ပင့်ကူအိမ် (ဆားလင်းကြီး) ● ဆိပ်ကမ်းဆီ မေးတင်နေမိတဲ့စိတ်


ပင့်ကူအိမ် (ဆားလင်းကြီး) ● ဆိပ်ကမ်းဆီ မေးတင်နေမိတဲ့စိတ်
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၈

အနာဆွေးတခုလို ပြေးထွက်ခဲ့နှစ်များ
အမေ့ခမျာ
သူ့ပါးထက်က မှဲ့နက်လေးလို ယုယတုန်း
နေရပ်ပျောက် လမ်းအကျယ်ကြီးထဲ
ကျဉ်းမြောင်းလာတဲ့ အရိပ်တွေနဲ့ မှောင်သားကျလို့
အမေ့ဆီ
ဆီမပို့နိုင်  ဆားမပို့နိုင်တဲ့ မြစ်ကောထဲကလှေ
ကျွန်တော့်ဆီ ဆိုက်ကပ်လာတဲ့ကွန်တိန်နာကိုဖွင့်တော့
အမေ့မေတ္တာနဲ့ အလွမ်းတွေထွက်ကျလာ
ဘယ်သမုဒ္ဒရာရောက်ရောက်
ကမ်းကြည့်ငှက်ဖြစ်ချင်ခဲ့သူ လူငယ်တယောက်လေ
အခုတော့လည်း ကျီးကန်းတောင်းမှောက် ပြဇာတ်မှာ
ကားလိပ်မချနိုင်တဲ့ ရုပ်သေးလေးပေါ့ အမေ
အမေ့မျက်ရည်တွေ ကျွန်တော်ရှိရာ ရွာချတယ်
ကျွန်တော့်ဝပ်ကျင်းက မိုးခေါင်ရေရှား ဥတုနဲ့
မိသားစု ဓာတ်ပုံလေးထဲမှာ
အခုထိ ဂျစ်ကန်ကန်နဲ့ ရပ်နေတုန်း
ဆေးသားတွေ ပွန်းလာတဲ့ ဓာတ်ပုံမှာ
အမေကတော့ အခုထိ နုပျိုတုန်း
အမေ့ရဲ့အပြုံးတွေကို ဆေးသားတင်ဖို့
အမေ့ဆီ ခုတ်မောင်းလာမယ့် သင်္ဘောဟာ
ဒီတခေါက် အမေ့အပျော်တွေကလွဲရင်
ဘာမှတင်ဆောင်လာခြင်း မပြုတော့ပါဘူးအမေ။  ။

ပင့်ကူအိမ် (ဆားလင်းကြီး)
0