မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁) - စဉ်းစားသိမြင်ခြင်းပြောင်းလဲမှုကြီး



မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁) - စဉ်းစားသိမြင်ခြင်းပြောင်းလဲမှုကြီး
Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၈

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

၁။ မည်သည့် ထူးကဲသာလွန်မှုမျှ မရှိသော သတ္တဝါ
လွန်ခဲ့သောနှစ်ပေါင်း ၁၃.၅ ဘီလီယံခန့်တွင် ဒြပ်ဝတ္ထု၊ စွမ်းအင်၊ အချိန် နဲ့ နေရာ စသည်တို့သည် ကျွန်ုပ်တို့ မဟာပေါက်ကွဲမှုကြီးဟု သိကြသောအရာမှစတင်၍ ဖြစ်တည်လာခဲ့ကြသည်။ ဤသို့သော ကျွန်ုတို့ စကြာဝဠာ၏ အခြေခံသဘောတရား အင်္ဂါရပ်များ အကြောင်းကို ရူပဗေဒ ဟုခေါ်သည်။

ယင်းသို့ ဖြစ်ပေါ်လာပြီး နှစ်ပေါင်း သုံးသိန်းခန့်ကြာသောအခါ ဒြပ်ဝတ္ထု နဲ့ အချိန်တို့သည် အက်တမ်ဟုခေါ်သော ရှုပ်ထွေးသော အဖွဲ့အစည်းများ အဖြစ်သို့ စတင်ပေါင်းစည်းသွားခဲ့ ရာမှတဆင့် မော်လီကျူးများအသွင်သို့ ပေါင်းစည်းသွားခဲ့ကြသည်။ အက်တမ်များ၊ မော်လီကျူးများနှင့် ၎င်းတို့၏ အပြန်အလှန်ဓာတ်ပြုခြင်း အကြောင်းအရာကို ဓာတုဗေဒ ဟုခေါ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၃.၈ ဘီလီယံခန့်မှ စ၍ ကမ္ဘာဟုခေါ်သော ဂြိုဟ်ပေါ်တွင် အချို့သောမော်​လီကျူးများ ပေါင်းစည်းရာမှ ကြီးမား၍ရှုပ်ထွေးသောဖွဲ့စည်းပုံများပိုင်ဆိုင်သော သက်ရှိသတ္တဝါများ ဖြစ်ပေါ်လာစေခဲ့သည်။ သက်ရှိများ၏ အကြောင်းအရာများကို ဇီဝဗေဒ ဟုခေါ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၇၀,၀၀၀ ခန့်တွင် မျိုးစိတ် - ဟိုမိုဆေပီယန်စ်တွင်ပါဝင်သော သက်ရှိများ (လက်ရှိလူသားများ) က ယဉ်ကျေးမှု ဟုခေါ်သော ပိုမိုအသေးစိတ်၍ကျယ်ပြန့်သော အဖွဲ့အစည်းများကို စတင်ဖော်ဆောင်လာခဲ့ကြသည်။ ဤကဲ့သို့ လူသားတို့၏ ယဉ်ကျေးမှုမှတဆင့် နောက်ဆက်တွဲ တိုးတက်ပြောင်းလဲမှုများကို လူ့သမိုင်း ဟုခေါ်သည်။ လူ့သမိုင်းကြောင်းကို အရေးကြီးသော ပြောင်းလဲမှုကြီး သုံးရပ်က ပုံဖော်ခဲ့သည်။ 

စဉ်းစားသိမြင်ခြင်းပြောင်းလဲမှုကြီးက လွန်ခဲ့သောနှစ် ၇၀,၀၀၀ မှစ၍ လူ့သမိုင်းကို စတင်ပြောင်းလဲစေခဲ့သည်။ 
လွန်ခဲ့သောနှစ် ၁၂,၀၀၀တွင် စိုက်ပျိုခြင်းပြောင်းလဲမှုကြီးက လူ့သမိုင်းပြောင်းလဲမှုကို ပိုမိုအရှိန်မြင့်စေခဲ့သည်။ 
လွန်ခဲ့သော နှစ် ၅၀၀ မှသာ စတင်လာသော သိပ္ပံပညာဆိုင်ရာပြောင်းလဲမှုကြီး သည်လူ့သမိုင်းကို အဆုံးသတ်သွားစေနိုင်၍ လုံးဝအသစ်သောအရာတစ်ခုခုကို စတင်စေနိုင်သည်။ 

