ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၂၇)
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၈
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၈
ဘုန်းတော်ကြီးဒလိုင်းလားမား တိဗက်ပြည်ပြန်လာနိုင်ရေးအတွက် ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ ဘေဂျင်းကိုရောက် လာသည်။ ဘေဂျင်းအစိုးရက ဘုန်း တော်ကြီးပြန်လာသည့်အခါ ဘေဂျင်းကို အရင်လာစေလိုသည်။ သို့သော် ဘုန်းတော် ကြီးက အမိမြေတိဗက်ကိုပဲ အရင်ဆုံး ခြေချချင်သည်။ ‘နိုင်ငံရေးသမားဆိုတာ လက်ဝှေ့သမားနဲ့တူတယ်။ အမြဲတမ်းသတိရှိ နေရမယ်’ဟု ဘုန်းတော်ကြီးက မိန့်ပါသည်။ နိုင်ငံတကာသတင်းထောက်တွေကိုတောင် ၀င်ခွင့်မပေးဘဲ ပိတ်ပင်ထားသည့် အခြေအနေမျိုးမှာ အယုံလွယ်လို့ နောင်တရရမည့်အဖြစ်မျိုးကို ဘုန်းတော်ကြီးက အဖြစ်မခံ။ သည်အတွက် လုံလောက်သည့်အတွေ့အကြုံတွေ၊ သင်္ခန်းစာတွေ သူ့ဆီမှာ ရှိနေပါသည်။
တရုတ်အစိုးရက တိဗက်လူမျိုးတွေအပေါ် ကလေးမွေးဖွားမှုနှုန်းကို တင်းကျပ်လိုက် သည်။ တစ်အိမ်ထောင်လျှင် ကလေးနှစ်ယောက်ထက် ပိုမယူရ။ အစိုးရ ၀န်ထမ်း ဖြစ်လျှင် ကလေးတစ်ယောက်ပဲယူခွင့်ရှိသည်။ ကလေးတစ်ယောက် အထက်ရှိသော ၀န်ထမ်းအိမ်ထောင်သည်များကို ဝေစုလျှော့သည်။ လစာတိုးမပေးဘဲ ထားသည်။ ၀န်ထမ်းမဟုတ်သော သာမာန်အိမ်ထောင်သည်များ ကလေးသုံးယောက်မွေးလျှင်တော့ ဒဏ်ကြေးအဖြစ် နှစ်စဉ်ယွမ်ငွေငါးရာ အခွန်ဆောင်ခိုင်းသည်။
ဘုန်းတော်ကြီးကတော့ သူ့တိုင်းပြည်သူ့လူမျိုးအတွက် မရပ်မနားခရီး သွားလေ့ရှိပြီး နိုင်ငံတကာတက္ကသိုလ်များ၊ ကောလိပ်ကျောင်းများတွင် ဟောပြောပို့ချလေ့ရှိသည်။ အမေရိကန်ကွန်ဂရက်မှာပင် မိန့်ခွန်းပြောခဲ့ဘူးသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီမိုကရေရရှိရေးအတွက် ဘုန်းတော်ကြီးရဲ့ မဆုတ်မနစ်ကြိုးပမ်းချက်များကို အစဉ် တစိုက်ထောက်ခံအားပေးလျှက်ရှိပါသည်။ ပညာရှင်အသိုင်းအ၀ိုင်းနှင့် ကမ္ဘာ့ခေါင်း ဆောင်အများစုက ဘုန်းတော်ကြီးရဲ့အတွေးအခေါ်အယူအဆများကို သဘောကျ နှစ်ခြိုက်ကြရှိသည်။
ဘုန်းတော်ကြီးက တိဗက်အရေးနှင့်ပတ်သက်၍ တိဗက်ပြည်တခုလုံးကို ငြိမ်းချမ်းရေး ဇုန်အဖြစ်သတ်မှတ်ရန်၊ ဘေဂျင်းအစိုးရအနေဖြင့် တိဗက်ပြည်ထဲကို လူတွေအလုံး အရင်းဖြင့် ရွေ့ပြောင်းအခြေချနေထိုင်စေမှု များကို ရပ်တံ့ပေးရန်၊ တိဗက်ပြည်သူတွေရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်၊ တိဗက်သဘာဝသစ်တောများ ပြုန်းတီးနေမှုကို ကာကွယ်ပေးရန်နှင့် တရုတ်နှင့်တိဗက်နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံးပြုလုပ်ပြီး နှစ်နိုင်ငံအခက်အခဲများကို ဖြေရှင်းပေးရန် ကြေညာချက်ထုတ်ပြန်ပြီး ဘေဂျင်းအစိုးရကို တောင်းဆိုခဲ့ဘူးသည်။ ဘုန်းတော်ကြီးရဲ့ ကြေညာချက်က မီးပုံယမ်းကျသကဲ့သို့ ဘေဂျင်းအရာရှိကြီးများကို စိတ်ဆိုးအမျက် ထွက်စေပါတော့သည်။ သူတို့ရဲ့ဒေါသအမျက်က ပြည်တွင်းမှာရှိနေသည့် တိဗက်ပြည် သူတွေအပေါ် ပိုပြီးအခက်တွေ့စေပါတော့သည်။
