![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3g71aKXgK1ekniwHFPOdzRousV4gJfyAVBV6Y9xjFE8WU6yoP8Bl-zkXDndVHnhiWPLzbagf6JkNRUab9h1wjEK0BT3ZeSE2zf28DhJ5mdF4oT12bTlVmboXxXt48ru4Wn-W0eSYhuqw/s640/rome-fact.jpg)
ကိုသန်းလွင် ● ရောမမြို့ရာဇဝင်
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၈
(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၈
(၁)
မြူးနစ်လေဆိပ်မှ ထွက်လာသောလေယာဉ်ပျံသည် အီတလီနိုင်ငံရောမမြို့ (Fiumicino) အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၁ နာရီခွဲကြာမှာဆိုက်ရောက်သည်။ ရောမမြို့မှာ ၂ ညအိပ်ပြီး ၂ နာရီကြာအောင် ကားစီးရသော နေပယ်မြို့သို့ရောက်သည်။ ကျွန်တော်တို့သည် ပွန်ပီမြို့တော်ကြီး ချော်ရည်များအောက်တွင် ပျက်စီးရသည်များ ကို တွေ့လိုသဖြင့်လာခဲ့ကြခြင်းဖြစ်ပါသည်။ လူတွေသည်စကားပြောရင်း၊ မိသားစုအပမ်းဖြေရင်း၊ လက်ဖက်ရည် ဆိုင်တွေမှာထိုင်ရင်း မီးတောင်ပေါက်ကွဲသဖြင့် ချော် ရည်များအလောင်းခံလိုက်ရခြင်း ဖြစ်ပါသည်။
အေဒီ ၇၄ ခုနှစ် သြဂုတ်လ ၂၄ ရက် နံနက် ၈ နာရီတွင် ဗွီဆူးဗီးရပ် (Vesuvius) မီးတောင်ပေါက်ကွဲခဲ့ပါသည်။ နောက် ၂ ရက်ကြာသော် ပွန်ပီတမြို့လုံး ချော်ရည်များဖုံးလွှမ်းသွားခဲ့ပါသည်။ ပစ္စည်းတခုကို အလုံပိတ်၍ ကာလကြာမှ ပြန်လည်ဖွင့် ကြည့်ခြင်း ကို Time Capsule ဟုခေါ်ကြပါသည်။ အခုလူတွေကို Time Capsule ထဲ မှာ ထည့်လိုက်သလို ချော်ရည်များဖြင့် ပိတ်လှောင်လိုက်ခြင်းဖြစ်ပါသည်။ ယခု ၁၅၉၉ ခုတွင် ပထမဆုံးအကြိမ် ၎င်းတို့ကို တွေ့ခဲ့ပြီး ယခုလည်းရှိနေဆဲ ဖြစ်ပါသည်။ ကျွန်တော်သည် ထိုချော်ရည်ဖုံးနေသော လူသားများကိုမြင် တွေ့ရသည့်အခါ ရောမမြို့သူ့မြို့သားများ၏ နေပုံထိုင်ပုံကို တွေးကြည့်မိပါသည်။
(၂)