ဤစာအုပ်သည် ယင်းပြောင်းလဲမှုကြီးသုံးရပ်က လူသားများနဲ့ အခြားသောသက်ရှိသတ္တဝါ များအပေါ် မည်သို့ သက်ရောက်မှုရှိခဲ့သည်ကို ပြောပြထားပါသည်။

လူ့သမိုင်းဟူ၍ မရှိခင် နှစ်ပေါင်းများစွာကတည်းကပင် လူသားများ ရှိနှင့်ပြီး ဖြစ်သည်။ ခေတ်သစ်လူသားများနဲ့အလွန်တူသော လူသတ္တဝါများ လွန်ခဲ့သောနှစ် ၂.၅ သန်းဝန်းကျင်တွင် စတင်ပေါ်ပေါက်လာခဲ့ကြသည်။ သို့သော် နောင်မျိုးဆက်များစွာတိုင်အောင် ယင်းလူသတ္တဝါများသည် ၎င်းတို့အတူယှဉ်တွဲနေထိုင်ကြသည့် နေရာဒေသများရှိ အခြားသော သက်ရှိတိရိစ္ဆာန်အမျိုးမျိုးကြားတွင် ထူးကဲသာလွန်သည်ဟူ၍ မရှိခဲ့ပေ။

လွန်ခဲ့သောနှစ် ၂ သန်းခန့်က အရှေ့အာဖရိကသို့ သွားလိုက်လျှင် လူသားများ၏ စရိုက်လက္ခဏာနဲ့ဆင်တူသော ကိုယ်နဲ့မစိမ်းသောသူများကို သင်တွေ့ဆုံရနိုင်သည်။ ကလေးများကို ပွေ့ပိုက်ထားရင်း စိုးရိမ်ကြောင့်ကြနေသော မိခင်များ၊ မြေထဲဖုတ်ထဲတွင် အပူပင်ကင်းစွာ ဖက်တလဲကင်းဆော့နေသော ကလေးများ၊ စိတ်လိုက်မာန်ပါဖြစ်နေသော လူရွယ်များက သူတို့အသိုင်းအဝိုင်း၏ စည်းကမ်းကလနားများကို ဆန့်ကျင်ရင်း စိတ်မရှည်နိုင်ဖြစ်နေပုံ၊ တကိုယ်တည်းအေးဆေးသာနေရန်သာနှစ်သက်တော့သော သက်ကြီးအိုမများ၊ အနီးဝန်းကျင်ရှိ အလှအပလေး များအထင်ကြီးစေရန် လက်ခမောင်းခတ်ပြနေသော ယောကျာ်းဘသားများ နှင့် ဤအရာများအားလုံးကို တွေ့ကြုံမြင်ခဲ့ပြီး ဖြစ်သော ပညာရှိသက်ကြီးရွယ်အိုသူမများ စသည်ဖြင့် တွေ့ရပေမည်။

ဤရှေးဦးလူသားများသည် ချစ်ကြိုက်ကြ၊ ကစားကြ၊ ရင်းနှီးသောဆက်ဆံရေးများ ထူထောင်ကြ၊ ရာထူး အာဏာအတွက် ပြိုင်ဆိုင်ခဲ့ကြသည်။ သို့သော် ချင်ပန်ဇီများ၊ ဘာဘွန်းမျောက်များ နှင့် ဆင်များလည်း ထိုနည်း နှင်နှင်ပင်။ ဤရှေးဦးလူသားတို့နှင့်ပတ်သက်၍ မည့်သည့် ထူးကဲသာလွန်မှုမျှ မရှိခဲ့ပေ။

နောင်တချိန်တွင် လူသားတို့၏နောင်မျိုးဆက်များသည် လပေါ်တွင်လမ်းလျှောက်ခြင်း၊ အက်တမ်ကို ခွဲခြမ်းစိတ်ဖြာခြင်း၊ မျိုးရိုးဗီဇကုဒ်များကို နားလည်ခြင်း၊ သမိုင်းစာအုပ်များရေးခြင်း စသည်တို့ကိုပြုလုပ်လာနိုင်လိမ့်မည်ဟူ၍ လူသားများကိုယ်တိုင်ပင် မဆိုလင့်ဦး..  မည်သူမျှပင် ယောင်လို့ မခန့်မှန်းမိခဲ့ကြချေ။ 

သမိုင်းမတိုင်မီလူသားတို့၏ အကြောင်းအရာများအနက် သိထားရမည့် အရေးကြီးဆုံး အချက်မှာ ၎င်းတို့သည် မည့်သည့်ထူးကဲသာလွန်မှုမျှ မရှိသော သတ္တဝါများဖြစ်ကြသည်။ နေထိုင်ရာပတ်ဝန်းကျင်အပေါ် ယင်းရှေးခတ်လူသားများ၏ သက်ရောက်မှုမှာ ဂေါ်ရီလာမျောက်များ၊ ပိုးစုန်းကြူးများနှင့် ရေခူများ၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုထက် သာသည်ဟူ၍ မရှိချေ။

