K ငြိမ်းချမ်း ● တော်လှန်ရေးရဲ့ခေါင်းဆောင်တယောက် (သို့) လွမ်းတရတဲ့ ပဒိုမန်းရှာ
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၈
“ခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိရမယ်”
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၈
“ခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိရမယ်”
ဒီစကားကို ပြောခဲ့သူကတော့ ကရင်တိုင်းရင်းသားတော်လှန်ရေးသမားကြီး ပဒိုမန်းရှာဖြစ်ပါတယ်။ ယနေ့လို နိုင်ငံရေးအခင်းအကျင်းမျိုးအခြေအနေမှာ ပိုလိုတောင် သွေးထွက် အောင်မှန်တဲ့စကားဖြစ်ပါတယ်။ ဘယ်ခေါင်းဆောင်က ဘယ်လမ်းစဉ်နဲ့ သွားနေတာလဲ။ တကယ်ရော ခေါင်းဆောင်ကောင်းပီသရဲ့လား။ သူ့ဖော်ဆောင်နေတဲ့လမ်းက ဘယ်သူ့ကို ရှေ့ရှုသလဲ စတာတွေက သူဖြေရမယ့် ပြည်သူ့စာမေးပွဲ၊ ပြည်သူ့မှတ်ကျောက်ပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အစိုးရအဖွဲ့ဝင်များ လုပ်ကြံခံရပြီးနောက် တကယ် တိုင်းပြည်ကို ပြန်လည်အသက်သွင်းဖို့ခေါင်းဆောင်ဆိုတာ ရှားမှ ရှားခဲ့ပါတယ်။ အာဇာနည် နေ့နောက်ပိုင်း တိုင်းပြည်ဟာ အလဲလဲအကွဲကွဲဖြစ်ခဲ့တာ ယနေ့ထိပါပဲ။ ၀ါဒတွေ လမ်းစဉ်တွေကြောင့် စိတ်သဘောထားတွေ ကွဲကြပြဲကြရာကနေ ကမ္ဘာကျော် ပြည်တွင်း စစ် ကြီးကလည်း ယနေ့တိုင် သက်သေထူနေဆဲဖြစ်ပါတယ်။
အမိန့်တွေ၊ အာဏာတွေနဲ့ သေနတ်ကိုင်ပြီး လူစု၊ ဓားမိုးအုပ်ချုပ်တဲ့ ခေါင်းဆောင်မျိုးကတော့ တနေ့နေ့ကျ ကျဆုံးဖို့ပဲရှိမှာပါ။ ခေါင်းဆောင်ကောင်းရှိမှ နောက်လိုက်ကောင်းတွေ မွေးဖွားပြီး ညီညွတ်စုစည်းတဲ့ နိုင်ငံသားတွေနဲ့သာယာစိုပြေတဲ့တိုင်းပြည်ကြီး တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
တော်ရုံအရည်အချင်းလောက်နဲ့တော့ လူထုထောက်ခံမှု၊ နောက်လောက်တွေရဲ့ဝန်းရံမှု မရနိုင်ပါဘူး။ ခေါင်းဆောင်မှုအပေါ် ဘယ်လောက်အရေးပါအရာရောက်သလဲဆိုတာကို ကရင်အမျိုးသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ပဒိုမန်းရှာရဲ့အမြင်သဘောထားများကို ဖော်ပြလိုက်ပါတယ်။
“ဒီစာမှာတော့ တော်လှန်ရေးခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ အခြေခံအားဖြင့် ဘာတွေလိုအပ်ပါသလဲ။ တော်လှန်ရေးခေါင်းဆောင်ကောင်းတစ်ယောက်ကို ဘယ်ပေတံနဲ့ တိုင်းတာမလဲဆိုတဲ့ ပြဿနာကို ဆွေးနွေးသုံးသပ်ကြည့်လိုပါတယ်။
