ကိုသန်းလွင် ● သတင်းစာလွတ်လပ်ခွင့်

ကိုသန်းလွင် ● သတင်းစာလွတ်လပ်ခွင့်
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၈


(၁)
ဘော်စတန်ဂလုပ် (Boston Globe) သတင်းစာကြီးမှ လွန်ခဲ့သည့်ကြာသပတေးနေ့ (၁၆-သြဂုတ်) က သတင်းစာများတွင်ခေါင်းကြီးအဖြစ် “သတင်းစာများ၏လွတ်လပ်ခွင့်” အမည်နှင့် ရေးကြပါရန်ဆော်သြ ခဲ့သည်။ သမ္မတမစ္စတာထရန့်၏မကြာမကြာ သတင်းစာများကို တိုက်ခိုက်လေ့ရှိသောကြောင့် သတင်း စာများ၏ လွတ်လပ်ခွင့်ကိုရေးသား တောင်းဆိုသင့်သည်ဟု ယူဆသောကြောင့်ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် အထင်ကရ သတင်းစာများဖြစ်ကြသော နယူးရော့တိုင်းအပါအ၀င် သတင်းစာ ပေါင်း များစွာက ရေးသားကြမည်ဟု ကတိပြုကြသည်။ ၄င်းတို့တွင် အပြည်ပြည်ဆိုင်ရာကျော်ကြား သော သတင်းစာများနှင့်အတူ စောင်ရေ ၄၀၀၀ ခန့်သာ ရောင်းရသော အပတ်စဉ်ထုတ် ဂျာနယ်များ အထိ ပါဝင်ကြပါသည်။ သောကြာနေ့က သတင်းစာပေါင်း ၇၀ ကရေးသားပါမည်ဟုကတိပြုကြသည်။ အင်္ဂါနေ့ရောက်သောအခါ အစောင်၂၀၀ ဖြစ်လာသည်။ ဗုဒ္ဓဟူးနေ့တွင် အစောင် ၃၀၀ ဖြစ်လာပါသည်။

(၂)
ဂလုပ်၏ ဖိတ်ခေါ်ချက်သည် သမ္မတ၏သတင်းစာဂျာနယ်များပေါ်ထပ်ခါထပ်ခါ တိုက်ခိုက်မှုများကြောင့် ဖြစ်သည်။ သမ္မတသည် အထင်ကရ စီအင်အင် (CNN) စသည့် သတင်းဌာနများကို (Fake News ) ဟုခေါ်ခဲ့သည်။ “အမေရိကန်ပြည်သူတို့၏ရန်သူ” ဟုခေါ်ခဲ့သည် သြဂုတ်လစောစောပိုင်းက စီအင်အင် သတင်းထောက်က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက သမ္မတ၏  “ပြည်သူတို့၏ ရန်သူ” ပြောကြားချက်ကို ရှုံ့ချရန် အဆိုပြုခြင်းကို ငြင်းဆန်သဖြင့် အိမ်ဖြူတော်သတင်း စာရှင်းလင်းပွဲကို သပိတ်မှောက်ပြီး ထွက်ခွာခဲ့ဘူးသည်။

ဂလုပ်သည်မစ္စတာထရန့်နှင့်ပါတ်သက်၍ဖေါ်ပြသည်မှာယခုတစ်ကြိမ်သည်ပထမဆုံး အကြိမ်မဟုတ်ပါ၊ ၂၀၁၆ ခုဧပြီလကလည်း ထရန့်နှင့်ပါတ်သက်၍ အပုတ်ချတိုက်ခိုက်ခဲ့ဘူးသည်။ တနင်္ဂနွေတစ်ရက်တွင် ထရန့်အကြောင်းအယ်ဒီတာအာဘော်အခမ်းမှ ရေးသားခဲ့သည်။ ထရန့်က ဘော်စတင်ဂလုပ်သတင်း စာ ကို “မိုက်မဲသည်” ဟု၎င်း “အဖိုးမတန်” ဟူ၍၄င်း စကားများနှင့်ချေပခဲ့သည်။

၁၇၈၇ ခုနှစ်အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံကိုကြေညာအပြီးသောမတ်ဂျက်ဖါဆန် (Thomas Jefferson) ကမိတ်ဆွေတစ်ယောက်ထံစာရေးရာတွင် “သတင်းစာများမရှိတဲ့အစိုးရ” နှင့် “အစိုးရမရှိတဲ့သတင်းစာ” ဘယ်ဟာကို ရွေးချယ်ရမသိဖြစ်နေကြောင်း သူ့အနေနှင့် အစိုးရများမရှိတဲ့ သတင်းစာက ကောင်းမယ် ထင်ကြောင်းရေးခဲ့သည်။

ထိုအမြင်မှာ သူသမ္မတမဖြစ်မှီက အမြင်ဖြစ်ပါသည်။ သူသမ္မတဖြစ်လာသောအခါ သူ့အမြင်ပြောင်းလဲ သွားရသည်။ အိမ်ဖြူတော်တွင် နေခဲ့ပြီးနောက် အနှစ် ၂၀ ကြာသောအခါ သူ့မိတ်ဆွေကို ပြောရာတွင် သူ့အမြင်ကို ပြောင်းရတော့မည်ဖြစ်ကြောင်း၊ သတင်းစာထဲပါတာတွေကို ယုံကြည်၍မရသောကြောင့် အဲဒီညစ်ညမ်းတဲ့ ကရိယာကြီးထဲကို ထည့်လိုက်ပြီးတဲ့နောက် အမှန်တရားကိုပင် သံသယ၀င်လာရပြီ ဖြစ်သည်ဟု ရေးသားခဲ့သည်။

ဂျက်ပါဆန်၏ စိတ်မသက်မသာဖြစ်ရမှုကို ယခုအချိန်မှာလည်း ကျွန်တော်တို့နားလည်နိုင်ကြပါသည်။ ဤသို့ မသက်မသာဖြစ်ရမှုသည် သူတန်ဘိုးထားသော အမှန်တရားပေါ်ပေါက်ရေးအတွက် အရေးကြီး ပါသည်။ အမေရိကန်ပြည်ကြီးကို တည်ထောင်ခဲ့သူများ သူတို့အတွေ့အကြုံမှတဆင့် နားလည်လာရ သော ပြည်သူလူထုသည်အမှန်တရားကို သိမှသာ “ခြစားခြင်း” နှင့် ရေရှည်တွင် “လွတ်လပ်ခွင့် နှင့် အမှန်တရား” ကို တည်ဆောက်နိုင်လိမ့်မည်ဖြစ်ပါသည်။

အမေရိကန်တို့၏ အမြင့်ဆုံးတရားလွှတ်တော်က ၁၉၆၄ ခု ဆုံးဖြတ်မှုတစ်ခုတွင် အများပြည်သူကြားမှာ ချပြဆွေးနွေးနိုင်ဘို့ဆိုတာလူတိုင်းရဲ့ “နိုင်ငံရေးတာဝန်ပါဘဲ “ ဟု ပြောခဲ့သည်။ ထိုသို့သော ဆွေးနွေးမှု များသည် ကန့်သတ်ချုပ်ချယ်မှု ကင်းရှင်းပြီးအများပြည်သူများက လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရှိရ မည်ဟုဆိုသည်။ ထို့အတွက်ကြောင့်ဤဆွေးနွေးမှုများတွင်အစိုးရ၀န်ထမ်းများပေါ်တိုက်ခိုက်မှု၊ တခါ တရံ စိတ်အနှောက်အယှက်ဖြစ်ရလောက်အောင် ပွင့်လင်းမှုတို့ ပါဝင်ရမည်ဟုဆိုသည်။

