မောင်အဉ္စန - မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး - အပိုင်း (၆)



မောင်အဉ္စန - မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး - အပိုင်း (၆)
ခွဲမထွက်ရေးက အဖြေလား

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၈

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့မှာ ဦးသိန်းစိန်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း (EAO) ရှစ်ဖွဲ့တွေအကြား NCA လက်မှတ်ရေးထိုးခဲ့ကြတာ (၃) နှစ်ပြည့်ပါတယ်။ အဲ့ဒီနေ့ကို အကြောင်းပြုပြီး NCA လက်မှတ်ထိုးထားကြတဲ့ EAO တွေနဲ့ (အစိုးရ၊ တပ်မတော်)တွေအကြားမှာ NCA အကောင်အထည်ဖော်ရာမှာ တစ်ဆို့နေတာတွေကို ဖြေရှင်းနိုင်ဖို့ နှစ်ဘက်ထိပ်သီးခေါင်းဆောင်တွေပါဝင်တဲ့ အစည်းအဝေးတခုကို ကျင်းပခဲ့ကြပါတယ်။ ဒီတကြိမ် (၃) ပြည့် လက်မှတ်ရေးထိုးပွဲနှစ်ပတ်လည်နေ့မှာ ခါတိုင်းလို အခမ်းအနားတွေ ကျင်းပ၊ နှစ်ဖက်ခေါင်းဆောင်တွေ မိန့်ခွန်းတွေခြွေ၊ ညစာစားပြီး အိမ်ပြန်ကြတာထက် ဆွေးနွေးပွဲမှာ တစ်ဆို့နေတာတွေကို နှစ်ဖက်မှ အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေအကြား အပြန်အလှန် အမြင်ဖလှယ်ဆွေးနွေးနိုင်မယ့် အခင်းအကျင်းကို ဖန်တီးတည်ဆောက်ချင်ကြတဲ့သဘော တွေ့ရပါတယ်။


အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ပထမနေ့ဖွင့်ပွဲ (NRPC)

NCA လက်မှတ်ရေးထိုးပွဲ (၃) နှစ်ပြည့် နှင့် (၈) လပြည့်
ဦးသိန်းစိန်အစိုးရလက်ထက်က NCA လက်မှတ်ရေးထိုးခဲ့တဲ့ EAO (၈)ဖွဲ့အတွက်တော့ (၃) နှစ်ပြည့်ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် EAO (၂) ဖွဲ့မှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ကမှ ပုံစံတမျိုးနဲ့ အခြေအနေခြားနားလျှက် NCA ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တဲ့အတွက် (၈) လသာ ပြည့်ပါသေးတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ စုစုပေါင်း EAO (၁၀) ဖွဲ့အတွင်း (၈) ဖွဲ့အတွက် သုံးနှစ်ပြည့်နှင့် (၂)ဖွဲ့အတွက် ရှစ်လပြည့်သာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်၊ သြဂုတ်-စက်တင်ဘာလတွေမှာ ကျင်းပပြုလုပ်ခဲ့ကြတဲ့ ၂၁-ရာစုပင်လုံ ပထမအစည်းအဝေးပြီးနောက် NCA အကောင်အထည်ဖော်ရာမှာ တစ်ဆို့နေတဲ့အချက်တွေကို မဖြေရှင်းပဲ နောက်ထပ် ဒုတိယအကြိမ်၊ တတိယအကြိမ် ၂၁-ရာစုပင်လုံ အစည်းအဝေးကြီးတွေကို ကျင်းပခဲ့ကြပြီး ဆုံးဖြတ်ချက်ပေါင်း (၅၁)ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း (၁) (၂) အနေနဲ့ မကျေမလည်ဖြင့် ချမှတ်ထားခဲ့ကြပါတယ်။

အဓိက တစ်ဆို့နေတာတွေကတော့ တပ်မတော်က လုပ်ထားတဲ့ Package Deal ပြဿနာ ပါပဲ။ “ခွဲမထွက်ရနဲ့ တပ်မတော်တခုတည်းရှိရေး” ဆိုတာတွေကို EAO တွေဘက်က သဘောတူမှ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်” တို့ကို သဘောတူမယ်ဆိုပြီးလုပ်ထားတဲ့ တပ်မတော်ရဲ့ ရပ်တည်ချက်ပဲ ဖြစ်ပါတယ်။

