ဇင်လင်း ● ၂၀၂၀ မတိုင်မီ ဒီမိုကရေစီ ဖယ်ဒရယ်ဆိုင်ရာမူဝါဒများ ချမှတ်နိုင်ဖို့လို

ဇင်လင်း ● ၂၀၂၀ မတိုင်မီ  ဒီမိုကရေစီ ဖယ်ဒရယ်ဆိုင်ရာမူဝါဒများ ချမှတ်နိုင်ဖို့လို
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၈

ယခု တလောတွင် ပြည်သူများသည် ငြိမ်းချမ်းရေးညီလာခံ အဆင်ပြေချောမွေ့စေရန် လိုလားနေကြသည်။ ပြည်သူလူထု အနေဖြင့် လူမှုစီးပွားဆိုင်ရာ အထွေထွေအကျပ်အတည်းများကို တိုးမြင့် ခံစားလာရသည့်အလျောက် တိုင်းရင်းသား အချင်း ချင်းအကြား ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေခဲ့လျှင် လက်ရှိကြုံတွေ့နေရသော အခက်အခဲများ လျော့ပါးသွားလိမ့်မည် ဟု မျှော်လင့်နေကြသည်။ မကြာသေးမီက  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကိုလည်း ယခု ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်တွင် ကျင်းပနိုင်ဖွယ်ရှိသည်ဟု သတင်းတရပ်က ဆိုထားသည်။ ၂၁ ရာစုပင်လုံညီလာခံ ကို ၂၀၁၈ တွင် တစ်ကြိမ်၊ ၂၀၁၉ တွင် နှစ်ကြိမ် ကျင်းပရန် ပြီးခဲ့သည့် ဇူလိုင်လတွင် ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတတိယ အစည်းအဝေးက  ကြေညာချက် ထုတ်ပြန်ထားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ် ကျင်းပရန် ကျန်ရှိရာ ဒီဇင်ဘာ၌ ခရစ္စမတ်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်များကြောင့် နိုဝင်ဘာလကုန်တွင် ငြိမ်းချမ်းရေးညီလာခံကျင်းပသင့်ကြောင်း ခန့်မှန်းမှု များရှိသည်။ နိုဝင်ဘာတွင် ပြုလုပ်ရန် တပ်မတော်ဘက်က သဘောတူ အဆိုပြုထားသည်ဟုလည်း သတင်းများကြားနေရ သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုး ပအိုဝ်းအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်ဟု မီဒီယာ သတင်းများအရ သိရသည်။ ညီလာခံရလဒ် ကောင်းမွန်ရေးအတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော် ထိပ်သီး ခေါင်းဆောင်များ နှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ ညှိနှိုင်းရန် စီစဉ်နေသည်ဟု ၎င်း က ပြောခဲ့ဖူးသည်။

ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ တက် ရောက်မည့် ထိပ်သီးဆွေးနွေးပွဲကို အောက်တို ဘာလ ၁၅ ရက် နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါးဒေသ ၌  ကျင်းပသွားမည်ဟု ကြားရသည်။ ယခု အောက်တိုဘာ ၁၅ ရက်နေ့သည် NCA လက်မှတ်ရေးထိုးခဲ့သည့် ၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲနှင့် အတူ ၅ ရက်ကြာ ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲကျင်ပရာတွင် အဆုံးအဖြတ်ပေးနိုင်သည့် သက်ဆိုင်ရာခေါင်းဆောင်များ ပါဝင် တက်ရောက် ကြမည် ဖြစ်သည့်အတွက် ပိတ်ဆို့နေသည့် ငြိမ်းချမ်းရေးပြဿနာများအား ဖြေရှင်းနိုင်မည့် အခြေခံမူများ ရရှိရန် မျှော်လင့် နေကြသည်ဟုလည်း သတင်းများအရ ကြားသိနေရသည်။ (၁၅၊၁၀၊၂၀၁၈ နေ့သတင်းများအရ နေပြည်တော်တွင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ EAO-S စုံညီစွာတက် ရောက်သည်။)

