မောင်အောင်မွန် ● လွမ်းမျက်ရည်သုတ်ဖို့ အင်္ဂလန်ုလုပ် တကျပ်ခွဲတန် တဘက်ပဝါ

 
မောင်အောင်မွန် ● လွမ်းမျက်ရည်သုတ်ဖို့ အင်္ဂလန်ုလုပ် တကျပ်ခွဲတန် တဘက်ပဝါ
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၈


(၁)
ကျနော်၏အအသက် ၈၁ နှစ်ကျော်လာပါပြီ၊ အမေရိကန်မှာ ၂၂ နှစ်၊ ထိုင်းနိုင်ငံမှာ ၃ နှစ်၊ ဆိုဗီယက်ပြည်ထောင်စုမှာ ၃ နှစ် စသဖြင့် ပေါင်းလိုက်ရင် ၂၈ နှစ်၊ အဲဒီလောက်မျာစွာ နိုင်ငဲခြားမှာ နေခဲ့တယ်။ ကြုံလိုက်တဲ့ မွေးနေ့တွေ နည်းနည်းနောနောလား။ ကုယ့်မွေးနေ့ အထိန်းအမှတ်ကိတ် ( Birth Day cake) ရယ်လို့ အိပ်မက်တောင် မမက်မိ၊ ကိတ်ဝေးလို့ မွေးနေု့မုန့်စိမ်းပေါင်းနဲ့ပင် ကြုံဖူးမဟုတ်ပါ။ခုတော့မှ ဖဘ မိတ်ဆွေအပေါင်းက ၀ိုင်းဝန်းဆုတောင်းကြရင်း အတော်များများ ရလိုက်ပြီ။ မွေးနေ့ကိတ်မုန့်ဓာတ်ပုံတွေလေ။

ကျနော်ရဖူးတဲ့ မွေးနေ့လက်ဆောင်လေး သတိရမိတယ်။

(၂)
ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀တုန်းကပါ။
၁၉၅၅ ခု၊ မတ်လကျနော 1st Year B.Sc ( Engg) စာမေးပွဲခြေအပြီး၊ နွေရာသီကျောင်းပိတ်ရက်အစ၊ ဘယ်ဖက်မျက်စိစွံတယ်။ ၀မ်းလည်းချုပ်နေရာကနေ အထက်အောက်မျက်ခွံ နှစ်ဖက်စလုံးယောင်ပိတ်နေလို့ ဒေါက်တာရောဘတ်က ရန်ကုန်တက္ကသိုလ်ဆေးရုံမှာ မဖြစ်တော့ဆိုကာ ပြည်သူ့ဆေးရုံကြီး မျက်စိကုသဆောင် သို့ပို့လိုက်တယ်။

စာမေးပွဲအပြီး အိမ်မပြန်သေးကြဘဲ လွတ်သွားတဲ့ ရုပ်ရှင်တွေကြည့်နေသူတွေကလည်း အများသား။ အဲဒီထဲက အကိုလိုချစ်ရတဲ့ ကိုအောင်ဟိန်း ရောက်လာပြီး၊ “ နွယ်နီ ယောင်္ကျားယူသွားရင် မင်းကျမယ့် မျက်ရည်က လက်ကိုင်ပုဝါတွေ လောက်မှာမဟုတ်လို့၊ မွေးနေ့လက်ဆောင် ရိုးကုမ္ပဏီက တကျပ်ခွဲနဲ့ ၀ယ်ခဲ့တယ်” ဆိုကာ ပေးတဲ့ မျက်နှာသုတ်ပုဝါလေးလှလိုက်တာ။ကျနော့အကြိုက် မိုးပြာရောင်နုလေး။

မနက်အိပ်ယာကအထ မျက်စိကို ရေနွေးငွေ့နဲ့ ပေါင်းတင်အပြီး မျက်နှာသုတ်ပုဝါလေးနဲ့ သုတ်လိုက်ရာ ဘယ်လောက်နူးညံ့သလဲဆို နွယ်နီကိုယ်တိုင် ပြုစုနေသလို ပီတိဖြစ်ကြည်နူးမိပုံ တွေးမိရာကနေဇာတ်လမ်းအစ။