၂၀၁၈ ခုရောက်သောအခါ အမေရိကန်ပြည်တွင်အိမ်ဖြူတော်ဝန်ထမ်းများကသတင်းဌာနများ အပေါ် အပြင်းထန်ဆုံးထိုးနှက်ကြသည်။ သတင်းကိုဆိုးရွားအောင်ပြုလုပ်ခြင်း၊ တခါတရံ လွဲမှားအောင်လုပ် သည်ဟု အပြောခံရသည်။ သတင်းအယ်ဒီတာများနှင့် သတင်းထောက်များသည် လူများသာဖြစ်ကြရာ အမှားနှင့်မကင်းနိုင်ကြပေ၊ ထိုအမှားများကို ပြင်ဆင်ရန်မှာ သတင်းသမားများ၏ တာဝန်ပင်ဖြစ်သည်။ သင်မကြိုက်ပါက သတင်းအမှား (Fake News) ဟုခေါ်ဆိုခြင်းမှာ ဒီမိုကရေစီစနစ် ကို တိုက်ခိုက်ရာ ရောက်ပါသည်။ သတင်းသမားများကို လူထု၏ရန်သူဟု ခေါ်ဆိုခြင်းမှာလည်းအလားတူအန္တရာယ်ကြီး ပါသည်။

ထိုတိုက်ခိုက်မှုများမှာ ဥပဒေစိုးမိုးမှုနည်းပါးသော နိုင်ငံများတွင်ပို၍ ဆိုးရွားပါသည်။ စီးပွားရေး အကြပ် အတည်းကြောင့် လူတို့၏ကောင်းသောစိတ်ဓာတ်များယိုယွင်း ပြိုပျက်လျှက်ရှိပါသည်။ သို့တိုင်အောင် ဂျာနယ်လစ်များက အထူးတလည် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြပြီး မေးသင့်မေးထိုက်သော မေးခွန်း များကို မေး၍လည်းကောင်း၊ သင်အခြားနည်းများဖြင့် မကြားနိုင်သော အဖြစ်ပျက်များကို ပြောပြ၍ လည်းကောင်းသူတို့တာဝန်ကိုကျေပွန်အောင်ဆောင်ရွက်နေကြပါသည်။

San Luis Obispo Tribune သတင်းစာတွင်  ၄၆ နာရီကြာထိန်းသိမ်းထားသူတစ်ယောက် အချုပ်ခန်း တွင်းမှာသေဆုံးရခြင်းသတင်းပါလာခဲ့သည်။ ထိုသတင်းကြောင့် စိတ်ဓာတ်ချို့ယွင်းသူများကို ချုပ်နှောင် ခြင်းနှင့်ပါတ်သတ်၍ နိုင်ငံတော်၏ဥပဒေကို ပြင်ဆင်ကြရပါသည်။

အမေရိကန်ပြည်မှ သတင်းစာများသည် အစိုးရပိုင်မဟုတ်၊ ပုဂ္ဂလိကရန်ပုံငွေဖြင့်သာ သတင်းစာကို ထုတ်ဝေကြရပါသည်။ အစိုးရကထုတ်ပြန်ကြေညာစရာရှိလျှင် စာရွက်ကလေးတရွက်သာ ထွက်လာပြီး သတင်းစာသမားတို့ ကထိုအကြောင်းကို ကြေညာပေးရပါသည်။ သမ္မတတစ်ယောက် တိုင်းခန်းလှည့် လှယ်ပါက သတင်းစာ၏မျက်နှာဖုံးတွင် ပါရန်သင့်မသင့်ကို သတင်းစာကသူ့ဖါသာ ဆုံဖြတ်ပါသည်။ အစိုးရ၏တာဝန်မှာလုပ်စရာရှိသည်တို့ ကိုလုပ်ရန်သာဖြစ်သည်။ သတင်းဖြန့်ချီရေးမပါဝင်ပေ။

