ခင်ဇော်မိုး ● အရောင်ရင့်ရင့် အလွမ်းများ
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၈
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၈
ဒီနေ့ရွာနေတဲ့မိုးက ငယ်ငယ်ကကြည့်ဖူးတဲ့ ဖြူမဲရုပ်ရှင်ပေါ်က မျက်နှာပြင်လို အမှုန်မွှားတွေ ထနေသလိုမျိုး လေးပါ။ အပူလွန်ကဲတဲ့ အရင်နေ့ရက်တွေအပြီးမှာ မိုးအေးအေးလေးဖြစ်နေပြီး တစ်ခါတစ်ခါ မိုးအမှုန်အမွှားလေးတွေ ကျလာတတ်တဲ့ ဒီကနေ့ကို နတ်ဘုံ နတ်နန်းနဲ့ နှိုင်းလိုက်ချင်ပါသေးတယ်။
စာအုပ်ဖတ်နေရင်းပဲ ကျွန်မစိတ်တွေဟာ အိမ်ရှေ့လမ်းမဆီကို ရုတ်တရက် လွင့်စင်သွားတယ်။ငယ်ဘဝဆီကို လွင့်စင်သွားခြင်းဆိုရင် ပိုမှန်ပါလိမ့်မယ်။တစ်နှစ်လုံးမှ ဝါတွင်းရက်၊ဝါတွင်းရက်တွေထဲမှ ဥပုသ်နေ့ကလေးသာ မြင်ရ ကြားရတဲ့ မြင်ကွင်းနဲ့ အသံတွေပေါ့။ရွာကတော့ ဆွမ်းတော်ကြီးခံ လှည့်တယ်လို့ခေါ်ကြတယ်။ ဥပုတ်သည် ယောက်ျား ကြီးတွေက တန်းစီလှည့်လည်ပြီး ရှေ့ဆုံးမှာ ကြေးစည်းခတ်သူနဲ့ နဝကမ္မအလှူ ခံဖလားကို ပိုက်ထားကြတယ်။ ဥပုသ်သည်တွေရဲ့အဆုံးမှာ ဒိုးပတ်တီးသူရယ်၊မောင်းတီးသူရယ်ပေါ့။တစ်ခါတလေ နှဲမှုတ်သူလည်း ပါတတ်တယ်။ဒါနဲ့ မောင်းဆိုတာ အလှူ ဆိုင်းတွေမှာ ထုတဲ့မောင်းမျိုး မဟုတ်ဘူး။ ကြေးပတ္တလားခွက်ကလေးတွေ အများကြီးတွဲထားတဲ့ တူရိယာကို ရွာကတော့ "မောင်း"လို့ခေါ်ကြတယ်။အဲ့ဒီမောင်းမှာပါတဲ့ ဘေး တစ်ဖက်တစ်ချက်ကြိုးကွင်းကို လူ နှစ်ယောက် က ပခုံးတစ်ဖက်စီကို တင်ချိတ်ပေးထားရပြီး တီးတဲ့လူကလည်း သွားရင်းလာရင်း မတ်တပ်ရပ်တီးရတာပါ။
ဒိုးပတ်နဲ့မောင်းပဲတီးတယ်ဆိုပေမယ့် မြိုင်လို့ပဲ။ဒီတူရိယာသံကို အခုထိ ချစ်တုန်းပဲ။ငယ်ငယ်ကဆိုရင် ရွာတစ်ပတ် လှည့်တဲ့ နောက်မှာလိုက်ပြီး နားထောင်ကြတာပေါ့။ခုလည်း ကလေးတချို့ဟာ ကျွန်မတို့ငယ်ငယ်ကလို တကောက် ကောက် လိုက်တတ်ကြတုန်းပါပဲ။