ဒီဟာတွေမဖြေရှင်းဘဲ ၂၀၂၀ ခုနှစ်မတိုင်မီ နောက်ထပ်ကျင်းပဖို့ လျာထားတဲ့ ၂၁-ရာစုပင်လုံ အစည်းအဝေးကြီး သုံးကြိမ်ကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ ခဲယဉ်းနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် NCA လက်မှတ်ရေးထိုးထားတဲ့ EAO (၁၀) ဖွဲ့က ထိပ်သီးခေါင်းဆောင် (၁၀) ဦးနဲ့ တပ်မတော်အပါအ၀င် အစိုးရတို့ဘက်က ထိပ်သီးခေါင်းဆောင် (၁၀) ဦးတို့အကြား အလွတ်သဘော (Informal) တွေ့ဆုံဆွေးနွေးကြဖို့ အစီအစဉ် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကို NCA လက်မှတ်ရေးထိုးထားကြတဲ့ NCA-S EAO တွေဘက်က (၁၀+၁၀) ထိပ်သီးအစည်းအဝေးလို့ခေါ်ဝေါ်သုံးနှုန်းပြီး၊ အစိုးရဘက်ပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက ၎င်းရဲ့သတင်းစာရှင်းလင်းပွဲမှာ ခေါင်းဆောင်တွေပဲပါတဲ့ သီးသန့်အစည်းအဝေး၊ အနားယူအပမ်းဖြေရင်းဆွေးနွေးတဲ့အစည်းဝေးပုံစံမျိုး (Retreat) လို့လည်း ခေါ်ဝေါ်သုံးနှုန်းခဲ့ကြပါတယ်။

အစီအစဉ် ခင်းကျင်းပုံ (Agenda Setting) နှင့် ပရိုတိုကော (Protocol) ပြဿနာ
(၁၀+၁၀) ထိပ်သီးအစည်းအဝေးကို ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုကျင်းပကြမှာလဲ ဆိုတဲ့ အချက်တွေနဲ့ပတ်သက်ပြီး NCA-S EAO တွေရဲ့ ကိုယ်စားလှယ်တွေဟာ အစိုးရကိုယ်စားလှယ်တွေကို သွားရောက် တွေ့ဆုံပြီး ကြိုတင်ညှိနှိုင်းထားခဲ့ကြပါတယ်။

 ပြီးနောက် (၁၅-၁၀-၂၀၁၈)ရက်နေ့မှာ NCA လက်မှတ်ရေးထိုးတာ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ ပုပ္ဗါးမှာကျင်းပကြမယ်ဆိုပြီး အသံထွက်ပေါ်လာခဲ့ပါတယ်။ သမ္မတရုံးအနေနဲ့ (၅-၁၀-၂၀၁၈) ရက်နေ့က ပြုလုပ်ခဲ့တဲ့ နှစ်ပတ်တကြိမ်ကျင်းပနေကျ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာလည်း အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်ဦးဇော်ဌေးက ပုပ္ဗါးမှာကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို EAO ဘက်က အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်သီး ခေါင်းဆောင်တွေ မဖြစ်မနေတက်ရောက်လာကြဖို့လိုအပ်ကြောင်း၊ အဲ့ဒီအစည်းအဝေးကို မတက်ရောက်သူက ငြိမ်းချမ်းရေးကို မလိုလားသူဖြစ်တယ်ဆိုတဲ့သဘောမျိုး ကြိုတင်ဖိအားပေး ပြောထားတာကို တွေ့ရှိရပါတယ်။