တိဗက်မြေပေါ် လာရောက်အခြေချနေထိုင်သူတွေနှင့် ဒေသခံတိဗက်လူမျိုးတို့အကြား တင်းမာမှုတွေ ကြီးထွားလာခဲ့သည်။ အထူးသဖြင့် ဒေသခံတိဗက်လူမျိုးတွေအပေါ် ဘာသာရေးတင်းကြပ်ထားမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် မတူညီသည့် လူမျိုးစုနှစ်ခု အကြားမှာ မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာခဲ့ရသည်။
၁၉၈၈-ခုနှစ် ဒီဇင်ဘာလ ၁၀-ရက်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိခဲ့သည့် တိဗက်ရိုးရာ ဘာသာရေးပွဲတော်ကြီးကျင်းပသောအခါ တိဗက်လားမားများ၊ တိဗက်သီလရှင်များနှင့် နိုင်ငံရေးတက်ကြွသူတွေဦးဆောင်ပြီး လူထုချီတက်ပွဲဆင်နွှဲကြပါသည်။ ဂျိုခေါင်းဘုရား ကျောင်းတွင် ကျင်းပသည့် သည်လူထုဆန္ဒပြပွဲကြီးကို ဘေဂျင်းစစ်သားများက မျက်ရည်ယိုဗုံးများ၊ မြင်းတပ်များဖြင့် အကြမ်းဖက်ဖြိုခွဲလိုက်ပါသည်။ ဆန္ဒပြပွဲတွင် နယ်သာလန်သူလေး Christa Meindersma တစ်ယောက် ဒဏ်ရာအပြင်းအထန် ရသွားသည်။ ဘေဂျင်းမှာရှိသည့် နယ်သာလန်သံရုံးကို ဆက်သွယ်ပေမယ့် သူမဟာ အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဘေဂျင်းအရာရှိများက ဖမ်းဆီးလိုက်လေသည်။
၁၉၈၉-ခုနှစ် နှစ်ဦးပိုင်းတွင် ဂျီနီဗာအစည်းအဝေးကျင်းပသောအခါ တိဗက်အရေးဖြေ ရှင်းပေးဖို့ ဘေဂျင်းအစိုးရကို တောင်းဆိုလိုက်ပါသည်။ သို့သော် ဘေဂျင်းအစိုးရက တိဗက်အဝေးရောက်အစိုးရကို အသိအမှတ်မပြု။ ဘုန်းတော်ကြီးဒလိုင်းလားမားနှင့်သာ တွေ့ဆုံဆွေးနွေးလိုသည်။ ဘုန်းတော်ကြီးကလွဲ၍ အခြားမည်သူတစ်ဦးတယောက်နှင့်မျှ မဆွေးနွေးလိုဟု အကြောင်းပြပြီး ပယ်ချလိုက်ပါသည်။ ဘုန်းတော်ကြီးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တောင်းဆိုမှုတွေရှိခဲ့ပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိခဲ့ပါ။ တွေ့ဆုံဆွေးနွေးဖို့ ကနဦးညှိနှိုင်းမှု အဆင့်မှာတင် လမ်းဆုံးသွားခဲ့သည်။
ဘုန်းတော်ကြီးဒလိုင်းလားမား တိဗက်ပြည်က ထွက်သွားပြီးနောက် တိဗက်ပြည်တွင်း ရေးကို ဘုန်းတော်ကြီးပန်ချန်းလားမားက ဦးဆောင်နေခြင်းဖြစ်သည်။ အမြင်မတူမှုတွေ ရှိလင့်ကစား ဘုန်းတော်ကြီးပန်ချန်းလားမားကိုသာ အားကိုးအားထားပြုကြရသည်။ ယခုတော့ တိဗက်ပြည်သူတို့ ကံဆိုးလေပြီ။ ၁၉၈၉-ခုနှစ် ဇန်န၀ါရီလ ၂၈-ရက်နေ့တွင် ဘုန်းတော်ကြီးပန်ချန်းလားမား ပျံလွန်တော်မူသွားသည်။ သက်တော် ငါးဆယ့်သုံးနှစ် အရွယ်ဆိုသည်မှာ ငယ်သေးသည်ဟုဆိုနိုင်သော်လည်း ပန်ချန်းလားမား ဘုန်းတော်ကြီး ကတော့ သူချစ်တဲ့တိဗက်ပြည်ကိုရော၊ တိဗက်ပြည်သူတွေကိုပါ ရုတ်တရက်နှုတ်ဆက် ထွက်ခွါသွားသည်။ ဘုန်းတော်ကြီးက သူချစ်မြတ်နိုးရသည့် အမိမြေတွင် ပျံလွန်တော် မူခြင်းဖြစ်သည်။ ပျံလွန်တော်မမူခင် ဘေဂျင်းကနေ တိဗက်ပြည်ကို ပြန်လာသည်။ တိဗက်ကို ပြန်လာခါနီးတွင် ဘေဂျင်းမှာကျင်းပသည့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို တက်ခဲ့သေးသည်။ အစည်းအဝေးတွင် ဘေဂျင်းအစိုးရအဖွဲ့နှင့် ပြဿနာတက်သည်။ ဘုန်းတော်ကြီးက တိဗက်ပြည်အတွက် တိဗက်လူမျိုးတွေရဲ့ ပေးဆပ်မှုနှင့်နှိုင်းယှဉ်လျှင် ပေးဆပ်ခဲ့ရတာတွေအတွက် ထိုက်တန်မှုမရှိကြောင်း၊ တိဗက်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ စားပွဲခုံကို လက်သီးနှင့်ထုပြီး ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့သည်။ ယခုတော့ သူရဲ့တိဗက်ပြည် ခရီးစဉ်က သူအတွက် နောက်ဆုံးခရီးဖြစ်ခဲ့လေပြီ။ ဘုန်းတော်ကြီးမှာ နှလုံးရောဂါရှိ သည်။ သူသေလျှင် အမိမြေတိဗက်ပြည်က သူ့ကျောင်းမှာပဲ ပျံလွန်တော်မူချင်ကြောင်း မိန့်တော်မူဘူးသည်။
သူ့ဈာပနပွဲကို ဘုန်းတော်ကြီးဒလိုင်းလားမားကို ပင့်ဖိတ်ပေမယ့် ကိုယ်တိုင်မကြွဖြစ်။ ၀မ်းနည်းကြောင်းသ၀ဏ်လွှာကိုသာ ပေးပို့ခဲ့သည်။ သူ၏သ၀ဏ်လွှာထဲတွင် ပန်ချန်း လားမားဟာ သူ့ဘ၀တလျောက်လုံး လွတ်လပ်မှုအရသာကို ခံစားဖို့အခွင့်မရခဲ့ကြောင်း၊ သူဟာ တိဗက်ပြည်လွတ်လပ်ရေးအတွက် တိဗက်ပြည်သူတွေရှေ့ကနေ မားမား မတ်မတ်ရပ်ပြီး တိုက်ပွဲဝင်ခဲ့သည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကြောင်း၊ ခက်ခဲ ကြမ်းတမ်းသည့် တိဗက်ပြည်ရဲ့အမှောင်ခေတ်မှာ သူဟာ လိမ္မာပါးနပ်မှုရှိသည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း၊ တရုတ်အရာရှိများနှင့် အဆင်ပြေ အောင်နေတတ်ပြီး တိဗက်စာပေ၊ တိဗက်ယဉ်ကျေးမှုနှင့် ဘာသာဓလေ့ထုံးတမ်းများကို ကာကွယ်ဖို့ ကြိုးစားခဲ့သူဖြစ်ကြောင်း၊ သူသာ တိဗက်ပြည်ထဲမှာရှိနေခဲ့မယ်ဆိုရင် ပန်ချန်းလားမားလို စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ဘုန်းတော်ကြီးဒလိုင်း လားမားက သတင်းစကား ပါးခဲ့သည်။
ဘုန်းတော်ကြီးပန်ချန်းလားမား ပျံလွန်တော်မူသွားခြင်းက ဒလိုင်းလားမား ဘုန်းတော်ကြီးအတွက်၊ တိဗက်ပြည်သူတွေအတွက် လက်မောင်းတစ်ဖက် ပြုတ်ထွက် သွားသလိုဖြစ်ခဲ့ရသည်။ အခက်အခဲ အကျပ်အတည်းကာလများတွင် ဘေဂျင်းအရာရှိ များနှင့် ဦးဆောင်တွေ့ဆုံစေ့စပ်ဆွေးနွေးမည့်သူ မရှိတော့။ တိဗက်ပြည်ရဲ့ အနာဂတ်ကား လမိုက်သန်းခေါင်ပမာ။ မြင်ကွင်းတွေက မှောင်သထက် မှောင်သွား ခဲ့ရလေပြီ။
ဆက်ပါဦးမည်။
ကိုသစ် (သီတဂူ)
၁၀၊ ၂၀၊ ၂၀၁၈
Comments