လင်းသက်ငြိမ် ● ကိုယ်တို့မြို့
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၈
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၈
ဒီနှစ်မိုးရာသီ ကိုယ်တို့မြို့မှာ မိုးပါးတယ်လို့ ပြောလို့ရတယ်။ မိုးပါးတယ်ဆိုတာ အရမ်းကြီးရက်ဆက် သည်းသည်းမည်းမည်း မရွာဘဲ ဟိုနားဖြောက်ဖြောက် ဒီနားဖြောက်ဖြောက်၊ တစ်ခါတစ်လေ တစ်နေ့လုံး အဲ့လောက်ပဲရွာတယ်။ ဒီနှစ်တော့မိုးနည်း လိမ့်မယ်လို့ လူကြီးတွေနဲ့စကားပြောဖြစ်တိုင်း နားထောင်ရတယ်။ ဒီကနေ့မိုးရွာလို့ လယ်ကိုထွန်ပြုပြီး နောက်ရက်စပါးစိုက်ဖို့ လုပ်တော့ မိုးကရပ်သွားတယ်။ ရပ်သွားတဲ့မိုးဟာနောက်ထပ် တစ်ပတ် ဆယ်ရက်အထိ မရွာတော့ ချောင်းထဲကရေတွေကိုစက်နဲ့စုပ်ပြီး ရေသွင်းပြီးစိုက်ကြရတယ်လို့ လက်ဖက်ရည်ဆိုင်မှာ လယ်သမားတွေပြောတာကိုလည်း ကိုယ်ကြားခဲ့ရတယ်။ မိုးမမှန်တဲ့ အတွက် အရင်ဆုံးဒုက္ခရောက်ကြရတာကတောင်သူတွေပါပဲ။ မိုးပါးလို့ ဖြစ်အောင်စိုက်ပျိုးပြီးမှ မိုးကအသည်း အထန်ရွာပြီး ရေကြီးရေလျှံ လယ်တွေပျက်စီး ဒါမျိုးတွေကလည်း ဖြစ်တတ်သေးတယ်။ ကိုယ်တို့မြို့က ဘေးပတ်ပတ်လည်မှာ တောင်တွေရှိပြီး ချိုင့်ဝှမ်းပုံမြေပြင်ညီ မြို့ဆိုတော့ကိုယ့်ဆီမှာ မိုးမရွာပေမယ့် အထက်မှာမိုးသည်းတဲ့အခုတိုင်းရေကြီးရေလျှံ လေ့ရှိတယ်။ ကိုယ်ငယ်ငယ်ကတည်းက ကြုံတွေ့နေရတဲ့ သဘာဝဘေးတစ်ခုပါပဲ။ ရေကြီးအားကောင်းလို့အိမ်တွေပါ မျှောပါ သွားတာတွေ၊ ကိုယ်တို့အိမ်တံစက်မြိတ်အထိရေတွေတက်လာလို့ ခေါင်မိုးပေါ်တက်နေရတာတွေ၊ ထမင်းဟင်းတောင် ချက် စားမရလို့ ဘေးအိမ်က ထမင်းဟင်းတွေလာပေးကြတာတွေ အဲ့ဒါမျိုးတွေကတော့ ကိုယ့်အဖို့ ကြုံနေကျမို့ ရိုးလို့တောင် ရိုးနေပါပြီ။
ငယ်ငယ်ကတော့ ရေကြီးရင်ပျော်တာပဲ။ ကျောင်းလည်းမသွားရဘူး။ ဝက်စာကျွေးတဲ့ စလောင်းကိုစီးရတယ်။ ရေကျပြီဆို လမ်းပေါ်တက်လာတဲ့ ငါးတွေ၊ ပုဇွန်လုံးတွေကိုလိုက်ကောက်ရတာတွေ စတဲ့ အပူအပင်မရှိ အရာရာကိုပျော်စရာလို့ပဲ တွေး နေတတ်တဲ့ ကလေးဘဝပေါ့။ အဖေ့မျက်နှာတင်းနေတာ၊ အမေ့မျက်နှာညိုးနေတာ ဘာဘာညာညာလည်းသိပ်မစဉ်းစားဖြစ်ပါဘူး။ ကိုယ်တို့မြို့မှာ မိုးရာသီတိုင်း ရေမကြီးဘူးဆိုတာ ရှားပါတယ်။ အနည်းဆုံးလမ်းတွေပေါ် ခါးလောက်၊ ပေါင်လောက်က တော့ နှစ်တိုင်းကျော်တာပါပဲ။ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ကိုယ်တို့မြို့မှာ အကြီးအကျယ်ရေကြီးတယ်။ တစ်နိုင်ငံလုံးက ထောက်ပံ့ကူညီကြတယ်။ အဲ့ဒီအချိန်ကိုယ်ကကိုယ့်မြို့မှာ မရှိဘူး။ အဝေးတစ်နေရာ ရောက်နေတယ်။ အဝေးမြို့က စေ တနာရှင်တွေဆီကနေ အလှူ ငွေတွေ၊ ပစ္စည်းပစ္စယတွေကို ကောက်ခံပြီးတော့ ကိုယ့်မြို့ကလေးဆီကိုပို့ပေးဖြစ်ပါတယ်။ ကိုယ်တို့မြို့ နာမည်ကျော်သွားတဲ့ ရေကြီးမှုဖြစ်စဉ်ပေါ့။ ဒါမျိုးနာမည်ကြီးမှုမျိုးနဲ့တော့ ကိုယ့်မြို့ကိုမထင်ပေါ်စေချင်ပါဘူး။
ဥတုရာသီ တောကိုမှီ ဘာညာဆိုတဲ့ ဆိုင်းဘုတ်ထဲကစာသားတွေကို ငယ်ငယ်ကတည်းက ခဏခဏ မြင်ရဖတ်ရတော့ အဲ့ဒီစာသားကိုအလွတ်ရနေတယ်။ တောပင်ကိုတော်တော်ခုတ်ဆိုတာတွေကော၊ သစ်တောနဲ့သစ်ပင် ချစ်ခင်တဲ့လူမျိုးဆို တာတွေ ကော။ မိုးမမှန်တာတွေ၊ အပူ၊ အအေးတွေမတန်တဆဖြစ်လာတာတွေဟာ သစ်တောတွေပြုန်းတီးလို့၊ မြေပေါ်၊ မြေအောက် သယံဇာတတွေကို အငမ်းမရငတ်ကြီးကျမှုတွေကြောင့်လို့ စာအုပ်တွေထဲ၊ လူတွေပြောတဲ့ စကားထဲ ကိုယ် ကြားရဖတ်ရတယ်။ ကမ္ဘာမှာ လူ့အလိုလောဘကြောင့်သယံဇာတကျိန်စာကို အဆိုးဆုံး ခံစားရမယ့် နိုင်ငံတွေထဲကိုယ့်နိုင်ငံလည်းရှေ့ဆုံးပါတယ်ဆိုတာ သတင်းတွေထဲဖတ်ရတယ်။ သိသိသာသာပဲ ကိုယ့်မြို့်ကလေးရဲ့ ရာသီဥတုတွေဖောက်ပြန် နေတာကိုလည်း ကိုယ်တိုင်ကြုံရတွေ့ရတာပါပဲ။ အနာသိရင် ဆေးရှိတယ်လို့ ရှေးစကားရှိပေမယ့် ပုပ်ရိဆွေးမြေ့နေတဲ့ အနာ အတွက် ဘယ်လိုဆေးဝါးတွေကို ဆိုင်ရာပိုင်ရာတွေသုံးစွဲမှာလဲလို့ ကိုယ်စိတ်ဝင်စားမိတယ်။ ဒါပေမယ့် ဆေးအစားလောက်တွေတဖွားဖွားထွက်ကျနေတဲ့ အနာကြီးကို ဒီအတိုင်းကြည့်နေကြရတာပါပဲ။
