မြဇင်ယော် ● ရွာပြန်ခရီး (အသွား)

မြဇင်ယော် ● ရွာပြန်ခရီး (အသွား)
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၈

ရွာကိုပြန်ချင်လိုက်တာများ ခြေကို ရွနေတာပဲ။ မရောက်ဖူးတဲ့ဒေသကို သွားရမှာထက် ကိုယ့်ရွာကိုယ်ပြန်ရမှာ ပိုပျော်တယ်။ ပြန်မယ့်နေ့မှာ ကိုယ်က မနက် ၉ နာရီထိုးရင် အလုပ်ပြီးမယ်။ အလုပ်ပြီးပြီးချင်း ရွာမှာဖတ်ဖို့  စာကြည့်တိုက်က စာအုပ်သွားငှား လိုက်တယ်။ အိမ်ရောက်တော့ ၁၀ နာရီထိုးပြီ။ ပစ္စည်းထည့်ပြီး ပြန်ရုံပေါ့။ တကယ်တော့ ပစ္စည်းက ဘာသယ်စရာလို လို့လဲ။ ကိုယ့်ရွာကိုယ့်အိမ် ပြန်မှာပဲ။ အဝတ်အစားလေးတစ်စုံနဲ့ ကျန်တာစာအုပ်တွေပဲ သယ်ရမှာ။ အပြောခံရပေါင်းများလှပေမယ့် အမျိုးတွေအတွက် လက်ဆောင်ပစ္စည်းဝယ်ဖို့တော့ အခြေအနေမပေးသေးဘူး။ အခြေအနေမပေးဆို အဖေက သားချင်း ၁၀ ယောက်၊ အမေက သားချင်း ၇ ယောက်၊ နှစ်ဖက်အဘိုးအဘွားတွေပါ ထည့်ပေါင်းလိုက်ရင် လက်ဆောင်ပစ္စည်းဖိုးက ကိုယ့်တစ်လစာနဲ့ ဘယ်လိုမှမလောက်နိုင်ဘူးလေ။

ပြန်ဖို့တွေးရင်း စိတ်ကူးလေးနဲ့ ရူးနေခဲ့တာ။ အိမ်လည်းပြန်ရောက်ရော အဖေက "ဒီနေ့ပြန်လို့ရောဖြစ်ပါ့မလား မသိဘူးဗျ၊ ဒွက်ကျော်ချောင်း ရေလာနေတာ၊ ကူးလို့မရဘူး" တဲ့လေ။

ဒွက်ကျော်ဆိုတာ ကိုယ့်ရွာမရောက်ခင် လမ်းခုလတ်ကရွာ။ အဲ့ရွာအရှေ့ဘက်က သဲချောင်းကြီးက နာမည်ကြီးတယ်။ မိုးကြီး လို့ ချောင်းရေစီးရင် ရေမကျမချင်း ကိုယ့်တောင်ရိုးအနောက် သားတွေ မြို့ကိုလာလို့မရတော့ဘူး။ (လမ်းအနေအထားက တပ်ကုန်းကနေ ဒွက်ကျော်အထိ မြေညီလမ်း၊ ဒွက်ကျော်အနောက်ထွက်တော့ တောင်တက်လမ်း။ တောင်ရိုးတလျှောက် ကားလမ်းဖောက်ထားတာ။ ကိုယ့်ရွာအပါအဝင် တောင်ရိုးကြီးဖြတ်ပြီးမှ ရောက်တဲ့ရွာတွေကို တောင်ရိုးအနောက်ဘက်လို့ ခေါ်ကြတယ်။)

သေချာအောင် ရွာကိုဖုန်းဆက်တော့လည်း ဒီသတင်းအတိုင်း ပြောကြတာပဲ။ ရွာက လာတဲ့လူမှန်သမျှ အကုန်လိုက်မေးတော့ လည်း ချောင်းရေကူးမရဘူး၊ ကားတွေရပ်ထားတာ တန်းစီလို့တဲ့လေ။ သူတို့ဘယ်လိုရောက်လာသလဲဆို ဆိုင်ကယ်ကို ယောက်ျားသားကြီး လေးငါးယောက်က ဝါးလုံးနဲ့ ထမ်းကူးရပြီး ကားတွေ မရမကကူးချင်ရင်တော့ ထွန်စက်နဲ့ ဆွဲရတာတဲ့။ တန်းစီးနေကြတဲ့ကားတွေကို ထွန်စက်ကို စောင့်နေကြတာတဲ့။