ဇီဝဗေဒ ပညာရှင်များက သက်ရှိများကို မျိုးစိတ်များအဖြစ် ခွဲခြားထားကြသည်။ မျိုးစိတ်တူသော တိရိစ္ဆာန်များသည် တကောင်နဲ့တကောင် မိတ်လိုက်လေ့ရှိပြီး အောင်မြင်သော မျိုးဆက်သစ်များကို မွေးဖွားကြသည်။ မြင်းများနဲ့ မြည်းများသည် များမကြာသေးမီက တူညီသောဘုံမျိုးရိုး ရှိခဲ့၍ ပြင်ပပုံသဏ္ဍာန် လက္ခဏာတော်တော်များများ ဆင်တူကြသည်။ သို့သော် ၎င်းတို့သည် တကောင်နဲ့တကောင် မိတ်လိုက်ရန် စိတ်ဝင်စားမှု မရှိကြချေ။ ၎င်းတို့အား အချင်းချင်း မိတ်လိုက်စေ၍ရသော်လည်း မွေးဖွားလာသည့်အကောင်သည် လားသတ္တဝါ ဖြစ်၍ နောင်တွင်မျိုးမပွားဘဲ မြုံသွားပါသည်။ ထို့ကြောင့် မြည်းများ၏ DNA သည် မြင်းများ၏ DNAအထဲသို့ ဗီဇပြောင်းလဲရောပါသွားခြင်း မရှိသကဲ့သို့ မြင်းများမှလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ယင်းကြောင့် ဤ မြင်းနဲ့မြည်းနှစ်ကောင်သည် အလှမ်းဝေးကွာသော မျိုးစိတ်၂ခုဟူ၍ သတ်မှတ်ပြီး ဆင့်ကဲပြောင်းလဲမှုလမ်းစဉ်တွင် တလမ်းစီသီးခြား ဆက်လက်သွားနေကြသည်ဟု ယူဆထားကြသည်။ သို့သော်.. ခွေးဘီလူးတစ်ကောင်နဲ့ နားရွက်တွဲလွဲကျခွေးတစ်ကောင်သည် အသွင်ပြင် အလွန်ခြားနားသော်လည်း ၎င်းတို့သည် တူညီသော မျိုးစိတ် အုပ်စုဝင်များဖြစ်လျက် DNA အုပ်စု များပါ တူညီကြသည်။ ၎င်းတို့သည် တကောင်နဲ့တကောင် ပျော်ရွှင်စွာမိတ်လိုက်နိုင်ကြပြီး ၎င်းတို့၏ သားပေါက်များ နောင်တွင်အရွယ်ရောက်လာ၍ အခြားခွေးများနဲ့တွဲကာ နောက်ထပ်ခွေးသားပေါက်များ ဆက်လက်မွေးထုတ်နိုင်ကြပေသည်။

တူညီသော ဘုံမျိုးရိုးမှတဆင့် ဆင့်ကဲပြောင်းလဲလာသော (species) မျိုးစိတ်များကို မျိုးစု(genus) ၏ ခေါင်းစဉ်အောက်တွင် အတူတကွစုစည်းထားကြသည်။ ခြင်္သေ့များ၊ကျားများ၊ကျားသစ်များနဲ့ အမေရိကကျားသစ်တို့သည် အချင်းချင်းအားဖြင့် မျိုးစိတ်များကွဲပြားကြသော်လည်း မျိုးစု - ပန်သီရာ(Panthera) တစ်ခုအတွင်း အတူရှိကြသည်။ ဥပမာ ခြင်္သေ့များကို ဇီဝအမည်ဖြင့် ပန်သီရာ လီယို(Panthera leo) ဟုခေါ်သည်.. ဆိုလိုသည်မှာ ခြင်္သေ့တို့သည် မျိုးစု = ပန်သီရာ ၏ မျိုးစိတ် = လီယို ဖြစ်သည်။ ထို့အတူပင် ဤစာအုပ်ကို ဖတ်နေသောသူအားလုံးသည် ဟိုမိုဆေပီယန်စ် သို့မဟုတ် ဉာဏ်ရှိသော လူသတ္တဝါများ ဖြစ်ပေမည်။ မျိုးစု =ဟိုမို ၏ မျိုးစိတ် = ဆေပီယန်စ် ဖြစ်သည်။ (sapiens= wise, Homo = man)
မျိုးစုများကို နောက်ထပ် သတ္တဝါအုပ်စုများဟူ၍ ထပ်ခွဲထားသည်။ ဥပမာ ကြောင်အုပ်စုတွင် (ခြင်္သေ့၊သစ်ကျုတ် နဲ့ အိမ်မွေးကြောင်များ)၊ ခွေးအုပ်စုတွင် (ဝံပုလွေ၊မြေခွေးနဲ့ ခွေးအများ)၊ ဆင်အုပ်စုများတွင် (ရိုးရိုးလက်ရှိဆင်များ၊ မဲမက်သ်ရှေးဆင်များ၊ မက်စ်ဒိုဒွန်း ရှေးဆင်များ) ပါဝင်ကြသည်။ အုပ်စုတစ်ခုတွင် ပါဝင်သော မျိုးစုများအားလုံး၏ဇစ်မြစ်ကို တူညီသော အမိ သို့မဟုတ် အဖ ရှိရာသို့ နောက်ကြောင်းခံ ပြန်လိုက်နိုင်ပေသည်။ 

