ဇင်လင်း - ဖက်ဒရယ် အခြေခံမူများ ချမှတ်ရေး သတ္တိရှိရှိ သန္နိဋ္ဌာန်ခိုင်ခိုင် ကြိုးပမ်းချိန်တန်ပြီ



ဇင်လင်း  - ဖက်ဒရယ် အခြေခံမူများ ချမှတ်ရေး သတ္တိရှိရှိ သန္နိဋ္ဌာန်ခိုင်ခိုင် ကြိုးပမ်းချိန်တန်ပြီ
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၈


ယနေ့ မြန်မာနိုင်ငံ ပြည်သူလူထု မျှော်လင့်တောင့်တမှု အရှိဆုံးကိစ္စမှာ ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်စေလိုခြင်း ဖြစ်သည်။ ၂၁ ရာစုပင်လုံညီလာခံ ကို ၂၀၁၈ တွင် တစ်ကြိမ်၊ ၂၀၁၉ တွင် နှစ်ကြိမ် ဆက်လက်ကျင်းပရန် ရှိကြောင်း ပြီးခဲ့သည့် ဇူလိုင်လတွင် ကျင်းပခဲ့သည့် ‘၂၁ ရာစုပင်လုံတတိယ အစည်းအဝေး’ က ကြေညာချက် ထုတ်ပြန်ထားခဲ့ သည်။ ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ် ကျင်းပရန် ကျန်ရှိရာ ဒီဇင်ဘာ၌ ခရစ္စမတ်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်များကြောင့် နိုဝင်ဘာလကုန်တွင် ငြိမ်းချမ်းရေးညီလာခံကျင်းပဖွယ်ရှိသည်ဟု ခန့်မှန်းမှု များရှိသည်။ နိုဝင်ဘာတွင် ပြုလုပ်ရန် တပ်မတော်ဘက်က သဘောတူ အဆိုပြုထားသည်ဟုလည်း သတင်းများကြားနေရသည်။

မကြာသေးမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ (NCA-S, EAOs) တက် ရောက်သည့် သီးသန့် ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့သည့် သတင်းမှာလည်း ငြိမ်းချမ်းရေးအတွက် အလွန်ထူးခြားသော ကြိုးပမ်းမှုဖြစ်သည်။ ၎င်းအစည်းအဝေးမတိုင်မီ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၈ ရက်မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်-NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း ၁ဝ ဖွဲ့(NCA-S, EAOs) ၏ တတိယ အကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည်ကို သတိပြုမိသည်။ ထိုအစည်းအဝေး၌ ခွဲမထွက်ရေးကိစ္စနှင့် တခုတည်းသောတပ်မတော်အယူအဆကိစ္စတို့သည် NCA ဆွေးနွေးညှိနှိုင်းမှု ဖြစ်စဉ်တွင် တစ်ဆို့မှု ဖြစ်နေသည်ဟု ချင်းမိုင်ညီလာခံတွင် သုံးသပ်ခဲ့ကြသည်။

စက်တင်ဘာလ (၈ ရက်မှ ၁၁ ရက်) ချင်းမိုင်ညီလာခံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ရှေ့ဆက် သွားနိုင်ရန် နိုင်ငံတော်အစိုးရဘက်က တကယ် ဆုံးဖြတ်နိုင်သော ထိပ်ပိုင်း ခေါင်းဆောင်များ၊ မြန်မာ့တပ်မတော်ဘက်က တကယ့် ဆုံးဖြတ်ချက်ပေးနိုင်သော ထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (NCA-S, EAOs) က ထိပ်ပိုင်းခေါင်းဆောင်များ အလွတ်သဘောတွေ့ဆုံပြီး၊ လက်ရှိ ကြုံတွေ့နေရသော အခက်အခဲများ အဟန့်အတားများ၊ တစ်ဆို့မှုများကို ဝိုင်းဝန်းအဖြေရှာကြမည်ဟု ဆုံးဖြတ်ချက် တစ်ခုကို ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲမှ ထွက်ပေါ်လာသော သဘောထားများသည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးပါမည်မှာ သေချာသည်။ နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် နှစ်ရက်ကြာကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာလ ၁၅ရက်၊ နံနက် ၁ဝနာရီတွင် စတင်ကျင်းပပြီး အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဘက်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ ကရင်အမျိုးသားအစည်း အရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ အသီးသီးအဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

ယခု နေပြည်တော် ရွှေစံအိမ်ဟိုတယ် ထိပ်သီးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အချက် ၃ ချက်ကို အလေးထား ပြောကြားခဲ့ရာ၌၊ ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရေးကိစ္စ’ ကို ပထမဆုံး ပြောကြားခဲ့သည်။