ကလေးတွေ ချော့မော့မရငိုနေရင်တောင် "ငိုနေရင် ဆွမ်းတော်ကြီးခံ လိုက်မပြဘူးနော်"လို့ ပြောတဲ့အခါ တိတ်သွားတတ်တယ်။ညနေဘက်မှာ လှည့်တတ်တဲ့ ဆွမ်းတော်ကြီးခံကို မကြည့်ရမှာ စိုးကြတယ်လေ။အိမ်ကနေ လှူမယ့် အလှူငွေကို အမေ့ကိုမလှူခံဘဲ အမေ့ဆီကယူပြီး ကိုယ် သွားထည့်ရမှ ကျေနပ်တာမျိုးပေါ့။ဥပုသ်သည်တွေ ပေးတဲ့ ဆုတောင်းကလည်း အခုချိန်ထိ နားထောင်လို့မရိုးနိုင်ပါဘူး။ စိတ်လှုပ်ရှားမှုကြောင့် စာကို ဆက်ဖတ်လို့ မရတော့ဘူး။ရုတ်တရက်ကြီး ကလေးဘဝကို လွမ်းလာမိတယ်။ဖျော့တော့သွားတဲ့ ရွာဓလေ့တချို့ကို ကျွန်မ သိပ် နှမြောနေမိတယ်။နောက်ဥပုသ်နှစ်ပတ်ဆိုရင် သီတင်းကျွတ်ပြီပေါ့။ကျွန်မတို့ငယ်ငယ်က ရွာသီတင်းကျွတ်ပွဲက သိပ် ပျော်စရာကောင်းတယ်လို့ ထင်တယ်။တရွာလုံးရှိတဲ့ လူငယ်လူကြီးတွေက ဘုန်းကြီးကျောင်းဝန်းနဲ့ ပြည့်လျှံ လို့ပဲ။ လပြည့်နေ့ညမှာ ဆီးမီးတစ်ထောင်ပူဇော်ပြီး ဆရာတော်ရဲ့ဆုံးမသြဝါဒကို နာယူပြီးတဲ့အခါမှ မီးပုံးပျံတွေ လွှတ်ဖို့ စတာ။ရွာအခေါ်တော့ မီးအုံပေါ့။မီးအုံတစ်လုံးတိုင်းမှာ ငွေတို့၊ထုတ်စာတို့ထည့်တတ်ကြတယ်။ထုတ်စာဆိုတာ ဆန် ဘယ်နှပြည်နဲ့ ငွေဘယ်လောက်ကို ဆရာ့တော်ထံမှာ ဒါမှမဟုတ် ဘယ်သူ ဘယ်ဝါထံမှာ ထုတ်ယူလှည့်ပါလို့ ရေးလိုက်တာမျိုးပေါ့။
မီးအုံတွေကို လေးငါးဖွဲ့လောက်က တာဝန်ယူလွှတ်ကြတာ။တစ်ဖွဲ့ကို ယောက်ျားတွေ လေးငါးယောက် ပေါ့။ မျောက်ထိုင်ခုံတွေပေါ်ကတက်ပြီး မီးအုံထိပ်ကို ကိုင်သူကကိုင်၊မီးအုံနှုတ်ခမ်းဝိုင်းကိုလည်း လူနှစ်ယောက်လောက် ကိုင်ထားကြရပြီး လေဝပြီဆိုမှ မီးဇာကို မီးညှိလိုက်တယ်။မီးအုံလေဝဖို့ကိုလည်း မြှင့်လိုက်၊နှိမ့်လိုက်လုပ်ပြီး အရှိန် ရပြီဆိုမှ လွှတ်လိုက်တော့တာ။လက်ကလွှတ်လိုက်ပြီဆိုတာနဲ့ ကျောင်းဝန်းအပြည့်ရှိလူတွေက "ဟေး"လို့ သံရှည်ဆွဲ အော်ရင်း လက်ခုပ်လက်ဝါးတွေ အားကျမခံတီးကြတော့တာပဲ။