သတင်းဖြန့်ချီရေးမှာသတင်းစာတို့၏ အလုပ်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတို့တွင် ဤစနစ်ကိုသာကျင့်သုံး သည်။ ဘယ်သတင်းကို မျက်နှာဖုံးမှာထား၊ ဘယ်သတင်းကို စာမျက်နှာဘယ်လောက်မှာထားမည်ဆို သည်မှာ သတင်း၏တန်ဘိုးပေါ်တွင်ကြည့်၍ အယ်ဒီတာအဖွဲ့မှ ဆုံးဖြတ်ပါသည်။ သတင်းစာတွင် ထည့် သွင်းပြီး ဖြစ်လာသမျှကိုတာဝန်ယူရသည်။ အယ်ဒီတာအဖွဲ့ အဆုံးအဖြတ်လွဲမှား၍ သတင်းစာမကောင်း လျင် သတင်းစာထုတ်ဝေသူတို့ဘဏ္ဍာရေး အရထိခိုက်တော့သည်။

ဂျက်ဖါဆန် ကသတင်းစာတစ်စောင်ကိုအခမ်း ၄ ခမ်းခွဲနိုင်ကြောင်း၊ (၁) အမှန်တရား (၂) ဖြစ်နိုင်ဘွယ် ရာများ (၃) ဖြစ်နိုင်ချေရှိသောအရာ (၄) အလိမ်အညာ များဟူ၍ ခွဲနိုင်ကြောင်း၊ သတင်းစာတစ်စောင် သည် အမှန်တရားသက်သက်ချည်းသာဖေါ်ပြပါက ပြင်းစရာကောင်းနေမည်ဖြစ်၍ ရောင်းရမှာ မဟုတ် ကြောင်း၊ အကယ်၍အမှားများကိုချည်းရေးသားပြန်လျင်လည်း ထိုအရာများကို ဖတ်၍သိသည်ထက် ဘာမှမဖတ်ဖဲနေခြင်းကပိုပြီးကောင်းမည်ဟုယူဆနိုင်ကြောင်း၊ သတင်းစာ အယ်ဒီတာ၏အလုပ်မှာ သူ့ သတင်းစာတွင်အလိမ်အညာများ မပါစေရန်တာဝန်ယူရကြောင်း၊ လူတစ်ယောက်၏ ခေါင်းထဲတွင် သတင်းအမှားများနှင့်သာ ပြည့်နေပါက အန္တရာယ်ဖြစ်နိုင်ကြောင်းရေးသားခဲ့သည်။

(၃)
ပြည်သူတို့ဖတ်ရသောသတင်း မှန်ကန်ရေးသည်သတင်းသမားတို့၏တာဝန်ပင်ဖြစ်သည်။ သတင်းစာ သည် လွတ်လပ်ရမည်၊ မှန်ကန်သောသတင်းကို လွတ်လပ်စွာရေးသားနိုင်ရမည်၊ သတင်းစာကို ဖိနှိပ် ၍ သတင်းအသံ ပျောက်သွားပါက နိုင်ငံတော်အတွက်မကောင်းပေ၊ အစိုးရ၏လုပ်ရပ်များ မှန်မမှန် ကို သတင်းစာများကစောင့်ကြည့် ရန်တာဝန်ရှိပေသည်။
အစိုးရအဖို့မှာလည်းလုပ်စရာရှိသည်ကိုလုပ်ရုံဖြင့်မပြီး၊ ထိုလုပ်ရပ်၏ အကျိုးသက်ရောက်မှုနှင့်ရေရှည် နိုင်ငံတော်အပေါ်၌ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သိရှိရန်သတင်းစာဖတ်ကြရန်လိုပေသည်။ အတွေးအခေါ်သစ်၊ စိတ်ကူးဥာဏ်အသစ်ရရှိရေးအတွက်လည်း သတင်းစာကိုဖတ်ရှုကြရန်လိုအပ်ပါ သည်။

ကိုသန်းလွင်
Ref: More Than 300 papers Join Globe, by James Reiss Editorial Globe August 14.

Comments