ဒီကာလအတွင်းမှာ NCA-S EAO တွေထဲက အဓိကကျတဲ့ အဖွဲ့အစည်းကြီးတခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့မှာ (၁၆)ကြိမ်မြောက်ကွန်ကရက်အပြီး (၅)ကြိမ်မြောက် အမြဲတမ်းဗဟိုကော်မတီ အရေးပေါ်အစည်း အဝေးရဲ့ သတင်းထုတ်ပြန်ချက်ကို (၆-၁၀-၂၀၁၈) ရက်နေ့မှာ ထုတ်ပြန်လာခဲ့ ပါတယ်။ အဓိကအားဖြင့် (၁၀+၁၀) ထိပ်သီးအစည်းအဝေးကို (၁၅-၁၀-၂၀၁၈)ရက်နေ့ ပုပ္ဗါးမှာကျင်းပမယ့် အစီအစဉ်ကို ရက်ရွေ့ဆိုင်းဖို့နဲ့ ကြိုတင်ဆောင်ရွက်ဖွယ်ရာတွေကို ဆောင်ရွက်ကြဖို့ တောင်းဆိုလာခဲ့တာပါ။ ဒီအချက်က NCA-S EAO (၁၀)ဖွဲ့အတွင်း ရပ်တည်ချက် ကွဲပြားမှုကို ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။


KNU (၁၆)ကြိမ်မြောက်ကွန်ကရက်အပြီး (၅)ကြိမ်မြောက် အမြဲတမ်းဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးပုံ (Karen National Union Headquarters)

ဒါကြောင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၀-၁၁) ရက်နေ့တွေမှာ NCA-S EAO တွေရဲ့ PPST+2 အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပပြီး (၁၀+၁၀) ထိပ်သီးအစည်းအဝေးကို ဘယ်လိုခင်းကျင်းကြမှာလဲဆိုတာကို အကျေအလည် ဆွေးနွေးသုံးသပ်ကြပါတယ်။ NCA-S EAO (၁၀) ဖွဲ့အတွင်း အဓိကကျတဲ့ KNU နဲ့ RCSS အဖွဲ့ကြီး နှစ်ဖွဲ့အနေနဲ့ တသားတည်းရပ်တည်ပြီး ကျန်(၈)ဖွဲ့က (၁၀+၁၀) ထိပ်သီးအစည်းအဝေးကို အစိုးရနဲ့ကြိုတင်ညှိနှိုင်း သဘောတူထားတဲ့အတိုင်း ပုပ္ဗါးမှာကျင်းပသွားဖို့ သဘောထားရှိကြပါတယ်။

 နေပြည်တော်ဟာ မွန်းကျပ်လွန်းတာ ကြောင့် စိတ်အပြောင်းအလဲဖြစ်တဲ့ ပုပ္ဗါးလိုဒေသမျိုးကို ရွေးချယ်ကျင်းပရတာဖြစ်ကြောင်း PNLO ရဲ့ နာယကကြီး ခွန်ဥက္ကာက RFA နဲ့ အင်တာဗျူးတခုမှာလည်း ကြိုတင်ထုတ်ဖော်ပြောထားပါတယ်။ RCSS အနေနဲ့ ခွဲမထွက်ရေး ဆိုတာကို မဆွေးနွေးလိုဘူး၊ KNU ဘက်ကလည်း ခွဲမထွက်ရေးဆိုတဲ့အချက်က NCA မှာ မပါဘူး၊ မပါတဲ့အချက်ကို မဆွေးနွေးဘူးဆိုတဲ့ ရပ်တည်ချက်မျိုးတွေ့ရပါတယ်။ ဒါကြောင့် အဲ့ဒီကိစ္စကို ဆွေးနွေးမယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုတွေ အတွက် အချိန် (၂) ပတ်လောက် ယူမယ်ဆိုတဲ့သဘောထားမျိုးကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါပေမယ့် PPST+2 အစည်းအဝေးက အစိုးရနဲ့ ကြိုတင်ညှိနှိုင်းထားတဲ့ ပုပ္ဗါးနေရာကနေ နေပြည်တော်သို့ ပြန်ရွေ့ပြီး တရားဝင်မဟုတ်ဘဲ အလွတ်သဘော (Informal) ဆွေးနွေးမယ့်သဘောထား ချမှတ်ခဲ့ကြပါတယ်။


PPST+2 အစည်းအဝေး (၁၀-၁၁၊ ၁၀၊ ၂၀၁၈) ချင်းမိုင် (NCA-S EAO)

(၁၅-၁၆ ၊ ၁၀၊ ၂၀၁၈) ရက်နေ့တွေမှာ ပြုလုပ်ခဲ့တဲ့ နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်မှာ (၁၀+၁၀) ထိပ်သီးအစည်း အဝေးကို “နိုင်ငံတော်အစိုးရ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး” ဆိုပြီး အမည်ပေးခဲ့ကြပါတယ်။ ပထမနေ့ အစည်းအဝေးဖွင့်ပွဲမှာ နှစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ အဖွင့်မိန့်ခွန်းတွေ ခြွေကြပါတယ်။ အဲ့ဒီမှာ မီဒီယာကို သတင်းယူခွင့် ပေးခဲ့တာကို တွေ့ရပါတယ်။