၂၀၁၈ စက်တင်ဘာလ ၈ ရက်မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်-NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း ၁ဝ ဖွဲ့၏ တတိယ အကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည်။ ၎င်းတို့၏ ညီလာခံ ဆွေးနွေးချက်များ၊ ရှေ့ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညီလာခံ၏ ပြောခွင့်ရပုဂ္ဂိုလ် ‘ပူးဇင်ကျုံး’ အား ကရင်သတင်းစဉ် (KIC ) က ဆက်သွယ် မေးမြန်းခွင့် ရခဲ့သည်။ ငြိမ်းချမ်းရေး တစ်ဆို့နေမှုအခြေအနေကို သူက ယခုကဲ့သို့ ရှင်းပြသည်။

“တစ်ခုတည်းသော တပ်မတော်ကို လက်ခံရမယ်ဆိုတဲ့ တပ်မတော်ဘက်က တင်ပြလာတဲ့ အပေါ်မှာ ကျနော်တို့ ဆွေးနွေး ညှိနှိုင်းလို့ မရသေးတဲ့ အနေအထားဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်က တစ်ဆို့နေတယ်လို့ ညီလာခံက သုံးသပ်တဲ့အတွက် ဒီတစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးအခြေအနေတွေ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရှေ့ဆက်သွား လို့ရအောင် နိုင်ငံတော်အစိုးရဘက်က တကယ် ဆုံးဖြတ်နိုင်တဲ့ ထိပ်ပိုင်း ခေါင်းဆောင် တွေ၊ မြန်မာ့တပ်မတော်ဘက်က တကယ့် ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း က ထိပ်ပိုင်းခေါင်းဆောင်တွေ အလွတ်သဘောတွေ့ဆုံပြီးတော့မှ ကျနော်တို့ ဒီကနေ့ ကြုံနေရတဲ့ အခက်အခဲတွေ အဟန့်အတားတွေ တစ်ဆို့မှုတွေကို ဝိုင်းဝန်းအဖြေရှာကြမယ် ဆိုတဲ့ ကျနော်တို့ ဆုံးဖြတ်ချက် တစ်ခုကို ရပါတယ်။” ဟု ပူးဇင်ကျုံးက ဆိုသည်။

ထို့ကြောင့် ဖေါ်ပြပါ တစ်ဆို့လျှက်ရှိသော ကိစ္စများကို အမြန်ဆုံး တွေ့ဆုံ ဖြေရှင်းနိုင်ရန် NCA လက်မှတ်ရေးထိုးထား သော ၁ဝ ဖွဲ့ အပြင်၊  လက်မှတ်မရေးထိုးရသေးသော ညီနောင်တိုင်းရင်းသားအဖွဲ့များလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌  ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်အောင် ကြိုးပမ်းကြရေး ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ NCA ဆိုင်ရာ ဘုံသဘောထားများ အပေါ်အခြေခံ၍  တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်သော  အစည်းအဝေးကြီး တစ်ရပ်ပြုလုပ်ရန် “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့” (Peace Process Supporting Team - PPST) က ဆုံးဖြတ် ထားသည်ဟု ပူးဇင်ကျုံးက ဆိုကြောင်း ကရင်သတင်းစဉ် (KIC ) ၏ ဆက်သွယ်မေးမြန်းမှုမှတဆင့် သိရသည်။

ဤအတောအတွင်း နော်ဝေးသံရုံး၏ စီစဉ်မှုဖြင့် ပြည်ထောင်စုအဆင့် (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော (၁၅) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေးဖြစ်စဉ် ၇ ရက်ကြာလေ့လာရန် နီပေါနိုင်ငံသို့ အောက်တိုဘာ ၁ ရက်နေ့က စတင်ရောက်ရှိနေကြောင်း မွန်သတင်းအေဂျင်စီ ကဖေါ်ပြသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC လုပ်ငန်း အကောင်အထည်ဖော်ဆောင်မှု ထိရောက်မှသာ မြန်မာ့ငြိမ်းချမ်းရေး အောင်မြင်နိုင်လိမ့်မည်ယူဆကြောင်း နိပေါနိုင်ငံ ငြိမ်းချမ်းရေးလေ့လာရေးခရီးစဉ်သို့ လိုက်ပါလျက်ရှိသော မွန်ပြည်သစ်ပါတီဗဟို စစ်ဘက်ရေးရာတာဝန်ခံ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်းက ပြောကြောင်း သတင်းက ဆိုသည်။