“ပြည်ထောင်စုရဲ့ပကတိတည်ရှိမှုကို လက်ခံထားရင် ခွဲမထွက်ရေးက ပြဿနာမဟုတ်ပါဘူး။ တိုင်းရင်းသားတွေ အစဉ် တစိုက် တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ပြီး၊ ခိုင်ခိုင်မာမာ အကောင်အထည်ဖော်သွား မယ်ဆိုတာကိုလည်း ကျွန်မတို့အနေနဲ့ အကြိမ်ကြိမ်ပြောခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယ အစည်းအဝေးမှာ ခွဲမထွက်ရေးဆိုတဲ့အချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်တွေရဲ့ကိုယ်ပိုင် အခြေခံဥပဒေ ရေးဆွဲရေးစတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး၊ သဘောတူညီချက်တွေ ရရှိပြီးမှ ချန်လှပ်ထားခဲ့ရတာ ဖြစ်ပါ တယ်။ ဒီနေရာမှာ ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် အားလုံးလက် တွဲပူးပေါင်းပြီး အကောင်အထည် ဖော်ဖို့ကလည်း အင်မတန်အရေးကြီးတယ်ဆိုတာကို ပြောချင်ပါတယ်။ စိုးရိမ်မှုတွေ ဖြစ်တည်လာစေခဲ့တဲ့ သမိုင်းကြောင်းအဖြစ်အပျက်တွေကို ကျွန်မတို့အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒါပေမဲ့ ဒီ အတိတ်သမိုင်းကနေ ရုန်းထပြီး အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ဆက်လက်ဦး တည်လျှောက်လှမ်း ကြဖို့ အရေးကြီးပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က လေးနက်စွာ ပြောကြားခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် နှလုံးသားသာမကဘဲ၊ ဦးနှောက်ကိုပါ ဖွင့်ထားပြီး စိတ်ရင်းစေတနာမှန်သော နိုင်ငံရေးဆုံးဖြတ်ချက်များကို သတ္တိရှိစွာချမှတ်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က
နေပြည်တော် ရွှေစံအိမ်ဟိုတယ်တွင် ပြုလုပ်သော အစိုးနှင့် NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေကိုယ်တိုင် တက်ရောက်လာကြတဲ့ ဒီကနေ့လို အစည်းအဝေးမျိုးမှာမှ သတ္တိရှိရှိနဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းမရှိဘူးဆိုရင် ကျမတို့ရဲ့ ပြည်သူတွေအပေါ်မှာ တာဝန်မကျေပွန်ရာ ရောက် သွား စေနိုင်တယ်။ စစ်မြေပြင်မှာ အသက်စွန့်ပြီး တိုက်ခိုက်နိုင်ကြဖို့ သတ္တိလိုသလို ကျမတို့ နိုင်ငံအတွက် အရေးကြီးလှတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ စိတ်ရင်းစေတနာမှန်နဲ့ ဆုံးဖြတ်နိုင်ဖို့လည်း သတ္တိလိုအပ်ပါတယ်။ ဒီလို ဆွေးနွေးညှိနှိုင်းကြရာမှာ ကျမတို့ အားလုံးရဲ့ နှလုံးသားတင်မက ဦးနှောက်ကိုပါ ဖွင့်ထားကြဖို့ အရေးကြီးပါတယ်။ ကျမတို့ အားလုံး သတ္တိရှိကြဖို့ အလေးအနက်ထားတိုက်တွန်းပြောကြားလိုပါတယ်။” ဟု က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးရခက်နေ သည်ဆိုသည့် ခွဲမထွက်ရစကားသည် ထာဝရငြိမ်းချမ်းရေးအ တွက် အမှန်တကယ်လိုအပ်သည့် စကားရပ်တစ်ခုဖြစ်ပြီး အာမခံချက်တစ်ခုဖြစ်သဖြင့် ပြည်ထောင်စုသဘောတူစာချုပ် တွင် ခွဲမထွက်ရအချက် ထည့်ရန် လိုသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ မိန့်ခွန်းတွင် အလေးထားပြော ကြားသွားသည်။

“လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ရာမှာ အမြဲဦးတည်ထားရမှာက တို့တာဝန် အရေးသုံးပါး ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု ပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှု ပြိုကွဲရေးကို ဦးတည်တဲ့ကိစ္စတွေကို မူလ ဆွေးနွေးမှုမှာ ကတည်းက ရှောင်ရှားဖို့ လိုမှာ ဖြစ်ပါတယ်။” ဟု ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။