လူဦးရေတသန်းကျော်ဖြင့် ရောမမြို့တော်ကြီးမှာစက်မှုတော်လှန်ရေးမဖြစ်မီအချိန်အထိ အစည်ကားဆုံးဖြစ်ခဲ့ပါသည်။ အ ဖြူရောင်တောက်ပနေသောဘုရားရှိခိုးကျောင်းကြီးများနှင့် တိုဂါဟုခေါ်ကြသော ဝတ်ရုံများနှင့် ရောမမြို့သားများကိုတွေ့ နိုင်ပါသည်။ ရောမမြို့သမိုင်းကို လူသတ်မှုဖြင့် စသည်ဟု ဆိုနိုင်ပါသည်။ ဘီစီ ၇၅၃ ခုနှစ်တွင် ရိုမြူလိုနှင့် ရီမြူ့ (Romulus and Remus) အမွှာညီအစ်ကိုနှစ်ယောက်သည် နောင်ရောမမြို့တော်ကြီးဖြစ်လာမည့် ရွာသာသာမြို့ကလေးကိုတည်ခဲ့ပါ သည်။ ကတုတ်ကျင်းများ ပတ်ရံတူးပြီး နေစရာအခိုင်အခန့် လုပ်လိုက်ပါသည်။ သူ့ညီကိုသတ်လိုက်ပြီး ရိုမြူလိုသည် ဘုရင် ဖြစ်လာပါသည်။
သို့ပါသော်လည်း ရောမမြို့တော် လမ်းမများပေါ်သို့ လျှောက်ကြည့်လိုက်လျှင် အမှိုက်သရိုက်များနှင့် လူတို့ အညစ်အကြေး စွန့်ရာမှ အနံ့အသက်ပေါင်းစုံတို့ဖြင့် မနှစ်မြို့ဘွယ်ရာကြီးဖြစ်ပါသည်။ မြို့တော်၏ အလယ်ပိုင်းမှာသာ စနစ်တကျ ရေထွက် မြောင်းနှင့် အညစ်အကြေးစွန့်သည့်နေရာများနှင့် သပ်သပ်ရပ်ရပ်ရှိသော်လည်း မြို့တော်စင်တာနှင့် ဝေးရာအရပ် များတွင် သူတို့စွန့်ချင်သလို စွန့်ပစ်ကြပါသည်။ ကျေးကျွန်များနှင့် အလုပ်သမားများက တတ်နိုင်သမျှ သိမ်းဆည်းကြသည်။ တွင်းထဲ သို့ စွန့်ပစ်ကြသည်။ သို့သော် အနံ့က စွဲကျန်ရစ်ပါသည်။
လေထဲတွင်သူတို့ရနံ့ကလှိုင်နေသည်။ အိမ်မရှိသူတွေကလမ်းပေါ်မှာသေကြသည်။ မင်းတရားကြီး (Vaspasian) ညစာစား နေစဉ် ခွေးတကောင်ကလူ၏ လက်တချောင်းကိုကိုက်ချီပြီး ဝင်လာသည်။ အင်ပါယာထမင်းစားသည့် စားပွဲအောက်မှာချထားခဲ့သည်ဟုမှတ်တမ်းများကဆိုသည်။ လူသေကောင်များမှာ မြို့နှင့်ဝေးရာသို့ယူသွားပြီး သေချာ မီးရှို့ကြပါသည်။ ရောမ မြို့ကြီး၏ပမာဏနှင့်ဆိုလျှင် တနေ့လျှင်လူ ၁ဝဝ မျှ သေဆုံးနေကြပြီး မြို့သို့ဝင်ရာလမ်းတလျောက် လူသေအလောင်း မီးရှို့ ရာ မီးပုံများကို တွေ့ရပါသည်။
ဂရိလူမျိုးတို့သည် သိပ္ပံနှင့်အကြောင်းပြ အဖြေရှာခြင်း (Reason) ကို တီထွင်ကြသူများဖြစ်ပါသည်။ အရာဝတ္ထုတိုင်းကို မျက် စေ့ဖြင့်မြင်ရသည်ထက် နက်ရှိုင်းအောင်ကြည့်လေ့ရှိသူ အကြောင်းအရာအချက် အလက်များကို နားလည်နိုင်စွမ်းရှိသူ များဟု ဆိုနိုင်ပါသည်။