JMC-U အဖွဲ့ဝင် ဗိုလ်ချုပ်လယီကောင်းက “လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အများသိနေကြတဲ့အတိုင်းပါပဲ (၂၁) ရာစုပင်လုံဟာ ရှေ့ဆက်သွားလို့မရသလို ဖြစ်နေပြီ။ တစ်ဆို့မှုတွေကလည်း ကြာခဲ့ပြီ။ JMC အနေနဲ့ လုပ်ငန်း အကောင် အထည်ဖော်မှု အားနည်းခဲ့တာရှိတယ်။ ဘာကြောင့်လဲဆိုတော့ NCA လက်မှတ်ထိုးပြီး ဒေသတွေမှာ သေနတ်သံ မစဲသေး ဘူး၊ ရှမ်းနဲ့ ကရင် မှာ အစိုးရတပ်နဲ့ ထိတွေ့ပစ်ခတ်မှုတွေ ရှိနေတယ်။” ဟု ၎င်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“နီပေါငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျနော်တို့ နိုင်ငံနဲ့ မတူပေမယ့်လည်း အတုယူစရာတွေအများကြီး ရှိပါတယ်။ ဒါပေမယ့် သူများငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပုံတူကူးချပြီး ကျနော်တို့ဆီမှာ လာတည်ဆောက်လို့ မရနိုင်ပါဘူး။ ကျနော်တို့ နိုင်ငံ ငြိမ်းချမ်းရေးအောင်မြင်ဖို့ဆိုတာ တပ်မတော်အပါအဝင် အစိုးရနဲ့ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တွေ နှစ်ဖက် စလုံး ကျနော်တို့အစွမ်းအစ၊ ကျနော်တို့ပုံစံနဲ့ပဲ တည်ဆောက်သွားရမှာ ဖြစ်တယ်။” ဟု ဗိုလ်ချုပ်လယီကောင်းက ဆိုသည်။

 အဆိုပါ ငြိမ်းချမ်းရေး လေ့လာရေးခရီးစဉ်တွင် နီပေါနိုင်ငံ ဒုတိယသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူ များ၊ နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကာလအတွင်း ပါဝင်ခဲ့သူများနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ၄င်းတို့၏ အတွေ့အကြုံများ ကို ရှင်းပြခဲ့သည်ဟု ဆိုသည်။ ခရီးစဉ်တွင် JMC-U ဥက္ကဋ္ဌ အပါအဝင် ဒုတိယဥက္ကဋ္ဌ၊ JMC-U အဖွဲ့ဝင်များ ဖြစ်ကြသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ သိက္ခာတော်ရ ဆရာတော် စောမက်သယူး အေးတို့ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်အဖွဲ့ဝင် (၁၅) ဦး လိုက်ပါသွားခဲ့သည်ဟု Joint Ceasefire Monitoring Committee Facebook စာမျက်တွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ဆို့နေမှုများကို ကျော်ဖြတ်နိုင်ရန် ဒီမိုကရေစီစနစ်နှင့် တိုင်းရင်းသားအရေးအတွက် အာမခံချက်ရှိသည့် အားလုံးလက်ခံနိုင်သောမူ ပုပ္ပါးထိပ်သီးဆွေးနွေးပွဲ၌ ချမှတ်ရန်လိုအပ်သည်ဟု NMSP ဒုဥက္ကဋ္ဌ နိုင်ဟံသာ က မွန်သတင်းအေဂျင်စီသို့ အောက်တိုဘာ ၈ ရက်နေ့က ပြောသည်။ အောက်တိုဘာ ၁၅ ရက်တွင် မြန်မာပြည် အလယ်ပိုင်း ပုပ္ပါး၌ ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီ(NMSP) ထိပ်သီး ခေါင်းဆောင် နိုင်ဟံသာ တက်ရောက်မည်ဟုဆို သည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိကအရေးကြီးဆုံးဖြစ်သည့် နိုင်ငံရေးနှင့် လုံခြုံရေးအပိုင်းကို အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်တိုင်းရင်းသားအများစု လက်ခံနှိုင်သည့်ပုံစံဖြစ်ရန် လိုအပ်သည် ဟု ၎င်းက ဆိုသည်။