(၃)
အင်္ဂလိပ်တွေ ရန်ကုန်မှာ လာဖွင့်ထားတဲ့ မြို့တော်ခန်းမ ဘယ်ဘက်နားက ရိုးကုမ္ပဏီကြီးလည်း ကျနော့်မျက်စိထဲ မြင်ယောင်လာတယ်။ လာဝယ်ကြသူတွေက လူမျိုးစုံ၊ရောင်းချတဲ့ ပစ္စည်းအမယ်တွေက ပိုလို့တောင်စုံမှစုံ။

ပြည့်ရှင်မင်း ဂျော့ဘုရင်သောက်တာလို့ စာရေးထားတဲ့ အင်္ဂလန်နိုင်ငံလုပ် ဟောလစ်၊ နို့ထဲစိမ်ပြီး လျှာပေါ်တင်လိုက်က အရည်ပျော်သွားလောက်အောင် နူးညံ့လှတဲ့ ဂိုးလ်ဒင်းပတ်မုန့်၊အင်္ဂလန်လုပ်သာ မဟုတ်ဘဲ၊ ဥပမာ ဗိုလ်ချုပ်အောင်ဆန်း မနက်တိုင်းသောက်လေ့ရှိတဲ့ ဘရာဇီးကလာတဲ့ ကိုကိုးမှုန့်။ သြစတြေးလျနိုငံကလာတဲ့ ကမ္ဘာကျော် တူနှစ်ချောင်း ထောပတ် စသဖြင့် ကြိုက်တာ လိုချင်သလောက်ဝယ်။

ပတ်ကားဖောင်တိန်နဲ့ လိုက်ဖက်အောင် Parker Quink မင်ဘူး၊ ဆရာဒဂုန်တာရာ အဆိုအရ ကိုဗဟိန်းက သူ့ချစ်သူ ခင်ခင်ကြီးထံ စာရေးတဲ့အခါ သုံးတဲ့ ခရော့စလေစရေးစက္ကူရောင်စုံ၊ အဲကျနော်ကတော့ နွယ်နီ့ဆီရေးဖို့ အပြာနုရောင်၊ ကိုယ်လိမ်းဂိုယာပေါင်ဒါ Goya Black Rose ၊ မျက်နှာလူးဖို့ Hazaline Snow တို့ သွားဝယ်နေကျပါ။

သင်္ဃန်းကျွန်းက အောက်တန်းစားရေးလေး တလတဆယ် အရစ်ကျနဲ့ ၁၂ လအတွင်း ကမ္ဘာကျော် ရီးလေး (Releigh)၊ ဟာကျူလီ (Herculeas) ၊ ဖီလစ် ( Philipps) စက်ဘီးများအနက် နှစ်သက်ရာရွေးပြီး ၀ယ်စီးနိုင်ပုံ ဟံသာဝတီ သတင်းစာမှာ ဇာတ်လမ်းပမာကြော်ငြာထားလေရဲ့။

အားကစားအသုံးအဆောင်များ၊ အိမ်ဆောက်ပစ္စည်းများ စသဖြင့်စုံလင်လှပါဘိ။

အ၀တ်အထည်များဆိုလည်းကြည့်၊ ရန်ကုန်မြို့ကို ဘုရားဖူးလာရင်း၊ တောက ရွှေမိတို့ ဂွက်ထော်တို့ပင် ၀င်ရွေးဝင်ဝယ်နှင့် အင်္ဂလိပ်ဘုရင့်သမီး အဲလီဇဘက်တို့ မာဂရက်တို့နဲ့ ဆင်တူဝတ်ချင်ရင် ၀တ်လို့ရတယ်။ ရွာပြန်ရောက်ရင် အဆင်ဆန်းတွေဝတ် လူကာငေးကြတဲ့ မိရွှေမိ ကွမ်းတောင်ကိုင်ရလွန်းလို့ နားရတယ်မရှိ၊ ဘိလပ်သူလို တသွေးတမွေး ပြောင်းလဲတဲ့ ဂွက်ထော်မလည်း ကာသားတွေ ၀ိုင်းဝိုင်းလည်နေလို့ သာဂိခမျာ စိတ်ပူရရှာပေလိမ့်မယ်။

