လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ - ဆောင်းပါးအမှတ် (၅ဝ)

လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ - ဆောင်းပါးအမှတ်  (၅ဝ)
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၈
 
ဆရာကြီးမှိုင်းဈာပနကာလ  (၁၉၆၄- ဇူလိုင် -၂၃ ရက်၊ သြဂုတ် ၈ ရက်)


ဖေဖေအသက်  (၃၈) နှစ်အရွယ် ၁၉၅၇ မှာတပ်ကထွက်ရပြီးနောက် နိုင်ငံရေးဆက်လုပ်ဆောင်ရာမှာ ဆရာကြီးမှိုင်းတို့ရဲ့ ပြည် တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်း ပါဝင်သွားခဲ့ရာမှာ ၁၉၆၂ မတ်လ (၂) ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန် ကျမှပဲ လှုပ်ရှားမှုတွေရပ်လိုက်ရပါတယ်။ ဆရာကြီးမှိုင်းကျန်းမာရေးကောင်းစဉ်က ဆရာကြီးအိမ် စမ်းချောင်း၊ အမှတ် (၅) ချမ်း သာလမ်းမှာပဲဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေလုပ်လေ့လုပ်ထရှိပေမယ့်၊ ဆရာကြီးအသက်အရွယ်ကထောက်လာ၊ကျန်းမာရေးက ယိုယွင်းလာတော့၊ ကျွန်မတို့အိမ် စမ်းချောင်းအမှတ် (၃၆) ဆီဆုံလမ်းအိမ်မှာပဲ လုပ်လာပါတော့တယ်။

ဆရာကြီးရဲ့ကျန်းမာရေးကို တောက်လျှောက်ကြည့်ရှုစောင့်ရှောက်ပေးခဲ့သူကတော့ ဒေါက်တာဆင်ဖိုးပါ။ ဖေဖေကလည်းသူရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိစာအုပ်မှာ ဒေါက်တာဆင်ဖိုးကို အထူးကျေးဇူးတင်စွာနဲ့ ဆရာကြီး ဤမျှအထိ အသက်ရှည်၍ အနာမဲ့စွာ နေထိုင်သွားနိုင်မှုမှာ ဒေါက်တာဆင်ဖိုး၏ ကျေးဇူးပင်ဖြစ်ပါသည်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော-ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ (ယဉ်မျိုးစာပေ) - နှာ၂၇၅) လို့ ရေးထားပါတယ်။



ဆရာကြီးရဲ့ကျန်းမာရေးဟာ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပျက်ပြီးကတည်းက တဖြည်းဖြည်းဆိုးလာရာမှာ ၁၉၆၄ ဇူလိုင်လဆန်းကစပြီး အခြေအနေတွေ ပိုဆိုးလာနေပါတယ်။ အဲဒီကာလတွေမှာ ဒေါက်တာဆင်ဖိုး၊ ဖေဖေ၊ လွှတ် တော်ရှေ့နေကြီး ဦးထွန်းတင်တို့ (၃) ဦးဟာ နေ့ရော ညပါ အနားမှာရှိနေကြပါတယ်။ ဖေဖေတို့က တချို့ညတွေဆို မပြန်ကြ တော့ပါဘူး။ ဆရာကြီးမိသားစုဝင်များနဲ့အတူ ဆရာကြီးဘေးမှာပဲ ရှိနေခဲ့ကြပါတယ်။ ဖေဖေကလည်း အဲဒီကာလအဖြစ် အပျက်တွေကို ဆရာကြီးမှိုင်း၏နောက်ဆုံးနေ့ရက်များဆိုတဲ့ မှတ်တမ်းလေးရေးထားပါတယ်။ (အထက်ပါစာအုပ် နှာ - ၂၈၂-၂၈၅)