နှစ်ပွင့်ဆိုင်လား၊ သုံးပွင့်ဆိုင်လား
အစည်းအဝေးမှာ ထိုင်ခုံနေရာသတ်မှတ်ချထားရာမှာ စားပွဲထိပ်မှာ နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေထဲက အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်ချုပ်၊ ဒု-တပ်ချုပ်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌတို့နဲ့အတူ ယှဉ်တွဲလျှက် EAO ဘက်က KNU ဥက္ကဋ္ဌ နဲ့ NMSP ဒုတိယဥက္ကဋ္ဌ တို့ နှစ်ဦးကို နေရာချပေးထားတာ တွေ့ရှိရပါတယ်။

အစိုးရဘက်က (၄) ဦးကို နေရာချပေးထားပြီး၊ EAO ဘက်က (၂) ဦးကိုသာ နေရာချပေးထားပါတယ်။

မိန့်ခွန်းပြောကြားရာမှာလည်း အစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံနဲ့ တပ်ချုပ်တို့က ပြောခွင့်ရရှိကြပြီး၊ EAO တွေဘက်က KNU ဥက္ကဋ္ဌတဦးတည်းသာ ပြောခွင့်ရရှိတာကို တွေ့ရပါတယ်။ ဒီ့အပြင် ပထမနေ့ မွန်းလွဲပိုင်းအစီအစဉ်မှာ EAO တွေဘက်က RCSS ဥက္ကဋ္ဌ နဲ့ တပ်ချုပ်၊ ဒု-တပ်ချုပ်တို့ တက်ရောက်ဖို့ ပျက်ကွက်တာကို တွေ့မြင်ရပါတယ်။

RCSS ဥက္ကဋ္ဌမှာ အစားမှား၍ အနားယူခဲ့ရတဲ့အတွက် မွန်းလွဲပိုင်းအစီအစဉ်ကို မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်း RCSS ဘက်က သတင်းမီဒီယာသို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဒုတိယနေ့အစီအစဉ်မှာ ပါဝင်တက်ရောက်တာကို တွေ့မြင်ရပါတယ်။ တပ်ချုပ်အနေနဲ့ မိန့်ခွန်းခြွေပြီးနောက်ပိုင်း KNU ဥက္ကဋ္ဌကို နိုင်ငံတော်အတိုင်ပင်ခံနဲ့အတူ သီးသန့်တွေ့ဆုံခဲ့တာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် ဒု-တပ်ချုပ်နဲ့ RCSS ဥက္ကဋ္ဌတို့လည်း သီးသန့်တွေ့ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပထမနေ့ မွန်းလွဲပိုင်းကနေ ဒုတိယနေ့အစီအစဉ်တို့မှာ တပ်ချုပ်အနေနဲ့ တက်ရောက်ဖို့ ပျက်ကွက်နေခဲ့ပြီး အင်းလေးဖောင်တော်ဦးဘုရားပွဲသို့ သွားရောက်နေခဲ့တာကို တွေ့ရှိရပါတယ်။


အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိ အဌဒိသာဓမ္မ၀ိဟာရကျောင်းတော်ကြီးသို့ ပင့်ဆောင်အပူဇော်ခံပွဲနှင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသို့ တပ်ချုပ် တက်ရောက်ပုံ (၁၆-၁၀-၂၀၁၈) www.seniorgeneralminaunghlaing.com.mm


RCSS ဥက္ကဋ္ဌ အစည်းအဝေးပျက်ကွက်တာနဲ့ပတ်သက်ပြီး ၎င်းကိုယ်တိုင်ဧရာဝတီသတင်းဌာနနဲ့ သီးသန့် အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားထားရာမှာ တပ်ချုပ်ကြီးက မိန့်ခွန်းလာပြောပြီးတော့ ဆက်မဆွေးနွေးဘဲ ပြန်ထွက် သွားကြောင်း၊ (၁၀+၁၀) ညှိထားတဲ့အတိုင်းဖြစ်ပေါ်မလာခဲ့ကြောင်း၊ တပ်ချုပ်မိန့်ခွန်းမှာလည်း RCSS ကို တဖက်သတ် စွပ်စွဲချက်တွေရှိကြောင်း၊ အဲ့ဒါကလည်း ငြိမ်းချမ်းရေးကို ဦးတည်နေတာမဟုတ်ကြောင်း အကြောင်းပြ ဖြေကြားထားပါတယ်။