သာမန်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ တော်လှန်ရေးလှုပ်ရှားမှုတစ်ရပ်ကို ဦးဆောင်မှုပေးနိုင် စွမ်းတဲ့ တော်လှန်ရေးခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ သာပြီးတောင် ခက်ခဲပါတယ်။ အထူးသဖြင့် အဆုံး အဖြတ်သဘောဆောင်တဲ့ သမိုင်းကာလတစ်ခုမှာ တော်လှန်ရေးကို ဦးစီးခေါင်းဆောင်နိုင်စွမ်းရှိတဲ့ တော်လှန်ရေး ခေါင်း ဆောင်တစ်ယောက်ဖြစ်ဖို့ အခက်အခဲဆုံးပါပဲ။
တော်လှန်ရေးတစ်ရပ်မှာ ဒီလိုခေါင်းဆောင်မှုမျိုး ရရှိထားပြီဆိုရင်လည်း အလွန်တန်ဖိုးရှိပါတယ်။ များသောအားဖြင့် လူတွေ ဟာ တန်ဖိုးကြီးမားလှတဲ့ တော်လှန်ရေး ခေါင်း ဆောင်ကောင်းတစ်ယောက်ကို လက်လွတ်ဆုံးရှုံးသွားပြီးနောက်မှသာ ဒီ ခေါင်းဆောင်ကောင်းရဲ့တန်ဖိုးကြီးမားမှုကို သိကြပါတယ်။
ပွင့်လင်းဖြောင့်မတ်ခြင်းနှင့်သစ္စာစောင့်သိမှုဟာ တော်လှန်ရေးသမားတစ်ယောက်၊ တော်လှန်ရေး ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့မုချရှိရမည့် အရည်အချင်း တွေပါပဲ။
ဒုတိယ အချက်ကတော့ ကိုယ်ကျိုးစွန့်အနစ်နာခံခြင်းပါပဲ။ ပဓာနမထားဘဲ ကိုယ်ကျိုးစွန့်အနစ်နာခံလေ့ရှိကြတယ်။ သူတို့ဟာ မိမိအမျိုးသားအကျိုး၊ မိမိပြည်သူများရဲ့အကျိုး မိမိတော်လှန်ရေးရဲ့အကျိုးကို ဦးထိပ်ပန်ဆင်လေ့ရှိပါတယ်။ တော်လှန်ရေး အကျိုးနဲ့ပတ်သက်လာရင် မိမိတို့အသက်ကိုပင် စွန့်ရဲသူများဖြစ်ပါတယ်။
တတိယအချက်ကတော့ တော်လှန်ရေးခေါင်းဆောင်ကောင်းတွေဟာ သူတို့ရဲ့ပြည်သူ သူတို့ရဲ့အမျိုးသား သူတို့ရဲ့ ရဲဘော်ရဲဘက်တွေ အပေါ်မှာ အထူးပင် ချစ်ခင်ကြတယ်။ လေးစားကြတယ်။ တန်ဖိုးထားကြတယ်။ သူတို့ဘ၀မှာ ပြည်သူသာ အမိ၊ ပြည်သူသာ အဖဖြစ်တယ်။
စတုတ္ထအချက်ကတော့ တက်တက်ကြွကြွဆည်းပူးလေ့လာခြင်းနှင့် တက်တက်ကြွကြွ အလုပ်လုပ်တတ်ခြင်းပါပဲ။ တော်လှန် ရေးကို လျှမ်းလျှမ်းတောက်ဦးဆောင်ပေးနိုင်သူများဟာ ကြားစရာတွေ သင်စရာတွေ မြင်စရာတွေဆီမှာပဲဖြစ်ဖြစ် စာအုပ် စာပေများမှဖြစ်ဖြစ် လက်တွေ့အလုပ်ထဲမှာဖြစ်ဖြစ် စိတ်ထားနှိမ့်နှိမ့်ချချနဲ့ လေ့လာဆည်းပူးလေ့ရှိကြတယ်။ ၀ိရိယရှိ စွာ ဆည်းပူးလေ့လာလေ့ရှိကြတယ်။ လေ့လာရင်းလုပ် လုပ်ရင်းလေ့လာလေ့ရှိကြတယ်။ အသက်ပါပါ လေ့လာဆည်း ပူးလေ့ ရှိကြတယ်။ တစ်နည်းအားဖြင့် သဘောတရားရေးနဲ့လက်တွေ့ကို ပေါင်းစပ်လေ့ရှိတယ်။