အရေးအသားများစွာကို ရေးရုံဖတ်ရုံမျှမဟုတ် နားနှင့်ကြားခါ အာရုံခံစားနိုင်ရမည်။ ဟိုမာ၏ ကဗျာရှည်ကြီးသည် အသံထွက် ဖတ်ရန် ဘေးကနားထောင်သူကို ခံစားနိုင်ရန်ရည်ရွယ်ပါသည် နားထောင်နေသော ပရိသတ်နားမှာ ချိုမြိန်နေဖို့လိုသည်။ လူဦးရေ၏ ၅ ရာခိုင်နှုန်း သာ စာရေးစာဖတ်တက်ကြသည်ထင်ပါ၏။ ဆိုလိုသည်မှာ လူဦးရေအနည်းငယ်သာ တဦးနှင့်တဦး ဆက်သွယ်ရန် စာကိုသုံးကြပါသည်။ စာကိုအဆင့်မြင့် ရေးနိုင် ဖတ်နိုင်သောသူမှာကား ပို၍နည်းပါသည်။ ၂ ရာခိုင်နှုန်း အများဆုံးရှိ မည်ထင်ပါသည်။
ပညာသင်ကြားရေးမှာ ဈေးကြီးပြီး ယခုခေတ်ဆိုလျှင် စာသင်ရမည့်အရွယ်မှာ သူတို့ခေတ်က အလုပ်ခိုင်းနေရပါပြီ၊ ကျွန် တော်တို့ နားလည်ကြသည့် အဆင့်မြင့်ယဉ်ကျေးမှုဆိုသည်မှာ လူနည်းစုကသာပိုင်ဆိုင်ကြပါသည်။ အလွန်ချမ်းသာသော သူများသာ အဆင့်မြင့်သောစာများကို ဖတ်ရှုပြီး သူတို့အချိန်ကိုဖြုန်းနိုင်ကြပါသည်။ စာဖတ်ခြင်းမှာ တိုက်ရိုက်အသုံးမကျ သောကြောင့် စာဖတ်၍အချိန်ကုန်ခံခြင်းသည် Upper Class လူများအတွက်သာ ဖြစ်ပါသည်။ ယနေ့ “လက်တင်" ဘာသာကို သင်ယူခြင်းကဲ့သို့ဖြစ်ပါလိမ့်မည်။
ရောမနိုင်ငံတွင် ဆင်းရဲသူနှင့်ချမ်းသာသူကွာခြားမှုက ကြီးမားသည်။ ဆီနေတာတယောက်၏ အနည်းဆုံးရှိရမည့် ငွေကြေး ပမာဏမှာ (Sesterces) တသန်းမျှရှိသည်။ ထိုမျှသောငွေကြေးဆိုလျှင် မိသားစုပေါင်း ၂,ဝဝဝ ကျော် ကို တနှစ်မျှကျွေး မွေးထားနိုင်သည်။ ဂျူးလီးယပ်ဆီဇာ တယောက်အာဏာရှင်ဖြစ်လာစေရန် ငွေကြေးဖြင့် ကူညီထောက်ပံ့ခဲ့သူ (Crasuss) မှာ ၂ဝဝ မီလီယံမျှရှိသည်ဟုဆိုသည်။ ပါရှန်များက သူ့ကိုငွေကြေး မက်မောသူဟူ၍ မုန်းတီးသည်။ သူတို့နိုင်ငံကို ကျူးကျော် ဝင်ရောက်ပြီး ရွှေများကိုအရည်ပျော်အောင် အပူပေးပြီး သူ၏ ပါးစပ်ပေါက်ထဲသို့ လောင်းချပြီးအသေသတ်လိုက်ကြသည်။
တခေတ်နှင့်တခေတ် ငွေကြေးချမ်းသာခြင်းကို နှိုင်းယှဉ်ရန်ခက်ခဲပါသည်။ သူတို့ခေတ်က ချမ်းသာသည်ဆိုခြင်းမှာ မြေယာ ပိုင်ဆိုင်ခြင်း အိမ်ယာစည်းစိမ်ဥစ္စာပေါများခြင်းကို ခေါ်သည်။ ထိုခေတ်ကငွေကြေးဖြင့် အိုးအိမ်လိုက်ဝယ်သည်ဟူ၍မရှိ၊ လူ လတ်တမ်းစားနှင့် ဘဏ်စနစ်မဖွံ့ဖြိုးသေး၍ ငွေကြေးလည်ပတ်မှုမှာလည်း မပြည့်စုံသော ကာလဖြစ်ပါသည်။
