အောင်ငြိမ်းချမ်း (Myanmar Now) ● အဂတိတိုက်ဖျက်ရေးကော်မရှင် ဒေါ်ညိုညိုသင်းတိုင်ကြားချက်ကို ကိုင်တွယ်နိုင်မှာလား

 အောင်ငြိမ်းချမ်း (Myanmar Now) ● အဂတိတိုက်ဖျက်ရေးကော်မရှင် ဒေါ်ညိုညိုသင်းတိုင်ကြားချက်ကို ကိုင်တွယ်နိုင်မှာလား
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၈


အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ကျော်ဇောသတင်းများကိုစစ်ဆေးနိုင်သည်ဟုပါရှိပြီး ထိုအချက်သည် နိုင်ငံ့ဘဏ္ဍာဘီလီယံချီနစ်နာမှုများကို စုံစမ်းစစ်ဆေးနိုင်မည်ဟု ဒေါ်ညိုညိုသင်းက ယူဆနေသည်။


ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အစီရင်ခံစာတွင်တွေ့ရှိခဲ့သည့် နိုင်ငံ့ဘဏ္ဍာနစ်နာမှုများအား အဂတိ တိုက်ဖျက်ရေးကော်မရှင်က စိစစ်မည်ဟုမျှော်လင့်ကြောင်း ရန်ကုန်လွှတ်တော်အမတ်ဟောင်း ဒေါ်ညိုညိုသင်း ကဆိုသည်။

ရန်ကုန်တိုင်းအတွင်း နိုင်ငံပိုင်မြေနေရာများ ပုဂ္ဂလိကသို့ ဈေးပေါပေါဖြင့် ငှားရမ်းခဲ့ခြင်းနှင့် ဒါဇင်နှင့်ချီသော မြေကွက်များအား စီမံကိန်းအကြောင်းပြလွဲပြောင်းပေးမှုများအပါအ၀င် နိုင်ငံ့ဘဏ္ဍာ ကျပ်ဘီလီယံပေါင်းများစွာ နစ်နာနေသည့် အဆိုပါအစီရင်ခံစာပါတွေ့ရှိချက်များအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကြားဝင်စုံစမ်းဖော်ထုတ်ပေးရန် သူကအလိုရှိနေ သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ပုဒ်မ ၁၇ (ဈ) တွင် “အဂတိလိုက်စားမှု ရှိကြောင်း ကျော်စောသတင်း တစ်ရပ်ရပ်ကို ကော်မရှင်သည် သတင်းပေးပို့ချက်အဖြစ် သတ်မှတ်နိုင်သည်” ဟု ပြဌာန်းထားပြီး အဆိုပါအချက်ဖြင့်စစ်ဆေးအရေးယူမှုပြုလုပ်ရန်လုံလောက်သောအချက်များဟု ဂျပန်ယိုကိုဟားမား အမျိုးသားတက္ကသိုလ်မှ ဥပေဒဒေါက်တာဘွဲ့ရ ဒေါ်ညိုညိုသင်းက ပြောသည်။

“ဥပဒေနဲ့အညီတိုင်ကြားထားတယ်၊ သက်သေအထောက်အထားလည်း ခိုင်လုံတယ်၊ ကျော်ဇောသတင်းလည်းဖြစ်တဲ့အတွက် ကြောင့် အရေးယူဆောင်ရွက်မယ်လို့ ထင်တယ်” ဟု သူကပြောသည်။

● ဒေါ်ညိုညိုသင်းပြောတဲ့နစ်နာမှုများ
ရန်ကုန်စာရင်းစစ်ချုပ်အစီရင်ခံစာမှ နိုင်ငံ့ဘဏ္ဍာနစ်နာသည်ဟုသူတွေ့ရှိခဲ့သော် အချက်အလက်များကို ဒေါ်ညိုညိုသင်းက သူ၏ Facebook စာမျက်နှာမှတဆင့်ယမန်နေ့ညပိုင်းကထုတ်ပြန်ခဲ့သည်။

အစီရင်ခံစာအရ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အတွင်းလူပုဂ္ဂိုလ်တဦးထဲကို ပေ ၄၀ ပေ ၆၀ ရှိ မြေကွက် ၂၁ ကွက် စာ အကျယ် အဝန်းကို သက်သာတဲ့နှုန်းထားများနဲ့ ရောင်းချထားခြင်းအပါအဝင် နာမည်ကျော်ပုဂ္ဂလိကလုပ်ငန်းရှင်အချို့ကို စီမံကိန်း အကြောင်းပြပြီး မြေဧကထောင်ချီပေးအပ်ခဲ့သည်ဟု သူကထောက်ပြသည်။

အဆိုပါလုပ်ရပ်သည် နိုင်ငံအတွက်ကြီးမားသည့်နစ်နာမှုဟု သူကထောက်ပြပြီး မြေဂရန်ဝန်ဆောင်ခများသတ်မှတ်ရာမှာ ဂရန် သစ်ဝန်ဆောင်ခနှုန်းနဲ့မကောက်ခံသည့်အတွက် နိုင်ငံတော်ဝင်ငွေ အနည်းဆုံး ၄၁.၉၇ ဘီလီယံကျော်နစ်နာခဲ့သည်ဟု အစီရင်ခံစာကိုကိုးကားပြီး ဒေါ်ညိုညိုသင်းကပြောသည်။