ပဉ္စမအချက်ကတော့ သူရသတ္တိနဲ့ယုံကြည်စိတ်ရှိခြင်းပဲ။ တော်လှန်ရေးခေါင်းဆောင်ကောင်းတွေဟာ အမှန်တရားနှင့် တရားမျှတမှုကိုလည်းကောင်း မိမိအမျိုးသားနှင့် မိမိပြည် သူတွေကိုလည်းကောင်း မိမိကိုယ်တိုင်လည်းကောင်း မိမိတော်လှန်ရေးလှုပ်ရှားမှုကိုလည်းကောင်း ထူးထုးခြားခြား ယုံကြည်စိတ်ရှိကြတယ်။ ဒီလိုယုံကြည်စိတ်ကို အခြေပြုပြီး ထူးထူးခြားခြား ကို သူရသတ္တိတွေရှိကြတယ်။ မိမိကိုယ်တိုင်ရဲ့အမှားတွေ ချို့ယွင်းမှုတွေ ချို့တဲ့အားနည်းချက်တွေကို တွေ့ရှိရရင် သတ္တိရှိရှိပြုပြင်ရဲကြသူတွေဖြစ်တယ်။
ဆဌမအချက်ကတော့ စည်းကမ်းနဲ့ စည်းစနစ်ရှိခြင်းပါပဲ။ ၁၉ရာစုခေတ်အစကနေ ယနေ့အထိ နှစ်၂၀၀ ခန့်အတွင်းမှာ ပေါ် ပေါက်ခဲ့တဲ့ အထူးချွန်ဆုံးသော တော်လှန်ရေးခေါင်းဆောင်များဟာ သူတို့ရဲ့နေထိုင်မှု သူတို့ရဲ့လုပ်ငန်းလုပ်ဆောင်မှုတွေကို ကြည့်ရင် စည်းကမ်းနဲ့စည်းစနစ်ကြီးသူများဖြစ်ကြပါတယ်။ သူတို့ရဲ့နေထိုင်ဆောင်ရွက်ချက်တွေဟာ အမှုမဲ့အမှတ်မဲ့ မဟုတ် ဘူး။ ပေါ့ပေါ့ပျက်ပျက် မဟုတ်ဘူး။ အပေါ်ယံကြောမဟုတ်ဘူး။
သတ္တမအချက်ကတော့ တာဝန်ခံမှုပါပဲ။ တော်လှန်ရေးခေါင်းဆောင်ကောင်းတွေဟာ မိမိအဖွဲ့အစည်း မိမိပြည်သူ မိမိအမျိုး သား မိမိလမ်းစဉ်နှင့် လုပ်ငန်းစဉ်တွေကို တာဝန်ခံလေ့ရှိကြတယ်။ မိမိချို့ယွင်းချက်နဲ့အားနည်းချက်တွေ အမှားတွေကို ရဲဝံ့စွာ တာဝန်ခံကြတယ်။ ဒီအမှားတွေ ချို့ယွင်းအားနည်းချက်တွေကို ရိုးရိုးသား သားပြုပြင်တတ်ကြတယ်။”
ယခုကောက်နုတ်ဖော်ပြခဲ့တဲ့စာစုတွေကတော့ ကရင်တော်လှန်ရေးသမားကြီး ပဒိုမန်းရှာရေးသားခဲ့တဲ့ ချစ်ရဲဘော်များသို့ ပေးစာ ဆောင်းပါးထဲကဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးကို အခြေအနေအရ အကောင်အထည်ဖော်နေခဲ့ရ ပေမယ့်လည်း သူဟာ ရေဆန်၊ တော်လှန်ရေး ရဲဘော်တစ်ဦး၊ ဇိုယာဖန်း၊ ဆာလားကပေါ စတဲ့ကလောင်များနဲ့ ကဗျာ၊ ၀တ္ထု၊ နိုင်ငံရေးဆောင်းပါးများကို လွတ်မြောက်နယ်မြေအတွင်းမှာ ရေးသားခဲ့ပါသေးတယ်။