သြော် ရိုးကုမ္ပဏီ --လူတိုင်းဝယ်နိုင် လက်လှမ်းမီလောက်အောင် ဈေးချိုလို့ပါ။ရန်ကုန်မြို့တော်က မမတို့၊ နွယ်နီတို့လို ကောလိပ်ကျောင်းသူ တွေအဖို့မူ စာဖတ်သူတို့သာ တွေးကြည့်ကြပါတော့။

(၄)
၁၉၆၈ ခု၊ ဧပြီလက ကျနော်အင်္ဂလန်သို့ အလည်ရောက်သွားတော့ လန်ဒနမ်မှာ ၁၁ ရက်ကြာအောင် နေပစ်လိုက်တယ်။ ပျော်လွန်းလို့ပါ။ မိတ်ဆွေကြီး ကိုဖေမြင့်အောင် ခေါ်သွားတာနဲ့ အောက်စဖို့လမ်းသို့ ရောက်သွားတော့ ပထမ ၀်ငလိုက်တဲ့ စတိုးဆိုင်မှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်၊ ကျနော်ဆေးရုံတက်နေရခိုက် မွေးနေ့လက်ဆောင်ရဖူးတဲ့ မျက်နှာသုတ်ပုဝါမျိုးလေးတွေ တွေ့မိလိုက်တယ်။အပြာနုရောင်လေး ငေးကြည့်ရင်း ရင်ထဲနွေးလာတာမို့ ၀ယ်လိုက်ပြီ။

ရန်ကုန်က ရိုးကုမ္ပဏီခမျာတော့ ပြည်သူပိုင်--ပြည်သူပိုင်ဆိုတဲ့ အဖြစ်ဆိုးအတွင်း အရှင်လတ်လတ် ကြိုးစင်တင်ခံသွားရှာပြီ။
အနိဌာရုံ စိတ်နောက်ကျိဖွယ်တွေ ခဏလောက်ဖြစ်ဖြစ် မေ့ကာ၊ မြန်မာပြည်မှာ တချိန်ကဘယ်လို နေခဲ့ကြရတယ်ဆိုတာ ဝေငှချင်လို့ပါ။ စာဖတ်သူ လူငယ်လေးတွေခမျာ အံ့သြလွန်းလို့ မယုံချင် ပုံပြင်ထင်ကြ လေမလား၊ အမှန်တကယ်ရှိခဲ့တာပါ။ အဖိုးအဖွားများအား မေးကြည့်ချင်မေးကြည့်။

နွယ်နီကတော့ အသက်ရှင်နေသေးလေရဲ့။

ငယ်ချစ်ဆိုတော့ ဘယ်ကလာအသက်ကြီးပါ့မလဲနော်။ နုငယ်ပျိုနေဆဲနေမှာ။ အင်း-အင်း မပြောကောင်း၊ မတော်တဆ --၊ ၂၀၁၇ ခုမှာ မျက်ရည်ကျရရင် ပိုများပါလိမ့်မယ်။ မျက်နှာသုတ်ပုဝါ ၂ ထည်နဲ့လည်း လောက်မယ်မဟုတ်၊ ပဲ နွယ်နီဘယ်မှာလဲ၊ နွယ်နီကို တွေ့သေးလား၊ ဖဘ မှာနွယ်နီရှိလား စသဖြင့် မမေးကြပါနဲ့၊ ကျနော် မျက်ရည်လွယ်လို့ပါခင်ဗျာ။
(၀န်ခံချက်။ ။ ထွက်ပြီး စာအုပ်က ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်)
0