၁၉၆၄ ဇူလိုင် (၂၃) နံက် ၁ နာရီမှာ ဆရာကြီး ကွယ်လွန်သွားပါတော့တယ်။ ဖေဖေတို့က ဆရာကြီးရဲ့သားမက်စာရေးဆရာ ကြီးဇေယျ (ဦးယော) ကို အမှူးပြုပြီး ဈာပနကော်မတီဖွဲ့လိုက်ပါတယ်။ ဒီအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တဖက် သတ်ရပ်ပစ်လိုက်တဲ့အတွက်ရော၊ ဒီနောက် လူဖမ်းပွဲများဆက်တိုက်လုပ်နေမှုတွေကြောင့်ရော၊ လူထုက မကျေမနပ်ဖြစ်ပြီးပုံရိပ်လည်းဆိုးဝါးနေတဲ့တော်လှန်ရေးကောင်စီက ဆရာကြီးမှိုင်းရဲ့ဈာပနမှာဝင်လာပြီး အကူအညီများပေးလာပါတယ်။ ဒါ တွေကိုဖေဖေတို့ကအသုံးချပြီး ဆရာကြီးရဲ့ဈာပနအခန်းအနားကိစ္စများမှာရော၊ နောင်တည်ဆောက်တဲ့ဆရာကြီးဂူဗိမာန် ကိစ္စများမှာပါ ဆရာကြီးရဲ့ဂုဏ်သိက္ခာနဲ့ သင့်တော်စွာအတော်ခမ်းခမ်းနားနားဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဆရာကြီးရဲ့ရုပ်ကလပ်ကို ချမ်းသာလမ်းအိမ်မှာတပတ်ထားပြီး ဇူလိုင် (၂၉) ရက်မှာ အစိုးရကပေးတဲ့ စမ်းချောင်းဘောလုံးကွင်း (ပဒုမ္မာကွင်း) က မဏ္ဍပ်ထဲရွှေ့ပြီး (၁ဝ) ရက်ထားပါတယ်။ ဆရာကြီးရဲ့ဘဝဖြစ်စဉ်ပြခန်းလေးတခုလည်း ခင်းကျင်းပြသ ထားပါတယ်။ ညပိုင်းမှာလည်း လူထုဦးလှစီစဉ်မှုနဲ့ ဟောပြောပွဲတွေလုပ်ပါသေးတယ်။ ဖေဖေက ဒီကာလမှာ လူထုဦးလှနဲ့ တွဲအလုပ်လုပ်ရင်း လူထုဦးလှရဲ့စည်းရုံးရေးစွမ်းအင်ကို အတော်သဘောကျခဲ့ပါတယ်။

အဲဒီဟောပြောပွဲတွေဟာ အလွန်စည်းကားပါတယ်။ ဆရာကြီးရဲ့ဘဝဖြစ်စဉ်တွေ၊ ဆရာကြီးရဲ့ စာပေကဗျာလေးချိုးကြီးများအကြောင်းတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးခရီးများထွက်စဉ်က အကြောင်းအရာတွေ၊ စတာတွေ အတော်ကိုစုံလင်ပါတယ်။ ဟောပြောသူတွေ၊ စာတမ်းဖတ်သူတွေကလည်း နိုင်ငံရေးလောက၊ အနုပညာလောကနဲ့ စာပေလောကတို့က နာမည်ကျော်ပုဂွိုလ်များဖြစ်ကြလို့လည်း လာနားထောင်သူတွေများပြီး စည်ကားနေတာလည်းဖြစ်ပါတယ်။

အဲဒီမဏ္ဍပ်ထဲမှာထားရှိတဲ့ ဆရာကြီးရုပ်ကလပ်ကိုလည်း အဖွဲ့အစည်းတွေ၊ လူပုဂွိုလ်အမျိုးမျိုး၊ သံရုံးများက လွမ်းသူ့ပန်းခွေ များလာချကြရာမှာ တချို့ (မတရားသင်းကြေညာခံထားရတဲ့) အဖွဲ့အစည်းတွေလည်း ပါလာပါတယ်။ ပန်းခွေလာချစဉ်ကနာမည်တမျိုးနဲ့ဖြစ်ပြီး လူလစ်မှအပေါ်က ကပ်ထားတဲ့စာရွက်ကို ခွာလိုက်ဟန်ရှိပါတယ်။



သြဂုတ်လ (၈) ရက်နေ့မှာတော့ ဆရာကြီးရဲ့ရုပ်ကလပ်ကို ပဒုမ္မာကွင်းကနေခြေလျှင် သယ်ဆောင်ပြီး အစိုးရပေးထားတဲ့ ရွှေတိဂုံဘုရားလမ်းရှိ ကန်တော်မင်ပန်းခြံထဲရှိ ယာယီဂူဗိမာန်မှာမြှုပ်နှံလိုက်ပါတယ်။ အဲဒီနေ့ကတော့ လူထုတရပ်လုံး ပါဝင် လှုပ်ရှားတဲ့ ပြည်သူ့ဈာပနကြီးဖြစ်ခဲ့ပါတယ်။ ရုပ်ကလပ်သယ်ဆောင်ရာလမ်းတလျှောက် ဦးဝိစာရလမ်းဘေး တဖက်တချက်မှာ၊ရွှေတိဂုံဘုရားကုန်းတော်ပေါ် လူတွေကြိတ်ကြိတ်တိုးနေပြီး ကန်တော်မင်ပန်းခြံမှာတော့ ဆက်သယ်လို့မရလောက်အောင် ကို လူတွေပြည့်လျှံနေပါတော့တယ်။ လမ်းဘေးတဖက်တချက်မှာလည်း လိုက်ပို့တဲ့လူတွေကြားထဲ တချို့အမျိုးသမီးကြီး တွေမျက်ရည်ပေါက်ပေါက်ကျပြီး ထိုင်ကန်တော့နေတာတွေလည်း တွေ့ရပါတယ်။ (ဖေဖေကိုပြောပြမိတော့ တောထဲနဲ့အဆက်အစပ်ရှိသူများဖြစ်နိုင်တယ်။ ဆရာကြီးကွယ်လွန်ပြီဆိုတော့ ငြိမ်းချမ်းရေးရဖို့လည်းဝေးပြီ၊ တောထဲရှိဆွေတွေမျိုးတွေနဲ့ လည်းဝေးပြီလို့တွေးပြီး ပိုစိတ်ထိခိုက်ကြတာဖြစ်မယ်တဲ့။)