အများထင်ကြေးပေးကြတာနောက်တခုကတော့ မိန့်ခွန်းခြွေကြတဲ့အခါ KNU ဥက္ကဋ္ဌ နေရာဘေး မှာ NMSP ဒု-ဥက္ကဋ္ဌကို နေရာပေးထားပြီး၊ ၎င်းအတွက်နေရာ မပေးခဲ့တာကလည်း အကြောင်းအချက် တခုအနေနဲ့ ပါဝင်တယ်လို့ ယူဆကြပါတယ်။

 တပ်ချုပ်အနေနဲ့ အစည်းအဝေးပျက်ကွက်တာကို တပ်မတော်နဲ့ အစိုးရဘက်တို့က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားတာကို မတွေ့ရှိရပါ။ တပ်ချုပ်ကိုယ်စား အဆုံးအဖြတ်ပေးနိုင်တဲ့ ဒု-တပ်ချုပ်ကို တာဝန်ပေးထားကြောင်းသာ အစိုးရပြောခွင့်ရပုဂ္ဂိုလ်အနေနဲ့ မီဒီယာကို ထုတ်ပြောထားတဲ့အချက်သာ တွေ့ရှိရပါတယ်။

RCSS ဥက္ကဋ္ဌမှာ NCA-S EAO အဖွဲ့ (၈)ဖွဲ့ရဲ့ PPST ဒုတိယအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး၊ KNU ဥက္ကဋ္ဌပြီးလျှင် ၎င်းအနေနဲ့ တာဝန်အရှိဆုံးသဘောမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် RCSS ဥက္ကဋ္ဌကို KNU ဥက္ကဋ္ဌနဲ့အတူ ယှဉ်တွဲပြီး နေရာမပေးခဲ့တာလဲ…၊ အစိုးရဘက်က (၄) ဦးထိုင်ခုံပေးထားပြီး၊ EAO ဘက်ကို ဘာကြောင့် (၂)ဦးပဲ နေရာချပေးထားခဲ့တာလဲ…ဆိုတဲ့မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။

EAO (၁၀)ဖွဲ့က ကိုယ်စားပြုတက်ရောက်တဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တွေကို ကြည့်လိုက်တဲ့အခါ အဖွဲ့ (၅) ဖွဲ့မှာ ဥက္ကဋ္ဌအဆင့်ရှိသူတွေ ကိုယ်စားပြုတက်ရောက်တာကို မတွေ့ရှိရပါ။ NMSP ဥက္ကဋ္ဌ နိုင်ထောမွန်မှာ ကျန်းမာရေး အခြေအနေကြောင့် မတက်ရောက်နိုင်၍ ဒုတိယဥက္ကဋ္ဌနိုင်ဟံသာကို တက်ရောက်စေခဲ့ပြီး၊ ALP အဖွဲ့ကလည်း ဥက္ကဋ္ဌခိုင်ရဲခိုင်အစား ဒုတိယဥက္ကဋ္ဌခိုင်စိုးနိုင်အောင်သာ ကိုယ်စားပြုတက်ရောက်တာကို တွေ့ရပါတယ်။ ဒီ့အပြင် PNLO ဘက်ကလည်း ဥက္ကဋ္ဌခွန်သူရိန် မတက်ရောက်ဘဲ နယကကြီး ခွန်ဥက္ကာအနေနဲ့ ကိုယ်စားပြုတက်ရောက်ပြီး၊ KNU/KNLA (Peace Council) က ဥက္ကဋ္ဌ ဗိုလ်ချုပ်စောဌေးမောင်ကိုယ်စား ဒုတိယဥက္ကဋ္ဌ နော်ကဘော်ထူးမှ ကိုယ်စားပြုတက်ရောက်တာကို တွေ့မြင်ရပါတယ်။ DKBA အနေနဲ့ဆိုရင် တပ်တာဝန်ခံ ဗိုလ်ချုပ်စောမိုရှဲက ကိုယ်စားပြု တက်ရောက်တာကို တွေ့မြင်ရပါတယ်။ ကျန် EAO (၅)ဖွဲ့အနေနဲ့ ဥက္ကဋ္ဌအဆင့်ရှိသူတွေကပဲ ကိုယ်စားပြု တက်ရောက်ခဲ့ကြတာကို တွေ့ရှိရပါတယ်။