စိတ်က ယောက်ယက်ခတ်သွားပြီ။ ချောင်းရေမကျလို့ ရွာက ကားမလာနိုင်ဘူးဆိုရင်၊ လာပေမယ့် အန္တရယ်များလို့ ရွာမပြန် တော့ဘူးဆိုရင် ဘယ်လိုလုပ်ရပါ့မလဲ။ ကိုယ်က ရွာကိုပြန်ဖြစ်အောင် ပြန်လိုက်ချင်တာ။ ဒီနှစ်သင်္ကြန်တုန်းကလည်း ၃ ရက် လောက်ပဲ ရွာပြန်နေခဲ့ရတာ။ ဝါဆိုအခါတုန်းလည်း မပြန်ရဘူး။ လာမယ့်ဒီဇင်ဘာကျောင်းပိတ်ရက်လည်း ပြန်လာနိုင်ဖို့ မလွယ်ဘူး။ အခုတောင် တခြားမြို့နာမည်ကြီးဘော်ဒါတွေမှာထားတဲ့ ၁၀ တန်းကျောင်းသားမိဘတွေက သူတို့ကလေးတွေ သီတင်းကျွတ်ပိတ်ရက်လေး ပြန်လာသခိုက်၊  ၄-၅ ရက် လောက်ဖြစ်ဖြစ် ပြီးသလောက်လေး စာသင်ပေးပါဆိုတာကို အားနာ နာနဲ့ ငြင်းရတာ။ ရွာပြန်ချင်လွန်းလို့လေ။

ကဲ အခုတော့ ခဲလေသမျှ သဲရေကျ ရမလိုဖြစ်နေပြီ။ အဖေက ပြောရှာပါတယ်။ "မင်းတို့မောင်နှမလေး ၂ ယောက် ဆိုင်ကယ် နဲ့ပဲ ပြန်လိုက်ကြ၊ ချောင်းကူးတော့ ဆိုင်ကယ်ထမ်းဖို့ လူခေါ်လိုက်ရင်ရတယ်၊ လက်ဖက်ရည်ဖိုးလေးပဲ ပေးရမှာ"တဲ့။ အဲ့လို သာပြောတာ။ ပြန်ရင်စီးသွားရမယ့်ဆိုင်ကယ်က ကိုယ့်ထက် အသက်ကြီးတယ်။ အထိခိုက် အစွန်းထင်းမခံလေတော့ မောင်လုပ်သူက အဲ့ဆိုင်ကယ်နဲ့ မပြန်ရဲဘူး။ "ဒီလိုမျိုး မိုးကလည်း သဲလိုက်စဲလိုက်နဲ့ မပြတ်ရင်၊ ချောင်းမကူးရ သေးခင် ကတည်းက လမ်းမှာ ဆိုင်ကယ်ပျက်နေတာနဲ့ ဒုက္ခရောက်မှာဗျာ" တဲ့။ သိပ်မှန်တာပေါ့။ အဲ့တော့ ကဲ ဘယ်လိုဖြစ်ဖြစ် ကားကို စောင့်ပြီး ကားနဲ့ပဲပြန်လိုက်တော့မယ်လို့ ဆုံဖြတ်လိုက်တော့တယ်။