ကိုယ်ငယ်ငယ်က သံလမ်းပေါ်မှာ သစ်လုံးရထားကြီးတွေ တဂျူံးဂျုံး ခုတ်မောင်းသွားတဲ့ ပုံရိပ်တွေကို ကိုယ်အခုထိ မှတ်မိ နေသေးတယ်။ မျက်နှာစိမ်းဧည့်သည်တွေဝင်ထွက်နေတဲ့ကိုယ့်မြို့ရဲ့ နေ့ညတွေကိုလည်း ကိုယ်သတိရမိတယ်။ ကားဆို တာကို လက်ချိုးရေလို့ရတဲ့ ကိုယ်တို့မြို့ထဲ ကားအကောင်းစားကြီးတွေ တဝီဝီဖြတ်သန်းသွားလာနေတဲ့ ကိုယ်တို့မြို့ရဲ့နေ့ရက်တွေကိုလည်း ကိုယ်ကောင်းကောင်းမှတ်မိနေခဲ့တယ်။ စာပေဟောပြောပွဲတစ်ခုထဲ ဆရာအော်ပီကျယ်ပြောတဲ့ နယ်စပ်ဒေ သတစ်ခုက တစ်နေ့တစ်နေ့ ဘောလုံးကွင်းဆယ်ကွင်းစာလောက်ရှိတဲ့သစ်လုံးပုံကြီးအကြောင်းကြားရတော့ အဲ့ဒီသစ်လုံး ပုံကြီးတွေထဲမှာ ကိုယ်တို့မြို့ကသစ်လုံးကြီးတွေလည်းပါမှာပဲလို့ကိုယ်တွေးခဲ့ဖူးတယ်။ ကိုယ်တို့မြို့အနောက်ဖက်ကို ကိုယ် ရောက်ခဲ့တုန်းက အစီးသုံးလေးဆယ်လောက်ရှိတဲ့ သစ်လုံးတင်ကားတန်းကြီးကို ကိုယ်မြင်ရတော့ ကြက်သေသေ ကိုယ်ငေး ခဲ့မိတယ်။ ညနေစောင်းလမ်းမမှာ ကားတန်းကြီးရွေ့လျားနေပုံက ခြောက်ခြားစရာကောင်းတယ်လို့ ကိုယ်ခံစားရတယ်။
သစ်လုံးကားကြီးတွေဖြတ်မောင်းနေတာက ကိုယ်တို့ဖြတ်သန်းနေတဲ့ လမ်းမကြီး မဟုတ်ပါဘူး။ ရှေ့ကနေမြေကော်ကားကြီး က မြေကြီးတွေကို ထိုးခွဲ လမ်းဖောက်ပြီးထွက်ပေါ်လာတဲ့ နေ့ချင်းဖြစ် မိုးကျရွှေကိုယ် လမ်းမကြီးတွေပေါ်ကနေ သစ်လုံးကားကြီးတွေဖြတ်သန်းနေကြတာပါ။ ရှေ့ဆုံးကနေ မြေကော်ကားကြီးက မြေကြီးတွေထိုးကော်ပြီးလမ်းဖောက်သွားတဲ့အခါ နောက်က ကားတစ်စီးက နာကျင်စွာထောင်းထောင်းထနေကြတဲ့ ဖုန်မှုန့်တွေကို သိပ်သွားအောင်ရေတွေနဲ့ ဖြန်းပြီး နောက် ကကားတန်းကြီးက မိစ္ဆာကောင်လိုရွေ့လျားသွားတာပါပဲ။ မမြင်ဖူးတဲ့မြင်ကွင်းကို ကိုယ်ငေးပြီး အဲ့ဒီကားတွေက ဒီနေ့ တစ်နေ့ပဲသွားတာလားလို့ အဲ့ဒီဒေသကကိုယ့်မိတ်ဆွေကိုမေးမိတော့ မဟုတ်ဘူးနေ့တိုင်းပဲတဲ့။ နေလုံးကြီးက တောင်တန်း တွေပေါ် မှေးတင်နေတဲ့ အချိန်။ တိမ်စိုင်တွေက မီးလောင်ကျွမ်းနေသလို တရဲရဲတောက်ပနေတဲ့ ညနေခင်းအောက်မှာ ရွေ့လျားသွားတဲ့ ကားတန်းကြီးကိုကြည့်ပြီး ဘာမှန်းမသိတဲ့ လန့်ထိတ်မှုကို ကိုယ်ခံစားရတာတော့အမှန်ပဲ။ ဧရာမအုတ်ဂူကြီး တွေလို ကတုံးပြောင်နေတဲ့တောင်ကုန်းကြီးတွေ ကိုယ်တို့မြို့နယ်ထဲ လက်ညှိုးထိုးမလွဲတွေ့လာရတော့တယ်။