“ခွဲမထွက်ရဆိုတဲ့တားမြစ် ချက်ကို ထည့်သွင်းရခြင်းဟာ တ ချို့အဖွဲ့အစည်းများ ပြောသလို တိုင်းရင်းသား ညီအစ်ကို မောင်နှမများအပေါ် မယုံကြည်လို့မဟုတ် ပါဘူး။ ရေရှည်အတွက် အာမခံချက် အပြည့်ရှိစေဖို့ ယုံကြည်ချင်လို့ တစ်ဦးနဲ့ တစ်ဦး သံသယကင်း ကင်းနဲ့ ထာဝရငြိမ်းချမ်းရေးလမ်းပေါ်မှာ အတူတကွ လက်တွဲချင်လို့သာဖြစ်ကြောင်း ပြောကြားလို ပါတယ်။” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးကလည်း ဖက်ဒရယ်သဘောတူညီမှုကို ရှာဖွေရာတွင် ခွဲထွက်ရေး၊ ခွဲမထွက်ရေး ကိစ္စနှင့် ဆက်စပ်ထားရန် မလိုအပ်ကြောင်း သူ၏ ထိပ်သီးအစည်းအဝေးမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်ကိုတွေ့ရ သည်။ နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် တိုင်းပြည်အတွက် လိုအပ်သော ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို ရှာဖွေရာ တွင် ‘အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူနည်းစုအခွင့်အရေး၊ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး၊ အာဏာခွဲဝေရေး’ စသည့် အချက်များအပေါ် အခြေခံသည့် ဖက်ဒရယ်နှင့် တိုက်ရိုက်ပတ် သက်သော မူသဘောများကို ရှာ ဖွေဖော်ထုတ်ရန် လိုကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးက ပြောကြားသည်။

“ဒါကြောင့် ဖက်ဒရယ်မူကို ရှာဖွေတဲ့နေရာမှာ ခွဲထွက်ရေး၊ ခွဲ မထွက်ရေးဆိုတဲ့ကိစ္စမျိုးနဲ့ ဆက်စပ်ထားစရာ မလိုပါဘူး။ စိုးရိမ်စိတ်ရှိမယ်ဆိုရင်လည်း ကျွန်တော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ ဘယ်လိုမျိုး အခွင့်အရေးလည်း ဆိုတာကို တင်ပြချင်ပါတယ်။” ဟု ၎င်းက ဆိုသည်။ KNU ဥက္ကဋ္ဌသည် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင် ၁၀ ဖွဲ့ကိုယ်စား ထိပ်သီးဆွေးနွေးပွဲတွင် မိန့် ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က အချက် ၃ ချက်ကို အဓိကပြောရာ၌ ဒုတိယအချက်အဖြစ် ‘စိတ်ကူးစံထဲက ဖက်ဒရယ် ပြည်ထောင်စု ပုံစံ’ အကြောင်း ရှင်းပြခဲ့သည်။ “ကျွန်မတို့ဖက်ဒရယ် အိပ်မက်ကို ဘယ်လိုအကောင်အထည်ဖေါ်ကြမှာလဲ ဆိုတာကို လက်တွေ့ကျကျ စဉ်းစားဖို့လိုပါတယ်။ စိတ်ကူးစံပြု ဖက်ဒရယ်အိပ်မက်က တဖက်မှာ ရှိနေပြီး၊ ဒီကနေ့ ၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေရဲ့ အရှိတရားကလည်း တဖက်မှာ ရှိနေပါတယ်။ဒီနှစ်ခုအကြားမှာ လက်နက်ကိုင်ပဋိပက္ခဖြစ် ပွားစေခဲ့တဲ့ အကြောင်းရင်းခံတွေကို တစ်ခုချင်း ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ချင်း ရှေ့ဆက်လျှောက်နိုင်မယ်ဆိုရင် ဖြစ်နိုင်ခြေလည်း ရှိတယ်။ လက်တွေ့လည်းကျတယ်။ အကောင်အထည်ဖေါ်ကျင့်သုံးဖို့လည်း အဆင်ပြေနိုင်မယ့် အခြေအနေတရပ်ကို ကျွန်မတို့ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

တတိယအချက် အဖြစ် သတ္တိရှိကြရန်၊ တာဝန်ယူမှု တာဝန်ခံမှု တာဝန်သိမှု ရှိကြရန် အလေးထားပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိပ်သီးအစည်းအဝေးတွင် ဘက်အသီးသီးမှ ခေါင်းဆောင်များအနေဖြင့် ပြည်သူ့မျက်နှာမူ၍ ဆုံးဖြတ်ချက်များ သတ္တိရှိစွာ ချမှတ်ရန်နှင့် နိုင်ငံရေးသဘောတူညီချက်ရယူရာတွင် လက်တွေ့ကျရန် စသည့် အချက်များ ကို အလေးထားပြောကြားခဲ့သည်။ ခေါင်းဆောင်များအနေဖြင့် တိုင်းရင်းသားပြည်သူများအားလုံးအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် တာဝန်သိမှုရှိကြရန် ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပြောကြားခဲ့သည်။