ရွာကားက နေပွင့်အောင် စောင့်နေတာ ၁၂ ထိုးပြီးမှ ရွာက ထွက်လာတာတဲ့။ (ရွာပြန်ချင်ရင် ရွာကလာမယ့်ကားကို စောင့်ရပါ တယ်၊ တပ်ကုန်းကနေ ကြိုက်တဲ့ကားတက်စီး၊ ရွာရောက်တယ်ဆိုတဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေမဟုတ်ပါဘူး။) လမ်းမှာ ၂ နာရီ လောက်ကြာတာဆိုတော့ နေ့ခင်း ၂ နာရီဝန်းကျင်မှ တပ်ကုန်းရောက်လိမ့်မယ်။ ကားပေါ်က ပါလာသမျှ လူ ကုန် ဈေးဝယ်ပြီးမှ ပြန်ထွက်ရတာဆိုပြန်တော့ အစောဆုံး (ရက်ရက်စက်စက် စောပစ်ဦး) ညနေ ၄ နာရီမှ ရွာပြန်ရမှာ။ အဲ့အချိန်ဆို နောက်ကျနေပြီမို့ ဒီနေ့ပြန်မနေတော့ဘဲ နောက်နေ့မှ ပြန်ရင်ရော...။ အဲ့လိုဆိုလည်း မိုးလေပွင့်ပြီလို့ ပိုင်သေမပြောနိုင်ဘူးလေ။ မိုးမပြတ်လို့ မပြန်ရရင် ဒုက္ခပဲမဟုတ်လား။ ကိုယ်ဟာ ရွာမှာ ၁ နာရီလေး ပိုနေရပိုနေရ ဒီနေ့လေး ကို ပြန်ချင်တာလေ။ အဲ့တော့ ဘယ်လောက်နောက်ကျနောက်ကျ မှောင်ရင်လည်းမှောင်ပါစေ၊ ဒီကြားထဲကားက ချောင်းကူး မရရင် လက်ပစ်ကူးပစ်မယ်၊ လမ်းချော်နေလို့ တောင်ပေါ်ကို မတက်နိုင်ရင် လည်း ခြေလျင်ကို တက်ပစ်မယ် ဘာမှတ်နေလဲ။ ပြန်ကိုပြန်မှာလို့။

ဒါပေမဲ့ ကားက ထင်တာထက်စောပါတယ်။ ၁ နာရီခွဲ လောက်မှာ တပ်ကုန်းကို ရောက်လာတာ။ "ခရီးသည်များခင်ဗျား ရာသီဥတုအခြေအနေကြောင့် ၁ နာရီလောက်ပဲ အချိန်ရပါတယ်။ ၂  နာရီခွဲရင် ကားပြန်ထွက်မှာမလို့ ခပ်သွက်သွက်လေး ဈေးဝယ်ပေးကြပါ" တဲ့။ ဘယ်ဆိုးလို့လဲ။ ဒီပုံအတိုင်းဆို သိပ်မစောင့်ရတော့ဘူးပေါ့။  စောစောလေး ပြန်ရနိုင်တယ်။ စိတ် တွက်၊ စိတ်တွက်၊ တွက်ရေးကတော့ စက်သူဌေးပေါ့လေ။ အဲ့လိုနဲ့ ဘယ်မှမသွားတော့ဘဲ ကားနားတင် ထိုင်စောင့် နေလိုက်တာ။ အစမှာတော့ပျော်ပျော်ပါးပါး၊ နောက်တော့ ပျင်းပျင်းရိရိ၊ ကြာ လာတော့ တမှိုင်မှိုင်တတွေတွေ၊ ရွာရောက်မှ နေ့လယ်စာကို အဝစားမယ်ဆိုပြီး အူရှင်းထားတဲ့ကိုယ်က အူတွေခွေနဲ့ စောင့်လိုက်ရတာ...စောင့်လိုက်ရတာ။  ကားကလည်း ဘယ်လောက်တိကျသလဲဆိုတော့ ညနေ ၅ နာရီ မတ်တင်းမှ ထွက်နိုင်တယ်။