ဖေဖေတို့ဈာပနကော်မတီဝင်တွေက အဲဒီကာလအတွင်း ဘာပြဿနာမှမပေါ်အောင် အတော်ကြိုးစားခဲ့ကြရပါတယ်။ တော်လှန်ရေးကောင်စီအစိုးရကလူထုရဲ့ခံစားချက်ကို သိလို့ရော၊ သူတို့ပုံရိပ်အတွက်ရော ဈာပနကိစ္စများမှာလာကူညီနေပေမယ့်-ဖေဖေတို့ကော်မတီထဲမှာရော၊ ဘေးပတ်ပတ်လည်မှာရော၊ စုံထောက်တွေ၊ စစ်ထောက်လှမ်းရေးတွေပြည့်နှက်နေအောင် ထည့်ထားပါတယ်။ (ဖေဖေကတော့ ဆရာကြီးမှိုင်းမိသားစုထဲမှာပါထည့်ထားတယ်လို့ သံသယရှိခဲ့ပါတယ်။) ဒါပေမယ့် ပြည်သူလူထုရဲ့တာဝန်သိစွာသတင်းပေးမှုတွေကြောင့် ဖေဖေတို့တတွေတချို့ကိစ္စများကို လက်ဦးမှုရှိရှိ ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီကာလက မဆလဖွဲ့တော့မယ့်အကြောင်းတွေကြားလာနေရပြီး လက်ဝဲသမား (အမည်ခံ) နိုင်ငံရေးသမားများကို-အထူးအရာရှိရာထူးတွေပေးလာနေတော့ ရနိုးနိုးသမားများက (မျက်နှာကောင်းရရေးအတွက်) အတော်အနှောက်အယှက် တွေပေးလာနေပါတယ်။ ဒါတွေအတွက်လည်း ဖေဖေတို့ အတော်စိတ်ပင်ပန်းရပါတယ်။

ဒီနောက် ဂူဗိမာန်တည်ဆောက်ရေးရံပုံငွေရှာရတဲ့အလုပ်၊ ဆရာကြီးဂုဏ်သိက္ခာနဲ့အညီ တည်ဆောက်ရေးအလုပ် စတာ တွေကို ဆက်တိုက်လုပ်ဆောင်ရပါတယ်။ အစိုးရပေးထားတဲ့မြေကွက်ကလေးမှာ သားသားနားနားဖြစ်ဖို့အတွက် အတော် လုံးပန်းရပါတယ်။ ဖေဖေတို့က ဂူဗိမာန်တည်ဆောက်ရေးအတွက် ဗိသုကာဦးကျော်မင်းကိုရလိုက်တဲ့အတွက် အတော့်ကို အဆင်ပြေသွားပါတယ်။ ဦးကျော်မင်းဟာ အန်ကယ်ကြည်မောင်ကဖေဖေဆီခေါ်လာပေးတာပါ။ ဦးကျော်မင်းဟာ နောက် ပိုင်းမှာလည်း အန်ကယ်ကြည်မောင်နဲ့ ဒီချုပ်ထဲပါသွားပြီး နဝတ-နအဖခေတ်နိုင်ငံရေးအကျဉ်းသမားကြီးဖြစ်ခဲ့ရပြီး ဒီဒဏ် တွေနဲ့ပဲ စောစောစီးစီး ကွယ်လွန်သွားရှာပါတယ်။