ထိုခေတ်က ချမ်းသာသူတို့အလုပ်မှာ ပေါင်မုန့်ကိုပေးဝေခြင်းနှင့် ပြဇတ်ရုံကြီး (Theatres) များတွင် ဆပ်ကပ်ပွဲ ကြီးများ ကျင်းပပေးခြင်းတို့ဖြစ်သည်။ ဆပ်ကပ်ပွဲ (သို့) တိရစ္ဆာန်များကို လိုက်ဖမ်းပွဲခြင်းကျင်းပခြင်း၊ ဂလယ်ဒီ ရေတာ (Gladiator) ခေါ် သူရဲကောင်းမျယဒအတွက် နားပန်းပွဲများကျင်းပပေးခြင်းတို့ဖြစ်သည်။ အင်ပါယာက ကျင်းပသောပွဲများတွင် ပြည်သူတို့ အဖို့ ပေါင်မုန့်ကို အလကားစားရသည်။ ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်ခြင်းသည် ရပ်ရွာအေးချမ်းသာယာခြင်းကိုပြသည်။
ထိုခေတ်က ယောင်္ကျားများကြီးစိုးသော ခေတ်ဖြစ်ခဲ့သည်။ ယောင်္ကျား များသာမဲပေးနိုင်၍ အများပြည်သူနှင့် ဆိုင်သည့် ရုံး များတွင် ထိုင်နိုင်ကြသည်။ မိန်းမများသည် သူတို့ယောင်္ကျားများကို ရိုသေ၍ သမီးဖြစ်သူကလည်း ဖခင်ဖြစ်သူကို ကြောက်ရွံ့ရိုသေကြသည်။ အင်ပါယာ နီရို၏မိခင် (Agrippina) မှာ သားဖြစ်သူ အာဏာရရှိရေး အတွက် ဖခင်ဖြစ်သူကို အဆိပ်ကျွေး၍သတ်သည်ဟု အဆိုရှိသည်။ သူတို့သည် ကုလားကာနောက်ကွယ်မှသာ လှုပ်ရှားကြရသည်။
အုတ်ဂူတခုတွင် သစ္စာရှိလှသော မိန်းမဖြစ်သူအတွက် ယောင်္ကျားကထိုးထားသောစာသားမှာ “သစ္စာရှိသော” “စစ်မှန်သော” “ချစ်ခင်ဘွယ်ကောင်းသော” “ပြောသည့်အတိုင်းလိုက်နာတတ်သော” ဟူသောဂုဏ်ထူးဝိသေသ များပါသည်။ ထိုအရာများ မှာ မိန်းမတယောက်ဆီမှ ယောကျာ်းတယောက်မျှော်လင့်နိုင်သော အရည်အချင်းများပင် ဖြစ်သည်။
သူတို့ခေတ်က အသက်ငယ်ငယ်နှင့်သေကြသည်။ ငယ်သည်ဆိုသော်လည်း ကျန်းမာရေးကောင်းကြသည်မဟုတ်ပေ၊ သူတို့ ခေတ်က ၂၅ နှစ်အသက်ရှည်သည်ဆိုလျှင်ကောင်းလှပေပြီ၊ ယခုအခါ အနောက်နိုင်ငံများတွင် သူတို့ထက် ၃ ဆမျှပို၍နေရ ပါသည်။ ရေအိမ်သာများမကောင်းခြင်း (Poor Sanitation)၊ တကိုယ်ရေသန့်ရှင်းမှု နှင့်ဆေးပညာဆိုင်ရာ ဗဟုသုတနည်းပါးမှု တို့ ပေါင်းစပ်သောအခါ သေခြင်းဆိုသည်မှာ အိမ်ထောင်တိုင်းတွင် မဆန်းဘူးဖြစ်လာပါသည်။ မွေးဖွားလာသော ကလေး ငယ်များ၏ သုံးပုံတပုံမှာ ပထမနှစ်မှာ သေကြသည်။ ကလေးငယ်များ၏ထက်ဝက်မှာ ၅ နှစ်မပြည့်မီ သေကြသည်။ ထိုကာလ များထက်ပို၍ အသက်ရှည်ပါလျှင် အသက်ရှည်ရှည်နေရန် မျှော်လင့်နိုင်ပါပြီ၊ ၁ဝ နှစ်အထိနေရပြီဆိုလျှင် အသက် ၅ဝ အထိ အသတ်ရှည်ရန် မျှော်လင့်နိုင်ပါပြီ၊ ယခုခေတ်လို အငြိမ်းစားဟူ၍မရှိ၊ အဖေကြီးအမေကြီး အဖိုးအဘွားဆိုသည်မှာနည်းသည်။ အဖေအမေမရှိဘဲ သားသမီးလူငယ်တွေကများသည်။
ပျမ်းမျှမိခင်တယောက်သည် လူဦးရေတည်ငြိမ်ဖို့ဆိုလျှင် ကလေး ၅ ယောက် ၆ ယောက်မွေးဖို့လိုသည်။ မိန်းက လေးတယောက်သည် အိမ်ထောင်သက် ၁၆ နှစ်ရှိပြီး အသက် ၂၈ နှစ်ဆိုလျှင်သေလွန်သည်။ များသောအား ဖြင့် ၁၁ နှစ်သည် အများစုအိမ်ထောင်ကျသည့် နှစ်ဖြစ်သည်။
အေသင်မြို့သည် ဒီမိုကရေစီစနစ်၏ စင်တာဖြစ်ပါသည်။ လူဦးရေမှာ မြို့နှင့်အနီးပတ်ဝန်းကျင်ပေါင်းလျှင် ၂၅,ဝဝဝ မျှရှိမည်၊ မဲပေးနိုင်သောနိုင်ငံသားမှာ ၆ဝ,ဝဝဝ သာရှိပါသည်။ နောင်သောအခါမျိုးချစ်ပုဂ္ဂိုလ် (Pericle) က လူဦးရေကို ကန့်သတ်လိုက် သောကြောင့် ၃ဝ,ဝဝဝ ခန့်သာမဲပေးနိုင်တော့သည်။ မဲပေးနိုင်သူဦးရေမှာ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း သာရှိပါသည်ဟု ဆိုနိုင်ပါသည်။ သို့ပါသော်လည်း မဲဝယ်ခြင်းများခေတ်စားသဖြင့် မဲပေးခြင်းမှာ ပိုက်ဆံ ပြည့်စုံသူတို့ အလုပ်သာဖြစ်လာပါသည်။
ထိုလူများထဲတွင် ကျွန်များ၏အရေအတွက်ကလည်းမနဲလှပေ၊ လူဦးရေဘယ်၍ဘယ်မျှရှိသည်မှာသိနိုင်ရန် ခက်ခဲလှသည်။ အေသင်နှင့်ရောမ နှစ်မြို့လုံးမှာ ကျွန်အရေအတွက်အများဆုံးဖြစ်သည်။ အီတလီတွင် လူဦးရေ၏ ၂ဝ ရာခိုင်နှုန်းမှာ ကျွန် တွေဖြစ်ကြသည်။ ယခုခေတ်တွင် ရေခဲသေတ္တာ အိမ်တိုင်းမှာရှိသလို ဟိုခေတ်ကလည်း ကျွန်များကို လူတိုင်းပိုင်ဆိုင်ကြ သည်။ မင်းတရားကြီး (Hadrian) စာရေးရင်း ကျွန်တယောက်၏ မျက်လုံးကို သူ့စာရေးတံနှင့် ထိုးဖောက်မိသည်ဟုဆိုသည်။ ကျွန်လုပ်သူသည် “မျက်လုံးထက်အရေးကြီးတာဘာမှ မရှိပါဘူး” ဆိုသည်ကို အင်ပိုင်ယာကြီးက မနှစ်မြို့ဘူးဟုဆိုသည်။ ဟိုတုန်းက ကျွန်တယောက်ကိုအပြစ်ပေးဘို့ဆိုလျှင် အခကြေးငွေယူ၍ လိုက်လုပ်ပေးသူတွေရှိသည်။ သင့်ကျွန်ကို ရိုက်နှက် အပြစ်ပေးလိုလျှင် ထိုလူတို့ကိုခေါ် လိုက်ရုံသာ။