ဟိုလူစောင့် ဒီလူစောင့်နဲ့လေ။ မစောင့်လို့လည်း မရဘူး။ ဒီနေ့ ရွာကနေထွက်တာ ဒီကား ၁ စီးတည်း ရှိတာကိုး။ အသွားအပြန် ဒီကားပဲ စီးကြရတာ။ ဒီကားမမီ နောက်တစ်စီးလို့ မရှိတော့ ဘူး။ အဲ့တော့ မတော်တဆများမေ့ထားခဲ့ရင် ကျန်နေခဲ့တဲ့သူက ကမ္ဘာမကြေပဲ၊ ရွာရောက်ရင် နပန်းအလုံးခံရမယ်မှတ်။ တကယ်ပဲ နပန်းမလုံးရုံတမယ် ရန်တွေ့ခံရမှာလေ။ တော်တော်ကြာ ကြာကို ကားပိုင်ရှင်နဲ့ ကားဆရာကို မခေါ်မပြောဘဲနေမှာ၊ သူတို့ကားလည်း မစီးတော့ဘဲ သည့်ပြင်ကား ပြောင်းစီးပစ်မှာလေ။ မှတ်ထား၊ နောက်တခါ ငါ့ကို ထားခဲ့ရဲ ထားခဲ့ကြည့်ဆို တဲ့ သဘော။ ရွာမှာက ကား ၃ စီးရှိတာကိုး။ ဒါပေမဲ့ ဒီလိုလူတွေ တာရှည်မခံပါဘူး။ ပြီးရင် မေ့လောက်ပျောက်လောက်နေတော့ ပြန်စီးကြရတာပဲ။ ဘယ်လိုပဲ သုံးစီးရှိတယ်ပြောပြော၊ အမြဲတမ်း ၃ စီးလုံး ထွက်နိုင်တာမှမဟုတ်တာ။ ရွာလမ်းက ချောမွေ့လွန်းပြီး ကားများကိုယ်၌လည်း ကြံ့ခိုင်ကြတော့ သူတို့ ခမျာ ကျန်းမာရေးချုချာကြရှာတယ်။ အဲ့တော့ ဘယ်မှာ အကြာကြီး ကင်းနိုင်မလဲ။ ဖြစ်တောင့်ဖြစ်ခဲ တခါတလေများ သုံးစီးလုံးပြုံပြီး ကျန်းမာရေးပျက်ပြီဆို ရွာထိပ်ထွက်ပြီး သည့်ပြင်ရွာကကားကို စောင့်စီးပေရော့လေ။

ကားထွက်တော့ ကားခေါင်းထဲကို လာစီးခိုင်းတာ။ အဲ့လိုစီးခိုင်းတာ ပေါ့သေးသေးမမှတ်နဲ့။ ဒါ အင်မတန် ခင်မင်လွန်းလို့ အရေးပေးတာပဲ။ အဲ ဒါပေမယ့် ကျောင်းဆရာ၊ ဆရာမလိုမျိုး၊ ဆေးခန်းဆရာမလိုမျိုး၊ ဝန်ထမ်းပါလာလို့ကတော့ ဘယ်လို လူဖြစ်ဖြစ်၊ အမျိုးဖြစ်ဖြစ်၊ ရင်းနှီးသူဖြစ်ဖြစ် နောက်ထဲကိုသာ ဂျောင်း။ (ကားက ကုန်တင်ကား၊ ကုန်ရော လူရော တခါတလေ ကြက်ခြင်းတွေရော ဝက်တွေရော ရောတင်တာ။) အခုနောက်ပိုင်းကျမှ light truck တွေဆွဲတာ။

ကိုယ့်ရွာက တပ်ကုန်းကနေ အနောက်ဘက် ၁၆ မိုင်ဝေးတယ်။ ဆင်သေဆည်ဘောင်ရောက်အောင် ဖောက်ထားတဲ့လမ်း အတိုင်း ပြန်ရတာ။ ရွာက တောင်ခြေရွာ။ ဆည်ဖျားမှာ။ အဲ့တော့ တောင်ပေါ်ရောက်ရင် ဆည်ဘောင်ဘက် ဆက်လိုက် မသွားဘဲ ရွာဘက်ကို ဆင်းလိုက်ရတာ။ တပ်ကုန်းကနေ MRTV အသံလွှင့်ရုံအထိ ကွန်ကရစ်လမ်း။ နောက်ပိုင်း အမြန်လမ်းနဲ့ တပ်ကုန်းမြို့ဆက်လမ်းဖောက်တော့ ဒဟတ်ကုန်းရွာအထိ ကွန်ကရစ်လမ်းဖြစ်သွားရော။ ဒဟတ်ကုန်းကနေ သာယာအေး ရွာအထိ ကျောက်ကြမ်းလမ်း။ ပြန်ရမယ့်ရွာက တပ်ကုန်း- သာယာ အေးလမ်းပေါ်က ကြီးအင်းရွာ။