အစည်းအဝေး ခင်းကျင်းပုံမှာ ပထမနေ့အဖွင့်မှာ မိန့်ခွန်းခြွေမယ့်အစီအစဉ်ဖြစ်လို့ စားပွဲပုံစံကို “U” ယူပုံသဏ္ဍာန် ပြင်ဆင်ခဲ့ပုံရပါတယ်။ ပြီးနောက်မှာ ဘက်နှစ်ဘက်ပုံစံနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးတာကို တွေ့မြင်ရပါတယ်။ တချို့ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာတွေက ဖော်ပြနေသလို သုံးပွင်ဆိုင် Trilateral ဆွေးနွေးပွဲပုံစံမျိုး မတွေ့ရှိရပါ။ အကယ်၍ သုံးပွင့်ဆိုင်ပုံစံဆွေးနွေးမယ်ဆိုပါက နိုင်ငံရေးပါတီတွေရဲ့အစုအဖွဲ့ကလည်း ကိုယ်စားပြုပါဝင်တက်ရောက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

လက်တွေ့ အဖြေရှာလိုမှု နှင့် နိုင်ငံရေးဆန္ဒသဘောထားမှန်မှု
နိုင်ငံတော်အတိုင်ပင်ခံမိန့်ခွန်း၊ တပ်ချုပ်မိန်းခွန်း နဲ့ NCA-S EAO ကိုယ်စားပြု KNU ဥက္ကဋ္ဌမိန့်ခွန်းတွေမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ အစည်းအဝေးကြီးတွေမှာ ပြောနေကြ ရပ်တည်ချက်တွေအတိုင်း NLD အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံရပ်တည်ချက်မှာ EAO တွေလိုလားချက်နဲ့ မူအရရောင်ပြန်ဟပ် သဟဇာတဖြစ်ပြီး၊ တပ်ချုပ်မိန့်ခွန်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံအပေါ် အသေရပ်တည်ပြီး အများလိုလားချက်နဲ့ ဆန့်ကျင်ကွဲလွဲနေဆဲပဲ ဖြစ်ပါတယ်။