ရွာမှာတော့ လပြည့်နေ့ကိုထက် လပြည့်ကျော်တစ်ရက်နေ့မှ အိမ်တိုင်းမီးတွေထွန်းကြတာ။ဘုန်းကြီးကျောင်းကို မသွားခင် အိမ်ကို ဖယောင်းတိုင်မီးတွေ ပူဇော်ကြတယ်။ အိမ်ပြတင်းပေါက်တွေ၊ အိမ်အဝင်တွေ၊ စက်တွေ၊ ရေတွင်း တွေ၊နွားတွေက အစ မီးပူဇော်ကြတယ်။အိမ်ခြံစည်းရိုးအဝင်တွေမှာလည်း ဖယောင်းတိုင်တွေ ထွန်းကြတာပေါ့။ လျှပ်စစ်မီးတွေ လျှံကျနေတဲ့ မြို့တွေရွာတွေနဲ့ မလဲနိုင်တဲ့မြင်ကွင်းကလေးပါပဲ။ငယ်ငယ်က အဲ့သလို အိမ်အဝင်က ခြံစည်းရိုးတိုင်ပေါ်ထွန်းညှိထားတဲ့ ဖယောင်းတိုင်လေးတွေကို မီးလိုက်မှုတ်ကြတယ်။တစ်ခါတလေ ခြံစည်းရိုးထိပ်က မီးထွန်းစဖယောင်းတိုင်အရှည်နဲ့ ကိုယ့်ဆီကဖယောင်းတိုင်အတိုနဲ့ လိုက်ပြီးလဲထွန်းကြတယ်။အိမ်ရှင်အော်တဲ့အခါ ပြေးကြတာပေါ့။တကယ့်ကို ပျော်စရာကောင်းခဲ့ကြတယ်။ပြီးတော့ ကိုယ့်အဖော် တသိုက်ရဲ့ အိမ်ကလူကြီးတွေကို တစ်အိမ်ဆင်းတစ်အိမ်တက် မီးကန်တော့ကြတယ်။ဆုပေးတဲ့အခါ "ပေးတဲ့ဆုနဲ့ပြည့်ပါစေ"လို့ ပြန်ပြောခဲ့ကြတယ်။
အဲလို မီးကန်တော့ဖို့ ဖယောင်းတိုင်ထည့်ပြီး ထွန်းစရာ ဆီမီးခွက်ကလေးတွေ ရှာမရတဲ့အခါဆို စိတ် မကြည်ကြတော့ ဘူး။ဖယောင်းတိုင်ကို ဆီမီးခွက်ကလေးထဲ ထည့်ထွန်းမှ ပိုလှတယ်လို့ထင်တာ။ဘယ်လိုမှရှာမရတဲ့အဆုံးဆို ထွန်သွားအတိုတွေကို ကောက်ယူပြီး အဲ့ပေါ်ကို တင်ထွန်းလိုက်ရတယ်။
ကျွန်မတို့ငယ်ငယ်က ခေတ်အထဆုံး ဗြောက်က အနီရောင်စက္ကူ ပတ်ထားပြီး မီးညှိစရာ ကြိုးစကလေး ပါတဲ့ ဗြောက်တွေ။ပြီးတော့ တဖျတ်ဖျတ်မြည်တဲ့ ကြိုးဗြောက်ကလေးတွေ။မီးရှူးတိုင်ဆိုရင် ဈေးကြီးလို့ ကျွန်မတို့ ကလေး တွေ မဝယ်နိုင်ကြဘူး။ပြီးတော့ လက်တစ်လံလောက်ရှည်ပြီး တစ်ရှူးရှူးထွက်တတ်တဲ့ မီးရှူးတုတ်တွေဆိုတာ ရွာက ဘုန်းကြီးတပည့် ဦးဇင်းတွေလောက်ပဲ ဝယ်ဖောက်နိုင်ကြတာရယ်ပါ။ကျွန်မတို့တတွေက အရွယ်မတိုးမယိမ်းပဲကွာတဲ့ အစ်ကိုတွေလုပ်တတ်ကြတဲ့ ငရဲမီးလုပ်တာကိုလည်း ရင်သပ်ရှုမောကြည့်ချင်ကြတယ်။
