ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် (၂၈)
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၈
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၈
၁၉၈၉-ခုနှစ် ဧပြီလထဲတွင် တီယာနမင်ရင်ပြင်တွင် တရုတ်ပြည်သူတွေက ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲကြီးဖြစ်ပွါးခဲ့သည်။ ကမ္ဘာကျော်သွားသည့် သည်တီယာနမင် လူထုဆန္ဒပြပွဲတွင် ဘေဂျင်းအစိုးရက တင့်ကားများ၊ မျက်ရည်ယိုဗုံးများဖြင့် ဆန္ဒပြ နေကြသည့် ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းလိုက်ခြင်းဖြင့် သူ့မျက်နှာဖုံးကို ခွါချလိုက်သလိုဖြစ်သွားသည်။ ဘေဂျင်းနှင့် လာဆာသည် မိုင်ပေါင်းနှစ်ထောင်ကျော် ဝေးပါသည်။ လာဆာအဓိကရုဏ်းတွေနှင့် တီယာနမင်ရင်ပြင်လူထုဆန္ဒပြပွဲက ဆက်စပ် မှုတွေရှိနေသည်။
တိဗက်ပြည်ဒီမိုကရေစီရရှိရေးအတွက် ဦးဆောင်လှုပ်ရှားကြသူများမှာ တိဗက်ဘုန်း တော်ကြီးများပင်ဖြစ်သည်။ ဘုန်းတော် ကြီး တွေက ပြုပြင်ဖို့လိုနေသည့် ရှေးဟောင်း တိဗက်လူ့အဖွဲ့အစည်းကို ခေတ်မီစေချင်သည်။ မလိုအပ်တာတွေဖြုတ်ပြီး အခြား ကောင်းမွန်ဆန်းသစ်သည့် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ချင်သည်။ ထို့ကြောင့် တိဗက်လူငယ်တွေ ကို စည်းရုံးပြီး တိဗက်ပြည်ရဲ့ ဒီမိုကရေစီနှင့် လွတ်လပ်ရေးအတွက် ဘုန်းတော်ကြီးတွေက ဦးဆောင်ပြီး အကြမ်းမဖက်သည့် နည်းဖြင့် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။
လွတ်လပ်မှုဆိုသည်မှာ လူသားတို့၏ ရပိုင်ခွင့်တခုပင်ဖြစ်သည်။ ချုပ်နှောင်ပိတ်ပင် ကန့်သတ်ထားခြင်းကို လူသားတွေက လက်ခံလေ့မရှိ။ ကိုယ့်ကို ချုပ်နှောင်ထား သည့်ကြိုးများကို ဖြုတ်ပစ်ဖို့ အသက်ပေးပြီး ရုန်းကန်သွားကြသူတွေ ကမ္ဘာ့နိုင်ငံ တိုင်းမှာ ရှိနေကြပါသည်။ လူအချင်းချင်း ချုပ်နှောင်တတ်သည့် ဒီပုံးကြီးကို တိဗက်ပြည်သူ တွေက မလိုချင်။ တိဗက်ပြည် အတွက် တိဗက်ပြည်သူတွေရဲ့ ပေးဆပ်မှုက တန်ဖိုးကြီးမားလွန်းလှသည်။
တီယာနမင်အရေးအခင်းပြီး တစ်လအကြာတွင် ဘုန်းတော်ကြီးဒလိုင်းလားမားနှင့် နိုင်ငံရေးဆွေးနွေးလိုကြောင်း ဘေဂျင်း အစိုးရက တောင်းဆိုလေသည်။ ဖိနှိပ်မှုများကြား က တိဗက်ပြည်တွင် နိုင်ငံရေးမငြိမ်သက်မှုတွေ၊ အဓိကရုဏ်းတွေ၊ ဆန္ဒပြမှု တွေ ပိုများလာခဲ့သည်။ “အိမ်ထဲမှာ မီးလောင်နေရင်တောင် မီးခိုးတွေ အိမ်ပြင်မထွက် စေနဲ့”ဟူသော တိဗက်စကားပုံ တခုရှိပါသည်။ ကိုယ်လိုချင်သော ပန်းတိုင်ရောက်ဖို့ နည်းလမ်းမှန်ဖို့လည်း လိုအပ်ပါသေးသည်။ ဘုရားသားတော်ရဟန်း တစ်ပါးပီပီ ဘုန်းတော်ကြီး ဒလိုင်းလားမားကတော့ မေတ္တာတရားကို လက်ကိုင်ထားပြီး ငြိမ်းချမ်း သည့်လမ်းကိုပဲ ရွေးချယ် ထားသည်။ ဘုန်းတော်ကြီးက နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တစ်ဦးလည်းဖြစ်သည်။ ၁၉၈၉-ခုနှစ်အတွက် နိုဗယ်လ်ငြိမ်းချမ်းရေး ဆုကို ဘုန်းတော်ကြီးဒလိုင်းလားမားကို ချီးမြှင့်ပေးအပ်လိုက်သောအခါ ကမ္ဘာကြီးက တိဗက် အရေးကို ပိုပြီးအာရုံစိုက်လာ ခဲ့ကြသည်။ နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် ချီးမြှင့်ငွေ ဒေါ်လာလေးသိန်းခြောက်သောင်းကိုးထောင် ရပါသည်။ ဘုန်းတော်ကြီး က သူရသည့် ဆုငွေထဲက ဒေါ်လာခြောက်ထောင်ကို ရိုမေးနီးယားနိုင်ငံအတွက် ကျန်းမာရေးရန်ပုံငွေ အဖြစ်လှူဒါန်းလိုက်ပြီး ကျန်ငွေများအားလုံးကို တိဗက်ပြည်သူတွေအတွက် တည်ထောင်ထားသည့် လူမှုအကျိုးပြုလုပ်ငန်းများတွင် အသုံးပြုလိုက် လေသည်။
ဗုဒ္ဓတရားတော်များကို ခေတ်အမြင် ခေတ်အတွေးအခေါ်များ၊ သိပ္ပံအမြင်ရှုထောင့်များဖြင့် နှိုင်းယှဉ်ဟောပြောပို့ချရာ၌ ဘုန်း တော်ကြီးက ကမ္ဘာကျော်ပါသည်။ အထူးသဖြင့် ဘုန်းတော်ကြီးကြောင့် ကမ္ဘာ့အနောက်ခြမ်းကလူတွေ ဗုဒ္ဓတရားတော်များကို ပိုမို စိတ်ဝင်စားလာခဲ့ကြသည်။ ဗုဒ္ဓတရားတော်များကို ကမ္ဘာတ၀ှမ်းဆီ ရောက်အောင် ဖြန့်ချီရာ၌ ဘုန်းတော်ကြီး ရဲ့ကျေးဇူး တရားတွေက ထုထည်ကြီးမားလွန်းလှသည်။ အမြဲတမ်းပြုံးရွှင်နေသည့် ဘုန်းတော်ကြီးရဲ့မျက်နှာက ဖူးမြင်ရသူများကို ကြည်နူးနှစ် သက်စေပါသည်။ ကမ္ဘာ့အဆင့်မီတက္ကသိုလ်ကြီးများနှင့် အဆင်မြင့်ကောလိပ်ကျောင်း များ၊ နာမည်ကြီးသင်တန်း ကျောင်းများတွင် လက်ညှိုးကလေးထောင်ထောင်ပြီး ပြုံးပြုံးရွှင်ရွှင် ဟောပြောတတ်သည့် ဘုန်းတော်ကြီးရဲ့ ဟောပြောပို့ချ ချက်တွေက ပရိသတ်ကို ပျော်ရွှင်ကျေနပ်မှုတွေ ပေးစွမ်းနိုင်ခဲ့သည်။ အသက်အရွယ်ကြီးရင့်ပြီဖြစ် သည့်တိုင် ဘုန်းတော်ကြီး က ကမ္ဘာတ၀ှမ်းသို့ မနေမနားခရီးသွားပြီး သူ့ရဲ့သာသနာပြု လုပ်ငန်းတွေကို ဆောင်ရွက်နေဆဲဖြစ်သည်။
သူမြတ်နိုးရသည့် အမိမြေတိဗက်ပြည်ရဲ့ ကောင်းကင်ယံမှာတော့ အခုချိန်ထိ မိုးသာတိမ်လိပ်တို့ အုံမှိုင်းနေဆဲပင်ရှိပါသေး သည်။ တခါတရံမိုးသက်လေပြင်းတို့ တိုက်ခတ်နေဆဲဖြစ်သည်။ လူဦးရေထိန်းချုပ်မှုပေါ်လစီကလည်း တိဗက်ပြည်သူတွေကို တုံလှုပ်ချောက်ချားစေခဲ့သည်။ စီပွါးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အခြေခံ လူမှုအဆောက်အဦများတွင် တိဗက်ပြည် သူတို့ရဲ့အခန်းကဏ္ဍတွေက မှေးမှိန်နေဆဲပင် ရှိပါသေးသည်။ အသိပညာ အတတ်ပညာဖြင့် မောင်းနှင်သည့်ခေတ်မှာ တိဗက်ပြည်သူတွေက အမှောင်ထဲမှာပဲရှိနေသေးသည်။ သစ်ပင်တစ်ပင်ဟာ တိကနဲခုတ်ဖြတ်ခံ လိုက်ရမှ သို့မဟုတ် အပင်ရင်းကနေ လွှနဲ့အဖြတ်ခံလိုက်ရမှ သေသွားတာမျိုးမဟုတ်။ သင်းသပ်ခံလိုက်ရပြီဆိုရင်လည်း အဲဒီသစ်ပင်သေသွား တတ်ပါသည်။ တိဗက်လူမျိုးတွေက သင်းသပ်ခံလိုက်ရတဲ့ သစ်ပင်တစ်ပင်နဲ့တူသလား မတူသလား ကျနော် မဆုံးဖြတ်တတ်ပါ လေတော့။ အဲသည်လို စိမ်းစိမ်းကားကား ပြောလိုက်ခြင်းဖြင့် သူတို့အပေါ် စာနာစိတ်မရှိရာရောက်မှာကိုလည်း စိုးပါသည်။ အမှန်တကယ်တော့ ကျနော်တို့ရပ်ဝန်းတွင်လည်း အဲဒီလိုသင်းသပ်ဖို့ ကြိုးစားနေကြသူတွေ အများကြီး ရှိပါသည်။ ဒီထက်ပို ပြီး ကျနော်တို့ စာများများ ဖတ်ဖို့လိုပါမည်။ ခရီးများများသွားဖို့လိုပါမည်။ ဒီထက်ပိုပြီး ကျနော်တို့ရဲ့ မျက်စိတွေ နားတွေ ကြီးကြကျယ်ကြဖို့ လိုအပ်ပါလိမ့်မည်။
၁၉၅၀-ခုနှစ် အောက်တိုဘာလ ၇-ရက်နေ့က အင်အားသုံးသောင်းကျော်ရှိသည့် တရုတ်စစ်တပ်ကြီးက တိဗက်ပြည်ထဲသို့ ၀င်ရောက်ခဲ့ပြီးနောက် အခြေချနေထိုင် လာခဲ့ကြသည်မှာ ယခုဆိုလျှင် နှစ်ပေါင်းခြောက်ဆယ့်ခြောက်နှစ်ပြည့်မြောက်ခဲ့လေပြီ။ ဖြတ်သန်းခဲ့ရသည့် နှစ်ပေါင်းခြောက်ဆယ်ကျော်ခရီးကြမ်းမှာ တိဗက်ပြည်သူတွေရဲ့ ပေးဆပ်မှုက တန်ဖိုးကြီးမား လွန်းလှသည်။ ဒဏ်ရာအနာတရတွေ များလွန်းလှသည်။ အရင်းအနှီးများသလောက် အမြတ်နည်းခဲ့ရသည့် ဒီလမ်းဒီခရီးမှာ မှောင်မိုက်သော ညတွေကို ဖြတ်သန်းခဲ့ကြရသည်။ တိဗက်ပြည်သူတွေအတွက် အမှောင်မိုက်ဆုံးညတို့ ကုန်ဆုံးလွန်မြောက်သွားခဲ့ပြီဟုဆိုသည့်တိုင် ညတွေကတော့ မှောင်နေဆဲပင် ရှိပါသေး သည်။ မပြီးဆုံးသေးသည့် ဒီခရီးရှည်ကြီးမှာ တခါတရံ မိုးသက်လေပြင်းအရိပ်အငွေ့တွေ သန်းနေတတ်သေးသည်။ ပိန်းပိတ်မည်းမှောင်နေသည့် မိုးသားမိုးရိပ်တွေကို တိဗက်ပြည် ရဲ့ ကောင်းကင်ယံမှာ အခါအားလျော်စွာ တွေ့မြင်ရတတ်ပါသေးသည်။ သို့သော် မျှော်လင့်ချက်တွေ မသေဆုံးသေးသရွေ့ ဘ၀ဆိုတာ ရှင်သန်နေဆဲ ပင်ဖြစ်သည်။ သည်ယုံကြည်ချက်ဖြင့် တိဗက်ပြည်သူတွေ ခရီးဆက်ခဲ့ကြ ခြင်းဖြစ်ပါလိမ့်မည်။ သည်ယုံကြည်ချက်ဖြင့်ပင် မပြီးဆုံးသေးသည့် ဒီလမ်းဒီခရီးအတွက် ခရီးဆက်ကြလိမ့်ဦးမည်ဟု ယုံကြည်နေမိသည်။ ကိုယ့် အနာ ကိုယ့်လျှာနဲ့ ကိုယ်ပြန်သပ်ရင်း ကုန်ဆုံးခဲ့ရသည့်နှစ်ခြောက်ဆယ်ကျော်ခရီးကို ပြန်တွေးကြည့် လိုက်တော့ တိဗက်ပြည် က မုန်တိုင်းထဲက ဖယောင်းတိုင်ပမာ…။
ပြီးပါပြီ။
အားလုံးကို ကျေးဇူးအထူးတင်ပါသည်။
ကိုသစ် (သီတဂူ)
၁၀၊ ၂၂၊ ၂၀၁၈
Comments