ဒီလမ်းကို ပြီးခဲ့တဲ့ မဲဆွယ်စည်းရုံးရေးကာလမှာ နာမည်ကြီးပါတီတစ်ခုက ကိုယ်စားလှယ်က ကျောက်ခင်းပေးထားတာ။ လမ်းက တောင်ပေါ်လမ်း၊ မြေသားလမ်းဟောင်း၊ ဆင်သေဆည် တုပ်တုန်းက ဖောက်ထားတာ။ အဲ့လမ်းကို ကျောက်ကြမ်း ကြီးတွေခင်းပြီး တောင်ပေါ်မြေဖို့ပေးထားတာ။ မဲပေးကြရတော့ အဲ့ပါတီက ဒီလမ်းကို အဓိကအသုံးပြုနေရတဲ့ ကြီးအင်း၊ သာ ယာအေး၊ ရွာသစ် ရွာတွေမှာ မဲနိုင်တယ်။ လမ်းလုပ်ပေးလို့ဆိုပြီး လမ်းမျက်နှာနဲ့ မဲထည့်ပေးကြတာ။  အဲ့လမ်းလုပ်ပေးတဲ့ ကိုယ်စားလှယ်ကို မကြိုက်ဘူးပြောရင်၊ မဲမထည့်ရင်လည်း ရွာထဲက တချို့လူတွေက အချဉ်ပဲ။ သူ့ပြိုင်ဘက်ပါတီကို ထည့်ချင်သူက အသံမထွက်စေနဲ့။ ခပ်ကုပ်ကုပ်လေးထည့်ရတယ်။ သူတို့အဆို သူတို့အာဘော်က ဒီလမ်းကြီး ခင်းပေးထား တာ နည်းတဲ့ကျေးဇူးလားတဲ့။ သူက သူ့မိသားစုပိုင်ငွေတွေနဲ့ ခင်းပေးတာလားလို့ မေးကြည့်လိုက်ပါလား။ ဘယ်သူ့ငွေနဲ့ဖြစ်ဖြစ် သူမို့လုပ်ပေးတာ သည့်ပြင်လူတွေ လုပ်ပေးလို့လားတဲ့ ပြန်ပြီးရန်တွေ့ခံရမယ်။ ကိုယ့်သူငယ်ချင်းတယောက် ကြိုတင်မဲပေးတုန်းက၊ လမ်းပြင်ပေးတဲ့ပါတီကိုမထည့်ဘဲ ပြိုင်ဘက်ပါတီကိုထည့်လို့တဲ့၊ ဘေးနားက သူ့ဘကြီးက နင်တို့ အဖေတို့ အမေတို့က ဘာမှ ပြောမပြဘူးလားဆိုပြီး ဆူသတဲ့။ သူငယ်ချင်းက  "ကျွန်မအရွယ်ရောက်နေပြီ၊ ကြိုက်တဲ့ပါတီ မဲပေးနိုင်တယ်၊ ဘယ်သူမှ ဝင်စွက်ဖက်လို့ မရပါဘူး"လို့ ပြောတာတောင် အဲ့ဒါတွေခက်တာပဲ ဆိုပြီး ငေါက်နေသေးသတဲ့။ ဩော်. . .လမ်းမျက်နှာ တယ်ကြီးသကိုး။

အဲ့လိုမျိုးလုပ်ပေးခဲ့တဲ့လမ်းက ကျောက်ခင်းပြီး တောင်ပေါ်မြေလေး လိုက်ဖို့ပေးထားတာဆိုတော့၊  မိုးရွာလာတော့ တောင် ပေါ်မြေတွေ ရေစီးနဲ့ပါကုန်ပြီး ကျောက်ကြီးတွေပေါ်လာရော။ ကားများစီးနေရင် ခုန်ဆွ ခုန်ဆွနဲ့ လေ့ကျင့်ခန်း လုပ်နေရသလို။ ဆိုင်ကယ်စီးနေသူတွေကတော့ အကိုက်အခဲပျောက်ဆေးကို မစီးခင်ကတည်းက ကြိုသောက်ထားရ တယ်ဆိုပဲ။ လှတော သားတွေသာ စီးဖူးရင် ဘာပြောမလဲသိချင်လိုက်တာ။