“ဒီကနေ့လို အဆုံးအဖြတ်ပေးနိုင်တဲ့ခေါင်းဆောင်တွေ တက်ရောက်လာတဲ့ အစည်းအဝေးမှာ သဘောတူညီချက်တွေ ချမှတ်နိုင်ဖို့၊ ကျွန်မတို့အားလုံး မိမိကိုယ်ကို ယုံကြည်မှုရှိဖို့၊ ကျွန်မတို့ လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်မှာ ယုံကြည်မှုရှိဖို့၊ ကျွန်မတို့ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေဟာ လက်တွေ့ကျကျ ဖော်ဆောင်နိုင်မယ်ဆိုတာကို ယုံကြည်မှုရှိဖို့ အထူးပဲ အရေးကြီးပါတယ်။” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် ခေါင်းဆောင်များကိုယ်တိုင် တက်ရောက်သည့် အစည်းအဝေးမျိုးတွင် သတ္တိရှိစွာ ဆုံးဖြတ် ချက်များ မချမှတ်နိုင်ပါက ပြည်သူများအပေါ် တာဝန်မကျေရာရောက်စေနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားခဲ့သည်။ နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့မတိုးနိုင်သည့် အချိန်အတွင်း အားလုံး၏ ယုံကြည်မှုများ ကျဆင်းကာ သဘောထား တင်းမာမှု များ ဖြစ်ပွားတတ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှု ရလဒ်ကောင်းများ လျော့နည်းလာသည်နှင့်အမျှ ငြိမ်းချမ်းရေးလမ်းကြောင်း တွင် အဖျက်အမှောင့်နှင့် ပုံစံအမျိုးမျိုးသော သွေးထိုးမှုများ ကြုံတွေ့တတ်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က သတိပေး နှိုးဆော်ခဲ့သည်။

အထူးသဖြင့် ခေါင်းဆောင်များအကြား ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်မရရှိသေးသည့် ကိစ္စများနှင့် ပတ်သက် ၍လည်း နိုင်ငံရေးဆွေးနွေးပွဲများကို မထိခိုက်စေရန် အပြန်အလှန်ငြင်းခုန်ရင်း တင်းမာမှုများ မြင့်တက်မလာစေလိုကြောင်း၊ ခေါင်းဆောင်များ အားလုံးနားလည်မှုရှိရှိစွာဖြင့် သဘောမတူချက်များကို ခဏတာ ရှောင်လွှဲထားကြစေလိုပြီး၊ ၎င်းကိစ္စရပ် များကြောင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကြန့်ကြာနှောင့်နှေးမှု မဖြစ်စေရေး အားလုံးက သတိထားကြရန်လည်း အရေးကြီး သည်ဟု နိုင်ငံတော်အတိုင်ပင်ခံက သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။ စစ်မြေပြင်တွင် အသက်စွန့် တိုက်ခိုက်ကြရာ၌ သတ္တိလိုအပ်သကဲ့သို့ နိုင်ငံအတွက် အလွန် အရေးကြီးသည့် နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာ၌လည်း စိတ်ရင်း စေတနာ မှန်ကန်စွာ ဆုံးဖြတ်နိုင်သည့် သတ္တိလိုသည်ဟု နှိုးဆော်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့်၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ “ပြည်ထောင်စု သဘောတူစာချုပ်” ချုပ်ဆိုနိုင်ရန် နှင့် “ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး” သို့ ဦးတည်နိုင်ရန် အစိုးရ၊ တပ်မတော်နှင့် EAO တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ အားလုံး နိုင်ငံအတွက် အလွန် အရေးကြီးသည့် နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် သတ္တိရှိရှိ သန္နိဋ္ဌာန်ခိုင်ခိုင်ဖြင့် ကြိုးပမ်းကြရမည့် အချိန်ရောက်ပြီဟု ပေါင်းချုပ်သုံးသပ်မိပါသည်။။။။။။။

 အောက်တိုဘာလ ၂၂ ရက်၊ ၂၀၁၈၊ တနင်္လာနေ့ထုတ် ဒီလှိုင်းဂျာနယ်၊ တွင် ဖေါ်ပြခဲ့သည့် ဆောင်းပါး။

Comments