“တစ်ခုတည်းသောတပ်မတော်မူကို ယေဘုယျအားဖြင့် ကျနော်တို့လက်ခံပါတယ်၊ ဒါပေမယ့် အဲဒီ တပ်မတော်ကို ဘယ်လို တည်ဆောက်မလဲ။ ဘယ်လိုပြုပြင်မလဲ။ လက်ရှိ ပုံစံအရဆိုရင် လက်နက်ကိုင်အဖွဲ့အားလုံးက တပ်မတော် လက်အောက် မှာ ရှိနေတယ်။ ရဲတပ်ဖွဲ့က တပ်မတော်လက်အောက်မှာ မဖြစ်သင့်ဘူးလို့ ကျနော်တို့မြင်တယ်။ ဒါကြောင့် တပ်မတော်က နိုင်ငံရေးမှာ ဝင်မစွက်အောင်၊ ချုပ်ကိုင်လို့မရအောင်၊ လွယ်လွယ်နဲ့ အာဏာမသိမ်းနိုင်အောင်ဆိုတဲ့ပုံစံမျိုးကို နည်းလမ်းရှာ ရမယ်။” ဟု နိုင်ဟံသာက ဆိုသည်။

ထို့ပြင် တိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အာမခံချက်မရှိသေး၍ “ခွဲထွက်ခွင့် လုံးဝမရှိရ” ဆိုသည့် အချက်ကို တိုင်းရင်းသားများ လက်ခံရန်မဖြစ်နိုင်သေးကြောင်း ၄င်းက ဆက်လက်ထောက်ပြသည်။ အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက - “ခွဲမထွက်ရ ဆိုတဲ့ကိစ္စက NCA ထဲ မပါဘူး။ နောက်ပြီးတော့ တစ်ခုတည်းသောတပ်မတော်ကို လက်ခံရမယ်ဆိုတဲ့ အခြေခံမျိုးတွေ NCA ထဲ မပါဘူး။ ဆိုတော့ အဲဒီ ကိစ္စတွေကြောင့် တစ်ဆို့နေရတဲ့အကြောင်းတစ်ကြောင်း၊ ဒီကိစ္စတွေကို ကျနော်တို့ဘယ်လို ဖြေရှင်း ကျော်လွှားမလဲ ဆိုတဲ့အပိုင်းကို ကျနော်တို့ ဆွေးနွေးလိုတယ်။” ဟု ဆိုသည်။

အထက်ဖေါ်ပြပါ အခြေအနေများကို လေ့လာကြည့်လျှင် ငြိမ်းချမ်းရေးခရီး၌ အဓိက တစ်ဆို့မှုဖြစ်နေသည့် အကြောင်း အရာ အချို့ကို မြင်နိုင်သည်။ ဆက်လက်ညှိနှိုင်းရမည့် တပ်ပိုင်းဆိုင်ရာဆွေးနွေးရေးကိစ္စများ၊ NCA  အဓိပ္ပါယ်ဖွင့်ဆိုမှုတွင် မတူညီသည့်အချက်များ၊ ကြားကာလဆိုင်ရာ မတူညီသည့်အချက်များ၊ နိုင်ငံရေးဆွေးနွေးပွဲအယူအဆကွဲလွဲနေမှုများက NCA ဆက်လက်အကောင်အထည်ဖော်ဆောင်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိနေပြီး၊ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်တစ်ဆို့မှုဖြစ်စေသည်ဟု KNU အထွေထွေအတွင်းရေးမှူးက ပြောသည်။

