွဲပိုင်းခြားတာထက် ကျနော်ဟာ ကဗျာခံစားသူအဖြစ်မျှသာ ဆက်ပြီးရှိနေချင်ခဲ့တာမျိုးပါ။ ။
စာအုပ်အမည် ငါ့မြို့နဲ့ ရှစ်ဆယ့်ရှစ်
ရေးသူ နရီမင်း
ထုတ်ဝေသူ ဒေါ်အိဝတ်ရည်ထွန်း DUTY စာပေ
မျက်နှာဖုံးဒီဇိုင်း ခန့်မင်းထက်
၂၀၁၈ စက်တင်ဘာလ ပထမအကြိမ် အုပ်ရေ ၁၀၀၀ တန်ဖိုး ၂၀၀၀ ကျပ်ဖြင့် ထုတ်ဝေထားပါတယ်။
နိုလှိုင်း
၂၀၁၈ အောက်တိုဘာ ၇
Comments