ငယ်ငယ်က သတင်းကျွတ်ပွဲနီးလာပြီဆိုရင် အိမ်ရဲ့ဖယောင်းတိုင်မီးတင်ထွန်းတတ်တဲ့နေရာတွေကို ပျော်ကျသွားတဲ့ ဖယောင်းစက်အချပ်တွေရအောင် ရှာပုံတော်ဖွင့်တော့တာပဲ။ပုံကျနေတဲ့ ဖယောင်းစက်တွေကို တုတ်ကလေး ဒါမှ မဟုတ် ခဲချွန်ဓားကလေးနဲ့ ခြစ်ယူတယ်။ပြီးရင် သင်္ဘောပင်က သဘောရိုးလှလှကို ရွေးချိုးထားတယ်။ ဖယောင်းစက် တွေကို အိုးအပဲ့တစ်ခုထဲ ထည့်ပြီး အရည်ပျော်အောင် ကြိုတယ်။သင်္ဘောရိုးကို လိုချင်သလောက်သာ ချိုးဖြတ်ထားပြီး အပ်ချည်သုံးလေးငါပင်ပူးကို ထည့်ထားတာ။အဲ့ဒါမှ ဖယောင်းရည်တွေကို သဘောင်္ရိုးထဲ လောင်းထည့် လိုက်တယ်။ အရည်ခဲလောက်ပြီဆိုမှ သင်္ဘောရိုးကို ခွာလိုက်တယ်။ဒါဆိုရင် မီးထွန်းလို့ရတဲ့ အရောင်အိုအို ဖယောင်းတိုင် ကလေး တွေ ရလာတော့တယ်ပေါ့။ ကျွန်မတို့ငယ်ငယ်က အခုလို နေရောင်ခြည်ပြားတွေ မရှိဘူးလေ။ရေနံဆီမီးခွက်ခေတ်။ ဖယောင်းတိုင် ဝယ်ချင်ရင် တစ်ရွာကျော်ရွာထိ သွားဝယ်ကြရတာ။သီတင်းကျွတ်မီးထွန်းဖို့ကို တာဝန်ကျ ဆယ်အိမ် ခေါင်း တစ်ယောက်က တစ်ရွာလုံးကိုသဒ္ဓါကြေးအလှူခံပြီး ဖယောင်းတိုင်တွေဝယ်တယ်။ မီးထွန်းပွဲ ညရောက်မှ ကျောင်းလာသမျှ လူအားလုံးကို မီးပူဇော်ဖို့ သုံးလေးတိုင်ဆီ ဝေပေးတယ်။ငယ်ငယ်က အဲ့သလိုဖယောင်းတိုင်ရှားတော့ သီတင်းကျွတ်ကျရင် ဖယောင်းတိုင်ပေါပေါကိုင်ချင်တော့ ကျွန်မတို့ကလေးငယ်တွေက သစ်င်္ဘောရိုးနဲ့ဖယောင်းတိုင် လုပ်လေ့ရှိကြတယ်။ငယ်ဘဝနဲ့ ရွာဓလေ့တွေက နုံချာခဲ့တယ်ဆိုရင်တောင် နှစ်လိုဖွယ်ရှိနေခဲ့တယ်။အခု နောက်ပိုင်း နှစ်တွေမှာ ငယ်ငယ်က သတင်းကျွတ်ပွဲလို အုန်းအုန်းကြွက်ကြွက် ပျော်စရာမကောင်းတော့ဘူး။သင်္ဘောရိုးနဲ့ ဖယောင်းတိုင်လုပ်တတ်တဲ့ကလေးတွေ မရှိကြတော့သလို ကျွန်မတို့ငယ်ငယ်ကလို ဖယောင်းတိုင်ကလေးတွေကို မက်မောနေရှာတဲ့ ကလေးတွေမရှိကြတော့ဘူး။အိမ်ခြံစည်းရိုးထိပ်က ဖယောင်းမီးကလေးကို အတိုနဲ့အရှည် လာလဲ တတ်တဲ့ ကလေးငယ်တွေမတွေ့ရသလို မီးမှုတ်တမ်းဆော့ဖို့ ရင်ခုန်နေတဲ့ကလေးတွေလည်း မတွေ့ရတော့ဘူး။
ကျွန်မတို့ငယ်ဘဝလေးကို ကျွန်မလွမ်းလိုက်တာ။အခု ကျွန်မအလွမ်းဟာ အရောင်တစ်ခုအနေနဲ့ဆိုရင် အရောင်ရင့်ရင့် အလွမ်းပဲ ဖြစ်ပါလိမ့်မယ်။
ခင်ဇော်မိုး
Comments