ကျွန်ုပ်တို့လူသားများ (ဟိုမိုဆေပီယန်စ်) သည်လည်း သတ္တဝါအုပ်စုတစ်ခုတွင် အပါအဝင်ဖြစ်သည်။ ဘာမှမထူးဆန်းသည့် ဤရိုးစင်းသောအမှန်တရားသည် လူ့သမိုင်းတလျှောက် တင်းတင်းကျပ်ကျပ် အဖုံးကွယ်ထားဆုံး လျှို့ဝှက်ချက်တစ်ရပ် ဖြစ်ခဲ့ဘူးသည်။ ကျွန်ုပ်တို့ လူသားများသည် တိရိစ္ဆာန်များနှင့် မည်သည့် ဆက်စပ်မှုမျှ မရှိဘဲ သီးသန့်ဖြစ်တည်ကြသည်ဟု ကိုယ့်ကိုကိုယ် မြင်လိုကြသည်။ မည်သည့်သတ္တဝါ အုပ်စုတွင်မှ မပါဘဲ ညီအစ်ကို၊ ဝမ်းကွဲများစသည့် ဆက်စပ်မှုများလည်းမရှိဘဲ.. အထူးသဖြင့် မည်သည့်သတ္တဝါက မွေးဖွားဆင်းသက်လာကြသည်ဟု မထင်လိုကြချေ။

 ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျွန်ုပ်တို့လူသားများသည် အကောင်ကြီးမား၍ ဆူညံကြသော လူဝံကြီးများ သတ္တဝါအုပ်စု အောက်တွင် ပါဝင်ကြပေသည်။ ကျွန်ုပ်တို့နဲ့ အနီးစပ်ဆုံးသော အမျိုးများမှာ ချင်ပန်ဇီမျောက်များ၊ ဂေါ်ရီလာလူဝံများ နဲ့ အော်ရန်အူတန် လူဝံများ ဖြစ်သည်။ ချင်ပန်ဇီမျောက်များသည် ကျွန်ုပ်တို့၏ အနီးစပ်ဆုံး ဝမ်းကွဲအမျိုးများဖြစ်သည်။ လွန်ခဲ့သော နှစ် ၆ သန်းခန့်က လူဝံအမတစ်ကောင်တွင် သမီးနှစ်ကောင် မွေးဖွားခဲ့သည်။ ယင်းတို့အထဲမှ တစ်ကောင်သည် ချင်ပန်ဇီမျောက်များအားလုံး၏ မြစ်ဖျားခံရာမိခင်ဖြစ်လာပြီး အခြားတစ်ကောင်သည် ကျွန်ုပ်တို့လူသားအားလုံး မြစ်ဖျားခံရာ မိခင်ဖြစ်လာသည်။

ပုံ (၁) ပြင်သစ်နိုင်ငံတောင်ပိုင်းတွင်ရှိသော ရှိုဗေးဘွန်ဒီအာ့ ဂူ နံရံပေါ်တွင် လွန်ခဲ့သော နှစ် ၃၀၀၀၀ ခန့်က တွေ့ရသော လူသားတစ်ဦး၏ လက်ဖဝါး အမှတ်အသား။ တစုံတယောက်က ကျနော်ဒီမှာ ရှိခဲ့တယ် ဟု ပြောရန်ကြိုးစားခဲ့၏။

(ဆက်လက်ဖော်ပြပါမည်)

Comments