ပဲလီရို (Verdius Pellio) ဆိုသူသည်မင်းတရားကြီး သြဂတ်စတပ်ကိုဧည့်ခံနေစဉ် ကျွန်တယောက်က ဝိုင်ခွက်ကို မတော် တဆ ကျကွဲသွားသည်ဟုဆိုသည်။ ထိုကျွန်ကို ငါးကန်ထဲသို့ချပစ်ရန် ခိုင်းလိုက်သည်။ သြဂတ်စတပ်က မကျေနပ်သဖြင့် ထိုကျွန်ကိုလွှတ်ခိုင်းသည်။ ထို့ပြင် ကျွန်များကို ဝိုင်ခွက်ရှိသမျှ စုဝေးစေပြီး သူတို့သခင်ရှေ့ တွင် ခွဲခိုင်းသည်ဟုကြားရဘူးသည်။
ကိုးကွယ်သည့်ဘာသာတရားမှာလည်း ရောမတွင်အထင်ကရရှိခဲ့သည်။ ဘုရားဆိုလျှင် အိုလန်ပတ်တောင် (Olympus) ပေါ် တွင်ရှိသည့် ဘုရားကျောင်းတော်ကြီးကို ပြေးမြင်သည်။ ရှေးရောမတို့သည် ရှေးဖြစ်ဖတ်မည့် သူများထံသွား၍ သူတို့ ဟော်ရိုစကုပ် (Horoscope) ဖတ်လျှင်ဖတ်မည်၊ သူတို့နေ့စဉ်တွေ့ကြုံရသည့်ဘဝပြဿနာများကလွတ်မြောက်ရန် ဘုရား ကို တိုင်တည်ကြသည်။ ဘုရားထံမှာ ၉၂ ခုသော မေးခွန်းများကို မေးနိုင်သည်။ “ကျွန်ဘဝက လွတ်မည်လော” “ကျွန်တော် သေရမလား ရှင်မလား၊ အမွေတွေရအုံးမှာလား” ဟူသော မေးခွန်းတွေဖြစ်သည်။
သို့သော် ပလေတိုနှင့် အရစ္စတိုတယ်တို့က ဗဟုသုတများ၏သဘာဝနှင့် လက်တွေ့ဘဝကြီးကို လက်ဆုပ် လက်ကိုင်ရှိမရှိ၊ အရာဝတ္ထုများ၏တည်ရှိမှုနှင့် ရည်ရွယ်ချက်တို့ကို ကြံဆနေသည်။ ဖီလိုဆိုဖီသဘောကို လူနည်းစုကသာ အဓိပ္ပါယ်ဖွင့်ဆို နိုင်ကြပါသည်။ သို့သော်လည်း ၎င်းတို့တန်ဘိုးအဓိပ္ပါယ်မှာ လျှော့နည်းမသွားပေ။
ယခုခေတ် အချို့သောနိုင်ငံများတွင် “Hippocratic Oath” ကို ဆရာဝန်များရွတ်ဆိုနေဆဲ ရှိသေးသည်။ ဟစ်ပို ခရီးတီး (Hippocrete) မှာ(၄၆ဝ-၃၇ဝဘီစီ) တွင် အေသင်မြို့တွင်ကျော်ကြားခဲ့ပါသည်။ သူကဆေးပညာရပ်ကို မိမိဖာသာ ရပ်တည် နိုင်သော ဘာသာရပ်ဖြစ်အောင် စတင်တီထွင်ခဲ့သူဖြစ်ပါသည်။ လူနာအိပ်ယာဘေးမှ ထိုင်ပြီး လူနာကို စောင့်ကြည့်ပြုစုရင်း လူတို့၏နေမကောင်းဖြစ်သော သဘာဝကိုရှာဖွေခဲ့သည်။ သူတွင်ရောဂါများကို ပျောက် နိုင်စွမ်း (Healing Power) ရှိသည်ဟု လူအများကယုံကြည်ကြပါသည်။ အဂုင်္လိမာလသုတ်ကို ရွတ်ဖတ်လျှင် ကလေးမွေးရလွယ်သည်ဟု ယုံကြည်ကြ သလိုပင် ဖြစ်ပါသည်။ သူ့တွင်အင်အားတစုံတရာရှိပြီး အေသင်မြို့ တွင် ပလိပ်ရောဂါဖြစ်စဉ်က သူကုပေးခဲ့သည်။ ပါရှားဘုရင်ကြီးက သူ့ကိုခေါ်ပြီး သူ့နိုင်ငံသူနိုင်ငံသားများ ရောဂါပျောက်အောင် ကုစေခဲ့သည်ဟု ဆိုသည်။
သူရေးသားပြုစုခဲ့သည့် စာပေါင်း ၇၂ ခုမျှကျန်ခဲ့သည်ဟုဆိုသည်။ သူ၏ ကျမ်းကြိမ်ဆိုချက်မှ ခေတ်နှင့်မကိုက် ညီတော့ သည်များကိုပယ်ရင်း ယခုအချိန်ထိ အသုံးပြုနေကြရဆဲပင်ဖြစ်ပါသည်။
(၃)
ရောမမြို့ကြီး၏သမိုင်းမှာ ဘာတွေမှတ်သားကြရပါမည်နည်း၊ ယနေ့လူသားတို့ကဘာတွေ အတုယူကြရပါမည် နည်း၊ အမေရိကန်တို့၏ဖွဲစည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာ ရိုမင်တို့၏ဥပမာများကိုယူရသည်ဟုကြားဖူးသည်။ အမေရိကန် ကိုဖန်တီးသူ ဖခင်များက သူတို့ရေးဆွဲသည်ဖွဲ့စည်းပုံဥပဒေတွင် သမ္မတကိုသာအာဏာစုပြုံမပေးဘဲ သမ္မတ ကိုစောင့်ကြည့်ရန် ဆီးနိပ် လွှတ်တော်အမတ်များကိုတာဝန်ပေးခဲ့သည်။ (Check and Balance) စနစ်ကို ဖွဲ့စည်း ပုံဥပဒေတွင်ထည့်သွင်းရေးဆွဲထားခြင်းပင်ဖြစ်သည်။
အနောက်နိုင်ငံသားများ၏ဘာသာတရားအဖြစ် ခရစ္စယံဘာသာကို သက္ကရာဇ် ၃၃၇ ခုနှစ်တွင်ဘုရင်ကွန်စတင် တိုင်း (Constantine) ပထမဆုံးလူသိရှင်ကြား သတ်မှတ်ပေးခဲ့သည်။ အထင်ကရဘုရားကျောင်းများနှင့်ဘာသာရေးဆိုင်ရာ အဆောက်အဦးများစွာ ကိုဆောက်ခဲ့သည်။ သူပြုစုပြိုးထောင်ခဲ့သောဘာသာရေးဆိုင်ရာအုပ်မြစ်များ မှာယခုတိုင်သုံးစွဲနေရဆဲဖြစ်ပါသည်။
ယနေ့ခေတ်သစ် ရောမမြို.နှင့်အေသင်မြို့တို့မှာကား ကမ္ဘာကြီးကသတိမရတော့ပေ၊ ဂရိနိုင်ငံမှာစီးပွားရေး အကြပ်အတည်း ကြောင့်နလံမထူနိုင်၊ အီတလီတွင်လည်း နိုင်ငံရေး အကြပ်အတည်းတွေ ဆက်တိုက်ဖြစ်နေသည်။ ရှေးယခင်ကရွှေထီးဆောင်းခဲ့ရသည့်အချိန်များမှာ သမိုင်းစာအုပ်များအထဲတွင်သာ ကျန်ပါတော့သည်။
ကိုသန်းလွင်
Ref:The Ancient World, Jerry Toner
Comments