ထိုတစ်ဆို့မှုများကို ဖယ်ရှင်းရန် ထိပ်သီး ဆွေးနွေးပွဲနည်းလမ်းကို စဉ်းစားမိခဲ့ကြပုံရသည်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ညှိနှိုင်းရေးအဖွဲ့နှင့်KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သည့် အပစ်ရပ်အဖွဲ့များ၏ ‘ညှိနှိုင်းရေးအဖွဲ့’ တို့ အောက် တိုဘာလဆန်းပိုင်းတွင် ရန်ကုန်၌တွေ့ဆုံညှိနှိုင်းခဲ့ပြီး ပုပ္ပါးထိပ်သီး ဆွေးနွေးပွဲကို ငါးရက်ကြာ ကျင်းပရန် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဖေါ်ပြပါ တစ်ဆို့လျှက်ရှိသော ကိစ္စများကို အမြန်ဆုံး တွေ့ဆုံ ဖြေရှင်းနိုင်ရန် NCA လက်မှတ်ရေးထိုးထားသော ၁ဝ ဖွဲ့ အပြင်၊  လက်မှတ်မရေးထိုးရသေးသော ညီနောင်တိုင်းရင်းသားအဖွဲ့များလည်း စတုတ္ထပင်လုံ ငြိမ်းချမ်းရေးညီလာခံ၌  ပူးပေါင်းပါဝင် လာနိုင်အောင် ကြိုးပမ်းကြရပေမည်။ ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် ပတ်သက်သော သက်ဆိုင်ရာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန် မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ်၌ ထားရှိသည့်  ဘုံသဘောထားများ၊ ဖက်ဒရယ် အခြေခံမူ ဆိုင်ရာ ဘုံသဘောထားများနှင့် NCA ဆိုင်ရာ ဘုံသဘောထားများ ရရှိရေးကို  ကြိုးပမ်းသင့်သည်။ လက်ရှိပြုလုပ်နေသည့် နိုင်ငံရေးဆွေးနွေးမှုသည် အဆင့်များ များလွန်း၍ နိုင်ငံရေးဆွေးနွေးမှု မူဘောင် တင်းကြပ်မှုများ ရှိနေသောကြောင့် လာမည့်၂၁ရာစုပင်လုံ အစည်းအဝေးများတွင် ဆွေးနွေးပွဲပုံစံများကို ပြောင်းလဲရန် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့များ ဆွေးနွေးညှိနှိုင်းသွားမည်ဟု UDDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းကျော်ညွန့် ကပြောခဲ့ဖူးသည်။ တစ်ဆို့မှု အခက်အခဲများကို ကျော်လွှားရန် တရားဝင် ဆွေးနွေးပွဲများ မလုပ်မီ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံ၍  အဆုံးအဖြတ်ပေးရန် လိုသည်ဟု UPDJC ဒုဥက္ကဌ ဒေါက်တာလျန်မှုန်းဆာခေါင်းကလည်း ပြောဖူးသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လုံခြုံရေးကဏ္ဍ ရလဒ်များ ထွက်နိုင်ရန် အရေးကြီးကြောင်းနှင့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် နိုင်ငံရေးဆွေးနွေးမှုမူဘောင်၊ ဖွဲ့စည်းတည်ဆောက်မှုနှင့် ဒီဇိုင်းများ ကို ပြန်သုံးသပ်ရန် တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ နောက်ဆုံးနေ့က ပြောခဲ့သည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ် မတိုင် မီ  ဒီမိုကရေစီ ဖယ်ဒရယ် ဆိုင်ရာမူဝါဒများ အပြီးသတ်ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။ တပ်မတော်အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူလူထုတရပ်လုံးက လက်တွေ့ဖြစ်ပေါ်နေသော တိုင်းပြည်၏ အခြေအနေများအရ ငြိမ်းချမ်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ရန် လိုအပ်နေသည်ကို နားလည် သဘောပေါက်ကြဖို့လိုသည်။  စိတ်ရင်းစေတနာ မှန်မှန်ကန်ကန်ဖြင့် တိုင်းပြည်ကို ငြိမ်းချမ်းစေလိုပါက၊ မည်သည့် တစ်ဆို့မှုမျိုးကိုမဆို ကျော်လွှားနိုင်မည်ဟု ယူဆပါသည်။

(အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၈၊ တနင်္လာနေ့ထုတ် ဒီလှိုင်းဂျာနယ်တွင်ဖေါ်ပြခဲ့သည့်ဆောင်းပါး)

Comments