လက်နက်ကိုင်လမ်းစဉ်နဲ့တိုက်ပွဲဝင်ရင်း တဖက်က ကဗျာ၊ စာတွေကို ဖန်တီးခဲ့တဲ့ ကရင်တော်လှန်ရေးသမားကြီး ပဒိုမန်းရှာ ဟာ ၂၀၀၈ ခုနှစ်ဖေဖော်ဝါရီလ (၁၄) ရက်နေ့ညနေ ၄ နာရီ ၄၆ မိနစ်မှာ မသမာသူတို့ရဲ့လက်နက်နဲ့ပစ်ခတ်မှုကြောင့် လွတ်မြောက်နယ်မြေရှိ နေအိမ်မှာ ကွယ်လွန်ခဲ့ရပါတယ်။ ကရင်လူမျိုးများအတွက်ရော ဖယ်ဒရယ်ပြည်ထောင်စု အတွက် ရော ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတခုဖြစ်ခဲ့ရပါတယ်။
သူပြောဆိုခဲ့သလို သူယုံကြည်ခဲ့သလို ခေါင်းဆောင်ဆိုတဲ့ကျင့်ဝတ်တွေနဲ့နေထိုင်ခဲ့သလားဆိုတာကတော့ သူကွယ်လွန်ပြီး ၁၀နှစ်ပြည့်တဲ့အထိ တသနေရပုံကို ထောက်ရှုကြည့်ရင် သူဟာ လူမျိုးစုတခုရဲ့ခေါင်းဆောင်ကောင်းပီသခဲ့တယ်ဆိုတာ ပိုလို့ထင်ရှားပါတယ်။ သေသောသူ ကြာရင်မေ့ဆိုတာ တိုင်းပြည်နဲ့လူမျိုးကို ဒုက္ခမျိုးစုံပေးခဲ့ကြသူတွေ အတွက်သာ ဖြစ်တာ ကြောင့်ပါပဲ။
ကွယ်လွန်ချိန်ထိ KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေးမှူး၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) မှာ တွဲဖက်အတွင်းရေးမှူး (၃) အဖြစ် ဆောင်ရွက်ခဲ့ပြီး လုပ်ကြံခံရချိန်မှာ အသက် ၆၅ နှစ်အရွယ်ဖြစ်ပါတယ်။
ယခုစာအုပ်ကတော့ သူကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အတွက် သူရေးသားခဲ့တဲ့ ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ နိုင်ငံရေးအမြင်များနဲ့ သူ့ကို လွမ်းဆွတ်တသအောက်မေ့နေကြတဲ့ ရဲဘော် ရဲဘက်၊ မိတ်ဆွေများရဲ့စာစုများကို စုစည်းထုတ်ဝေတာဖြစ်ပါတယ်။
ပါဝင်ရေးသားထားကြတဲ့ ကလောင်ရှင်များကတော့ ခိုင်မာကျော်ဇော၊ ကော်သူလေး ကျော်စန်းပွင့်၊ မုန်းအောင်၊ စောယောင့် သာအဲဆန်၊ စလားပလန်း (အစုကြီး)၊ ဧက္ကရာဇ် (ကွင်းဘော)၊ မန်းနဲတေဇိန် (ဘားအံ)၊ စောခလိဆဲမှူး (ကျောက်စရစ်)၊ မန်းဝေယံဟိန်း (ကနစိုကုန်း)၊ စလှာဖန်း (ကနစိုကုန်း)၊ အိုင်ရှာ၊ စဇင်းဘိုမြင့်ဦး၊ စောယဉ်ကျေး (ကမ်းကလေး)၊ စော အယ်ဘောမူး (ထီးထာစွေ)၊ ကော်ခိုထူး၊ မာနယ်ပလောစောစော၊ ဆရာမောင် (ပန်းတနော်)၊ ဆန်ဖာထိ (ကွင်းဘော)၊ မင်းခိုက်သူ (PIN)၊ နောင်မင်း (ထီမန်)၊ ပဒိုမန်းရှာ၊ မန်းအာကာထက်၊ နန်းအိုင်ဆန်ခလိန်၊ ရဲဘော်ဇော်နောင်၊ စ၀ီလျံရှိုင်း၊ ကလိုကစောရိုမဲ၊ ဇင်လင်းထွန်း (ဓနုဖြူ)၊ မန်းမင်းရဲထွေး၊ မန်းတော (ပန်းတနော်)၊ ဖူးပရှား၊ တံနီ (သ၀ီတာ)၊ ရေဆန်၊ ဆာ လားကပေါ၊ စောထွန်းလင်း (ကရင်သတင်းစဉ်)တို့ဖြစ်ပါတယ်။