အတွေးများနေခဲ့တာ၊ ဒွက်ကျော်ချောင်းနား ရောက်လာတာ သတိမထားမိဘူး။ ကိုယ်တွေ ကံကောင်းတယ် ပြောရမလားပဲ။ ကားရောက်ချိန်မှာ ရေကျနေပြီမို့လို့ ကားက ဒီအတိုင်း ကူးလို့ရတယ်။ ထွန်စက်နဲ့ ဆွဲစရာမလိုဘူး၊ လူတွေလည်း ဆင်းစရာ မလိုဘူး။ ဒါပေမယ့် စိတ်ကတော့ ပူနေသေးတယ်။ ချောင်းဖြတ်ကူးနေရင်း တောင်ကျရေသာ ဝုန်းခနဲ စီးလာလို့ ကတော့ သေပြီပေါ့။ မဖြစ်သေးတာကို ကြံဖန်သောကရောက်ပြီး ကိုယ့်ကိုယ်ကို သရဏဂုံ တင်နေသေးတာ။(နောက်နေ့မှ သိရတာက ကိုယ်ပြန်လာတဲ့နေ့မှာပဲ ကိုယ့်ရွာမြောက်ဖက် လွှဘုံရွာက လူတစ်ယောက်၊ တောင်ကျချောင်းရေစီးနဲ့မျောပါပြီး သေသွား သတဲ့။)

ချောင်းကူးပြီး ဒွက်ကျော်ရွာရောက်တော့ မှောင်သွားပြီ။ ဒွက်ကျော်ရွာက ထွက်ရင် တောင်စတက်ပြီ။ ၁၅ မိနစ်လောက် တက်ရတယ်။ အခုဟာ ကျောက်လမ်းမို့။ မြေလမ်းတုန်းက အခုလို မိုးတွင်းဆို တအားချော်တော့ ကားတွေ နောက်ပြန် ကျတတ်တယ်။ လူတွေ အကုန်ဆင်းခိုင်းပြီး အတက်ကြီး(ဒွက်ကျော်ရွာအနောက်ဘက် တောင်စတက်တက်ချင်း) အောင်မှ ကားပေါ်ပြန်တက်ကြရတယ်။ အခု ကျောက်ကြမ်းလမ်းမှာတော့ ကားတစ်နေရာသွားစာ ကျောက်လမ်း၊ ဘေးက ရေမြောင်း လေးတွေဆိုတော့၊ နောက်ပက်လက်လန်ကျမှာထက်၊ ဘီးချော်ပြီးများ ကားယိုင်သွားရင် အမှောက်ပဲလို့ တွေးပြီးပဲ ရင်ထိတ်ရ တော့တယ်။ ဒါ တော်တော်ဟုတ်လာတာလေ။

၂၀၀၆ ခုနှစ် ဆယ်တန်းကျောင်းသူဘဝတုန်းက ကိုယ်မပြန်ခင်တနေ့မှာကြားရတာက အဲ့အတက်ကြီးမှာပဲ ဆိုင်ကယ်တွေ ထမ်းတင်ရသတဲ့။ ကိုယ်ပြန်တဲ့နေ့ရောက်တော့ လူကိုသွားမရတော့လို့ ကိုယ်တို့သူငယ်ချင်းတွေ လမ်းတောင်ဘက် ကမ်းပါး ယံအတိုင်း ခြေလျင်တောင်တက်ခဲ့ကြရတာမလား။ မိဘတွေက လမ်းဆိုးလို့ ပင်ပန်းတယ်၊ ပြန်မလာနဲ့လို့ ပြောကြလဲ၊ ဘယ် လိုသွားရသွားရ ပြန်ချင်တာပါပဲ၊၊ တပ်ကုန်းကနေ ရွာအထိ ခြေလျင်ပဲလာခဲ့ရပါစေ၊ တောင်တက်ရပြီဆိုတာနဲ့ ရွာကနီးလာပြီဆို တဲ့အသိနဲ့ ပျော်တာပါပဲ။ ကလေးဘဝကတည်းက အခုထိပါ ပဲ။