ဖေဖေကတော့ ဆရာကြီးဈာပနကို ပြည်သူ့ဈာပနကြီးအဖြစ် ခမ်းခမ်းနားနားကျင်းပပေးလိုက်နိုင်မှုအတွက်ရော၊ ဆရာကြီးရဲ့ ဂူဗိမာန်ကို ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ပေးလိုက်နိုင်မှုအတွက်ရော၊ အတော်ကျေနပ်အားရခဲ့ပုံရပါတယ်။ ဆရာကြီးရဲ့ ဂုဏ် သိက္ခာနဲ့အညီ လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖေဖေက ဆရာကြီးရဲ့ဘဝကိုလည်း အတော်လေးစား အားကျပုံ ရပါတယ်။ ဒါ့ကြောင့်ပဲ ၂ဝဝ၇ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တဲ့ ဖေဖေအထ္ထုပ္ပတ္တိစာအုပ်မှာ ဆရာကြီးအကြောင်းကို ဒီလိုရေးထား တာတွေ့ ရပါတယ်။ (အထက်ပါစာအုပ် - နှာ၂၉ဝ)

----- ဆရာကြီးကွယ်လွန်သွားသော်လည်း ဆရာကြီး၏စိတ်ဓာတ်က ရှင်သန်ကျန်ရစ်နေပေသည်။ ဆရာကြီး၏ပြည်သူများ ဘက်က ထာဝစဉ်ရပ်တည်ပြီး ပြည်သူများ၏ဘဝ သာယာငြိမ်းချမ်းရေးအတွက် တသက်ပတ်လုံး လုပ်ကိုင်ဆောင်ရွက်သည့် ဇွဲနပဲစိတ်ဓာတ်သည် နောင်မျိုးဆက်အဆက်ဆက်ကို သမိုင်းအမွေအဖြစ် လက်ဆင့်ကမ်းပေးခဲ့ပေသည်။ ထို့ကြောင့် မှိုင်း ရာပြည့်လှုပ်ရှားမှုမှာ ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်များမှာ ထောင်တန်းအကျခံ တချို့လည်း တောထဲရောက် လက်နက်ကိုင်တော်လှန်ရေးသမားအဖြစ်နှင့် ယခုအနှစ်သုံးဆယ်ကြာပြီးသောအခါ ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်တွင် နိုင်ငံရေးခေါင်းဆောင်များအဖြစ် ပေါ်ထွက်လာပြီဖြစ်သည်။ ဆရာကြီး၏ မပြီးဆုံးသေးသောတာဝန်ကို သူတို့ဆက်လက် ဆောင်ရွက်ပေလိမ့်မည်။ ------

----- ရှစ်လေးလုံးအရေးတော်ပုံအတွင်းတုန်းကလည်း ဆရာကြီးကိုမီလိုက်ခြင်းမရှိသည့် ကျောင်းသားငယ်လေးများက မိမိတို့၏ခံစားရချက်များကို "အဘိုးရေ" ဟု တ၍ ကျော်ကြားလှသည့် ကမ္ဘာမကျေသစ်သီချင်းကို သီဆိုခဲ့ကြပါသည်။ နောက်တမျိုးဆက် မှိုင်းကလေးများပေါ်လာခြင်းဖြစ်ပါသည်။-------

----ပြည်သူများဘက်ကအင်အားတရပ်အဖြစ် ဆရာကြီးကို ပုံအရိပ်ဖော်သလို ဆန့်ကျင်ဘက်အင်အားစုကလည်း ဆရာကြီး ၏ အမည်နာမစွမ်းပကားကို အကြောက်ကြီးကြောက်ကြပါသည်။ ထို့ကြောင့်ပင် နဝတ-နအဖခေတ်အဆက်ဆက်တွင် ဆရာကြီး၏ နာမည် ဓာတ်ပုံတို့ကို ဖော်ပြခွင့်မပေးခြင်းဖြစ်သည်။ ဆရာကြီး၏ဂုဏ်ရှိန်ကား ကြီးမားလှသည်။ ဆရာကြီး၏ ဘဝသည် ကောင်းမြတ်လှပေစွ ..... တဲ့။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေဟာ ဆရာကြီးမကွယ်လွန်ခင် (၁၉၆၂ တော်လှန်ရေးကောင်စီအာဏာသိမ်းပြီး) က တည်းက အတော်ရပ်ဆိုင်းသွားပြီး ဆရာကြီးဈာပနအထူးသဖြင့် ဂူဗိမာန်တည်ဆောက်ပြီး (၁၉၆၆) ချိန်မှာတော့ လုံးဝကိုရပ် ဆိုင်းသွားပါတော့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဝင်အတော်များများလည်း အဖမ်းခံသွားရပြီဖြစ်ပါတယ်။  ဒီမှာတင် ဖေဖေရဲ့ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းသွားပါတော့တယ်။

လှကျော်ဇော
၂၄၊ ၉၊ ၂ဝ၁၈။
0