အဲဒီလို ခေါင်းဆောင်ကောင်းပီသစွာ ကျင့်ကြံရပ်တည်ခဲ့တဲ့ ကရင်တော်လှန်ရေးသမားကြီး ပဒိုမန်းရှာဟာ ၂၀၀၈ ခုဖေဖော် ၀ါရီလ ညနေပိုင်းမှာ အမည်မသိသေနတ်သမား တွေ ရဲ့လက်ချက်နဲ့ လွတ်မြောက်နယ်မြေထဲက သူ့ရဲ့အိမ်မှာ ကျဆုံးခဲ့ရပါ တယ်။ စစ်အာဏာရှင်စနစ်ကို မုန်းတီးရွံရှာပြီး လက်နက်ကိုင်တော်လှန်ရေးကို သစ္စာရှိရှိ ရပ်တည်ကာ တိုင်းပြည်နဲ့လူမျိုး အတွက် အမြော်အမြင်ကြီးတဲ့တိုင်းရင်းသားခေါင်းဆောင်တယောက်ကို လမ်းခုလတ်မှာပဲ ကျနော်တို့ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
အချိန်အခါအရ လက်နက်စွဲကိုင်ထားရပေမယ့်လည်း ကလောင်လက်နက်အစွမ်းကိုလည်း ယုံကြည်ထားပုံရတဲ့ ကရင်တော် လှန်ရေးသမားကြီးဟာ မန်းရှာလားဖန်းအမည်နဲ့ရေးခဲ့တဲ့ ဂန္တ၀င်ရက်မြတ် ခရီးဆက်ကြဆိုတဲ့ကဗျာမှာတော့ သူကွယ်လွန် သည့်တိုင် သူ့မှာတမ်းလား ဖြစ်ရတာမို့ ဖော်ပြလိုက်ပါတယ်။
မြစ်ချောင်းတို့ကား
မနားမတန့်
ခရီးဆန့်နေ
တာဝန်ကျေစွ။
ပင်ခြေတို့ကား
ရွက်ဟောင်းများခြွေ
ရွက်သစ်တွေနှင့်
နုတင့်ပေစွ။
ကျေးငှက်တို့ကား
ပျံသန်းသွားနေ
သဟာဆွေနှင့်
ထူးတင့်ပေစွ။
ရဲဘော်တို့ရေ
မာန်ဟုန်ပြင်းပြင်း
စဉ်စီးဆင်းလို့
ရွက်ဟောင်းခြွေ
ရွက်သစ်ဝေလော့
ဂန္တဝင်ရက်မြတ် ရဲရဲဖြတ်လော့။
လူတယောက်ဟာ နေထိုင်ရှင်သန်ရင်း သေဆုံးသွားရမြဲပါ။ သေသွားရင် ပြီးပြီဆိုတာက သမိုင်းမရှိတဲ့ သူတွေအတွက်တော့ မှန်ပါလိမ့်မယ်။ လူတယောက်သေဆုံး ကွယ် လွန်သွား ပေမယ့် သူ့သမိုင်း၊ သူ့ကောင်းမွေကတော့ သတ်လို့လည်း မရပါဘူး။ ပြန်လည်တသအောက်မေ့ရပြီဆိုကတည်းက သူဟာ သမိုင်းလှသူ အသေမြတ်သူတယောက်ဆိုတာ ယခုစာအုပ်က သက် သေထူခဲ့ပါတော့တယ်။
စာရေးသူ - ကလောင်စုံ
စာအုပ်အမည် - ပဒိုမန်းရှာကျဆုံးခြင်း ၁၀ နှစ်ပြည့် အောက်မေ့တသခြင်းစာစုများ
အမျိုးအစား - နိုင်ငံရေး
ထုတ်ဝေသည့်တိုက် - မြန်မာ့ခြေရာစာပေ
ထုတ်ဝေသည့်ကာလ - ၂၀၁၈၊ ဖေဖေါ်ဝါရီ
တန်ဖိုး - ၂၅၀၀ ကျပ်
Comments