တောင်တက်နေတဲ့တလျှောက်တော့ အတက်ကလေးတွေ ဝေဝေဆာဆာ၊ စိမ်းစိမ်းစိုစိုနဲ့ သစ်ငုတ်တွေ၊ သစ်ပင်ကလေးတွေ  မြင်ရတာပဲ။ သစ်ပင်အကြီးတော့ မမြင်ရတော့ဘူးလေ။ မိုးတွင်းဆိုတော့ကား ကြည့်လေရာအစိမ်း တွေ့ရတာပဲ။ နွေရာသီဆိုရင်တော့  တောင်ကတုံးလောက်နီးနီးတွေ့ရမယ်ပေါ့။ အသိဦးလေးကြီးတစ်ယောက်က ပြောဖူးတာသတိရတယ်။ "ဆရာမတို့ရွာဘက်က သစ်ကြီးဝါးကြီးပေါတယ်နော့၊ ကျွန်တော်ရောက်ဖူးတုန်းက ရွာနားလေးမှာကို လူတဖက်မကတဲ့ သစ်ပင်ကြီးတွေရှိတယ်" တဲ့။ အခုနေများ သူ့ကိုခေါ်ပြီးပြလိုက်ရင် အံ့ဩသွားမလား၊ နှမြောတသဖြစ်သွားမလား၊ သူ့မျက်နှာ ဘယ်လိုပြောင်းသွားမလဲ သိချင်မိတယ်။ မီးသွေးဖုတ်တာနဲ့ ကုန်ပြီလေလို့ ကိုယ်ပြောထွက်ပါ့မလားမသိ။ အင်း အခုတော့ မီးသွေးဖုတ်မယ့်သူတွေ နိုင်ငံရပ်ခြားရောက်ကုန်ကြလို့ သစ်ပင်တွေ ကြီးထွားရှင်သန်ခွင့်ရကြတော့မယ်။ ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား။

တောင်ဆင်းကျတော့ ကျောက်တုံးတွေက သိသိသာသာ ဇာတိပြကြတယ်။ တအားဆိုးနေလို့ ကားသမား၊ ဆိုင်ကယ်သမား ကြောက်ရတဲ့အဆင်း၊ မော့တက် မော့ဆင်းလေးပါဆို ကျောက် တွေက တအားပေါ်နေလို့ ဆိုးနေတဲ့အဆင်းတခုကို ရွာက စေတနာရှင် တစ်ယောက်က ကွန်ကရစ်လမ်းလုပ်လှူထားတယ်။

(ကိုယ်ကတော့ ရွာကို အပေါ်စီးကနေကြည့်တဲ့အခါ ဘယ်အချိန်ကြည့်ကြည့် ဒီနေရာလေးကကြည့်မှ ဆင်သေဆည်နောက်ခံ ထားတဲ့ ရွာရဲ့ရှုခင်းက အပေါ်လွင်ဆုံး အလှဆုံးလို့ထင်တယ်။) အဲ့က  နည်းနည်းလေးဆင်းလာတော့ ကားဘီးကျမယ့် နေရာစာလေးတွေကိုချည်း ကွန်ကရစ်လုပ်ထားပြန်တယ်။ ဘယ်သူလှုတာလဲတော့မသိဘူး။ ရွာရောက်မှ မေးကြည့်ရဦးမယ်။

ပြီးရင် ကိုးကွေ့အဆင်းရောက်တယ်။ ကိုးကွေ့ဆိုတာ ရွာဘက်ကနေမြို့ကို သစ်လုံးကားကြီးတွေ ဆွဲတဲ့ခေတ်ကတည်းက ကားအန္တရယ်များလို့ နာမည်ကြီးတယ်။ တဖက်မှာ တောင်ကမ်း ပါးယံကြီး၊ တဖက်မှာချောက်ကြီး။ အရင်တုန်းက လမ်းက ကားတနေရာစာပဲရှိတာ၊ နည်းနည်းလေးမှားတာနဲ့ ချောက်ကြီးထဲ အကျပဲ။ အခုတော့ ကမ်းပါးကိုဖဲ့တာရယ် သူ့ဘာသာပြိုတာ ရယ်ဆိုတော့ လမ်းလေး မဆိုစလောက်ကျယ်လာပြီ။