နှစ်ရက်တာဆွေးနွေးတဲ့ ရလဒ်အနေနဲ့ စာနှစ်မျက်နှာပါ ပူးတွဲကျေညာချက်တစောင်ကို ထုတ်ပြန် လာခဲ့ကြပါတယ်။ အဲ့ဒီထုတ်ပြန်ချက်အရ အများမျှော်လင့်ထားသလို ကျစ်လစ်ခိုင်မာတဲ့ရလဒ်မျိုးမဟုတ်ဘဲ NCA ပါ အခြေခံမူ၊ နိုင်ငံရေး လမ်းပြမြေပုံ အချက်အလက်တွေနဲ့ ခေါင်းဆောင်တွေအကြား ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ ဆိုတဲ့ ယေဘုယျဆန်တဲ့အချက်တွေကိုပဲ တွေ့မြင်ရပါတယ်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့က NCA လက်မှတ်ရေးထိုးပွဲ ပထမကြိမ်နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်မှာ ကြီးကျယ်ခမ်းနားစွာကျင်းပပြီး၊ နောက်တနေ့မှာ NLD အစိုးရအနေနဲ့ အချက်(၇)ချက်ပါ နိုင်ငံရေးလမ်းပြမြေပုံတခုကို NCA ပါ နိုင်ငံရေး လမ်းပြမြေပုံနဲ့ဆင်တူရိုးမှား ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီလမ်းပြမြေပုံမှာ NCA ပါအချက်တွေနဲ့ ကွဲလွဲချက်တွေ ပါဝင်နေလို့ တပ်မတော်ဘက်က ကန့်ကွက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် NLD အစိုးရအနေနဲ့ နိုင်ငံရေးလမ်းပြမြေပုံကို “အစိုးရရဲ့ငြိမ်းချမ်းရေးမူဝါဒ” အဖြစ် အမှားပြင်ဆင်ပြီး ထပ်မံကျေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။ ဒီနေ့ အစိုးရရဲ့ အဆိုပါငြိမ်းချမ်းရေးလမ်းပြမြေပုံ (သို့) မူဝါဒကို တဆင့်ချင်းစီ ပီပြင်စွာ အကောင်အထည်ဖော်နေနိုင်တာကို မတွေ့ရှိရပါ။ ဒါပေမယ့် တပ်ချုပ်ကတော့ ၎င်းရဲ့ငြိမ်းချမ်းရေးမူဝါဒ (၆) ချက်အတိုင်း အခိုင်အမာရပ်တည်ပြီး တင်းခံနေနိုင်တာကို တွေ့ရပါတယ်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့က NCA လက်မှတ်ရေးထိုးပွဲ ဒုတိယအကြိမ် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်မှာပဲ ထပ်မံကျင်းပခဲ့ရာမှာ မနက်ပိုင်းမှာ နှစ်ဖက်ခေါင်းဆောင်တွေက ထုံးစဉ်အတိုင်း မိန့်ခွန်းတွေပြော၊ ညနေပိုင်းမှာ မြန်မာပြည်ရဲ့ ထိပ်တန်းခရိုနီသူဌေးတွေကိုပါ ညစာစားပွဲကို ဖိတ်ခေါ်တက်ရောက် စေခဲ့ပါတယ်။ တဆက်တည်းမှာပဲ အဆိုပါခရိုနီသူဌေးတွေဆီက ငြိမ်းချမ်းရေးရန်ပုံငွေ အလှူငွေတွေကို လက်ခံရယူပြီး ရခိုင်ပြည်နယ်က ဘင်္ဂလီအကြမ်းဖက်မှုပဋိပက္ခနောက်ဆက်တွဲအနေနဲ့ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ် တွေအတွက် UEHRD ဖွဲ့စည်းရေးမှာ NLD အစိုးရအနေနဲ့ အသုံးချ သွားခဲ့တာကို တွေ့ရပါတယ်။

ယခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ NCA လက်မှတ်ရေးထိုးပွဲ တတိယအကြိမ်နှစ်ပတ်လည်မှာတော့ အခမ်းအနား မရှိတော့ဘဲ ခေါင်းဆောင်များသီးသန့်အစည်းအဝေးလုပ်ပြီး စာမျက်နှာ (၂) မျက်နှာပါ စည်းနှောင်အားမရှိတဲ့ရလဒ် (Non-binding Resolution) ကို ထုတ်ပြန်နိုင်ခဲ့ကြပါတယ်။ ဒီဟာက ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ဦးသိန်းစိန်အစိုးရနဲ့ EAO အဖွဲ့တချို့အကြား လက်မှတ်ရေးထိုးခဲ့ကြတဲ့ စည်းနှောင်အားမပါတဲ့ ငြိမ်းချမ်းရေးကတိပြုချက် (Non-binding Deed of Commitment) ပုံစံမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ။

EAO ၊ အစိုးရ နဲ့ တပ်မတော်တို့ရဲ့ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေအရ အဓိက တစ်ဆို့နေတဲ့ Package Deal ကို အဖြေရှာဖို့အတွက် “ခွဲမထွက်ရမူ” မှာ လိပ်ခဲတည်းလဲ ဖြစ်နေဆဲပါ။ ဒီ့အပြင် တပ်ချုပ်မိန့်ခွန်းအရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ အစည်းအဝေးကြီးတွေက ရလာတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ပယ်ဖျက်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်နဲ့အညီသာ လုပ်ရမယ်လို့ ပုဒ်ထီး၊ ပုဒ်မ နံပါတ်စဉ်တွေကို ရွတ်ပြပြီး အတိအလင်း ပြောဆို ထားပါတယ်။ ဒီဟာက အခုလိပ်ခဲတည်းလဲရှိနေဆဲ “ခွဲမထွက်ရမူ” တခုတည်း မဟုတ်တော့ပါ။ နောက်ဆုံးမှာ “ဆင်ကောင်ကြီး အမြီးကျမှတစ်” ကိန်းဆိုက်ရောက်လာနိုင်ဖွယ်ရှိတဲ့ ရှေ့ပြေးလက္ခဏာပါပဲ။