ကိုယ်တို့မြို့ရဲ့အနောက်မြောက်ဘက်က နေရာတကြောမှာ ရွှေထွက်တယ်ဆိုတော့ လူတွေနဲ့ယန္တရားကြီးတွေအလုအယက်ချီတက်ပြီး ရှာဖွေတူးဆွကြတဲ့ပုံရိပ်တွေကိုလည်း ကိုယ်မှတ်မိနေပါသေးတယ်။ လူသူပြတ်လပ်တဲ့တောတောင်ကြားထဲ လူ သံ၊ စက်သံတွေ ပွဲတော်တမျှပဲ။ ကတုံးဖြစ်နေတဲ့ တောင်တချို့ဟာ ချိုင့်ဝှမ်းကြီးတွေအဖြစ်ပြောင်းလဲသွားကြရပြီး ချိုင့်ဝှမ်း တချို့ဟာ တောင်ကုန်းကြီးတွေဖြစ်သွားကြတယ်။ လူတွေဟာ မျက်လှည့်ဆရာတွေပဲ။ ကျွမ်းကျင်တယ်။ ရက်စက်တယ်။ တူးကြ ဆွကြ နှစ်ကာလတွေအပြီးမှာ စစ်ကြောင်းကျရွာတွေလို ဖွာလန်ကျဲကျန်ရစ်ခဲ့တဲ့နေရာကို ကိုယ်မကြာခဏ သွားသွား ကြည့်မိတယ်။ အရက်နဲ့ မူးယစ်ဆေးနဲ့ ရွှေနဲ့ငွေနဲ့ အရင်ကပွဲတော်တမျှစည်ကားခဲ့တဲ့နေရာဟာ အခုတော့ တစပြင်လို ခြောက်ကပ်လို့။ ရွှေမရှိတော့ ရှိတဲ့သဲတွေ၊ ကျောက်တွေကို အရိုးမှာကပ်ကျန်နေတဲ့အသားစတွေလို စားသောက်နေတဲ့ လူတချို့ နဲ့ကျောက်ခွဲစက်တချို့သာ ကျန်နေရစ်တော့တယ်။ စိမ်းစိုညို့မှိုင်းနေတဲ့ ရှုခင်းတွေနဲ့အဆက်အသွယ်ပြတ်တောက်သွားပြီးတဲ့နောက်။ တောင်ကျချောင်းကလေးလည်း ထိန်းမနိုင်သိမ်းမရ ဆိုးသွမ်းသွားတော့တယ်။
ကိုယ်တို့မြို့ရဲ့ အနောက်ဖက်က ရွာတွေမှာအဝါရောင်တစ္ဆေတွေ ပေါ်ပြန်ပြီဆိုတဲ့သတင်းတွေ ထွက်လာပြန်တော့။ လူတွေ ဟာ ကြွက်တွေဖြစ်သွားကြတယ်။ ကိုယ့်အိမ်အောက်ကိုယ် မြေကျင်းတူးပြီး ရွှေရှာကြတယ်တဲ့။ အိမ်တိုင်းရဲ့အောက်မှာ ဂ လိုဏ်ပေါက်တွေချည်းပဲတဲ့။ ရွှေတွဲလဲ၊ ငွေတွဲလဲ၊ မူးယစ်ဆေးတွဲလဲ၊ လောင်းကစားတွဲလဲ။ အဆုံးတော့ အကုန်လဲကုန်ကြ တာပဲတဲ့။ စပါးခင်းတွေကို အထက်အောက်ပြောင်းပြန်လှန်ပြီး ရွှေရှာကြတယ်။ စက်ယန္တရားများ။ စက်ဆီညှော်နံ့များ၊ ချွေး များ၊ သွေးများ၊ လောဘရဲ့ပြဇာတ်တွေကို ကိုယ်ကြားခဲ့ရတယ်။ ကိုယ်မြင်ခဲ့ရတယ်။ နာမည်အမျိုးမျိုးနဲ့ ကုမ္ပဏီတွေ။ ဒီနေ့ ဆင်းရဲသား မနက်ဖြန်သူဌေးတွေ။ ဒီကနေ့သူဌေး မနက်ဖြန် သူဆင်းရဲတွေ။ ကိုယ်တို့်ငေးကြည့်နေခဲ့ရတယ်။ ကိုယ်တို့ ကြား ခဲ့ကြရတယ်။ စွန့်ပစ်ရေဆိုးတွေက အိမ်ဝင်းတွေထဲအထိ တိုးဝင်ညစ်ထေးခဲ့တာတွေ။ ဘာမှစိုက်ပျိုးလို့မရတော့တဲ့ မြေစာပုံ လယ်ကွင်းတွေ။ မူးယစ်ဆေးရဲ့သားကောင်အဖြစ် ကြွင်းကျန်နေရစ်တဲ့ လူကြီး၊ လူငယ်တွေ။ တစ်ဖက်နိုင်ငံကို စားသောက်ကုန်အဖြစ်ရောက်ရှိသွားတဲ့ ကျွဲတွေ၊ နွားတွေ။ ဒါဂျက်လန်ဒန်ရဲ့ ဝတ္ထုထဲက စာသားတွေမဟုတ်ဘူး။ ဒါကိုယ့်မြို့အနီးတဝိုက်မှာ ဖြစ်ခဲ့တဲ့ အဝါရောင်ဗိုင်းရပ်စ်ရဲ့ကူးစက်မှု၊ ဖျက်ဆီးမှုတွေ။ လှပတဲ့လယ်ကွင်းတွေအများကြီး မြင်ကွင်းကပျောက်ကွယ်သွားခဲ့ကြသလို၊ တောသူတောင်သားရဲ့ရိုးသားမှု၊ ဖြူစင်မှုတွေလည်း ပျောက်ရှသွားခဲ့ကြတော့တယ်။
ကိုယ်တို့မြို့မှမဟုတ်ပါဘူး။ တကယ်တော့သယံဇာတတွေ ကျင်ယူခံခဲ့ရတဲ့ ကိုယ်တို့နိုင်ငံကြီးပါ ကျန်းမာရေး ဖောက်ပြန်နေ တာ သေချာပါတယ်။ သစ်တောတွေပြုန်းကုန်တော့ ရာသီဥတုချိန်ခွင်လျှာလည်း မညီမျှတော့ဘူး။ ချောင်းတွေ၊ မြောင်းတွေ ကလည်း ရွှေသမားတွေကြောင့်ကောကုန်ကြတော့ရေကြောင်းတွေ အပြောင်းအလဲဖြစ်ကုန်တယ်။ အေးစက်လွန်းတဲ့ဆောင်းတွင်းနေ့ညတွေ၊ ပူလောင်လွန်းတဲ့ နွေကာလတွေ၊ မထင်ရင်မထင်လို ရွာလိုက်၊ သည်းလိုက်၊ ရပ်လိုက်နဲ့ အမျိုးမျိုးပြသနေတော့တာပါပဲ။ စံချိန်တင် ရေကြီးမှုဖြစ်စဉ် အပြီးမှာကိုယ်တို့မြို့ နာမည်ကိုပြောလိုက်ရင် လူတိုင်းတန်းကြသိတယ်။ ရေကြီးတဲ့မြို့ မဟုတ်လားတဲ့။ အဲ့ဒီလို ကျော်ကြားမှုမျိုးနဲ့တော့ကိုယ့်မြို့ကို တွဲမမှတ်မိစေချင်ပါဘူး။ အပေါ်မှာ ပြောခဲ့သလိုပဲ ဒီနှစ်က မိုးပါးတော့ ရေမကြီးဘူး။ ရေမကြီးဘူးဆိုတာ အတိုင်းထက်အလွန် စံချိန်တင်ကြီးတဲ့ရေ မဟုတ်ဘူးလို့ ဆိုလိုတာပါ။ မိုးလေးနည်းနည်းရွာလိုက်တာနဲ့ မိုးရေတွေစုပြီး အိမ်ထဲဝင်၊ လမ်းတွေပေါ်ကျော်တာလောက်ကိုတော့ ကိုယ်တို့မြို့မှာ ရိုးနေ ပါပြီ။ အထက်ပိုင်းမှာ မိုးများပြီဆိုရင်လည်း ကိုယ်တို့မြို့ရေကြီးတာပါပဲ။ ရေခံရှိနေရင် ရေထုကပိုများတာပေါ့။ ရေကြီးလို့ စာ သင်ကျောင်းတွေ နေ့တစ်ပိုင်းလောက်ပိတ်ပေးရတာကလည်း ကိုယ်တို့မြို့အတွက် သိပ်ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒူးလောက်၊ ပေါင်လောက်၊ ခါးလောက်ရှိတဲ့ ရေကြီးမှုတွေက မိုးရာသီတိုင်း ကိုယ်တို့မြို့မှာ ကြုံတွေ့နေရတာပါပဲ။
ကိုယ်တို့ငယ်ငယ်တုန်းက နွေရာသီလည်း အခုလောက် နွေရာသီမဟုတ်ဘူး။ ဆောင်းရာသီလည်း အခုလိုဆောင်းရာသီ မဟုတ်ဘူး။ မိုးရာသီလည်း အခုလို မိုးရာသီမဟုတ်ဘူး။ အခု ကိုယ်တို့မြို့ရဲ့နွေရာသီဟာ နွေရာသီဆိုတာထက် အဓိပ္ပါယ်ပိုမို မြင့်မားပြီး နေမရထိုင်မရအောင် ပူတယ်။ ဆောင်းရာသီဆိုလည်း မကြုံဖူးတဲ့ အအေးဒီဂရီတွေနဲ့။ မိုးရာသီဆိုလည်း ဘာကိုမှ မှန်းဆတွက်ပြလို့ မရတော့ဘူး။ အခု ကိုယ်တို့မြို့နဲ့အနီးတဝိုက်မှာ သစ်ပင်ကြီးကြီးမားမားနဲ့တောတောင်တွေမရှိတော့ဘူး။ အဝါရောင်တစ္ဆေတွေလည်း သိပ်မထွက်တော့ဘူး။ မြေစာပုံကြီးတွေ။ ကျင်းချိုင့်ကြီးတွေ။ မူးယစ်ဆေးဝါးတွေပဲ ကျန်နေရစ် တော့တယ်။ ဘာမှစိုက်ပျိုးလို့မရတဲ့လယ်ကွင်းတွေဟာ ရင်ဘတ်ဟင်းလင်းပွင့်လို့။ စွန့်ပစ်အညစ်အကြေးတွေနဲ့ အဆိပ်သင့် နေတဲ့ ချောင်းတွေဟာ ခုံးထလို့။ ဘာကိုမှလက်ကြောမတင်းတော့တဲ့လူတွေဟာ ရီဝေလို့ထုံထိုင်းလို့။ ကိုယ်တို့မြို့ရဲ့ပွဲတော်နေ့ရက်တွေ ကုန်သွားတော့တာပဲလားလို့ ကိုယ်ခဏခဏတွေးမိတယ်။ ညယ်တို့၊ မောင်တို့ အစရှိတဲ့ဒေသိယစကားသံနဲ့ အတိတ်ကကိုယ်တို့မြို့ရဲ့ ရိုးသားဖြူ စင်မှုတွေဟာ ကုန်ဆုံးသွားတဲ့ သယံဇာတတွေနဲ့အတူ ပျောက်ကွယ်သွားကြသလိုပါပဲ။ အထည်ကြီးပျက်ရဲ့ အိပ်မက်ဆိုးတွေနဲ့ကိုယ်တို့်မြို့ဟာ အရာရာမှုန်မှိုင်းနေတယ်လို့ ကိုယ်ထင်မိတယ်။