ရန်ကုန်မြို့ အထင်ကရနေရာများဖြစ်သည့် ပြည်သူ့ဥယျာဉ်၊ ကန်တော်ကြီး၊ ကန်တော်မင်နှင့်မြိုင်ဟေ၀န် ဥယျာဉ်များအား ကာလပေါက်ဈေးထက် များစွာလျှော့နည်းသည့် ပမာဏဖြင့်ငှားရမ်းထားခြင်းကြောင်း နိုင်ငံဘဏ္ဍာဘီလီယံချီနစ်နာကြောင်းလည်းသူကထောက်ပြထားသည်။

"ပြည်သူ့ငွေတွေ ဆုံးရှုံးမှုဖြစ်နေတာလေ ဒီငွေတွေပြန်ရမယ်ဆိုရင် အားကိုးရာမဲ့ ပြည်သူတွေကိုထောက်ပံ့နိုင်မယ်" ဟု သူကဆိုသည်။

အဆိုပါနစ်နာမှုများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃ (က) အပိုဒ် ၂ ပါ အဂတိလိုက်စားမှု အဓိပ္ပါယ်ဖွင့်ဆို ချက်ဖြင့် အကျုံးဝင်နေကြောင်း သူကထောက်ပြသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ (က) အပိုဒ် ၂ တွင် “မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ် ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ပိုင်ဆိုင်မှုကို တောင်းခံခြင်းရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း၊ ပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့်သက်ဆိုင်မှုရှိသော သဘောတူစာချုပ် တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်စဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတရပ်ရပ်ကို ဖောက်ဖျက်လျှက်နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းကို အဂတိလိုက်စားမှုဟု သတ်မှတ်ထားသည်။

ဒေါ်ညိုညိုသင်းက အဆိုပါတွေ့ရှိချက်များအား နေပြည်တော်အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ အီးမေးလ်ပို့တိုင်ကြား ထားပြီး ရက်ပိုင်းအတွင်း တိုင်စာကိုစာတိုက်မှတဆင့်ပို့မည်ဟုဆိုသည်။

● အဂတိတိုက်ဖျက်ရေးနှင့်NLD အမတ်တချို့ ၏တုန့်ပြန်မှု
ဒေါ်ညိုညိုသင်း၏တိုင်ကြားမှုများသည် ယခင်အစိုးရများလက်ထက်ကဖြစ်စဉ်များနှင့် NLD အစိုးရလက်ထက်ဖြစ်စဉ်များ ရောထွေးပါဝင်နေကြောင်း၊ အဆိုပါတိုင်ကြားချက်ကို အဂတိတိုက်ဖျက်ရေးကော်မရှင်ဘက်က အသေအချာကိုင်တွယ် ဖြေရှင်း ရန်လိုကြောင်း ရန်ကုန်လွှတ်တော် သင်္ဃန်းကျွန်းအမတ် ဦးနေမျိုးကျော် (ခ) နေဘုန်းလတ်က ဆိုသည်။

“အစိုးရရလို့ ဘယ်သူရယ်လို့မဟုတ်ဘူး အဂတိလိုက်စားတာက အဂတိလိုက်စားတာပဲ။ တိုင်ကြားတဲ့သူရှိရင်တော့ ကိုင် တွယ်ဖြေရှင်းရမှာပဲ ” ၎င်းကပြောသည်။

ကော်မရှင်ပြောခွင့်ရအရာရှိ ဦးကျော်စိုးကတော့ တိုင်ကြားစာ တရားဝင်မရောက်သေးသည့်အတွက် သဘောထားမှတ်ချက် မပေးနိုင်ဟု ဆိုသည်။

ထင်ရှားသည့် ရန်ကုန်လွှတ်တော် အမတ်တစ်ဦးဖြစ်သည့် ဒေါ်စန္ဒာမင်းက တိုင်းအစိုးရအနေဖြင့် ရရှိထားသည့် လုပ်ပိုင်ခွင့် ဘောင်ထဲမှကျော်လွန်လုပ်ဆောင်မှုများရှိလျှင် အရေးယူခံရနိုင်ကြောင်း သူ၏ထင်မြင်ချက်ကိုပြောသည်။

NLD ၏ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဇင်မာအောင်က စာရင်းစစ်ချုပ်၏ အစီအရင်ခံစာနှင့်ပတ်သက်ပြီး ဒေါ်ညိုညိုသင်း၏ တိုင်ကြားစာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် သေချာကိုင်တွယ်နိုင်မည်ဟု မျှော်လင့်နေသည်။

“ အဂတိလုပ်ရင် ဘယ်သူလုပ်လုပ်ကိုင်တွယ်ရမှာပဲ အစိုးရက လုပ်ရင်ပိုတောင်လုပ်ရမှာ ” ဟု ၎င်းကပြောသည်။

Comments