အက္ခရာပွဲတော် အမည်နဲ့ ကဗျာပြပွဲ ပန်းဆိုးတန်းဂယ်လာရီမှာ အောက်တိုဘာ ၁၂ရက်



အက္ခရာပွဲတော် အမည်နဲ့ ကဗျာပြပွဲ ပန်းဆိုးတန်းဂယ်လာရီမှာ အောက်တိုဘာ ၁၂ရက်
K  (မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၈


အက္ခရာတွေရဲ့အနုပညာ၊ အက္ခရာတွေရဲ့ကာရန်၊ အက္ခရာတွေရဲ့အသံ၊ အက္ခရာတွေရဲ့ အာရုံလှည့်စားခြင်းများကို ကဗျာများဖြင့်ပြသမယ့် အက္ခရာပွဲတော် အမည်နဲ့အနုပညာ လှုပ်ရှားမှုကို ရန်ကုန်မြို့ပန်းဆိုးတန်း(လယ်)ရှိ ပန်းဆိုးတန်းဂယ်လာရီမှာ အောက်တိုဘာ ၁၂ရက်ကနေ ၁၅ရက်ထိ ၄ရက်တိုင်တိုင် မနက် ၁၀ နာရီမှ ညနေ ၆ နာရီထိ ကျင်း ပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ အက္ခရာပွဲတော်ကို ပန်းဆိုးတန်းဂယ်လာရီမှ ကိုအောင်စိုးမင်းက ဦးစီးကျင်းပတာဖြစ်ပြီး ပြပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အက္ခရာအသုံးပြုသော အနုပညာ၊ ဓလေ့၊ ယုံကြည်မှုများတွင် နယ်နိမိတ်သတ်မှတ်ချက်များ ကျိုးပျက်ရောယှက်လာပုံကို ခင်းပြရန်အတွက်လို့သိရပါတယ်။

ပါဝင်ပြသမယ့်ကဏ္ဍများကတော့ လက်ရေးကဗျာများ၊ မြင်မှုကဗျာများ (visual poems)၊ ပုံရိပ်များ၊ ဆေးမင်ကြောင်များ၊ အင်းစမများကို ပြသသွားမှာဖြစ်ပြီး ပါဝင်ပြသမယ့် ကဗျာ ဆရာများက သစ္စာနီ၊ မောင်ပြည့်မင်း၊ ကွန်စစ်ကောင်း၊ မောင်လင်းရိပ်၊ ဖြူမွန်၊ မင်းထက်မောင်၊ မောင်ဒေး၊ အိန္ဒြာ၊ ပန်ဒိုရာ၊ မိုးဦးဆွေညိန်း၊ ဇော်လူစိမ်း၊ သော်ဇင်အုန်း၊ ရင်နီ၊ ဟံ လင်း၊ လင်းသဏ်ညီ၊ A မွန်၊ လင်းဇင်ယော်၊ ရှိန်ဝါ၊ ညီလင်းနိုင်၊ ညိုပြာဝိုင်၊ ခေမာရှင်း၊ ရွှေပိုးအိမ် (ပဲခူး)၊ နေအေဒီ၊ မြူပါးရ်၊ နရီ(မြိတ်)၊ မိုးဝေး၊ ကိုရွေး၊၊ လွတ်လပ်အိမ်၊ မောင်မောင် ငြိမ်းအေးတို့ဖြစ်ပါတယ်။

ယခုလိုပြပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ပါဝင်လှုပ်ရှားဆောင်ရွက်နေတဲ့ ကဗျာဆရာ မောင်လင်းရိပ်က “၂၀၁၀ ကမ္ဘာ့ကဗျာနေ့ကို အေဂျီအမ်ပီမှာ စုစည်းနှင့်ကြပြီးဖြစ်တဲ့ ရန်ကုန် အခြေစိုက်ကဗျာဆရာတွေ ၃ ရက်တာ ကျင်းပဖြစ်ခဲ့ကြတုန်းက ကဗျာဆရာတွေရဲ့ မူရင်းလက်ရေးနဲ့ ရေးထားတဲ့ကဗျာတွေကိုလည်း ပန်းဆိုးတန်း အပေါ်ဘလောက်မှာရှိတဲ့ ပန်း ဆိုးတန်းပန်းချီပြခန်းမှာ တစ်ခန်းတစ်ကဏ္ဌအဖြစ် ကျင်းပဖြစ်ခဲ့ကြတယ်။ အဲဒါကို သတိရမိ၊ ဒီပွဲက အဲဒီလက်ရေးကဗျာပြပွဲရဲ့အဆက်လို့လည်း ပြောလို့ရမလားပဲ။ ဒီပွဲရဲ့ကျူရေတာ ဖြစ်တဲ့ ကိုအောင်စိုးမင်း(လွတ်လပ်အိမ်)က ကျွန်တော်တို့နဲ့ မိတ်ဆွေရင်းတွေ ဖြစ်တဲ့အပြင် ကဗျာဆရာတွေက လှုပ်ရှားမှုတွေ၊ ပွဲတွေ လုပ်ချင် ကျင်းပချင်တယ်ဆိုရင် သူ့ပြခန်း နေ ရာကို ပေးသုံးဖို့ ဘယ်တုန်းကမှ ဦးမလေးတဲ့သူဆိုတော့ ခုသူ့စိတ်ကူး အက္ခရာပွဲတော် လုပ်မယ်ဆိုတော့ ကဗျာအပိုင်းက ကျွန်တော်တို့ ဝိုင်းကြဝန်းကြရတာပေါ့။ သူ့ပန်းချီပြခန်းနဲ့ ဆက်နွှယ်နေတဲ့ ပန်းချီဆရာတွေရဲ့ လက်ရာတွေကလည်း အက္ခရာတွေပါဝင် ရေးဆွဲထားတဲ့ ပန်းချီတွေဆိုတော့ ပန်းချီကားတွေလို့ ပြောလို့ရတဲ့အပြင် မြင်မှုကဗျာ visual poetry အဖြစ် အကြုံးဝင်တဲ့အနုပညာလက်ရာတွေလို့လည်း သတ်မှတ်ရနိုင်တော့ ကျွန်တော်တို့ ကဗျာဆရာတွေရဲ့ ကိုယ်တိုင်လက်ရေးနဲ့ ရေးထားတဲ့ လက်ရေးကဗျာတွေနဲ့က အတွဲအစပ် ညီတယ်လို့ ဆိုချင်ပါတယ်။ အက္ခရာတွေကို ဖျင်ကြည့် ဆင်ကြည့်တဲ့ အနုပညာလက်ရာ art works တွေပေါ့ဗျာ။ နောက်ထပ်လည်း ထပ်လုပ်ဖို့ အစီအစဉ်တွေ ရှိပါတယ်။ ကွယ် လွန်ပြီး ကဗျာဆရာတွေရဲ့လက်ရေးကဗျာတွေ ရှာဖွေ မေတ္တာရပ်ခံ စုဆောင်းပြီး သူတို့ကဗျာကျေးဇူးကိုလည်း အောက်မေ့ရင်း ပြသမယ့် အမှတ်တရပွဲတစ်ပွဲလုပ်ဖို့လည်း ကျွန် တော်တို့ စဉ်းစားထားပါတယ်။ ဒီပွဲအတွက်ဝိုင်းဝန်းစီစဉ်ကြရင်း ၂၀၁၀ ကဗျာနေ့ပွဲမှာ လက်ရေးကဗျာပွဲဖြစ်မြောက်အောင် အများဆုံး တာဝန်ယူပေးတဲ့ ပန်းချီ သန်းမြင့်အောင် ( သင်းဝေအောင်)ရယ်၊ အရာရာ ခေါင်းခံမားမားရပ်ပေးခဲ့တဲ့ ကဗျာဆရာ နောင်တော်ကြီးတွေထဲက တစ်ဦးဖြစ်တဲ့ ဆရာမောင်စိမ်းနီရယ်တို့ကိုတော့ အထူး သတိရမိတယ်ဗျာ။ ကျွန် တော်တို့လည်း အခုကိုယ်ရှိနေတုန်းလေး လုပ်သင့်လုပ်ပျော်တဲ့ ကိုယ်လေးနက်ရာ ကိုယ်စိတ်သန်ရာ အလုပ်တွေကို ဒီလို ကိုယ်ချစ်တဲ့ ကဗျာအဝန်းအဝိုင်းလေးနဲ့ လက်တွဲ ဆောင် ရွက်ခွင့်ရနေခိုက် ပျော်ပျော်ကြီး လုပ်ကြကိုင်ကြရတာပဗျာ”လို့ပြောပြပါတယ်။

Comments