အခု ဒီစာကိုရေးနေတဲ့ အချိန်မှာပဲ မနေ့ညကရွာလိုက်တဲ့ မိုးရေတွေကြောင့် ကိုယ်တို့ရပ်ကွက်ထဲရေတွေဝင်လာနေတယ်။ ဒီနှစ်မိုးရာသီထဲ ဒီတစ်ခါရေကြီးတာက အများဆုံးပါပဲ။ လူအန္တရယ်ဖြစ်နိုင်အောင်တော့ မဆိုးရွားသေးဘူးပေါ့။ ရေနုတ် မြောင်းကြီးတွေ ဖော်ထားတာကြောင့် သက်သာတယ်လို့ပြောရင်လည်း ရနိုင်သလို။ ဒီနှစ်မိုးအားနည်းတာကြောင့်မို့လည်းဖြစ်နိုင်ပါတယ်။ ဆိုလိုတာက အပြည့်အဝ စိတ်ချလို့မရသေးဘူးလို့ ကိုယ်တွေးမိတာပါပဲ။ ကိုယ်တို့အိမ်ရှေ့ကမြောင်းကြီးနှစ်မြောင်းထဲရေတွေပြည့်လျှံနေတယ်။ ရေတွေကစီးမသွားဘဲ အီလည်နေတာ မိုးရာသီစကတည်းကပါပဲ။ စနစ်တကျ မရှိသေးတဲ့ ရေမြောင်းတွေကြောင့်ဖြစ်မယ်လို့ကိုယ်ထင်ပါတယ်။ မြောင်းထဲကရေတွေကို စီးဆင်းသွားစေနိုင်မြောင်းငယ်တွေ လိုသ လောက်မရှိသေးလို့ပဲလို့ ကိုယ်တော့မြင်တယ်။ ဆိုင်ရာပိုင်ရာတွေ အလုပ်ကိုပိုမိုစနစ်ကျအောင်လုပ်ကိုင်ရင် ပိုကောင်းတဲ့ ရလာဒ်ထွက်လာမယ်လို့ ကိုယ်မြင်တယ်။ တဖြည်းဖြည်းချင်းတိုးလာတဲ့ ရေတွေကိုငေးကြည့်နေရင်း ကိုယ်တွေးနေမိတာက ကိုယ်တို့ဟာ ကမ္ဘာဦးလူသားတွေမဟုတ်ဘူးဆိုတာကိုပဲ။ ကိုယ်တို့ငယ်စဉ်ကတည်းက အမြဲတမ်းရင်ဆိုင်ကြုံတွေ့နေရတဲ့ မိုးရာသီကာလ ရေဘေးကို အခုလိုခေတ်ကာလမှာ အကောင်းဆုံးဖြေရှင်းနိုင်တဲ့ နည်းလမ်း ရှိကိုရှိရတော့မယ်လို့ ကိုယ်မြင် တယ်။ သဘာဝဘေးကို တားဆီးမရနိုင်တာ ကိုယ်သဘောပေါက်ပါတယ်။ ဒါပေမယ့် သိပ်အားမကြီးတဲ့ သာမာန်ရေကြီးရေလျှံမှုလောက်ကိုတော့ ကိုယ်တို့မြို့ဟာကမ္ဘာဦးလူတွေလို ခေါင်းငုံ့ခံနေဖို့ မလိုဘူး မဟုတ်လား။ ပြဿနာတစ်ခုမှာ မေးခွန်း တွေထက် အဖြေကိုရှာနိုင်ဖို့ ပိုမိုလိုအပ်ပါတယ်။ ကြုံလာမယ့် သဘာဝဘေးအန္တရယ်အတွက်လိုအပ်တဲ့ပြင်ဆင်မှု၊ ခိုင်မာတဲ့ ခုခံမှုတွေ လိုအပ်တယ် မဟုတ်လား။ ဒါမျိုးမှ တစ်နှစ်ထက်တစ်နှစ် ခေတ်နဲ့အညီဖွံ့ဖြိုးတိုးတက်တယ်လို့ ပြောလို့ရမယ်လို့ ကိုယ်ထင်တယ်။ ကိုယ်တို့မြို့အကြောင်း ကိုယ်တွေးမိတာတွေပါပဲ။ ကိုယ့်လိုအတွေးမျိုးကိုကိုယ့်ထက်တတ်သိနားလည်သူ တွေ တွေးမိပါစေလို့လည်းကိုယ်ဆုတောင်းမိတယ်။ ကိုယ်တို့မြို့လိုမျိုး တခြားဘယ်နှစ်မြို့ရှိနေသေးသလဲ။ သယံဇာတ ကျိန် စာမှာ ကိုယ်တို့အတွက်အဆိပ်ဖြေဆေးတွေကို ဖော်စပ်ပေးနိုင်ရင် ဘယ်လောက်ကောင်းလိုက်လေမလဲ။
လင်းသက်ငြိမ်
Comments