ကိုးကွေ့ဆင်းလမ်းတောင်ဘက် ကမ်းပါးယံမှာ တောင်စောင့်နတ်နန်းရှိတယ်။ အရင်ကတော့ ပိစိကွေး ယိုင်တိုင်တိုင်လေး။ အခုတော့ အုတ်နဲ့ဆောက်ထားပြီး ခန့်ခန့်ညားညားဖြစ်နေပြီ။ အခုဟာ ရွာဘက်အပြန် တောင်အဆင်းမို့၊ ရွာကအထွက် တောင်အတက်ဆိုရင် မတက်ခင် နတ်စင်မှာ အမွှေးတိုင် ဖယောင်းတိုင်တွေနဲ့ အရင်ပူဇော်ကြတာ။

နတ်စင်ဘေးမှာတော့ အကာမပါ သွပ်မိုး၊ အုတ်ကြမ်းခင်းနဲ့ ဇရပ်တဆောင် ဆောက်ထားတယ်။ ကိုယ်ကပဲ သတိမမူမိတာ လားမသိဘူး။ အဲ့ဇရပ်ကို အခုမှ တွေ့ဖူးတယ်။ ရွာက အလှူရှင် တွေက စတုဒိသာတွေကျွေးရင် ဒီဇရပ်မှာ ကျွေးကြသတဲ့။ ဘယ်သူလှူတာလဲ၊ ဘယ်တုန်းကလှုတာလဲ မေးကြည့်တော့ ကိုယ်မေးမိတာတွေက မသိဘူးလို့ ဖြေတဲ့လူတွေချည်းပဲ။

ကိုးကွေ့ဆင်းပြီးရင်တော့ ရွာရောက်တော့မယ်။ မှောင်လည်းမှောင်ပြီး မိုးကကျနေတော့ ရောက်လည်းရောက်ချင်လှပြီလေ။ တကယ်တော့လေ ကိုးကွေ့အဆင်းကြီးဆုံးသွားတာနဲ့ ရွာ ရောက်သွားသလိုကို ပျော်သွားတာပါပဲ။

၇ နာရီမတ်တင်းလောက်မှ ရွာရောက်တယ်။ ရွာထဲရောက်မှ ဗွက်တွေက ပိုများပြီး လမ်းတွေပိုဆိုးနေသလိုပါလား။ ကားကလည်း အိမ်ပေါက်စေ့ ပစ္စည်းတွေလိုက်ချနေတော့ ကိုယ် မစောင့်နိုင်တော့ဘူး။ ကားပေါ်ကဆင်းပြီး လမ်းလျှောက် လိုက်တော့တယ်။ ရွာထဲ ဟိုအိမ်ဝင် သည်လူနှုတ်ဆက်နဲ့ပေါ့။ အမျိုးတွေအိမ်မှာ တအောင့်ဆိုပြီး ဝင်ထိုင်နေတာ၊ အမျိုးအိမ် ကလည်း အများသားဆိုတော့ အိမ်ကို ၈ နာရီကျော်လောက်မှ ပြန်ရောက်တယ်။ အိမ်ရောက်ပြီဆိုတာနဲ့ ခရီးလမ်းတလျှောက် ပင်ပန်းတာတွေ ပျောက်တာပဲ။

အဲ့ညက အိပ်မက်ထဲမှာ ကိုယ်လေ ရွာပြန်ချင်ဇောနဲ့ ဒွက်ကျော်ချောင်းကြီးထဲ ဇွတ်ဆင်းကူးသတဲ့။ ကူးသာကူးနေရတာ ဒီဘက်ကမ်းကို မရောက်နိုင်ဘူးဆိုပဲ။

မြဇင်ယော်
0