NCA-S EAO တွေဘက်က “ခွဲမထွက်ရ” ဆိုတဲ့ဝေါဟာရမှာ NCA မှာ မပါဝင်တဲ့အတွက် ဆွေးနွေးစရာ မလိုကြောင်း၊ ယခုအချိန်မှာ ယုံကြည်မှုတည်ဆောက်ရေးကို အထောက်အကူဖြစ်တဲ့ပုံစံမျိုးနဲ့ပဲ ဆွေးနွေးသင့်ကြောင်း ရှောင်လွှဲပြီး ပုံစံမျိုးစုံနဲ့ ငြင်းချက်ထုတ်နေကြရပါတယ်။ တပ်ချုပ်ကလည်း “ခွဲမထွက်ရေး” ဆိုတာ တိုင်းရင်းသားတွေကို မယုံကြည်လို့ မဟုတ်၊ သံသယတွေ ကင်းရှင်းပြီး ပိုမိုခိုင်မာစေချင်လို့ဖြစ်ကြောင်း တန်ပြန်ကြပ်ထားပါတယ်။

နောက်ဆုံးအဖြေက ရိုးရိုးရှင်းရှင်းလေးပါ။ EAO တွေအနေနဲ့ တပ်ချုပ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆) ချက်အရ လက်နက်ကိုင်လမ်းစဉ်စွန့်၊ ပါတီထောင် ရွေးကောက်ပွဲဝင်ပြီး ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရမယ်ဆိုတဲ့ DDR ကို လုပ်ရမှာ ဖြစ်ပါတယ်။ EAO တွေဘက်ကလည်း ဒီတိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ဖို့ တပ်မတော်တခုတည်းရှိရေးကို လက်ခံသော်လည်း စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖြစ်ဖို့ SSR လုပ်ဖို့ လိုအပ်ကြောင်း ရပ်တည်ထားတာပါ။

NCA စာချုပ်(မူကြမ်း) ဆွေးနွေးတုန်းက “လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း” လို့ တပ်မတော်ဘက်မှ အဆိုပြုတော့ ဒီဝေါဟာရက DDR လား…၊ SSR လား..လို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ တပ်က DDR လို့ ဖြေတော့ EAO တွေက လက်မခံ။ နောက်တော့ “SSR-DDR” ဆိုပြီး ဆွေးနွေးဘက်တွေအကြား လှိမ့်ချထားလိုက်ကြပါတယ်။ ဒီနေ့ “လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း” ကို အကောင်အထည်ဖော်ဆောင်ဖို့ တပ်မတော်က တောင်းဆို လာတဲ့အခါ SSR-DDR အဓိပ္ဗါယ်ဖွင့်ဆိုချက် တကျော့ပြန်အငြင်းပွားရမယ့် အနေအထားကို ရောက်ရှိလာတော့မှာပါ။ တပ်ချုပ်ကတောင်းဆိုနေတဲ့ “ခွဲမထွက်ရမူ” ဟာ EAO နဲ့ SSR-DDR တွေအကြား အပေးအယူတည့်သွားရုံနဲ့ ပြီးသွားမှာမဟုတ်ဘဲ လူထုကိုယ်စားပြု နိုင်ငံရေးပါတီ အင်အားစုတွေရဲ့ သဘောထားတွေကလည်း ပါဝင်မှသာ ပြီးပြည့်စုံတဲ့အဖြေတခုကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ခွဲမထွက်ရမူအပါအ၀င် Package Deal ပါ အချက်တွေအားလုံးကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကနေတဆင့် အဓိပ္ဗါယ်ပြည့်ဝပြီး အနှစ်သာရရှိတဲ့ နိုင်ငံရေးစကားဝိုင်းတွေကသာ အဖြေထုတ်နိုင်မှာ ဖြစ်ပါတယ်။

ဆောင်းပါးရှင် မောင်အဉ္စနမှာ နယ်စပ်အခြေစိုက် မြန်မာ့အရေးလေ့လာသူတဦး ဖြစ်သည်။
0